မဟာအင်ပါယာတွေအောက် နံပါတ်တစ်
Vol. 146 Ch. 2017
သူတို့က ဆယ့်ခုနစ်ခုမြောက်နန်းတော်၏ အပြင်ဘက်သို့ ရောက်သည့်အခါ ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “ဩဇာအင်ပါယာမန်တောက်…ငါ့ကို အပြင်မှာ စောင့်နေပါ။ ငါ မထွက်လာခင် မင်းဟာမင်း ထွက်မသွားပါနဲ့…”
သူ၏စကားလုံးတို့က ရက်စက်လှချေသည်။ သူက ဩဇာအင်ပါယာမန်တောက်ကို သည်နန်းတော်အား မဖြတ်သန်းနိုင်ဟု ညွှန်းဆိုလိုက်ရုံသာမက ထွက်သွားမည့်အဖြစ်ကိုပါ တားဆီးလိုက်ခြင်းတည်း။ အကယ်၍ မန်တောက် ကျရှုံးကာ ထွက်သွားပါက ယင်းအဖြစ်သည် မန်တောက်၏စိတ်ထဲ၌ အတွင်းနတ်ဆိုးအဖြစ် ကျန်ခဲ့ပေတော့မည်။
သို့သော် သူက အမှန်တကယ် စောင့်ဆိုင်းခဲ့လျှင်လည်း အတွင်းနတ်ဆိုး မကျန်ခဲ့ဘူးဆိုလျှင်ပင် ဝမ်လင်းကသာ အမှန်တကယ် ဒီနန်းတော်ကို ဖြတ်ကျော်နိုင်ခဲ့ပါက သူ့အတွက် ရိုက်ချက်ပြင်းပြင်း ခံလိုက်ရသလို ဖြစ်မည်သာ။
ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူတို့နှစ်ယောက်လုံးသည် ဆယ့်ခုနစ်ခုမြောက်နန်းတော်ထဲ ပျောက်ကွယ်သွားကြသည်။
အင်ပါယာအတုများက သည်စကားတို့ကို မကြားနိုင်ချေ။ ဩဇာအင်ပါယာများအတွက်လည်း ဝေးလွန်းသဖြင့် ရှင်းရှင်းလင်းလင်း သိပ်မကြားရချေ။ မဟာအင်ပါယာသုံးယောက်ကသာ ၎င်းစကားတို့ကို ရှင်းလင်းစွာ ကြားလိုက်ရ၏။
မဟာအင်ပါယာတောက်ရီသည် ပထဆုံးအကြိမ်အဖြစ် မျက်မှောင်ကြုတ်သွား၏။ သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံ အလေးအနက်အသွင်ဖြင့် ကြည့်နေသည်။
“ဒီဝမ်လင်းဟာ အတော့်ကို ဉာဏ်များလွန်းတယ်…”
မဟာအင်ပါယာဝူဖန်၏မျက်လုံးကလည်း အရောင်တောက်နေကာ သူက ကောင်းကင်ထက်သို့ ကြည့်၍ တဖြည်းဖြည်း ပြုံးလာ၏။
“ကြည့်ရတာ သူက ဩဇာအင်ပါယာမန်တောက်ကို ဖျက်စီးပစ်ဖို့ ဆုံးဖြတ်ပြီးတဲ့ပုံပဲ…”
ကောင်းကင်ဘုံအင်ပါယာ၏ အမူအရာကမူ အတော့်ကို သုန်မှုန်နေ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ကာ သည်မြင်ကွင်းကို ဆက်၍ မကြည့်ချင်သည့်အလား။ အင်ပါယာအတုတစ်ယောက်၏ ပတ်လည်ရှိ သူ့အရိပ်က တဖြည်းဖြည်း လွင့်ပျောက်သွားကာ သူသည် ဒီစမ်းသပ်ကွင်းကနေ ထွက်သွားတော့သည်။
အင်ပါယာမြို့ရှိ အင်ပါယာနန်းတော်အတွင်း၌ အေးတိအေးစက်ရယ်သံတစ်သံ ပဲ့တင်ထပ်နေ၏။
ထို့အပြင် ဗဟိုကုန်းမြေရှိ မဟာအင်ပါယာကျိုးသဲကလည်း ထရပ်ကာ သူ့ရှေ့ရှိ နွေဦးသစ်ရွက်ကို အလေးအနက် ကြည့်နေသည်။ သူ၏မျက်လုံးထံမှ ထူးခြားသောအလင်း လှစ်ဟပေါ်သည်။
“ဘယ်လိုစရိုက်မျိုးလဲ။ တာအိုအပေါ် သူ့ဉာဏ်အလင်းဟာ မြင့်မားလှတဲ့အပြင် တိုက်ပွဲစွမ်းအားကလည်း သာမန်ထက်ထူးကဲတယ်။ ပြီးတော့ သူက ဉာဏ်များလွန်းသေးတယ်။ ကောင်းတယ်…ကောင်းတယ်။ ဒီကောင်လေးဟာ အာပလာ မဟုတ်ဘူးပဲ...”
အင်ပါယာစမ်းသပ်ကွင်း၌ ဝမ်လင်းနှင့်မန်တောက်တို့ ဆယ့်ခုနစ်ခုမြောက်နန်းတော်ထဲ ဝင်ရောက်သွားသည့်နောက် အသက်သုံးရှိုက်စာအချိန် ကုန်လွန်လာချိန်၌ သွေးမြူများ အန်ထုတ်နေသော ပုံရိပ်တစ်ခုသည် လွင့်ထွက်လာခဲ့သည်။
ထိုပုံရိပ်က ပေထောင်ချီလောက် နောက်ဆုတ်ပြီးမှ ရပ်တန့်သွား၏။ သူသည် မန်တောက်ပင်။ သူ၏မျက်နှာက ဖြူရောနေ၏။ သူ ရပ်တန့်ခံရပြီးနောက် နောက်ထပ် သွေးအန်ရပြန်သည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူက တည်တည်ငြိမ်ငြိမ် ဆက်ပြီး မရှိနိုင်သည့်အလား။
သူ၏မျက်လုံးထဲရှိ အလင်းမျာလည်း လွင့်ပြယ်သွား၏။ သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံ ပေထောင်ချီအကွာကနေ စိုက်ကြည့်လျက် ငြိမ်သက်နေ၏။
သူ ကျရှုံးသွားခဲ့လေပြီ။
သူ ဝင်ရောက်ရုံ ရှိသေး ကျရှုံးကာ ဒဏ်ရာအပြင်းအထန်ရကာ အပြင်သို့ တွန်းထုတ်ခံခဲ့ရ၏။ သူက အောက်သို့ ငုံ့မကြည့်ပေ။ သို့သော် သူ့အနေဖြင့် အောက်ဘက်မှ မရေမတွက်နိုင်သော အကြည့်များက သွေးအလိမ်းလိမ်းဖြင့် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်ကို ခံစားမိသည်။
အချိန် ကုန်လွန်လာ၏။ လေးခုမြောက်အသက်ရှိုက်စာ၊ ငါးခုမြောက် အသက်ရှိုက်စာ၊ အမွှေးတိုင်တစ်တိုင်ဝက်စာလောက် အချိန်ထိ ကုန်လွန်လာခဲ့သည်။
မန်တောက်က တချိန်လုံး အံတင်းသည်းခံကာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ကြည့်နေသည်။ သူသည် ဝမ်လင်း တွန်းထုတ်ခံရမည်ကို စောင့်နေပေ၏။
အချိန် ပိုကုန်လာလေလေ သူ၏မျှော်လင့်ချက်က ပိုအားကောင်းလာလေပင်။
“ငါသာ မအောင်မြင်ရင် သူလည်း ကျိန်းသေပေါက် အောင်မြင်မှာ မဟုတ်ဘူး။ သူ မဖြတ်ကျော်နိုင်ရင် ငါ မရှုံးဘူး…”
အချိန်ထပ်မံ ကုန်လွန်လာ၏။ မကြာမီတွင် အချိန်တစ်နာရီလောက် ရှိလာခဲ့လေပြီ။
ဝမ်လင်းသည် နန်းတော်တစ်ခုအတွင်း၌ ခုလောက်ကြာကြာ မရှိခဲ့ဖူးပေ။ သို့သော် အခု သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်အတွင်း၌ ရှိနေခြင်း ဖြစ်၏။
“အချိန်ပိုကြာလေလေ သူ့အတွက် ပိုခက်ခဲလေ ဖြစ်မှာပဲ။ အောင်မြင်နိုင်နှုန်းလည်း လျှော့သွားလိမ့်မယ်။ ဒီဝမ်လင်း အောင်မြင်လိမ့်မှာ မဟုတ်ဘူး။ သူ အောင်မြင်နိုင်မှာ မဟုတ်ဘူး…”
မန်တောက်၏ စွမ်းအင်အားလုံးက သူ့မျက်လုံးတွင် စုဝေးသိပ်သည်းကာ သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံ ကြည့်နေလေ၏။
သူ၏ မည်ကာမတ္တမျှော်လင့်ချက်က သူ၏ မာနအပေါ် နောက်ဆုံးအရံအတား ဟုတ်၏။ ထိုသည်သာ ကျိုးပျက်သွားပါက သူ၏စိတ်သည် ပျက်စီး၍ မျှော်လင့်ချက်မဲ့မှုအတွင်း ကျရောက်သွားရပေလိမ့်မည်။
“သူ အောင်မြင်မှာ မဟုတ်ဘူး။ သူ အောင်မြင်မှာ မဟုတ်ဘူး…”
အချိန်များစွာ ကုန်လွန်လာ၏။ အောက်ဘက်မှ ငြိမ်သက်တိတ်ဆိတ်နေသော ကျင့်ကြံသူအားလုံးသည် အံ့အားသင့်ကာ ထင်မြင်ချက်များ စတင် ဖြစ်ပေါ်သည်။
မဟာအင်ပါယာတောက်ရီကလည်း မျက်မှောင်ကြုတ်နေ၏။ သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ကြည့်ကာ သူ့စိတ်ထဲတွင် ချီတုံချတုံဖြစ်မှု ပေါလာ၏။ သည်တိုတောင်းသော တနေ့တာအတွင်း သူက သူ့စိတ်ကို အကြိမ်များစွာ ပြောင်းလဲခဲ့ရ၏။ ထိုသို့သော အရာများက သူ့ထံ၌ ဖြစ်မလာသင့်ပေ။ သို့သော် ဤသည်က ဖြစ်လာခဲ့သည်ပင်။
“အင်ပါယာစမ်းသပ်ကွင်းမှာ နန်းတော်ဆယ့်ကိုးခုရှိတယ်။ သူက နန်းတော် ဆယ့်ခြောက်ခုကို ဖြတ်ကျော်ပြီးပြီး။ သူ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်ခဲ့ရင်တောင် သူ့စွမ်းအားကို ပြသတာ လုံလောက်နေပြီ။ ဒါပေမဲ့ သူသာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် မဟာအင်ပါယာကျိုးသဲပါ သူ့အတွက် ယှဉ်ပြိုင်လာမှာ ငါ စိုးမိတယ်…”
“သူ့လိုလူဟာ နှစ်ပေါင်းသောင်းချီမှ ထွက်ပေါ်လာတတ်တာ။ ဒါ့အပြင် မန်တောက်က ဝမ်လင်းရဲ့ ရိုက်ချက်ကို ဆက်တိုက်ခံခဲ့ရတယ်။ သူ ထပ်ပြီး မြင့်တက်လာရင်တော့ အဆင်ပြေသေးတယ်။ ဒါပေမဲ့ သူ မလုပ်နိုင်ခဲ့ရင်တော့ သူ့တာအိုနှလုံးသားဟာ ပြစ်ချက် ရှိသွားပြီ…”
မဟာအင်ပါယာဝူဖန်လည်း ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ သို့သော် တောက်ရီနှင့် မတူသည်က သူ့ထံ၌ ယုံကြည်မှုအချို့ ရှိနေတုန်းပင်။
“ငါ သူ့ကို အရင်က ကူညီပေးခဲ့တယ်။ ဒီကူညီမှုဟာ ပမွှားဖြစ်နိုင်သလို ကြီးကြီးမားမားလို့လည်း ယူဆနိုင်တယ်။ ဒါပေမဲ့ သူ ဖိနှိပ်ခံနေရတဲ့အချိန်မှာ ငါ သူ့ကို ကူညီပေးခဲ့တာ ဖြစ်တဲ့အတွက် သူဟာ ငါ့ကို ရွေးချယ်နိုင်လောက်တယ်…”
“တောက်ရီက ချီတုံချတုံ ဖြစ်နေတယ်။ ဒါက သူ့စိတ်နေစရိုက်နဲ့ ပတ်သတ်တာပဲ။ ဒီလို စိတ်နေစရိုက်မျိုးဟာ အားနည်းတဲ့သူတွေကိုပဲ စွဲဆောင်နိုင်လိမ့်မယ်။ အစစ်အမှန်ခွန်အား ရှိတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်မာန ရှိကြတယ်။ဒါ့ကြောင့် ငါတို့က ဂုဏ်ကျက်သရေကို မပြသဘူးဆိုရင် သူတို့က ငါတို့နောက်ကို လိုက်ဖို့ ဘယ်လိုလုပ် ရွေးချယ်ပါ့မလဲ…”
“ဒါပေမဲ့လည်း ဒီဝမ်လင်းကသာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို အမှန်တကယ် ဖြတ်သန်းနိုင်ခဲ့ရင် ငါ့အတွက်လည်း သူ့ကို စည်းရုံးဖို့ဟာ တကယ့်ကို ခက်ခဲသွားပြီ။ မတော်တဆမှုတစ်ခုခုသာ မဖြစ်ခဲ့ရင် သူဟာ အနာဂတ်မှာ မဟာအင်ပါယာတစ်ယောက် ဖြစ်လာဖို့ ရှစ်ဆယ်ရာခိုင်နှုန်း အခွင့်အရေး ရှိနေတယ်…”
အင်ပါယာမြို့အတွင်းရှိ အင်ပါယာနန်းတော်အတွင်း၌ ငြိမ်သက်တိတ်ဆိတ်နေပြီး အတိုင်းမသိဒေါသဖြင့် ပြည့်နေသော ဖိအားတစ်ခု ရှိနေသည်။ ထိုနန်းတော်အတွင်း၌ နဂါးပလ္လင်ပေါ်တွင် ကောင်းကင်ဘုံအင်ပါယာ ထိုင်နေကာ သူက ဖြူရောရောမျက်နှာဖြင့် ဩဇာအင်ပါယာမန်တောက်ကို ကြည့်နေသည်။ သူ၏မျက်လုံးထဲ၌လည်း ထူးခြားသောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။
“ငါ အင်ပါယာဆရာသခင်ရဲ့ စကားကို တကယ်ပဲ နားထောင်သင့်တယ်။ ဒီဝမ်လင်းကို သတ်ပစ်သင့်တယ်။ ဒါပေမဲ့ အစတုန်းက မဟာအင်ပါယာတစ်ယောက်ဆိုတဲ့ ငါ့ရဲ့ အဆင့်အတန်းနဲ့ ငါ ကိုယ်တိုင်ဖြစ်စေ၊ တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တာ ဖြစ်စေ အဲ့လိုပုံစံနဲ့ ပြဿနာခပ်သေးသေးကို ပုံကြီးချဲ့ပြီး မရင်ဆိုင်ချင်ခဲ့ဘူး။ ငါ သူ့ကို ကြီးထွားဖို့ အခွင့်အရေး ပေးခဲ့တာပဲ။ အရာအားလုံးက ငါ့လက်ခုပ်ထဲမှာ ရှိတယ်လို့လည်း ငါ တွေးထားခဲ့တာ…”
“သူ ဘယ်လောက်ပဲ ကြီးထွားလာပါစေ သူ အင်ပါယာမြို့ကို ရောက်လာတာနဲ့ ငါ သူ့ကို ဖမ်းဖို့ အကြောင်းပြချက်တစ်ခု ရှာပြီး အင်ပါယာဆရာသခင်ရှိ ပို့ရမယ်…”
“ဒါပေမဲ့ သူက ဒီအခြေအနေထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ သူက ခုဆို တခြားမဟာအင်ပါယာတွေကိုပါ အာရုံစိုက်မိနေစေပြီ။ သူက ငါ စည်းရုံးနိုင်ဖို့ တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရတဲ့ မန်တောက်ကိုပါ ဖျက်စီးခဲ့သေးတယ်…”
ကောင်းကင်ဘုံအင်ပါယာက ပုံရိပ်ယောင်ထဲရှိ မြင်ကွင်းကို ကြည့်ကာ တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။ သို့သော် သူ့မျက်နှာထက်တွင်မူ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ရှိနေကာ ဤသည်က သူ၏စကားတို့နှင့် မအပ်စပ်နေပေ။
“သူသာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် ဟိုလူအိုကြီး ကျိုးသဲက သေချာပေါက် အာရုံစိုက်လာမှာပဲ။ သူ့ကိုသာ ကျိုးသဲက စည်းရုံးသွားခဲ့ရင်တော့…”
ကောင်းကင်ဘုံအင်ပါယာက မျက်လုံးမှိတ်လိုက်လေ၏။
“သူ နန်းတော်ထဲ ရောက်နေတာ ကြာလင့်နေပြီ။ သူ မဖြတ်ကျော်နိုင်တာများလား…”
“ဒါပေမဲ့ ငါ သူ ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်တယ်။ ဒါက မန်တောက်ကို ရိုက်ချက် ကြီးကြီးမားမား ဖြစ်သွားစေလိမ့်မယ်…”
ကောင်းကင်ဘုံအင်ပါယာက မျက်လုံးဖွင့်ကာ သူ၏မျက်နှာထက်ရှိ ထူးခြားသောအပြုံးက ပို၍ အားကောင်းလာချေသည်။
“မန်တောက်…မင်း ဒီအင်ပါယာကို အထင်သေးခံရမှာကို ခွင့်ပြုလို့ မဖြစ်ဘူး။ ဒီဘုရင်က မင်းအတွက် အများကြီး လုပ်ပေးခဲ့ပြီးပြီ…”
ဗဟိုကုန်းမြေ၊ အင်ပါယာတောင်ပေါ်၌ ကျိုးသဲက သူ့ရှေ့ရှိ နွေဦးသစ်ရွက်ကို စိတ်ပါလက်ပါ ကြည့်ရှုနေ၏။ သူက စဉ်းစားနေလျက် တခြား မဟာအင်ပါယာများ လစ်လျူရှုမိဟန်တူသော ပြဿနာတစ်ခုကို တွေ့မြင်လိုက်ပေသည်။
“သူသာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ရင် ကျော်ကြားလာရုံသာမက ပိုပြီး အရေးကြီးတာက သူ့တိုက်ပွဲစွမ်းအားဟာလည်း လှစ်ဟပေါ်သွားပြီပဲ။ ဒီလို တိုက်ပွဲစွမ်းအားနဲ့ဆို သူဟာ ကောင်းကင်ဘုံကလန်မှာ မဟာအင်ပါယာတွေအောက် နံပါတ်တစ် ဖြစ်လာလိမ့်မယ်။ မဟာအင်ပါယာတစ်ယောက်က သူ့ကို ဆန့်ကျင်ရင်တောင် သူ့အနေနဲ့ လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိချင်ရှိနေမှာ…”
“ဒီလိုလူမျိုးကို စည်းရုံးဖို့ ဘယ်လောက်တောင် တန်ကြေးများလိုက်မလဲ။ သူ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်ခဲ့ရင်လည်း ငါ သူ့ကို ရွေးချယ်ရမှာပဲ…”
မဟာအင်ပါယာကျိုးသဲက စဉ်းစားနေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် နွေဦးသစ်ရွက်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည်။
အင်ပါယာစမ်းသပ်ကွင်းအတွင်း၌ လူတိုင်းသည် ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို စောင့်ကြည့်နေစဉ် မျှော်လင့်ချက်များ ရှိနေကြပြီး တချို့ကတော့ နောက်ထပ်အမွှေးတိုင်တစ်တိုင်ဝက်စာအချိန်တွင် ဝမ်လင်း ကျရှုံးလိမ့်မည်ဟု မျှော်လင့်နေကြသည်။
မန်တောက်၏ မျက်နှာသည်လည်း ဖြူရောနေခြင်း မရှိတော့ဘဲ မျှော်လင့်ချက်၊ ယုံကြည်ချက်တို့ ပြည့်နေ၏။ သို့သော် သူ၏မျှော်လင့်ချက် အထွတ်အထိပ်သို့ ရောက်ကာ သူသည် ပုံမှန်အတိုင်း ပြန်ဖြစ်တော့မည့်အခိုက်တွင် သူတကိုယ်လုံး အပြင်းအထန် တုန်ယင်သွားလေ၏။ သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ်။
အကြောင်းမှာ သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်ထံမှ ပေါက်ကွဲထွက်လာသော ရွှေရောင်အလင်းကို တွေ့မြင်လိုက်ရသောကြောင့်ပင်။
ထိုရွှေရောင်အလင်းက အရူးအမူး ပျံ့နှံ့လာပြီး လူတိုင်း၏ မျက်လုံးထဲတွင် ပြည့်နှက်ကုန်သည်။ ယင်းအလင်းထံမှ အဖြူရောင်ပုံရိပ်တစ်ခုက လှမ်းလျှောက်ထွက်လာ၏။
ဝမ်လင်း လှမ်းလျှောက်ထွက်လာခဲ့လေပြီ။ သူက မန်တောက်ကို ကြည့်ပင် မကြည့်ပေ။ လူတိုင်း ကြည့်နေကြစဉ် သူက မျှော်လင့်ချက်လုံးဝ ပျက်စီးသွားပြီ ဖြစ်သော မန်တောက်ကို ကျော်၍ ဆင်းသက်လာ၏။
သူက ဆယ့်ရှစ်ခုမြောက်နန်းတော်သို့ မသွားရောက်တော့ပေ။ ထိုအစား ပြန်ဆင်းသက်လာ၏။ သူသည် မဟာအင်ပါယာတောက်ရီနှင့် ဝူဖန်တို့ရှေ့တွင် ရပ်ကာ သူတို့ထံ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။ ထို့နောက် သူသည် ဝူဖန်ကို ကြည့်ကာ သည့်နောက်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံ ပျံသန်းသွားပြီး ထွက်ခွာသွားတော့သည်။
သူ ထွက်သွားသည့်အခါ သူက လူအုပ်ကြားရှိ ဟိုင်းဇီကို ပြုံး၍ ကြည့်ကာ ခေါင်းညိတ်ပြခဲ့သေး၏။
ဩဇာအင်ပါယာမန်တောက်က သွေးအန်ကာ ခပ်တိုးတိုး ရေရွတ်နေမိ၏။ “သူ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တာပဲ…”
ထိုသွေးတို့က သူ၏မူလအနှစ်သာရကြောင့် ဖြစ်ပေါ်လာခဲ့တာသာ။ တကယ်တော့ သူက ဒီနေရာကို ရုပ်ပိုင်းခန္ဓာကိုယ်ဖြင့် ရောက်လာခဲ့တာ မဟုတ်ပါ။
ထိုမူလအနှစ်သာရနှင့် တူသော သွေးတို့က လွင့်ပြယ်နေစဉ် မန်တောက်သည် သူ၏အသက်ဓာတ်အားလုံး ဆုံးရှုံးသွားသကဲ့သို့ပင်။ သူ၏မာန်မာနမှာလည်း ပြိုလဲပျက်စီးသွား၏။ သူ၏ တာအိုမှာ ဝမ်လင်း၏ ရက်ရက်စက်စက် ဖျက်စီးခြင်းကို ခံလိုက်ရသည်။ သူသည် ခါးသီးစွာ ပြုံး၍ ငြိမ်သက်နေမိသည်။
သို့သော် ဒီအခိုက်၌ မည်သူကမျှ မန်တောက်ကို ဂရုမစိုက်ကြပေ။ ဝမ်လင်း ထွက်သွားသည့်နောက် အင်ပါယာစမ်းသပ်ကွင်းအနှံ့တွင် အော်ဟစ်သံတစ်သံ ပွက်လောရိုက်ကာ ပဲ့တင်ထပ်သည်။
“မဟာအင်ပါယာတွေအောက် နံပါတ်တစ်၊ ဝမ်လင်း…”
“ဒီကနေ့ ဩဇာအင်ပါယာတွေရဲ့ အဆင့်ဟာ ပြောင်းလဲသွားခဲ့ပြီ။ ဒီဝမ်လင်းက လူတိုင်းကို ချက်ခြင်း တုန်လှုပ်စေခဲ့တာပဲ…”
“ခုချိန်ကစပြီး ငါတို့ ကောင်းကင်ဘုံကလန်မှာ နောက်ထပ် အနှိုင်းမဲ့ကျင့်ကြံသူတစ်ယောက် ရှိလာခဲ့ပြန်ပြီ။ နံပါတ်တစ်ဩဇာအင်ပါယာ၊ မဟာအင်ပါယာတွေအောက် နံပါတ်တစ်ကျင့်ကြံသူ…”
“သူက ငါတို့ ကောင်းကင်ဘုံကလန်ရဲ့ ခြောက်စင်းမြောက်နေအဖြစ်တောင် သတ်မှတ်နိုင်တယ်။ သူဟာ မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်ချေ အရှိဆုံးသူပဲ…”