အတုအယောင်၊ အတုအယောင်
Vol. 146 Ch. 2021
ထိုမိန်းကလေးငယ်နှစ်ယောက်ကို ရင်ဆိုင်ရသည့်အခါ တောက်ရီက ချက်ခြင်း မျက်မှောင်ကြုတ်ကာ ဝူဖန်သည်လည်း အလေးအနက် ဖြစ်သွားသည်။ သူက သူတို့စကားလုံးများ၏ အဓိပ္ပာယ်ကို သိပေသည်။ သူတို့က ဝမ်လင်းကို သိရှိခဲ့ကြပြီး ဖြစ်သလို ဝမ်လင်းနှင့် ရင်းနှီးသော ကျင့်ကြံသူတစ်ယောက်ကိုပါ ခေါ်လာခဲ့ကြသေး၏။
ကျိုးသဲက ခါးသီးစွာ ပြုံး၍ ထိုမိန်းကလေးငယ်နှစ်ယောက်ကို ကြည့်၏။ သူက သူတိုကို လစ်လျူရှုရန် ဆုံးဖြတ်ကာ ဝမ်လင်းကို ပြောလိုက်သည်။
“ဝမ်လင်း…မင်းရဲ့ ရွေးချယ်မှုကို ဒီအဘိုးအိုကို ပြောပါ…”
“အယ်၊ လူအိုကြီး…နင် မနာခံဘဲ ရှိဝံ့တယ်လား…”
“လူအိုကြီး…ငါ မှတ်မိပါသေးတယ်။ နင် ငါတို့ကို မနိုင်ဘူးနော်…” ထိုမိန်းကလေးငယ်နှစ်ယောက်က မဟာအင်ပါယာကျိုးသဲ၏ ပြောစကားကို ကြားသည့်နောက် မျက်လုံးပြူးသွားကြသည်။
“ကန်းနီ၊ နင်က ပြန်လည်မွေးဖွားပြီးတဲ့နောက် နင့်ရဲ့ စိတ်ဝိညာဉ် ကွဲထွက်သွားတာတောင် နင့်ရဲ့ စိတ်နေစရိုက်က ဘယ်လိုလုပ် အရင်တိုင်း ဖြစ်နေသေးတာလဲ။ ဒီလူဟာ ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့တဲ့သူ။ အခု ငါတို့အားလုံး ဒီမှာ ရောက်နေပြီ။ ဒါ့ကြောင့် ငါတို့က သူ့ကို ဆုံးဖြတ်ဖို့ တစ်ယောက်ပြီးတစ်ယောက် ကမ်းလှမ်းမှု လုပ်ခဲ့တယ်။ နင်…”
ကျိုးသဲက မျက်မှောင်ကြုတ်သွား၏။ သို့သော် သူ ပြော၍ မပြီးခင်မှာပင် ထိုမိန်းကလေးငယ်နှစ်ယောက်က ရှေ့သို့ ခုန်ထွက်လာ၏။
“ဟန်ဟန်…သူတို့ကို ရိုက်လိုက်ကြစို့…” ဝါဝါက ဒေါသတကြီး ဆို၏။ သူတို့နှစ်ယောက်၏ ပုံရိပ်က ကောင်းကင်ထက်တွင် ထပ်သွားဟန် တူကာ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
ထိုမိန်းကလေးငယ်နှစ်ယောက်က သူတို့၏ လက်နှစ်ဖက်ကို အတူတူပင့်မြှောက် သူတို့၏ခန္ဓာကိုယ်များကို လှည့်ပတ်လိုက်၏။ ထိုလှည့်ပတ်မှုစက်ဝန်းကနေ ရွှေရောင်အလင်းသည် ထွက်ပေါ်လာသည်။ ၎င်းက ရွှေရောင်နေမင်း ဖြစ်သွားသည့်အလား။
ထိုနေမင်းထံမှ အလင်းသည် လောကရှိ အလင်းအားလုံးကို အစားထိုးကာ မဟာအင်ပါယာလေးယောက်ကို ခြုံလွှမ်း၏။ အတွင်းကိုမူ မည်သူကမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ထိုအလင်းထံမှ တုန်ဟည်းသံများ ထွက်ပေါ်နေ၏။ မဟာအင်ပါယာတောက်ရီသည် ထိုစက်ဝန်းထဲမှ ဦးဆုံး ထွက်လာသူပင်။ သူ့မျက်နှာထက်တွင် ဒေါသနှင့် ပြည့်နေ၏။ သို့သော် သူက ပြန်လှည့်မကြည့်တော့ဘဲ အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့သည်။
ဒုတိယမြောက် ပျံသန်းထွက်လာသူကတော့ ဝူဖန်ပင်။ သူက ခါးသီးစွာ ပြုံး၍ ရွှေရောင်အလင်းထံမှ နောက်ဆုတ်လာ၏။ သူသည် သက်ပြင်းချကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
“မယဉ်ကျေးတဲ့ ကလေးငယ်နှစ်ယောက်က တကယ်ပဲ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ နေကိုးစင်းစွမ်းအားကို အသုံးပြုနိုင်တာပဲ။ ဒါ…ဒါဟာ အစစ်အမှန်တိုက်ခိုက်မှုလား…”
တတိယမြောက် ပျံသန်းထွက်လာသူက မဟာအင်ပါယာကျိုးသဲပင်။ သူက မျက်မှောင်ကြုတ်ကာ ရွှေရောင်အလင်းကနေ ထွက်လာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ထိုရွှေရောင်အလင်းအားလုံး ပျောက်ကွယ်သွားကြသည်။
“ဝမ်လင်း…မင်းရဲ့ အဖြေကို ငါ အင်ပါယာတောင်ပေါ်မှာ စောင့်နေမယ်…” မဟာအင်ပါယာကျိုးသဲက အကူအညီမဲ့သလို ခံစားမိနေ၏။ သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်ရာ သူသည် အင်ပါယာအတုဟိုင်းဇီနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
အဖြစ်အပျက်တို့က မြန်လှပေ၏။ မဟာအင်ပါယာသုံးယောက်လုံးသည် ကန်းနီ၏အရူးအမူး လုပ်ဆောင်မှုကြောင့် နောက်ဆုတ်သွားရလေပြီ။
ရွှေရောင်အလင်းက လွင့်ပြယ်သွားပြီး ထိုမိန်းကလေးငယ်နှစ်ယောက်က ကောင်းကင်ထက်တွင် ဂုဏ်ဝင့်ဟန်ဖြင့် ရပ်နေကြ၏။
“ဟက်…ကောင်လေးကူးရဲ့၊ ငါတို့ ဘယ်လောက် သန်မာလဲ မြင်တယ်မလား။ သူတို့သုံးယောက်က နေကိုးစင်းစွမ်အား အသုံးပြုတာကို ကြောက်နေကြတယ်။ ဒါပေမဲ့ ငါတို့ကတော့ မကြောက်ဘူး…”
“ကျုပ် သိပါတယ်။ သူတို့က မတိုက်ခိုက်ဝံ့ကြပါဘူး။ ငါတို့က သူတို့ကို မောင်းထုတ်လိုက်ပါပြီ…”
ကူးရဲ့က အလျင်အမြန် လျှောက်လာကာ ထိုမိန်းကလေးငယ်နှစ်ယောက်ကို မြှောက်ပင့်ကာ ပြောသည်။
“မဟာအင်ပါယာကန်းနီက တကယ်ပဲ အစွမ်းထက်လှပါတယ်။ ကူးရဲ့ လေးစားပါတယ်။ လေးစားပါတယ်…”
သူ့ထံ၌ ပြောစရာ စကားများများစားစား အမှန်တကယ် ရှိမနေခဲ့ပေ။ နောက်ဆုံးတွင်တော့ သူသည် ဝမ်လင်းကို စည်းရုံးနိုင်ဖို့ ပူပန်နေခဲ့ချိန်၌ ထိုဘိုးဘေးလေးနှစ်ယောက်က သူ့ကို သူတို့ထံ၌ နည်းလမ်းရှိကြောင်း ပြောခဲ့တာကို နားလည်သွားခဲ့လေပြီ။
ခုတော့ သည်နည်းလမ်းမှာ လူတိုင်းကို ခြောက်လန့်ကာ မောင်းထုတ်သည့်နည်းလမ်း ဖြစ်နေပေ၏။
ထိုသို့ ပြောနေရင်း ကူးရဲ့က ဝမ်လင်းကို ရှက်ရွှံ့ဟန်နှင့် ကြည့်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်၏။
“ကူးရဲ့က ဆံဖြူဩဇာအင်ပါယာကို နှုတ်ဆက်ပါတယ်။ ဒီကိစ္စဟာ…ကျနော် ဒီကိစ္စမှာ တကယ်ပဲ ဘာမှ မတတ်နိုင်လို့ပါ။ စီနီယာဟာ ကျော်ကြားလှပါတယ်။ ရွေးချယ်စရာတွေလည်း များလှပါတယ်။ ဒါပေမဲ့ မဟာအင်ပါယာကန်းနီဟာ သန့်စင်လှပြီး ကလေးတစ်ယောက်လည်း ကြင်နာတတ်ပါတယ်။ စီနီယာသာ သူ့နောက်လိုက်ဖို့ ဆန္ဒရှိရင် သူတို့က စီနီယာ့အပေါ် ကျိန်းသေပေါက် ရက်ရောကြမှာပါ…”
“ကျုပ်တို့က စီနီယာတောင်းဆိုသမျှကိုလည်း အစွမ်းကုန် ဖြည့်ဆည်းပေးပါ့မယ်…”
ကူးရဲ့က လေးလေးနကန်က ဦးညွှတ်လိုက်လေ၏။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေသည်။ သူက ခါးသီးဟန်မျက်နှာပေးဖြင့် ရှိနေသော လောဘကြီးကို လှမ်းကြည့်သည်။
“ကောင်လေးကူးရဲ့၊ နင် ဘာလို့ စကားတွေ အများကြီး ပြောနေရတာလဲ။ ကောင်လေး ဝမ်လင်း…ခုဆို ဒီနေရာမှာ တခြားမဟာအင်ပါယာတွေ မရှိတော့ဘူး။ ငါတို့က နင့်ကို ငါ့နောက် လိုက်မလား၊ မလိုက်ဘူးလား မေးချင်တယ်…”
ဟန်ဟန်က မျက်လုံးပြူးကာ ဝမ်လင်းကို စိုက်ကြည့်လာ၏။
ထိုအမူအရာက ဟန်ဟန်ကို အတော်လေး ချစ်စရာအသွင် ဖြစ်သွားစေ၏။ ဝမ်လင်းက ထိုသည်ကို ကြည့်ကာ ကျိုးယုငယ်စဉ်ကလေးဘဝကို ပြန်တွေးမိသွားသည်။
“ကောင်လေး ဝမ်လင်း၊ ငါ နင့်ကို ကယ်ပေးခဲ့တယ်။ နင် မှတ်မိလား၊ မှတ်မိလား။ ဟက်ဟက်…နင်သာ ကျေးဇူးမသိတက်ရင်တော့…ငါ နင့်ကို ရိုက်ပစ်မယ်…”
ဘေးတစ်ဖက်မှ ဝါဝါကလည်း မျက်လုံးပြူးကာ ဒေါသထွက်ဟန်ဖြင့် ပြောလာသည်။
ဝမ်လင်းသည် ခါးသီးစွာ ပြုံးမိ၏။ သူ့ရှေ့ရှိ ကူးရဲ့၏အမူအရာတွင် အရှက်ရဟန် ပေါ်နေသည်။ သူက မည်သည့်ဩဇာအင်ပါယာကိုမျှ ခုလိုလေသံမျိုးဖြင့် စည်းရုံး၍မရတာကို သိပေ၏။ အထူးသဖြင့် ဝမ်လင်းကဲ့သို့ လူမျိုးကိုပင်။ တခြားမဟာအင်ပါယာများက ဝမ်လင်းကို အကျိုးအမြတ်အများအပြားဖြင့် မကမ်းလှမ်းခဲ့တာ မည်သူ ရှိလို့နည်း။
“ဒါ…စီနီယာဝမ်…” ကူးရဲ့က အခြေအနေကို အဆင်ပြေသွားစေရန် စကားဆိုဟန် ပြင်၏။
ထိုအခိုက်တွင် ဟန်ဟန်က အေးစက်စက်နှာခေါင်းရှုံ့ပြီး ဝမ်လင်းထံ ပျံဝဲဆင်းသက်လာ၏။ သို့သော် သူမက သေးကွေးလှသဖြင့် ဝမ်လင်းကို မော့ကြည့်နေရသည်။ တခုခုမှားယွင်းနေသလိုမျိုး ခံစားရကာ သူမက ချက်ခြင်းပင် အပေါ်သို့ ပျံတက်ကာ ဝမ်လင်းထက် ခေါင်းတလုံး မြင့်သော နေရာတွင် ရပ်၏။ သူမက ဂုဏ်ယူဟန်အပြည့် ရှိနေသည့်ဟန်ဖြင့် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးတို့ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ဝမ်လင်းကို စတင် ချိန်းခြောက်တော့သည်။
“ကောင်လေး ဝမ်လင်း၊ နင် သဘောမတူရင် ငါ နင့်ကို ရိုက်မယ်။ ငါ့အဖေကိုပါ နင့်ကို ရိုက်ခိုင်းမယ်။ ကူးရဲ့က ငါ့အဖေဟာ အလွန့်သန်မာအစွမ်းထက်တယ်လို့ ပြောခဲ့တယ်။ ကောင်းကင်ဘုံဘိုးဘေးလား၊ ရှေးဘိုးဘေးလား။ ဟက် သူတို့က သေသွားကြပြီပဲ…”
ဝမ်လင်းက မင်သက်သွား၏။
“အတုအယောင်…အတုအယောင်တွေ…” ကူးရဲ့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူက တွေးလိုက်သည်။ အား…ဘိုးဘေးလေးတွေ…နင်တို့ သူ့ကို အဲ့တာ ပြောပြလို့ မရဘူးလေ….”
သူသည် တခြားအရာများကို ဂရုစိုက်မနေနိုင်တော့ဘဲ ဝမ်လင်းထံ နတ်ဘုရားအာရုံဖြင့် လှမ်းပြော၏။
“ဒီကလေးနှစ်ယောက်ဟာ…မဟာအင်ပါယာကန်းနီက သူတို့ ပြန်မွေးဖွားလာတဲ့နောက် သူတို့ရဲ့ သေမျိုးအဖေအကြောင်း ပြောပြခဲ့တာပါ။ ပြန်မွေးခဲ့တဲ့နောက် သူတို့က သူတို့ရဲ့ မှတ်ဉာဏ်တစိတ်တပိုင်းကို ဆုံးရှုံးခဲ့ကြတယ်။ သူတို့ ဝမ်းနည်းနေမှာကို ကျနော်က စိုးရိမ်တဲ့အတွက် ဒါ့ကြောင့် သူတို့ကို တချို့အရာတွေကို ဒီတိုင်း ကြုံရာကျပန်း လျှောက်ပြောထားခဲ့တာပါ။ စီနီယာ…ကျေးဇူးပြုပြီး သူတို့ကို စိတ်ထဲမထားပါနဲ့…ဟူး…”
“အယ်…ကောင်လေးကူးရဲ့…နင် ပို့လိုက်တဲ့ နတ်ဘုရားအာရုံသတင်းစကားကဘာလဲ။ ငါ့ကိုလည်း နားထောင်ခိုင်းအုံး…” ဝါဝါက ရုတ်တရက် ကူးရဲ့ကို စိတ်ဝင်တစားဟန်ဖြင့် လှမ်းကြည့်ကာ နားထောင်ချင်ဟန် အမူအရာ ဖော်ပြသည်။ သို့သော် ကူးရဲ့ကလည်း လျင်၏။ သူက တချိန်လုံး သတိထားနေတာ မဟုတ်လား။
“ဟက်…ကောင်လေးကူးရဲ့ နင်လည်း မနာခံတော့ဘူးလား။ ငါ့ကို နားထောင်ခွင့် မပြုဘူးပေါ့။ ငါ့အဖေက အတော့်ကို အစွမ်းထက်တာနော်။ နင့်ကိုလည်း ငါ့အဖေနဲ့ ရိုက်ခိုင်းရမယ်…”
ဝါဝါက ဂုဏ်ဝင့်ဟန်အမူအရာ ထုတ်ဖော်ကာ ကူးရဲ့၏ခေါင်းကို ပုတ်လိုက်သည်။
ဝမ်လင်းသည် ခါးသီးစွာ ပြုံး၍ ထိုမိန်းကလေးငယ်နှစ်ယောက်ကို ကြည့်ကာ သက်ပြင်းချမိ၏ သူသည် ရုတ်တရက် တခြားမဟာအင်ပါယာများနှင့် နှိုင်းယှဉ်ကြည့်မိကာ ယင်းမိန်းကလေးငယ်နှစ်ယောက်က သူ့ကို ဖော်ရွှေသောခံစားချက်ကို ပေးနေသည်ဟု ခံစားမိလိုက်ရသည်။
အထူးသဖြင့် သူသည် လောဘကြီးကို ကြည့်မိသည့်အခါ သူ့မျက်လုံးက အရောင်တောက်သွားပေ၏။
“ငါ အရင်တုန်းက ဒီပြဿနာတစ်ခုကို တကယ်ပဲ လစ်လျူရှုထားမိခဲ့တာပဲ။ ဆရာရွှမ်လောရဲ့ စွမ်းအားနဲ့တောင် သူဟာ လှိုဏ်ဂူလောကထဲက လူတွေကို ထုတ်ခေါ်ပေးနိုင်ခြင်း မရှိခဲ့ဘူး။ သူက သူတို့ ပြန်လည်မွေးဖွားစဉ်မှာသာ ကာကွယ်ပေးနိုင်ခဲ့ရုံပဲ။ ငါ့အတွက်တောင် ငါ ထွက်ခွာနိုင်ဖို့အတွက် ဆရာဟာ တန်ဖိုးတစ်ခု ပေးခဲ့ရတယ်…”
“ဒါပေမဲ့ လောဘကြီးရဲ့ ကျင့်ကြံမှုအဆင့်ဟာ မမြင့်မားဘဲ သူ့ကို လှိုဏ်ဂူလောကထဲကနေ မဟာအင်ပါယာကန်းနီက သက်တောင့်သက်သာ ခေါ်ထုတ်နိုင်စွမ်း ရှိခဲ့တယ်..”
ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိလိုက်၏။ သူက သူ့ရှေ့ရှိ မိန်းကလေးငယ်နှစ်ယောက်ထံ အကြည့် ရောက်သွားသည်။ အထူးသဖြင့် သူသည် ဟန်ဟန်အမည်ရ မိန်းကလေးငယ်ထံသို့ပင်။ သူ၏မ ဂုဏ်ဝင့်နေဟန် အမူအရာက အတော့်ကို ချစ်ခင်စဖွယ် ကောင်းလှ၏။
“ပြန်လည်မွေးဖွားစဉ်အတွင်း မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့တာတောင် မဟာအင်ပါယာကန်းနီက ဒီလိုစွမ်းအားမျိုး ရှိနေတုန်းပင်။ သူတို့သာ မတော်တဆမှုတစ်ခုခု မဖြစ်ခဲ့ရင် သူတို့ဟာ ကောင်းကင်ဘုံကလန်မှာ အသန်မာဆုံးမဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်လောက်တယ်။ သူမနဲ့ မဟာအင်ပါယာတန်လင်းတို့ ယှဉ်ရင်ကော ဘယ်သူသာမလဲ ငါ သိချင်မိတယ်…”
“ပိုပြီး အရေးကြီးတာက ငါဟာ မဟာအင်ပါယာကန်းနီရဲ့ ခရမ်းရောင်ယင်ကလန်ကို လစ်လျူရှုထားမိတာပဲ။ အဲ့ကလန်ဟာ လှိုဏ်ဂူလောကနဲ့ ချိတ်ဆက်နေတဲ့ နေရာတစ်ခု ရှိနေတယ်…”
“ဟေး…ကောင်လေး ဝမ်လင်း၊ နင် စကားပြောဖို့ လိုနေပြီ။ နင် မပြောခဲ့ရင် ငါ နင့်ကို တကယ်ပဲ ရိုက်မိတော့မယ်…” ဟန်ဟန်က ဝမ်လင်းကို ဒေါသတကြီး ကြည့်လာ၏။
ဝမ်လင်းက ခါးသီးဟန် ပြုံးမိပြန်သည်။ သူက ခေါင်းညိတ်လိုက်တော့၏။
“ကောင်းပါပြီ။ ကျုပ်က မဟာအင်ပါယာကန်းနီနောက်ကို လိုက်ဖို့ ဆန္ဒ ရှိပါတယ်…”
ဝမ်လင်း၏အဖြေက ဟန်ဟန်ကို ချက်ခြင်း လက်ခုပ်လက်ဝါးတီးကာ ရွှင်မြူးသွားစေ၏။ သူမ၏ အမူအရာကလည်း ဂုဏ်ဝင့်ဟန် ပိုပေါက်သွားသေးသည်။
“အမှန်ပဲ။ နင် အစောတည်းက ဒီလို ပြောခဲ့သင့်တာ။ ထားလိုက်ပါတော့လေ…ငါ ငါ့အဖေနဲ့ နင့်ကို မရိုက်ခိုင်းတော့ပါဘူး…”
ဘေးတစ်ဖက်တွင် ရှိနေသော ဝါဝါကလည်း ပျော်နေသည်ပင်။ မည်သို့ပင်ဖြစ်စေ သူမက ကြောက်ရွှံ့နေသော လောဘကြီးကို ဟန်ဟန်နားသို့ တွန်းပို့လိုက်လေ၏။
“ဝံပုလွေပေါက်…ဒီနေ့ နင့်ရဲ့ လုပ်ဆောင်မှုက မကောင်းဘူး။ ဒါပေမဲ့ ငါ နင့်ကို အနီရောင်ပန်းပွင့်နည်းနည်း ပေးလိုက်မယ်။ ဟန်ဟန်…ငါတို့ သူ့ကို ပန်းပွင့်ဘယ်နှစ်ပွင့်လောက် ပေးသင့်လဲ…”
“ငါးပွင့် ပေးလိုက်။ နင် ဘယ်လိုထင်လဲ…ဝါဝါ…”
“ခြောက်ပွင့်ထားလိုက်ပါ။ ခြောက်ပွင့်က ပိုပြီး ရေလို့ လွယ်တယ်လို့ ငါ ထင်တယ်။ နင် သုံးပွင့်၊ ငါ သုံးပွင့်လေ…”
ကူးရဲ့က လောဘကြီးကို အနိုင်ကျင့်နေသော ဘိုးဘေးလေးနှစ်ယောက်ကို လစ်လျူရှုထား၏။ သူသည် ဝမ်လင်းကို စိုက်ကြည့်နေလျက် ခုလိုမျိုး ဝမ်လင်းက သဘောတူလိုက်သည်ကို မယုံကြည်နိုင် ဖြစ်နေသည်။
“စီနီယာ…သင်…” ကူးရဲ့က ရုတ်တရက် အိပ်မက်မက်သလို ခံစားမိနေရသည်။
ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ မိန်းကလေးငယ်နှစ်ယောက်နှင့် ခေါင်းပုတ်ခံနေရသော လောဘကြီးကို ကြည့်လိုက်၏။ ထို့နောက် သူက ကူးရဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိတယ်။ ငါ မဟာအင်ပါယာကန်းနီနဲ့ အချိန်ကြာကြာ နေနိုင်မှာ မဟုတ်ဘူး။ ငါ ဗဟိုကုန်းမြေကို သွားရမယ့် ခရီးတစ်ခုလည်း ရှိသေးတယ်။ ပြီးရင် ငါဟာ တံခါးပိတ်ကျင့်ကြံပြီး ပြင်ပလောကကို လစ်လျူရှုထားတော့မှာ…”
“ငါ ထွက်သွားတဲ့အခါကျရင် ငါ့ကို မတားပါနဲ့။ ပြီးတော့ ငါ ဗဟိုကုန်းမြေကို သွားတဲ့အခါ မဟာအင်ပါယာတစ်ယောက်က ငါ့ကို တိုက်ခိုက်လာရင် မဟာအင်ပါယာကန်းနီက ငါ့ကို ကူညီပေးရမယ်။ ငါ မဟာအင်ပါယာကန်းနီ လက်အောက်မှာ နှစ်အနည်းငယ်လောက်ပဲ နေနိုင်လောက်တယ်…”
“သင် သဘောတူမယ်ဆိုရင်…ငါလည်း သဘောတူတယ်…”
“ရပါတယ်…အဲ့လိုပဲ ဖြစ်ရမှာပေါ့…” ကူးရဲ့က ခေါင်းငုံ့ကာ စဉ်းစား၏။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းပြန်မော့လာသည်။ သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ပြီးမှုတို့ ရှိနေသည်။
“ကောင်းပါပြီ။ ကျုပ်က မဟာအင်ပါယာကန်းနီကို ကိုယ်စားပြုပြီး သင့်ကို ဒီကတိပေးပါတယ်။ ဒါပေမဲ့ အသင့်အနေနဲ့ တံခါးပိတ်ကျင့်ကြံဖို့ သွားခဲ့ရင်တောင် ဘယ်လောက်ပဲ ကြာကြာ ငါ မျှော်လင့်မိတာက…” ကူးရဲ့၏ စကားမဆုံးခင်မှာပင် ဝမ်လင်းက သူ ဆိုလိုသည်ကို နားလည်လိုက်ပေ၏။
“ကောင်းကင်ဘုံကလန်ရဲ့ မဟာအင်ပါယာငါးယောက်ကြားမှာ ငါ့အနေနဲ့ ဘဝမှာ နောက်ထပ် မဟာအင်ပါယာတစ်ယောက်နောက်ကို မလိုက်တော့ဘူး။ ကောင်းကင်ဘုံကလန်မှာ ငါဟာ မဟာအင်ပါယာကန်းနီတစ်ယောက်တည်း နောက်ကိုပဲ လိုက်မယ်…”
ဝမ်လင်းက ကိုယ်တိုင်ကိုယ်ကျ ကတိပေးလိုက်၏။
“ကောင်းပါပြီ…” ကူးရဲ့၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သူက အသက်ဝဝရှိုက်သွင်းလိုက်သည်။ သူ့အမြင်၌ ဤသည်က အတော့်ကို ကောင်းမွန်နေပေပြီ။ ဤသည်မှာ အမည်အားဖြင့်သာ နောက်လိုက် ဖြစ်နေလျှင်ပင် တခြားသူများထက်တော့ သာသေးပေ၏။
တကယ်တော့ နံပါတ်တစ်ဩဇာအင်ပါယာ၊ မဟာအင်ပါယာများအောက် နံပါတ်တစ် ပုဂ္ဂိုလ်ကို အချိန်တိုင်း ထိန်းသိမ်းထားနိုင်ဖို့မှာ ခက်ခဲသည်သာ။
“စီနီယာ၊ ငါတို့ ခရမ်းရောင်ယင်ကလန်ကို ပြန်ကြစို့၊ စီနီယာ ထွက်ခွာချင်တဲ့အချိန်မရွေး အဆင်ပြေစွာ ထွက်သွားနိုင်ပါတယ်။ စီနီယာ့အနေနဲ့ ခရမ်းရောင်ယင်ကလန်ရဲ့ မဟာအင်ပါယာကန်းနီ မတော်တဆမှု မဖြစ်ခင်က တံခါးပိတ်ကျင့်ကြံလေ့ရှိတဲ့ နေရာအပါအဝင် ဘယ်နေရာကိုမဆို သွားရောက်နိုင်ပါတယ်…”
ကူးရဲ့က သူ့လက်နှစ်ဖက်ကို ဆုပ်ကာ တလေးတစား ပြောလိုက်၏။
“သွားကြစို့…” ဝမ်လင်းက တန်လင်းကလန် ရှိရာအရပ်သို့ ပြန်ကြည့်လိုက်သည်။ ထိုနေရာတွင် အထီးကျန်အဘိုးအိုတစ်ယောက်က လက်ပြနှုတ်ဆက်နေသည့်အလား။