ကောင်းကင်ဘုံအင်ပါယာ၏ အကြံအစည်
Vol. 146 Ch. 2022
ဖြတ်ခနဲအတွင်း လေးရာသီ ကုန်လွန်သွားခဲ့လေပြီ။ နွေဦးသစ်ရွက်များ ကြွေကျကုန်ဆုံးချိန် နှင်းများ ကျဆင်းလာချိန်၌ လွန်ခဲ့သော တစ်နှစ်က တော်ဝင်သောအဖြစ်အပျက်က အရှိန်မသေသည့်အပြင် ပို၍ပင် ပျံ့နှံ့လာခဲ့သည်။
လွန်ခဲ့သောတစ်နှစ်က ဆံဖြူကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံကလန်၌ ပေါ်လာခဲ့သည်။ အင်ပါယာစမ်းသပ်ကွင်း၌ သူက ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်ကျော်ကာ နံပါတ်တစ်ဩဇာအင်ပါယာဖြစ်လာခဲ့သည်။
သူသည် ဩဇာအင်ပါယာမန်တောက်၏ နေရာကို လုံးဝ အစားယူကာ မဟာအင်ပါယာများ၏ အောက်၌ အထွတ်အထိပ်အဖြစ် ရပ်တည်ခဲ့ပေသည်။
ထိုသူသည် တခေါင်းလုံး ဆံပင်ဖြူများ ရှိ၍ သူ့ကို ဆံဖြူဩဇာအင်ပါယာဟု ခေါ်ကြ၏။ သူ၏အမည်မှ ပျံ့နှံ့ကျော်ကြားခဲ့ပေသည်။ ထိုသူ၏ အမည်မှာ ဝမ်လင်းပင်။
ဝမ်လည်းဟူသော အမည်ကား သည်တစ်နှစ်အတွင်း လေကဲ့သို့ ပျံ့လွင့်ခဲ့၏။ သူ၏အမည်ကို မသိသော အင်ပါယာအတု၊ ဩဇာအင်ပါယာ ဟူ၍ မရှိပေ။ ရွှေအဆင့်ထိပ်သီးဘိုးဘေး အများစုသည်လည်း သူ၏အမည်ကို ကြားဖူးကြလေ၏။
ထိုဘိုးဘေးများအပြင် ကလန်ခေါင်းဆောင်များနှင့်အကြီးအကဲများသည်ပင် သူ့ကို သိရှိကြသည်။
ကောင်းကင်ဘုံကလန်၌ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာတစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ။ ထိုဩဇာအင်ပါယာက ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ခဲ့သည့်အပြင် အသန်မာဆုံးဩဇာအင်ပါယာလည်း ဖြစ်လာခဲ့၏။
ထိုသူနှင့် ပတ်သတ်သည့် ကောလဟာလ စကားများက ကောင်းကင်ဘုံကလန်တခွင်လုံး၌ ပျံ့နှံ့ပေသည်။ သူတို့က ထိုသူသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို ပိုင်ဆိုင်ထားကာ ပြင်ပစိတ်ဝိညာဉ်တစ်ခု၏ မြင့်မားသောအသိအမှတ်ပြုခြင်းကိုလည်း ရရှိထားသူဟု ဆိုကြသည်။
ပြောကြသည်က ထိုသူ၏ ခွန်အားသည် ထူးကဲလှသော်လည်း သူက နှိမ့်ချ၍သာ နေသည်ဟူ၏။ နန်းတော် ဆယ့်နှစ်ခုကျော်ထိ ဖြတ်သန်းခဲ့ပြီးနောက် သူက ဆက်၍ မဖြတ်သန်းချင်ခဲ့၊ သို့သော် ဩဇာအင်ပါယာမန်တောက်က သူ့ကို စော်ကားကာ နှုတ်အားဖြင့် အရှက်ခွဲခဲ့သည့်အတွက်ကြောင့်သာ သူသည် ဆယ့်ခုနစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီး မန်တောက်ကို လုံးဝ ဖိနှိပ်ခဲ့သည် ဟူ၏။
အင်ပါယာအတုဟိုင်းဇီကလည်း သူ့ကို အတော်လေး လေးစားချီးကျူးခဲ့သော်လည်း သူက သူမကို အေးစက်စက် ငြင်းပယ်ခဲ့သည်ဟုလည်း ဆိုကြသည်။
ထိုသူသည် အရှေ့ပိုင်းကုန်းမြေ၏ ကလန်ငယ်လေးတစ်ခုမှ လာခဲ့သူဟုလည်း ဆိုကြသည်။ ကျင့်ကြံသူအများစုက ထိုကလန်၏ အမည်ကို လုံးလုံး မကြားဖူးခဲ့ကြချေ။
ယင်းသို့သော ကောလဟာလစကားများက ကောင်းကင်ဘုံကလန်အနှံ့ ဆက်လက်ပျံ့လွင့်နေခဲ့သည်။
ထိုသို့သောသူက မဟာအင်ပါယာများအားလုံး၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသည်။ သို့သော် သူက မဟာအင်ပါယာတောက်ရီ၊ ဝူဖန်နှင့် မဟာအင်ပါယာကျိုးသဲတို့၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကာ အားအနည်းဆုံး မဟာအင်ပါယာကန်းနီနောက်သို့ လိုက်ခဲ့သည်ဟုလည်း ဆိုသည်။
သည်ကိစ္စထွက်ပေါ်လာသည့်အခါ ကောင်းကင်ဘုံကလန်၏ လူအားလုံးက ဝမ်လင်းနှင့် ပတ်သတ်၍ စိတ်ရှုပ်ထွေးခဲ့ရသည်။
သည်တစ်နှစ်အတွင်း ဝမ်လင်းသည် ခရမ်းရောင်ယင်ကလန်၌သာ ရှိခဲ့ပြီး မထွက်ခွာခဲ့ပေ။ ဩဇာအင်ပါယာအများစုက ခရီးအကွာအဝေးကို လစ်လျူရှုကာ ဝမ်လင်းနှင့် တွေ့ဆုံပြီး တာအိုဆွေးနွေးဖို့ ရောက်လာခဲ့ကြသည်။
ရောက်ရှိလာသောသူတိုင်း ပြန်ထွက်ခွာသည့်အခါ ဝမ်လင်းအပေါ် ပို၍ လေးစားခဲ့ကြ၏။ သို့ပေမည့် တချို့လူများကတော့ ခရမ်းရောင်ယင်ကလန်၌ ဆက်နေခဲ့သည်။ ကြည့်ရသည်မှာ ဝမ်လင်းနှင့် တာအိုဆွေးနွေးခြင်းအားဖြင့် သူတို့အတွက် အကျိုးများစေပုံ ရသည်။
ခရမ်းရောင်ယင်ကလန်သည် ဝမ်လင်းကြောင့် အာရုံစိုက်ရာ နေရာတစ်ခု ဖြစ်လာခဲ့တော့တသည်။
ဝမ်လင်းနှင့် ပတ်သတ်သည့် သတင်းစကားများက သည်တစ်နှစ်အတွင်း နည်းလမ်းအမျိုးမျိုးမှ တဆင့် ရှေးကလန်၏ နိုင်ငံပေါင်း သုံးဆယ့်ခြောက်နိုင်ငံထိ ပျံ့နှံ့သွားခဲ့သည်။ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာ ထွက်ပေါ်လာမှုက ရှေးကလန်အတွက်လည်း အတော့်ကို အရေးပါလှသည်။ ထိုဩဇာအင်ပါယာက မန်တောက်နေရာကို အစားထိုးကာ နံပါတ်တစ်ဩဇာအင်ပါယာဖြစ်လာသည့်အချက်ကိုမူ ပြောနေဖို့ပင် မလိုတော့ပေ။
ရှေးကလန်၏ နိုင်ငံသုံးဆယ့်ခြောက်ခုတွင် ကလန်သုံးခု၏ တစ်ခုစီက နိုင်ငံ ဆယ့်နှစ်နိုင်ငံစီကို ထိန်းချုပ်ကြ၏။ ဝမ်လင်း၏သတင်းက ရွှမ်လောထံ ရောက်လာသည့်အခါ သူက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထဲတွင် အသိအမှတ်ပြုခြင်းနှင့် ဂုဏ်ယူခြင်းတို့ ပြည့်နေသည်။
သူသည် ကောင်းကင်ဘုံကလန်၌ ဝမ်လင်းမှာ ခုလောက်ထိ မြင့်မားသော အဆင့်သို့ ရောက်လာသည့်အပေါ် ချီးကျူးလေးစားမိခဲ့၏။ သူက သူ လှိုဏ်ဂူလောက၌ သွားရှာခဲ့ပြီး တပည့်အဖြစ် လက်ခံခဲ့သူ ဖြစ်သော ဝမ်လင်းအတွက် ဂုဏ်ယူမိပေသည်။
“သူ သိပ်မကြာခင် ပြန်ရောက်လာတော့မှာပဲ…” ဝမ်လင်းသည် သူနှင့် ဝမ်လင်းကြား ကိစ္စကို မည်သူ့ကိုမျှ မပြောခဲ့ပေ။ သူက ရှေးတောက်ကလန်၏ အင်ပါယာကိုပင် မပြောပြခဲ့ပေ။
ထိုသတင်းက နန်းတော်ထဲ ဝင်ရောက်လာသည့်အခါ ရှေးတောက်ကလန်၏ အင်ပါယာက သူ့မိဖုရားကို ရွေးချယ်နေခဲ့သည်။ သူက သူ့ထံ၌ ရှိနေသော စိတ်ဝိညာဉ်အမျှင်တန်းနှင့် ပေါင်းစည်းနိုင်ဖို့ အမျိုးသမီးများကို ရွေးချယ်ခေါ်ယူနေသည်။
သို့သော် ခုချိန်ထိ သူသည် ကျရှုံးနေဆဲ ဖြစ်ကာ အောင်မြင်မှု မရသေးပေ။ သို့သော်လည်း သူသည် လက်မလျှော့သည့်အပြင် ထိုစိတ်ဝိညာဉ်အမျှင်တန်းနှင့် ပေါင်းစည်းနိုင်သော အမျိုးသမီးကို ပိုမို ကျယ်ပြန့်စွာ ဖြန့်၍ ဆက်ရှာနေခဲ့သည်။
ထိုအင်ပါယာက ဝမ်လင်း၏အမည်ကို ကြားသည့်အခါ သူက ထိုသူမှာ သူ များစွာ မုန်းတီးရသော ဝမ်လင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူက ဤကိစ္စမှာ အရေးကြီးသော်လည်း များများစားစား မတွေးခဲ့ပေ။
သို့သော် သူသည် ထိုသူနှင့် ပတ်သတ်သည့် သတင်းများကိုတော့ အင်အားအများအပြားသုံးကာ စုဆောင်းခဲ့၏။ တကယ်တော့ ထိုသူသည် ကောင်းကင်ဘုံကလန်၏ ခြောက်ယောက်မြောက် မဟာအင်ပါယာကဲ့သို့ ဖြစ်နေသူ မဟုတ်လား။
ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်တို့ကြား ကွာခြားမှုက မဟာအင်ပါယာအရေအတွက်ပင်။ အနှိုင်းမဲ့ တည်ရှိမှု ဖြစ်သော ရှေးကလန်၏ မဟာအင်ပါယာကောတောက်ကြောင့်သာ မဟုတ်ပါက ရှေးကလန်သည် ဖျက်စီးခံခဲ့ရပြီး ဖြစ်သည်။
မဟာအင်ပါယာကောတောက်က တစ်နှစ်ပတ်လည်း ရှေးတောင်ထိပ်ပေါ်၌ နေထိုင်ပေ၏။ သူ၏ကျင့်ကြံမှုက မိုးထိခွင်းမတတ် မြင့်မားကာ သူသည် မဟာအင်ပါယာများကြား၌ အသန်မာဆုံး ပုဂ္ဂိုလ်ပင်။
ကောင်းကင်ဘုံကလန်၏ မဟာအင်ပါယာတန်လင်းသည်ပင် သူ့ပြိုင်ဘက် မဟုတ်ခဲ့ပေ။ အထူးသဖြင့် မဟာအင်ပါယာကောတောက်က တခြားမဟာအင်ပါယာတစ်ယောက်ကို သတ်ပစ်ခဲ့သော မှတ်တမ်းရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်တည်း။
သူ၏တည်ရှိမှုက ရှေးဘိုဘေးကဲ့သို့ပင်။ သူ မဟာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့ချိန်၌ ကျိုးသဲသည် ရွှေအဆင့်ထိပ်သီးအဖြစ်သာ ရှိခဲ့သေးသည်။
ရှေးဘိုးဘေးနှင့် ကောင်းကင်ဘုံဘိုးဘေးတို့ ပျောက်ကွယ်သွားကြပြီးနောက် ရှေးကလန်နှင့် ကောင်းကင်ဘုံကလန်ကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့၏။ ထိုတိုက်ပွဲအတွင်း ကောင်းကင်ဘုံကလန်၌ မဟာအင်ပါယာရှစ်ပါး ပိုင်ဆိုင်ကာ ရှေးကလန်တွင်မူ သုံးပါးသာ ပိုင်ဆိုင်ခဲ့ပေသည်။
သို့သော် ထိုစစ်ပွဲ၏ အထွတ်အထိပ် ရောက်လာသည့်အခါ ကောင်းကင်ဘုံသားတို့က ရှေးကလန်၏ နယ်မြေတစ်ဝက်ကျော်သို့ ဝင်ရောက်လာသည့်အခါ မဟာအင်ပါယာကောတောက်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့၏။ သူ ထွက်လာခဲ့ကာ မရေမတွက်နိုင်သော ကောင်းကင်ဘုံသားများကို တကိုယ်တည်း ရင်ဆိုင်ခဲ့ကာ ရှေးကလန်၏ မဟာအင်ပါယာနှစ်ယောက်နှင့်လည်း တိုက်ခိုက်ခဲ့၏။ အဆုံးသပ်၌ သူက ထိုနှစ်ယောက်လုံးကို သတ်ပစ်ခဲ့သည်။ သူ၏ အပြန်လမ်းတွင် ကောင်းကင်ဘုံကလန်၏ မဟာအင်ပါယာတစ်ယောက်က သူ့အား အလစ်တိုက်ခိုက်ခဲ့သေး၏။ သို့သော် ထိုမဟာအင်ပါယာမှာလည်း ကောတောက်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။
ထိုတိုက်ပွဲပြီးသည့်နောက် မဟာအင်ပါယာကောတောက်က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတခွင်လုံးကို လှုပ်ခါစေခဲ့၏။ သည်တိုက်ပွဲက ကောင်းကင်ဘုံသားများကို ပြန်ဆုတ်သွားစေပြီး စစ်ပွဲကို အဆုံးသပ်သွားစေခဲ့ပေသည်။
မရေမတွက်နိုင်ပေါင်းများစွာ ကုန်လွန်လာခဲ့သော်လည်း မဟာအင်ပါယာကောတောက်က မသေဆုံးသေးသဖြင့် သူသည် ကောင်းကင်ဘုံကလန်အတွက် အတားအဆီးကြီးတစ်ခု ဖြစ်နေခဲ့ပေသည်။ သူတို့သည် မဟာအင်ပါယာတစ်ယောက် ပိုမို ပိုင်ဆိုင်လာခဲ့လျှင်ပင် ရှေးကလန်ကို ကျူးကျော်ဝံ့အုံးမည် မဟုတ်ပေ။
ပြောကြသည်က ကောင်းကင်ဘုံကလန်၏ မဟာအင်ပါယာတန်လင်းသည်ပင် ကောတောက်ကို စိန်ခေါ်ခဲ့ကာ အသတ်ခံခဲ့ရသည်ဟူသော ကောလဟာလစကားလည်း ရှိသေး၏။
ဝမ်လင်းနှင့် ပတ်သတ်သော သတင်းက မဟာအင်ပါယာကောတောက် ကာကွယ်ပေးထားသော ရှေးကလန်၌ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့၏။ ဤသည်မှာ ဝမ်လင်း၏ အမည်ကို ခုလောက်ထိ လူများစွာ အမှတ်ရ၊သိရှိကုန်ကြတာ ပထမဆုံးပင်။
သည်တစ်နှစ်အတွင်း ဩဇာအင်ပါယာမန်တောက်သည် မေ့လျော့ခံ ဖြစ်သွားပုံရ၏။ သူ၏ဂုဏ်သတင်း ကျော်ကြားမှုအားလုံးကို ဝမ်လင်းက အစားထိုး ယူသွားခဲ့သည် မဟုတ်လား။
ကောင်းကင်ဘုံကလန်၏ကုန်းမြေ၊ အင်ပါယာမြို့တော်အတွင်းရှိ နန်းတော်အောက် တနေရာတွင် ဩဇာအင်ပါယာမန်တောက်သည် အနက်ရောင်ရေကန်ထဲ၌ ထိုင်နေလျက် ရှိ၏။ ထိုရေတို့က အဆက်မပြတ် ဆူပွက်နေကာ အနက်ရောင်မြူများကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို ခြုံလွှမ်းစေသည်။
ထိုရေကန်အတွင်း၌ မန်တောက်သည် ပြင်းထန်စွာ နာကျင်မှုကို ခံစားနေရပုံ ပေါ်သည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေ၏။ သို့သော် သူသည် ရေကန်ထဲမှ လုံးဝ မထွက်ခွာဘဲ သည်တစ်နှစ်လုံး အံ့ကြိတ်သည်းခံ တောင့်ခံကာ နေနေ၏။
“ဝမ်လင်း…ဝမ်လင်း…” သူ၏နာကျင်မှုက အကန့်အသတ် ရောက်လာသည့်အခါတိုင်း သူ မတောင့်ခံနိုင် ဖြစ်လာသည့်အခါတိုင်း သူသည် ထိုအမည်ကို ကြုံးဝါး၏။ သည်အခိုက်တွင် ဒီနန်းတော်အတွင်း၌ သူ၏ဟိန်းအော်သံ ပဲ့တင်ထပ်လာသည်။
“ဝမ်လင်း…မင်း ငါ့ရှိက အရာအားလုံးကို ယူသွားခဲ့တယ်။ ဒီ့အတွက် ငါ ကိုယ်တိုင် မင်းကို သတ်ပြီး အားလုံး ပြန်ယူမယ်…”
ထိုအခိုက်အတန့်တွင် သူသည် မာန်သွင်းအော်ဟစ်နေစဉ် အနက်ရောင်ရေက ပိုမြန်ဆန်စွာ ဆူပွက်လာ၏။ အနက်ရောင်မြူများက သူ၏ဒွာရပေါက်များထဲ ဝင်ရောက်လာကာ သူ့ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပြောင်းလဲပေးသည်။
“ကောင်းကင်ဘုံမူလဥပဒေသရှိ ပြန်ရောက်ခြင်း၊ ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်နဲ့ ဒီအင်ပါယာတောင် အောင်မြင်မှု မရခဲ့ဘူး။ ဒီအင်ပါယာက မင်းကို စည်းရုံးခဲ့တဲ့အချိန်တုန်းက ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်ကို ပေးမယ်လို့ ကတိပေးထားခဲ့တယ်…” အေးတိအေးစက်အသံ ထွက်ပေါ်လာ၏။
လှိုင်းဂယက်များသည် ရေကန်ဘေးတွင် ပဲ့တင်ထပ်လာ၏။ ကောင်းကင်ဘုံအင်ပါယာသည် လှမ်းလျှောက်ထွက်လာသည်။
“ဒီအင်ပါယာဟာ မင်းကို ကတိပေးတဲ့အချိန်ကစလို့ ငါဟာ အဲ့ကတိကို ဖြည့်ဆည်းခဲ့တယ်။ ဒီနေရာမှာ ကျင့်ကြံတာဟာ မင်းကို ကောင်းကင်ဘုံဘိုးဘေးရဲ့ သွေးမျိုးဆက်ကို ပေးအပ်တာပဲ။ မင်း ကောင်းကင်ဘုံမူလကို ပြန်ရောက်ရှိနိုင်တာ မနိုင်တာကတော့ မင်းရဲ့ စိတ်နှလုံးတည်းက ရန်ငြှိုးနဲ့ အမုန်းတရားဟာ လုံလောက်နေဖို့အပေါ် မူတည်တယ်…”
“မင်းသာ လုံလောက်အောင် ကြာကြာနေနိုင်ခဲ့ရင် မင်းအနေနဲ့ မူလကို ပြန်ရောက်ရှိနိုင်လိမ့်မယ်…”
“မူလကို ပြန်ခြင်း၊ မူလကို ပြန်ခြင်း…။ ဝမ်လင်း…ငါ မင်းကို သတ်ပစ်မယ်…”
ဩဇာအင်ပါယာမန်တောက်၏ မျက်နှာက ရှုံ့တွနေ၏။ သူသည် အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်နေသည်။ သို့ပေမည့် သူ၏မျက်လုံးသည် မှိန်ဖျော့နေသည်။ သူ၏အသိစိတ်က တဖြည်းဖြည်း လွင့်ပျောက်နေသည့်အလား ထင်ရသည်။
“သူ့ကို သတ်မယ်။ သူ့ကို သတ်မယ်…” မန်တောက်က ထိုသို့ အော်ဟစ်နေစဉ် ကောင်းကင်ဘုံအင်ပါယာထံမှ ထူးခြားသောအပြုံးတစ်ခု လှစ်ဟပေါ်ကာ ထို့နောက် သူသည် ထွက်သွားတော့သည်။
“ဒီအင်ပါယာဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဂုဏ်ကျက်သရေကို ဒီမျိုးဆက်မှာ ပြန်ထုတ်ဖော်မယ်။ လူအိုကြီး ကျိုးသဲဟာ အိုလွန်းနေပြီ။ဒါ့ကြောင့် ငါ သူနဲ့ စတင်လိုက်မယ်။ ငါသာ အောင်မြင်သွားတာနဲ့ ဘယ်သူက ငါ့ကို မနာခံဝံ့ဘဲ နေမလဲ…”
“တောက်ရီကတော့…သူကတော့ ဉာဏ်များလွန်းတယ်။ အတိတ်တုန်းက မဟာအင်ပါယာဆိုတဲ့ ဂုဏ်ပုဒ်ဟာ သူ့ရဲ့ စီနီယာအစ်ကို ရခဲ့သင့်တာ၊ ဒါပေမဲ့ သူဟာ သူ့စီနီယာအစ်ကို သတ်ခဲ့ပြီး ဒီအရည်အသွေးကို ခိုးယူခဲ့တာပဲ…”
“ဒီအင်ပါယာဟာ အဲ့လိုလူမျိုးကို အသိအမှတ်ပြုတယ်။ သူဟာ ငါ့အတွက် ကောင်းကောင်းကြီး အသုံးဝင်လာလိမ့်မယ်…”
“ဝူဖန်ကတော့ အင်ပါယာသွေးမျိုးဆက်အပေါ် တစ်စက်လေးမျှ လေးစားသမှု မရှိဘူး။ ဒီလိုလူမျိုးကိုတော့ သတ်ပစ်သင့်တယ်။ ငါဟာ သူ့ရဲ့ မဟာအင်ပါယာအရည်အသွေးကို ယူပြီး တောက်ဖေကို ပေးရမယ်။ တောက်ဖေဟာ ငါ့ရဲ့ ညီဖြစ်ပေမယ့်လည်း ငါ သူ့အပေါ်မှာ အများအပြား အားစိုက်ထုတ်ခဲ့ပေးပြီးပြီ၊ ဒီတော့ ရိတ်သိမ်းရမယ့်အချိန်ပဲ…”
“နောက်ဆုံးမှာတော့ ကန်းနီပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ တစ်ခုတည်းအဖြစ် ပြန်မပေါင်းစည်းနိုင်သ၍ စိတ်ပူစရာ မရှိဘူး…”
ကောင်းကင်ဘုံအင်ပါယာက ပြုံး၍ သည်နန်းတော်အောက်ရှိ မြေအောက်ခန်းတွင်းမှ ပျောက်ကွယ်သွားတော့သည်။
အရှေ့ပိုင်းကုန်းမြေ၏ ခရမ်းရောင်ယင်ကလန်၌ ကောင်းကင်ဘုံကလန်ကို လှုပ်ခါစေခဲ့သော ဝမ်လင်း ရှိနေပေသည်။ ခုခါ၌ ဆောင်းရာသီ ဖြစ်နေပြီး နှင်းများက ခရမ်းရောင်ယင်ကလန်ပေါ်တွင် ငွေရောင်အလွှာတစ်ခုနှယ် ဖြစ်ပေါ်သည့်အထိ ကျဆင်းနေသည်။
တခြားဩဇာအင်ပါယာများက တာအိုဆွေးနွေးဖို့ ရောက်လာသည့်အချိန်ကလွဲ၍ သူသည် သည်တစ်နှစ်လုံးကို ဒီနေရာတွင်သာ ကုန်ဆုံးခဲ့၏။ ဤနေရာမှာ ခရမ်းရောင်ယင်ကလန်၏ တားမြစ်ဧရိယာပင်။
ဤနေရာမှာ သားရဲမွေးမြူရေးခြံပင်။
သူသည် ဒီခြံကို အတိတ်တုန်းက ဝိုးတဝါး တေွ့မြင်ခဲ့ဖူးပေ၏။ သို့သော် ခရမ်းရောင်ယင်ကလန်သို့ ရောက်လာခဲ့သည့်နောက် ၎င်းက အတော်လေး ပြောင်းလဲနေခဲ့လေပြီ။ ဝမ်လင်းက သည်သားရဲမွေးမြူရေးဧရိယာ၏ အစွန်းအဖျားနေရာတွင် သည်တစ်နှစ်လုံးနီးပါးကို ထိုင်၍ ကုန်ဆုံးနေခဲ့သည်။
သူသည် သူ့ရှေ့၌ မမြင်ရသော အရံအတားတစ်ခု ရှိနေသည်ဟု ခံစားမိခဲ့၏။ တခြားတစ်ဖက်တွင် သူနှင့် ရင်းနှီးသော ၊ သူ သတိတရ ရှိသော မွေးရပ်မြေ ရှိနေ၏။ ထိုနေရာတွင် သူ သိသောသူများ၊ သူ သိသော ကုန်းမြေတို့၊ သူ သိသော ဂြိုဟ်များ ရှိနေပေသည်။
သူက ညာလက်ကို ပင့်မြှောက်ကာ ထိုအရံအတားပေါ်သို့ တင်ကြည့်ဟန် ထင်ရသည်။ ဝမ်လင်း၏မျက်လုံးထဲတွင် အတိတ်ကို အောက်မေ့မှုတို့ ပြည့်နှက်နေ၏။
“အိမ်ရဲ့ အငွေ့အသက်…” ဝမ်လင်းက သက်ပြင်းချ၏။ သူ မျက်လုံး မှိတ်လိုက်သည်။ သူသည် ဒီနေရာသို့ ရောက်နေတာ တစ်နှစ် ရှိခဲ့ပေပြီ။ သူသည် ထွက်ခွာသွားသင့်ပြီကို သိသည်။
အကွာအဝေးတစ်ခု၌ ခေါင်းလာင်းသံကဲ့သို့ ရယ်သံလေးများ လှိုက်ထွက်လာသည့်အလား။ ထိုမိန်းကလေးငယ်များ၏ ရယ်သံထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နေ၏။ ယင်းက ဝမ်လင်း၏စိတ်နှလုံးကို အလွန်တည်ငြိမ်စေပေသည်။
“ကောင်လေး ပြောင်ဇီ၊ ဝံပုလွေပေါက်ကို အနိုင်မကျင့်နဲ့။ ဝံပုလွေပေါက်က အမြဲတမ်း နင့် လှည့်ဖြားတာ ခံနေရတာပဲ…”
“ကောင်လေး ပြောင်ဇီ၊ တောင်အောက်ကို သွားပြီး လူတွေကို လှည့်စားကြရအောင်၊ ဒါက တော်တော်ပျော်ဖို့ ကောင်းမှာပဲ…”
“ကျေးဇူးပြုပြီး ဘိုးဘေးလေးနှစ်ယောက်၊ ကျေးဇူးပြုပြီး ကျုပ်ကို ကောင်လေးပြောင်ဇီလို့ မခေါ်ပါနဲ့လား။ ဒီနာမည်…ဒီနာမည်က တကယ် မကောင်းဘူး…”
လျှိုကျင်းပြောင်သည် ခါးသီးသော မျက်နှာပေးဖြင့် အော်ဟစ်ကာ တောင်းပန်နေတော့သည်။