← Chapters

မဟာအင်ပါယာ၏ စည်းရုံးမှု

Vol. 146 Ch. 2019

မဟာအင်ပါယာ၏ စည်းရုံးမှု

Vol. 146 Ch. 2019

အရှေ့ပိုင်းကုန်းမြေ၊ မဟာပဏ္ဍိတကုန်းမြေ။

ဝမ်လင်းသည် ဒီကုန်းမြေ၌ တောင်ထိပ်တစ်ခုပေါ်တွင် ငြိမ်သက်စွာ ရပ်နေ၏။ သူက သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် အပြာရောင်မိုးသားကောင်းကင်နှင့် တိမ်စိုင်တိမ်စုတို့ကို ကြည့်နေသည်။ တိုက်ခတ်နေသော လေတို့က သူ့ဝတ်ရုံကို တဖျတ်ဖျတ်လွင့်နေစေ၏။

သူ၏မျက်လုံးက ကြယ်များအလား။ သူသည် နေရာတွင် မားမားရပ်နေ၏။

သည်တောင်က မြင့်မားလှခြင်း မရှိဘဲ သစ်ပင်တို့နှင့် ပြည့်နေ၏။ လေတိုးဝေ့တိုက်ခတ်မှုကြောင့် သစ်ရွက်ကြွေသံတို့ကို ကြားနေရသည်။

ဝမ်လင်းသည် ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့ခြင်းကြောင့် မာန်တက်သလိုလည်း မခံစားရပေ။ မဟာအင်ပါယာများက သူ့ကို စည်းရုံးဖို့ လာရောက်နေသည့်အပေါ်လည်း မမောက်မာမိပေ။ လှိုဏ်ဂူလောကမှာတုန်းကကဲ့သို့ပင် သူက ကောင်းကင်ထက်သို့ ငြိမ်သက်စွာ ကြည့်နေ၏။

အချိန်မည်မျှ ကြာသွားမှန်းမသိပြီးနောက် နေထွက်ချိန် ရောက်လာခဲ့လေပြီ။ ဝမ်လင်းက နေရာတွင်ပင် ရပ်နေဆဲ ဖြစ်၏။ အမှာင်ထုဖုံးလွှမ်းခံရသော တိမ်စိုင်တိမ်ဖြူတို့က ထပ်မံ ပေါ်လာပြီး နက်မှောင်သော ကောင်းကင်ထက်၌ နေမင်းပေါ်လာ၏။

ထိုနေမင်းက တောက်ပသောအလင်းကို ထုတ်လွှတ်လျက် မြေကမ္ဘာကို နေ့ခင်းအချိန်အခါနှင့် တူစေသည်။ ထိုနေမင်းထံမှ အပူဓာတ်တို့ ထုတ်လွှတ်နေ၏။ ဝမ်လင်းက ၎င်းနေမင်းနှင့် အလွန်နီးကပ်နေသလို ထင်ရ၏။ ပုံရိပ်တစ်ခုသည် ထိုနေမင်းထံမှ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာသည်။

ထိုပုံရိပ်မှာ တာအိုဝတ်ရုံဖြင့်လူငယ်တစ်ယောက်ပင်။ မဟာအင်ပါယာတောက်ရီက ဝမ်လင်းရှေ့တွင် ပထမဆုံး ပေါ်လာသူပင်။

တောက်ရီ ပေါ်လာသည့်အခါ အရာအားလုံးက အေးခဲနေ၏။ လေတိုက်ခတ်မှုပင် ရပ်တန့်ကာ သစ်ပင်များလည်း ယိမ်းနွဲ့နေရာကနေ ရပ်တန့်ကုန်၏။ ဝမ်လင်း၏ ဝတ်ရုံသည်ပင် ရပ်တန့်သွားသလို ထင်ရသည်။

တခုတည်းသော လှုပ်ရှားမှုဟူ၍ နေမင်းထံမှ လှမ်းထွက်လာသော မဟာအင်ပါယာတောက်ရီတည်း။ သူက ဝမ်လင်းနှင့် ပေတစ်ရာအကွာ လေထဲ၌ ရှိနေလျက် ဝမ်လင်းကို ငုံ့ကြည့်၏။

သူ ဝမ်လင်းကို လှမ်းကြည့်ရုံ ရှိသေး ဝမ်လင်းပတ်လည်ရှိ လေဟာနယ်က အက်ကွဲ၏။ ထိုအက်ကွဲသံ ပေါ်လာသည်က ရုတ်တရက် ဆန်ကာ မဟာအင်ပါယာတောက်ရီ၏ မျက်လုံးကို အရောင်တောက်သွားစေ၏။

ဝမ်လင်းပတ်လည်ရှိ လေဟာနယ်တွင် အက်ကြောင်းများ ပေါ်လာသည်။

တအောင့်အကြာတွင် ဝမ်လင်း၏ အေးခဲနေသော ဝတ်ရုံမှာ လေမတိုက်ပါဘဲ စတင်လှုပ်ခတ်လာ၏။ သူက ခေါင်းမော့ကာ မဟာအင်ပါယာတောက်ရီကို လှမ်းကြည့်သည်။

ထိုမြင်ကွင်းက မဟာအင်ပါယာတောက်ရီ၏ မျက်လုံးထဲ၌ ရွှေရောင် ဖြတ်ခနဲ တောက်ပသွားစေ၏။ သူသည် ဝမ်လင်းက လောကကို အေးခဲပစ်သော သူ၏ဖိအားထံမှ မြန်ဆန်စွာ ပြန်ကောင်းမွန်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။

သည်နေရာကို တောက်ရီက သူ၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် ရောက်လာခဲ့တာ ဖြစ်ပြီး သူ့နတ်ဘုရားအာရုံလည်း မဟုတ်သလို ကိုယ်ပွားလည်း မဟုတ်ပေ။

“ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့တဲ့ နံပါတ်တစ်ဩဇာအင်ပါယာတစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ငါ့ဖိအားကို ခုလောက် မြန်မြန် ပြန်ကောင်းမွန်နိုင်တာဟာ မင်းအနေနဲ့ မဟာအင်ပါယာတွေအောက်မှာ အသန်မာဆုံးဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါတယ်…”

“ဝမ်လင်း…ဒီအရှင်နောက်ကို လိုက်ပါ။ ဒီအရှင်က အတိတ်တုန်းကလိုမျိုး ငါ မသေသေးသ၍ မင်းလည်း မသေစေရဘူးလို့ ကတိပေးတယ်…”

မဟာအင်ပါယာတောက်ရီက ပြုံး၏။ သူသည် အင်ပါယာစမ်းသပ်ကွင်း၌ ဝမ်လင်းကို စည်းရုံးဖို့ လက်လျှော့ခဲ့ဖူးတာကိုပါ မေ့သွားခဲ့သည့်အလား။

ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက မဟာအင်ပါယာတောက်ရီထံ လက်နှစ်ဖက်ဆုပ်သည်။

တောက်ရီက မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ သို့သော် မကြာမီ ပြန်ပြေလျှော့သွားသည်။ သူက ဝမ်လင်းကို ကြည့်ကာ စကားစဆိုသည်။ သူ၏အသံက မကျယ်ပါ။ သို့သော် သူ့စကားလုံးတိုင်းတွင် ဥပဒေသပါဝင်ကာ လောကကို တုန်ခါစေနိုင်သည်။

“ဒါဟာ ဒီအရှင်ကိုယ်တိုင် သန့်စင်ထားတဲ့ ရတနာတစ်ခုပဲ…” မဟာအင်ပါယာတောက်ရီက ထိုသို့ ပြော၍ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ့ညာလက်ညှိုးတွင် လက်စွပ်တစ်ခု ပေါ်လာကာ ထို့နောက် ၎င်းက လေထဲသို့ ပျံသန်းလာပြီး ပေသုံးဆယ်လောက်ရှိသည့် ရောငဝါစက်ဝန်းတစ်ခု ဖြစ်ပေါ်သည်။

“ဒီလက်စွပ်ကို ဖန်တီးဖို့ ငါဟာ ထာဝရနတ်ဘုရားနယ်မြေရဲ့ သတ္တုတွေကို အသုံးပြုခဲ့တယ်။ ဒါကို သန့်စင်ဖို့ နှစ်ပေါင်းတစ်သောင်း ကြာမြင့်ခဲ့တယ်။ ၎င်းရဲ့ ပုံပန်းသွင်ပြင်ဟာလည်း ကောင်းကင်ဘုံဘိုးဘေးရဲ့ ရတနာတစ်ခုကို တုပထားတာပဲ။ ဒီရတနာကို ချိုးဖျက်ဖို့ ငါကိုယ်တိုင်တောင် အများကြီး အားစိုက်ထုတ်ရလိမ့်မယ်…”

ဝမ်လင်းက ပေသုံးဆယ်ခန့် ရှိသော စက်ဝန်းကို ကြည့်၏။ သူ့မျက်လုံးက တောက်ပလာသည်။ ထိုစက်ဝန်းက သာမန်မဟုတ်ပေ။ ဝမ်လင်းက ၎င်းကို ဖြတ်မြင်နိုင်ခြင်း မရှိပေ။ ၎င်းသည် ဤလောက၏ အပိုင် မဟုတ်လေသည့်အလား။ ၎င်းထံမှ ပေးစွမ်းနေသော ဖိအားက ဝမ်လင်းကို မဟာအင်ပါယာတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိစေသည်။

မဟာအင်ပါယာတောက်ရီက ဝမ်လင်း၏မျက်လုံးထဲရှိ အလင်းကို သတိပြုမိ၏။ သူက သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်ပြန်သည်။ အစိမ်းရောင်ဝါးအပိုင်းအစတစ်ခုက သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုဝါး၏ အရောင်က တောက်ပကာ မွှေးရနံ့တစ်ခုကိုလည်း ထုတ်လွှတ်နေသည်။

“ဒီဝါးပိုင်းဟာ ကောင်းကင်ဘုံရတနာတစ်ခုပဲ။ မင်း ဒါကို မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်တာနဲ့ မင်းရဲ့ အနှစ်သာရတွေဟာ ဆင့်ကဲတိုးတက်လာလိမ့်မယ်။ ပြီးတော့ ဒီထဲမှာ ဒီအရှင်ရဲ့ တာအိုလည်း ပါဝင်တယ်။ မင်း ဒါကိုသာ နားလည်ရင် မင်းဟာ မဟာအင်ပါယာတစ်ယောက် မဖြစ်လာခဲ့ရင်တောင်မှ အတော့်ကို နီးစပ်သွားလိမ့်မယ်…”

ထိုအစိမ်းရောင်ဝါးပိုင်း ပေါ်လာသည့်အခါ ဝမ်လင်း၏မျက်လုံးက အလေးအနက် ဖြစ်လာ၏။ သည်ဝါးပိုင်းထံမှ ရနံ့ကပင် သူ၏ခန္ဓာကိုယ်ထဲရှိ အနှစ်သာရများကို ပိုသန်မာလာစေသည့်နှယ် ထင်ရစေ၏။

ဝမ်လင်းကသာ ၎င်းနှင့် ပေါင်းစပ်နိုင်ပါက သူ့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေမည်ပင်။

မဟာအင်ပါယာတောက်ရီက ဝမ်လင်းကို သေချာအာရုံစိုက်ထားပြီး သူက ပြုံး၏။ သူသည် ဝမ်လင်းသည် ရတနာများကို နှစ်သက်သူမှန်း သိပေ၏။ ထိုသည်တို့က ဝမ်လင်းကို များစွာ စွဲဆောင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် ဝမ်လင်းကို ရတနာများနှင့် စွဲဆောင်ဖို့ ရောက်လာခဲ့တာပင်။

ထို့အပြင် သည်ရတနာနှစ်ခုက သူ့အတွက် ဘာမှှျ မဟုတ်ပေ။ သို့သော်လည်း သူက ဝမ်လင်းသည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း၊ မဟာအင်ပါယာတစ်ယောက်တည်းကသာ သူ့ကို လာပြီး စည်းရုံးမည် မဟုတ်မှန်းကို သိပေ၏။ သူသာ အစစ်အမှန်ရတနာအချို့ကို မထုတ်ပြပါက တခြားအင်ပါယာများ ရောက်လာသည်နှင့် သူ့အနေဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရနိုင်သည်။

“ဒါ့အပြင် နောက်ထပ်တစ်ခု ရှိိသေးတယ်…”  မဟာအင်ပါယာတောက်ရီက ထိုသို့ ပြောလိုက်သည့်အခါ၌ သူ့စိတ်ထဲပ နှမြောမိသလိုပင် ခံစားမိ၏။ ဤသည်မှာ အစစ်အမှန်ရတနာတစ်ခုဟု ဆိုနိုင်၏။ ၎င်းကို သူကိုယ်ပိုင်ပင် အပြည့်အဝ နားမလည်သေးပေ။

လက်ဝေ့ယမ်းလိုက်ရာ သူ့ရှေ့တွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာ၏။ လက်သီးဆုပ်ခန့် ဦးခေါင်းခွံတစ်ခုက ဖြည်းဖြည်းချင်း ပျံသန်းထွက်လာသည်။ ထိုဦးခေါင်းကို အလင်းလွှာတစ်ခုက ဝန်းရံထား၏။ ၎င်း ပေါ်လာသည်နှင့် တုန်လှုပ်ချောက်ခြားဖွယ် သေခြင်းအော်ရာ ပျံ့လွင့်လာသည်။

ထိုအော်ရာက လောကကို ခြုံလွှမ်းကာ တောက်ရီ၏ ဖိအားကြောင့်အေးခဲနေသော လောကပင် ပြိုလဲသွားရသည်။ အရာအားလုံးက ပြန်လှုပ်ရှားနိုင်မှု ရလာရုံ ရှိသေး ယင်းတို့က သေခြင်းအော်ရာဓာတ် ပါဝင်နေတော့သည်။

ထိုဦးခေါင်းက ကလေးငယ်တစ်ယောက်၏ ဦးခေါင်းဖြစ်သည့်ပုံ ပေါ်သည်။

“ဒါက ထာဝရနတ်ဘုရားနယ်မြေက မဟုတ်ဘူး။ ဒါပေမဲ့ ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက ငါ ထာဝရနတ်ဘုရားနယ်မြေကနေ ထွက်လာတဲ့အခါတုန်းက ဒါကို ပျက်စီးနေတဲ့ကုန်းမြေပျက်တစ်ခုပေါ်မှာ ရှာတွေ့ခဲ့တာပဲ…”

“ငါ ဒါကို ယူခဲ့တဲ့အချိန်မှာ အဲ့ကုန်းမြေဟာလည်း ပျောက်ကွယ်သွားခဲ့တယ်။ ဒီပစ္စည်းထဲမှာ ငါ နားမလည်နိုင်တဲ့ စွမ်းအား အရိပ်အယောင် ပါဝင်နေတယ်။ ဒါပေမဲ့ ငါ ဒီစွမ်းအားကို စုပ်ယူနိုင်ခဲ့ရင် မဟာအင်ပါယာအဆင့် ကန့်သတ်ချက်ကို ချိုးဖျက်ပြီး ကောင်းကင်ဘုံဘိုးဘေးလို တည်ရှိမှုမျိုး ဖြစ်လာနိုင်လောက်တယ်လို့ ဝိုးတဝါး ခံစားမိတယ်…”

“ငါ ဒါနဲ့ တွေ့ကြုံရရှိဖို့ ကံစပ်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ ငါ ဒါကို နားမလည်နိုင်ခဲ့ဘူး။ ဒီပစ္စည်းဟာ ငါ့လက်ထဲမှာ ရှိခဲ့တာ အချိန်ကြာလွန်းခဲ့ပြီ။ မင်းသာ ငါ့နောက်ကို လိုက်မယ်ဆိုရင် ငါ ဒါကို မင်းရှိ ပေးနိုင်တယ်…”

တောက်ရီက ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ သူက ဝမ်လင်းကို စည်းရုံးနိုင်ဖို့ တန်ကြေးတစ်ခု အမှန်တကယ် ပေးချင်စိတ် ရှိပေသည်။

ဝမ်လင်းက ထိုကလေးဦးခေါင်းခွံကို ကြည့်၏။ သူက ၎င်းကို ဖြတ်မမြင်ပေ။ သို့သော်၎င်းသည် ဖော်ပြ၍ မရသော ခံစားမှုတစ်ခုကို ဆောင်ကြဉ်းနေ၏။ ၎င်းက သူ့ကို ရင်းနှီးသလိုမျိုးလည်း ခံစားရစေသည်။ သူက ၎င်းကို မည်သည့်နေရာ၌ တွေ့ခဲ့ဖူးသည်ကိုတော့ မမှတ်မိနိုင် ဖြစ်၏။

ဝမ်လင်းက ရုန်းကန်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ပြောလာသည်။

“ကျေးဇူးတင်ပါတယ်…မဟာအင်ပါယာတောက်ရီ။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငါ့ကို စဉ်းစားခွင့် ပြုပါ…”

မဟာအင်ပါယာတောက်ရီ၏ မျက်ခုံးက တွန့်ကွေးသွား၏။ သူက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်။

“ကောင်းပြီ။ မင်းရဲ့ ခွန်အားနဲ့ဆို တခြားမဟာအင်ပါယာတွေလည်း မင်းကို လာပြီး စည်းရုံးကြအုံးမှာ။ အချိန်ပိုယူပြီး စဉ်းစားတာဟာ ပုံမှန်ပါပဲ…”

မဟာအင်ပါယာတောက်ရီ ထိုသို့ ပြောလိုက်ရုံ ရှိသေး သေခြင်းအော်ရာ ဝန်းရံထားသော လောက၏အပြင်ဘက်မှ မာန်သွင်းသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မိုးကြိုးသံအလား၊ ပတ်ဝန်းကျင်ရှိ သေခြင်းအော်ရာကို တဝီဝီ စတင်လှည့်ပတ်သွားစေသည်။

ကောင်းကင်ထက်တွင် လှိုင်းဂယက်များ ပေါ်လာကာ လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။

ထိုသူက အရပ်မြင့်မားကာ ဦးခေါင်းပြောင်နှင့် မဟာအင်ပါယာဝူဖန်ပင်။ သူ၏ ခြေလှမ်းတိုင်းက ကျယ်လောင်စွာ တုန်ဟည်းခြင်းကို ဖန်တီးလေ၏။

သူ ခြေလှမ်းလာစဉ် သေခြင်းအော်ရာသည်ပင် သူ့ကို မပိတ်ဆို့ဝံ့သည့်အလား နောက်ဆုတ်၏။ ထိုဦးခေါင်းပြောင်လူက နီးကပ်လာသည့်အခါ လွှမ်းမိုးနိုင်သော အော်ရာကို ပေးစွမ်းလေ၏။

ခြေခုနစ်လှမ်းပြီးနောက် သူက ဝမ်လင်း၏ဘေးတွင် လာရပ်၏။ ကောင်းကင်ထက်တွင် ရှိနေသော တောက်ရီနှင့် မတူသည်က သူသည် ဝမ်လင်းကဲ့သို့ တောင်ပေါ်တွင်သာ လာရပ်နေခြင်းပင်။

“မဟာအင်ပါယာဝူဖန်ကို နှုတ်ဆက်ပါတယ်…။ အင်ပါယာစမ်းသပ်ကွင်းမှာ ကျုပ်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ မဟာအင်ပါယာဝူဖန်။ ကျုပ် ဒါကို မှတ်သားထားမှာပါ…”  ဝမ်လင်းက ဝူဖန်ထံ လက်နှစ်ဖက်ဆုပ်ကာ ပြော၏။

မဟာအင်ပါယာဝူဖန်က ရယ်မောလိုက်လေ၏။ သူ၏အသံက ကောင်းကင်ကိုပါ တုန်ခါသွားစေသလား ထင်ရသည်။

“ပမွှားလေးပါ။ ငါက ကောင်းကင်ဘုံအင်ပါယာကို အစောတည်းက သဘောမကျခဲ့ဘူး။ ဒါ့ကြောင့် ငါ့စိတ်ထဲရှိတာကို ပြောခဲ့ရုံပါပဲ…”  ဤသည်က သူနှင့် တောက်ရီကြားက နောက်ထပ် မတူညီမှုပင်။ တောက်ရီက စကားပြောသည့်အခါတိုင်း သူသည် သူ့ကိုယ်သူ ဂုဏ်ယူဟန်ဖြင့် ဟန်ကြီးပန်ကြီး ပြောတတ်ပေသည်။ ဝူဖန်ကမူ ပို၍ စိတ်လွတ်ကိုယ်လွတ်ဖြင့် သက်တောင့်သက်သာ ပြောတတ်ပေသည်။

“ငါ ဒီကို ရောက်လာတဲ့ အကြောင်းရင်းကို မင်း ခန့်မှန်းမိပြီးသားမလား။ ဒီတော့ အခြေအနေတွေကို မပြောသေးဘူး။ ငါ ဒီကို အရက်ကောင်းနဲ့ ရောက်လာခဲ့တာ။ ပုံမှန်ဆို ငါ့အနေနဲ့ တခြားသူတွေကို ဒီအရက် ပေးတိုက်တာ မဟုတ်ဘူး။ မင်း သောက်ချင်စိတ် ရှိလား…”

မဟာအင်ပါယာဝူဖန်က သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့လက်ကြားတွင် အစိမ်းရောင်ဘူးသီးခြောက်တစ်ခု ပေါ်လာ၏။ သူက ဝမ်လင်းကို ပြုံး၍ ကြည့်သည်။

ဝမ်လင်းကလည်း ပြုံးဿ လေဟာနယ်ထံ  လက်ဆန့်ထုတ်သည်။ ဘူးသီးခြောက်က သူ့ထံ ပျံသန်းလာပြီး သူက အားပါးတရ မော့ချလိုက်တော့သည်။

“ကောင်းတယ်။ မင်း ငါ့လက်အောက်ကို ဝင်ဝင်၊မဝင်ဝင်…မင်းအနေနဲ့ အချိန်မရွေး မြောက်ပိုင်းရေခဲပြင်ကို လာနိုင်တယ်…”   ဝူဖန်က ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆို၏။ သည်အခိုက်၌ သူက တောက်ရီထံ ခေါင်းမော့ကာ ကြည့်လိုက်သည်။

“တောက်ရီ၊ မဟာအင်ပါယာတစ်ယောက်ထက် ပိုပြီးတော့ ဩဇာအင်ပါယာတစ်ယောက်ကို စည်းရုံးချင်တယ်ဆိုရင် သဘောတူညီမှုအရ မင်းအနေနဲ့ မင်းပေးနိုင်တဲ့ တန်ကြေးအခြေအနေကို တခါ ပေးအပ်ဖို့ အခွင့်အရေး ရှိတယ်။ မင်း ပြောဆို ပြီးပြီလား…”

ဝူဖန်က ထိုသို့ ပြောလျက် ရတနာသုံးခုကို ကြည့်လိုက်၏။ သူသည် လက်စွပ်နှင့် ဝါးပိုင်းတို့ကို လစ်လျူရှုထား၏။ သူ၏အကြည့်က ကလေးဦးခေါင်းခွံပေါ်သို့ ကျရောက်သွားသည့်အခါတွင်မူ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“ဒါပဲလား…ဒါတွေက မင်း ထုတ်ပေးနိုင်တဲ့ အကုန်ဆိုရင် ငါ့ကမ်းလှမ်းမှု ပေးအပ်တော့မယ်…”

ဝူဖန်က ထိုသို့ ပြောပြီးနောက် တောက်ရီကို လှမ်းကြည့်သည်။

ဝမ်လင်းက ထိုသည်ကို ကြားသည့်အခါ သူ့စိတ်နှလုံး လှုပ်ရှားသွား၏။ မဟာအင်ပါယာများသည် လူတစ်ယောက်တည်းကို စည်းရုံးတာ ဖြစ်ခဲပေ၏။

“သူက ငါ့ကို ကူညီနေတာလား…”  ဝမ်လင်းက ဝူဖန်ကို ကြည့်လိုက်သည်။

All Chapters