ကောင်းကင်ဘုံကလန်၏ နံပါတ်တစ်မြို့တော်
Vol. 146 Ch. 2023
နှင်းများ ကျဆင်းနေစဉ် လူနှစ်ယောက်သည် ခရမ်းရောင်ယင်ကလန်ကနေ တစ်ယောက်ပြီးတစ်ယောက် အောက်ဆင်းလာကြသည်။ သူတို့က ဝမ်လင်းနှင့် လျှိုကျင်းပြောင်တို့ပင်။
ဝမ်လင်းသည် သူ သတိတရရှိမိသော သူ့မွေးရပ်မြေ၏ အော်ရာဖြင့် ဒီတစ်နှစ်လုံး ငြိမ်သက်စွာ ကျင့်ကြံနေခဲ့သည်။ သည်အချိန်အတွင်း သူ့ သစ်သားအနှစ်သာရက ပြီးပြည့်စုံခြင်းသို့ ရောက်ရှိကာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းဖို့ နီးကပ်ခင်းသို့ ရောက်လေသည်။
သူ၏ အထူးအနှစ်သာရများနှင့် ပေါင်းစပ်ထားသော မိုးကြိုးအနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်မှာလည်း တန်လင်းကလန်၌ ပြီးပြည့်စုံမှုသို့ ရောက်ခဲ့လေပြီ။ သူသည် နောက်ထပ် အထူးအနှစ်သာရမျးကို နားလည်ဖို့ မလိုတော့ပေ။ ဤသည်က လုံလောက်နေခဲ့ပေပြီ။
သူ၏ ဒြပ်စင်ငါးခုအနှစ်သာရ ခန္ဓာကိုယ်ကမူ သူ့သစ်သားအနှစ်သာရက အစစ်အမှန်ခန္ဓာကိုယ်အဖြစ်သို့ နီးကပ်နေခဲ့ပေပြီ။ သတ္တုအနှစ်သာရကသာ အဆင့်ငယ်ပြီးပြည့်စုံခြင်း၌ ရှိနေသေး၏။ ဝမ်လင်းသည် သူသာ နောက်ထပ် ဓားအပိုင်းအစတစ်ခုကို ရခဲ့ပါက သတ္တုအနှစ်သာရသည် ပြည့်စုံခြင်းသို့ ရောက်ပေလိမ့်မည်။
သူ့သတ္တုအနှစ်သာရက ပြည့်စုံခြင်းသို့ ရောက်ရှိသည်နှင့် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖွဲ့စည်းခြင်း မရှိလျှင်ပင် သူ၏ဒြပ်စင်ငါးခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းနိုင်လိမ့်မည် ဖြစ်၏။ ထိုအခါကျလျှင် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနလေဟာနယ်အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်ပင်။ သူက ရွှေအဆင့်ထိပ်သီး ကျင့်ကြံခြင်းကို ပိုင်ဆိုင်လာမည် ဖြစ်၏။
နောက်ဆုံးတွင်တော့ ဆန်းကြယ်အနှစ်သာရများ ရှိသေး၏။ အမှန်အမှား၊ သေခြင်းရှင်ခြင်း၊ ကံမ္မတို့နောက်တွင် ဝမ်လင်းသည် တန်လင်းကလန်၌ လေးခုမြောက်ဆန်းကြယ်အနှစ်သာရဖြစ်သော ပြန်လည်မွေးဖွားခြင်းအနှစ်သာရကို ဆင်ခြင်နားလည်ခဲ့၏။
သူ့ထံ၌ ထိုပြန်လည်မွေးဖွားခြင်းအနှစ်သာရကို အနည်းငယ်မျှသာ နားလည်သဘောပေါက်မှု ရှိသေးပေ၏။ သူက ၎င်းကို ပြီးပြည့်စုံခြင်းသို့ ရောက်ဖို့ အချိန်နှင့်အမျှ နားလည်ဆင်ခြင်ဖို့ လိုသေးပေသည်။
“ရွှေအဆင့်ထိပ်သီး ကျင့်ကြံခြင်းကို ရောက်ဖို့က သိပ်မခက်ဘူး။ ခက်တာက ဆန်းကြယ်အနှစ်သာရတွေပဲ။ အင်ပါယာမြို့ဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ မြို့ပဲ။ ငါ အဲ့မှာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဓားအော်ရာကို တွေ့ရှိနိုင်လောက်တယ်…”
ဝမ်လင်းသည် လေနှင့်နှင်းတို့ကို အံတု၍ ရှေ့ဆက်လျှောက်လာ၏။
အရှေ့ပိုင်းကုန်းမြေရှိ ခရမ်းရောင်ယင်ကလန်မှ ဗဟိုကုန်းမြေရှိ အင်ပါယာမြို့သို့ ဦးတည်သွားလာခြင်းသည် အတော့်ကို ရှည်လျားမည့် ခရီးစဉ် ဖြစ်ပေမည်။ သာမန်ကျင့်ကြံသူများအတွက်တော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ အသုံးမပြုပါက သူတို့၏ မြန်နှုန်း အပြည့်အဝဖြင့်ပင် အချိန်အတော်ကြာ ပေလိမ့်မည်။
ဝမ်လင်း၏ပုံရိပ်ကို လေနှင့်နှင်းတို့က ဖုံးအုပ်ထား၏။ သူသည် အရှေ့ပိုင်းကုန်းမြေကနေ လျှိုကျင်းပြောင်၊ ပင်လယ်နဂါးတို့နှင့်အတူ ထွက်ခွာရန် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုလိုက်၏။
သူတို့နောက်၌ ခရမ်းရောင်ယင်ကလန်၌ ကူးရဲ့က ရပ်နေ၏။ သူ့ဘေးတွင် မိန်းကလေးငယ်နှစ်ယောက် ရှိနေ၏။ သူတို့က အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်နေကြသည်။
“သူ ပြန်လာလောက်အုံးမှာလား…” ဝါဝါက စိတ်ဓာတ်တက်ကြွမှု အနည်းငယ် ကျဆင်းနေသည်။
“ငါတို့ သူ့ကို ထပ်တွေ့နိုင်အုံးမှာမလား…” ဟန်ဟန်ကလည်း အကွာအဝေးတစ်ခုသို့ ကြည့်နေရင်း မေးလာ၏။
ကူးရဲ့က သက်ပြင်းချကာ ဆိုသည်။ “ဖြစ်နိုင်ပါတယ်။ ကျုပ်တော့ သူ့ကို ကျောက်စိမ်းပြား ပေးထားခဲ့ပြီးပြီ။ သူ ဗဟိုကုန်းမြေမှာ အန္တရာယ်တွေ့တာနဲ့ ဘိုးဘေးလေးနှစ်ယောက်လုံး ချက်ခြင်း သိကြပါလိမ့်မယ်…”
“ဒါက သူနဲ့ ငါတို့ကြားက သဘောတူညီမှုပဲ။အဲ့အချိန်ကျရင် မဟာအင်ပါယာကန်းနီက သူ့ကို ကူညီပေးဖို့ လိုပါလိမ့်မယ်…”
“ဒါပေါ့၊ ကူညီရမှာပေါ့။ ကောင်လေးဝမ်လင်းက ငါတို့ကို ရွေးချယ်လိုက်မှတော့ ငါတို့ကလည်း သူ့ကို ဘယ်သူမှ အနိုင်ကျင့်တာ ခွင့်ပြုမှာ မဟုတ်ဘူး…” ဝါဝါက ဟန်ဟန်ကို ကြည့်လိုက်၏။ ထိုမိန်းကလေးငယ်နှစ်ယောက်လုံးသည် အလေးအနက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ဗဟိုကုန်းမြေ၊ ကောင်းကင်ဘုံကလန်၏ ဗဟိုချက်၊ ၎င်းသည် ကျယ်ပြောကာ ကောင်းကင်ဘုံစွမ်းအင်တို့နှင့် ပြည့်နေသော ကုန်းမြေပင်။ ဗဟိုကုန်းမြေ၏ အလယ်ပိုင်းတွင် အင်ပါယာမြို့ တည်ရှိသည်။ ထိုမြို့က ကြီးမားလွန်းကာ ကုန်းမြေတစ်ခုနှင့် ယှဉ်၍ ရလောက်၏။ ၎င်းသည် ကောင်းကင်ဘုံကလန်၏ နံပါတ်တစ်မြို့ပင်။
ရှေးနိုင်ငံသုံးဆယ့်ခြောက်ခု၏ တော်ဝင်မြို့တော်များသည်ပင် ကောင်းကင်ဘုံကလန်၏ အင်ပါယာမြို့နှင့် မယှဉ်နိုင်ချေ။ ၎င်းကို ကောင်းကင်ဘုံကလန်၏ ဘိုးဘေးမြို့ဟုလည်း ညွှန်းဆိုကြသည်။
သည်မြို့အတွင်း၌ ကလန်တစ်ခုသာ ရှိ၏။ အင်ပါယာဆရာသခင်က ထိုကလန်မှ လာခဲ့သူပင်။ ၎င်းကလန်က ကောင်းကင်ဘုံဘိုးဘေး၏ သွေးမျိုးဆက်နှင့် တပေါင်းတည်းတစည်းတည်း အမြစ်တွယ် တည်ရှိခဲ့တာပင်။
ထိုကလန်ကို ကောင်းကင်ဘုံအင်ပါယာများက အုပ်ချုပ်ပေ၏။ ကောင်းကင်ဘုံအင်ပါယာမျိုးဆက်တိုင်းက ထိုကလန်၏ သစ္စာရှိမှုကို လက်ခံရရှိသည်။ သူတို့၏ သွေးမျိုးဆက်များ နိုးထလာကာ မဟာအင်ပါယာအဆုံးစွန်ရှစ်ပါးဟူသော ဂုဏ်ပုဒ်ကို အမွေဆက်ခံလိုက်သည်နှင့် သူတို့က ကလန်၏အမည်ကိုပင် ပြောင်းနိုင်ကြ၏။
သည်မျိုးဆက်၏ ကောင်းကင်ဘုံအင်ပါယာက လျန်တောက်ကျန်းက ထိုဆန်းကြယ်သောကလန်ကို တောက်ကလန်ဟူ၍ ပြောင်းလဲထားခဲ့၏။ သည်မျိုးဆက်၏ ကလန်ခေါင်းဆောင်မှာ ခုလက်ရှိ အင်ပါယာဆရာသခင်၊ ရှန်းတောက်ရွှမ်ပင်။
သည်ရှန်းတောက်ရွှမ်၏ ကျင့်ကြံခြင်းက ဆန်းပြားပေ၏။ သူ၏ရှေ့ဖြစ်ကြည့်စွမ်းအားက တုန်လှုပ်ဖွယ် ကောင်းလှ၏။ သူ့တကိုယ်တည်းဖြင့် ရှေးကလန်၏ အင်ပါယာဆရာသခင်သုံးပါ၏ စုပေါင်းစွမ်းအားကို ခုခံနိုင်စွမ်း ရှိပေသည်။
မည်သူကမျှ တောက်ကလန်၏ တည်နေရာကို မသိကြပေ။ ရှေးအချိန်များထဲကစ၍ သည်ကလန်ကို လူအနည်းငယ်ကသာ ရှာတွေ့ကြသည်။ သို့ပေမည့် လောကရှိ မည်သည့်လျှို့ဝှက်ချက်ကမျှ အချိန်တိုက်စားမှုကို မခုခံနိုင်ကြပေ။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် လူအများက ထင်ကြေးအမျိုးမျိုး ရှိလာခဲ့ကြသည်။
အချို့က သည်ကလန်သည် ရှေးဘိုးဘေးမြို့တော်နှင့် ထပ်နေသော လေဟာနယ်ထဲ၌ တည်ရှိသည်ဟု ဆို၏။
တချို့က သည်ကလန်မှာ ရှေးဘိုးဘေးမြို့တော်ထဲရှိ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု၌ တည်ရှိသည်ဟု ဆိုကာ အင်ပါယာနန်းတော်၏ ဝင်ပေါက်ဟုလည်း ပြောကြသည်။
တချို့ကတော့ သည်ကလန်သည် ရှေးဘိုးဘေးမြို့တော်၏ မြေအောက်အတွင်းနက်ပိုင်း၌ တည်ရှိသည် ဟူ၏။
ထင်မြင်ချက် မျိုးစုံ ရှိကြ၏။ ဖြစ်နိုင်သည်က ယင်းတို့ထဲမှ တစ်ခုသည် အမှန် ဖြစ်နိုင်သည်။
ရှေးဘိုးဘေးမြို့တော်ကို အရှေ့ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ပိုင်းခြားထားသည်။ မြို့ဗဟိုချက်ကတော့ တားမြစ်ဧရိယာပင်။ ၎င်းမှာ အင်ပါယာနန်းတော် တည်ရှိရာ ဖြစ်ပြီး ခွင့်ပြုချက်ရှိသူများသာ ဝင်ရောက်နိုင်သည်။
ထိုမြို့တော်လေ၏ မြို့ခွဲလေးခု၌ အိမ်တော်များစွာ ရှိပေ၏။ အိမ်တော်တိုင်းက အင်အားစုတစ်ခုပင်။ ယင်းတို့က ကလန်များ မဟုတ်ပေ။ သို့သော် ကလန်အများစုထက် သာ၍ အစွမ်းပိုထက်၏။
ထိုအိမ်တော်များကြား၌ ဘုရင်လေးပါး ရှိ၏။ သူတို့က မြို့ခွဲလေးခု၌ အသီးသီးတွင် အသန်မာဆုံးသူများပင်။ မြောက်ပိုင်းမြို့၏ လီအိမ်တော်၊ တောင်ပိုင်းမြို့၏ လောအိမ်တော်၊ အနောက်ပိုင်းမြို့၏ ရှန့်အိမ်တော်၊ အရှေ့ပိုင်းမြို့၏ မန့်အိမ်တော်။ သည်အင်အားစုလေးခုက ဆိုင်ရာဧရိယာကို လွှမ်းမိုးထားကြသည်။
ထို့အပြင် အင်ပါယာစွမ်းအားနှင့် ယှဉ်နိုင်သော တခြားစွမ်းအားစု နေရာတစ်ခုလည်း ရှိသေး၏။ ထိုသည်မှာ အရှေ့ပိုင်းနှင့်အနောက်ပိုင်းမြို့ကြားရှိ တောင်တစ်လုံးပင်။ ထိုတောင်ကို အင်ပါယာတောင်ဟု ခေါ်၏။
ထိုတောင်ပေါ်တွင် ရှေးဘိုးဘေးမြို့တော်တစ်ခုလုံးကို အသက်မရှုနိုင်သလို ခံစားမိအောင် လုပ်နိုင်သော လူတစ်ယောက်ဖြစ်သည့် မဟာအင်ပါယာကျိုးသဲ နေထိုင်သည်။
ဆန်းကြယ်သော တောက်ကလန်၏ တည်ရှိမှုကို လူအများက အင်ပါယာစွမ်းအားကို ဖိနှိပ်နိုင်ဟန် ရသော ဒီအင်ပါယာတောင်ကို ချုပ်ကိုင်ဖို့ ရည်ရွယ်ချက်ဟု ခန့်မှန်းကြသည်။
ဤသည်မှာ လူအများစု မသိသော ရှေးဘိုးဘေးမြို့၏ အတွင်းပိုင်းစွမ်းအားစု ဖွဲ့စည်းပုံပင်။ မဟာအင်ပါယာများကသာ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ဝမ်လင်းသည် ခရမ်းရောင်ယင်ကလန်၌ တစ်နှစ်တာ ကုန်ဆုံးနေထိုင်ပြီးနောက် သူက ရှေးဘိုးဘေးမြို့သို့ သွားရောက်ချင်ခဲ့၏။ မဟာအင်ပါယာကန်းနီးက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းမန္တာန်ကို အသုံးပြုကာ ရှေးဘိုးဘေးမြို့၏ မှတ်ဉာဏ်များကို ရှာဖွေကာ ဝမ်လင်းကို ပေးခဲ့ပေသည်။
ကောင်းကင်ဘုံကလန်၏ ကုန်းမြေကြီးငါးခုကို ကုန်းမြေငယ်ခုနစ်ဆယ့်နှစ်ခုအဖြစ် ပိုင်းခြားထား၏။ ဥတုရာသီလေးပါးမှာလည်း အနည်းငယ် ကွာခြားမှု ရှိပေသည်။ အရှေ့ပိုင်းကုန်းမြေတွင် ကျဆင်းနေသော နှင်းထုနှင့် တိုက်ခတ်နေသေ လေအေးတို့က ဗဟိုကုန်းမြေသို့ ရောက်လာဖို့ငှာ လအတော်အတန် ကြာခဲ့သည်။
ဤသည်မှာ ရှေးဘိုးဘေးမြို့တော်အတွက် ပထမဆုံးနှင်းများ ကျဆင်းလာခြင်းတည်း။ မြို့တခုလုံးကို နှင်းများက ခြုံလွှမ်းထားသလို ထင်ရသည်။
သည်မြို့၌ သေမျိုးများ မရှိပေ။ ကောင်းကင်ဘုံကလန်၌ ကျင့်ကြံသူများသာ နေထိုင်ကြသည့် နေရာမှာ ရှားပေသည်။ သည်နေရာရှိ ကောင်းကင်ဘုံစွမ်းအင်က သိပ်သည်းထူထဲ၏။ ၎င်းသိပ်သည်းမှကနေ ဖြစ်ပေါ်လာသော ဖိအားက သေမျိုးများကို ဒီနေရာတွင် နေထိုင်ဖို့ မဖြစ်နိုင်စေခြင်းပင်။
ယနေ့တွင် ရှေးဘိုးဘေးမြို့၏ အရှေ့ပိုင်းဂိတ်တံခါး၌ နှင်းများက အဆုံးမဲ့ကွင်းပြင်ကို ဖုံးလွှမ်းနေစဉ် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုပုံရိပ်သည် အပေါ်ထပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ သူသည် လေကို အံတု၍ ဂိတ်တံခါးထံ လျှောက်လာသည်။
သူ၏ဝတ်ရုံရှည်က သူ့ပုံပန်းသွင်ပြင်ကို ဖုံးထား၏။ သို့သော် သူ့ပုံရိပ်အရ သူသည် လူငယ်တစ်ယောက်သာ ဖြစ်ချေလိမ့်မည်။
သူသည် ရှေးဘိုးဘေးမြို့နှင့် ကီလိုမီတာထောင်သောင်းချီလောက် အကွာသို့ ရောက်လာသည့်အခါ ရပ်လိုက်၏။ သူက တဖြည်းဖြည်း မျက်လုံးဖွင့်လာသည်။ သူ၏အကြည့်က နှင်းထုကို ထွင်းဖောက်နိုင်စွမ်းရှိကာ အကွာအဝေးတစ်ခုရှိ မြို့ကို လှမ်းကြည့်သည်။
“ကောင်းကင်ဘုံအင်ပါယာ…ငါ လာနေပြီ…” ဝမ်လင်းက အကွာအဝေးတစ်ခုထံ မော့ကြည့်သည်။ နှင်းများက သူ့ဝတ်ရုံရှည်ပေါ်သို့ ကျဆင်းလာကာ သူ့ခြေရာများကို ဖုံးအုပ်ပေးသွားသည်။
ကောင်းကင်ဘုံကလန်မှာ ဒါ ငါ့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လောက်မယ်။ အရူးက ငါ့ကို မှတ်မိသေးလားဆိုတာကို ငါ သွားကြည့်ရမယ်။ ပြီးရင်တော့ ငါ့မှာ ဘာနောက်ဆံတင်းစရာမှ မရှိတော့ဘူး…”
ဝမ်လင်းက ခေါင်းငုံ့လိုက်၏။ ထို့နောက် သူသည် ရှေ့သို့ ဆက်လျှောက်လာသည်။
သူသည် ရှေးဘိုးဘေးမြို့တော်သို့ မလာချင်ခဲ့ပေ။ သူက ၎င်းခရီးစဉ်က သူ့အတွက် အလွန်အန္တရာယ်များတာကို သိ၏။ သို့သော်ငြားလည်း သူ လာရမည်သာ။
တချို့အရာများသည် ဘဝတွင် နောင်တကင်းကင်းနေနိုင်ဖို့အတွက် လုပ်ကိုလုပ်ရမည် မဟုတ်လား။ တချို့က သူတို့၏ စိတ်ခံစားချက်အတိုင်း လိုက်ကာ ပြတ်သားမှုဖြင့် သူတို့လမ်းကို လျှောက်ကျသူများပင်။
ဝမ်လင်းသည် သူ့ချစ်သူ၊ သူ့မိသားစု၊ သူ့မိတ်ဆွေများနှင့် ပတ်သတ်သည့် ခံစားမှုများကို အလေးထားသူ မဟုတ်လား။
အရူးက သူ့ကို အတော်လေး ကူညီပေးခဲ့ဖူး၏။ သူတို့ အိပ်မက်တာအိုအတွင်း၌ ရှိနေခဲ့ပြီးနောက် သူသည် အရူးကို မတွေ့မြင်ရဘဲ မထွက်သွားနိုင်ပေ။ သူက ထိုမိတ်ဆွေဟောင်းကြီး အဆင်ပြေလားဟု မြင်ချင်မိပေသည်။
သူသည် ထိုအတွေးဖြင့် သည်နေရာသို့ ရောက်လာခဲ့တာပင်။
ညနေခင်းအခါ၌ ဝမ်လင်းသည် အရှေ့ပိုင်းဂိတ်တံခါး၏ အပြင်ဘက်သို့ ရောက်လာ၏။ သည်ဝင့်ထည်သော မြို့နှင့် ယှဉ်ပါက သူသည် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုပ်နေသည်။
သေမျိုးမြို့များနှင့် မတူသည်က သည်မြို့ဂိတ်တံခါးတွင် အစောင့်များ ရှိမနေခြင်းပင်။ ဤသည်မှာ မဟာအင်ပါယာနှစ်ပါးနှင့် ဆန်းကြယ်သောတောက်ကလန် ရှိရာ မြို့မဟုတ်လား။ ရှေးကလန်၏ မဟာအင်ပါယာရွှမ်လောသည်ပင် ဒီနေရာသို့ လက်လွတ်စပယ် မလာဝံ့ပေ။ ကောတောက်ကဲ့သို့ သူမျိုးသာ လာဝံ့ပေလိမ့်မည်။
ညနေခင်း အခါ၌ ကောင်းကင်သည် မီးခိုးရောင်သန်းနေ၏။ လေတိုက်ခတ်၊နှင်းများ ကျဆင်းနေစဉ် ဝမ်လင်းသည် အရှေ့ပိုင်းဂိတ်တံခါးကို ဖြတ်၍ လျှောက်လာ၏။ သူသည် ရှေးဘိုးဘေးမြို့အတွင်းသို့ ခြေချလာခဲ့ပြီ။
သူ မြို့ဂိတ်တံခါးတွင်းသို့ ခြေချလိုက်သည့်အခါ၌ အားကောင်းလှသော ကောင်းကင်ဘုံစွမ်းအင်ဖိအးက သူ့အပေါ် ကျရောက်လာ၏။ ဤသည်က သေမျိုးတစ်ယောက်၏ ခန္ဓာကိုယ်ကို ပျက်စီးစေဖို့ရာ လုံလောက်သည်။ သို့သော် ကျင့်ကြံသူများကမူ ၎င်းကို တောင့်ခံဖို့ အနည်းငယ် ချိန်ညှိလိုက်ရုံမျှသာ။ လူတစ်ယောက်သည် ဒီနေရာတွင် ကျင့်ကြံပါက ကျော်ကြားလှသော နာမည်ကြီးကလန်များထက်ပင် ပိုကောင်းမွန်ပေလိမ့်မည်။
သို့သော် ဒီကောင်းကင်ဘုံဖိအားက ဝမ်လင်းအပေါ်သို့ သက်ရောက်ခြင်း လုံးဝ မရှိပေ။ သူသည် မြို့လမ်းများပေါ် လျှောက်လာရင်း ဘေးပတ်လည်သို့ ကြည့်ရှုသည်။
လေနှင့်နှင်းတို့ကြား၌ မြို့ခံများစွာက ခပ်သုတ်သုတ် သွားလာနေကြ၏။ သူတို့သည် ကျင့်ကြံသူများ ဖြစ်နေလျှင်ပင် မည်သူကမျှ ပျံသန်းကြခြင်း မရှိပေ။ သူတို့က သေမျိုးများကဲ့သို့သာ လမ်းလျှောက်သွားလာနေသည်။
“ရှေးဘိုးဘေးမြို့မှာ နဂါးတွေတောင် ခွေနေရမယ်။ ကျားတွေတောင် လဲလျောင်းနေရမယ်။ အစွမ်းထက်လှတဲ့ အင်ပါယာအတုထိပ်သီးတွေတောင် ဒီသဘောတူညီမှုကို လိုက်နာရတယ်။ အဲ့လို့ဆိုရင်ရော ဘာဖြစ်သေးသလဲ…”
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပေ၏။
“ဒီအထဲမှာ ငါ ဝမ်လင်း မပါဝင်ဘူး…”