လီအိမ်တော်
Vol. 146 Ch. 2024
ရှေးဘိုးဘေးမြို့တော်၏ အရှေ့ပိုင်းမြို့အတွင်းပိုင်း၌ သာမန်ဆန်သော အိမ်တော်တစ်ခု ရှိပေသည်။ သို့သော် ၎င်းအိမ်တော်က နေရာများစွာ ယူထားပြီး အဝေးမှ ကြည့်ပါက ကြမ်းကြုတ်သောသားရဲတစ်ကောင်နှင့် ဆင်တူပေသည်။
၎င်းအိမ်တော်၏ အပြင်ဘက်တွင် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ လူအရိပ်အယောင်ဟူ၍ လုံးဝ မတွေ့ရပေ။ ယင်းနေရာကား အရှေ့ဘက်မြို့၏ တားမြစ်နေရာတစ်ခုနှယ်။ လူအများက အဝေးကနေ ဒီနေရာကို တွေ့သည်နှင့် ကွေ့ရှောင်သွားကြကာ ဖြတ်သန်းမသွားကြပေ။
လေတိုက်ခတ်နေကာ နှင်းထုတို့က မြေပြင်ထက်တွင် ထူထဲစွာ စုဝေးနေ၏။ နှင်းများထံမှ ငွေရောင်အလင်း ထင်ပြန်ဟပ်နေကာ အေးစက်စက်အော်ရာကို ပေးစွမ်းသည်။ ထိုငွေရောင်အလင်းက အိမ်တော်ဂိတ်တံခါးပေါ် တောက်ပနေလျက် ပြင်းထန်သောဖိအားတစ်ခုကို ပေးစွမ်းနေချေသည်။
သည်ဂိတ်တံခါး၏အပြင်ဘက်တွင် ကျောက်ခြင်္သေံ့နှစ်ကောင် ရှိ၏။ ယင်းတို့က မျက်လုံးမှိတ်ထားကြသော်လည်း တုန်လှုပ်ဖွယ် ကြမ်းကြုတ်သောအော်ရာတစ်ခုကို ပေးစွမ်းနေပေသည်။
ထိုဂိတ်တံခါး၏ အထက်၌ အနီရောင်နောက်ခံပေါ် အစိမ်းရောင်ရှိသော ဆိုင်းဘုတ်တစ်ခု ရှိသည်။ ၎င်းပေါ်၌ ရွှေရောင်စာလုံးနှစ်လုံးကို ရေးထွင်းထားသည်။
“လီအိမ်တော်…”
တုန်လှုပ်ဖွယ်မြားအော်ရာတစ်ခုက သည်စကားနှစ်ခွန်းထံမှ ပျံ့နေသည်။ ယင်းက ပတ်ဝန်းကျင်ရှိ နှင်းများအပေါ်ပါ သတ်ဖြတ်ခြင်းအော်ရာကို ပြည့်သွားစေသလား ထင်မှတ်ရသည်။
ထိုအိမ်တော်အတွင်း၌ ရှည်လျားသော အဆောက်အဦခန်းမတစ်ခု ရှိသည်။ သို့ပေမည့် နှင်းများ ကျဆင်းနေလျက် ရှိစဉ် မည်သည့်အသံဗလံမှ ထွက်ပေါ်နေခြင်း မရှိသလို ပုံရိပ်တစ်ခုကိုပင် မတွေ့ရလေပေ။
ထိုခန်းမနောက်၌ အစိမ်းရောင်ကျောက်အခန်းတစ်ခု ရှိ၏။ နှင်းကျနေစဉ်အတွင်း သည်ကျောက်ခန်းမသည် ငွေရောင်ခြုံလွှမ်းထားသည့်နှယ်။ သို့သော်လည်း ဝမ်လင်းက ဒီအရှေ့ပိုင်းမြို့သို့ ဝင်ရောက်လာသည့်အခါ၌ ကျောက်ခန်းမအတွင်းမှ လေးသံတစ်သံ တဝီဝီ ပဲ့တင်ထပ်လေသည်။
ထိုငြိမ်သက်နေသော နေရာ၌ လေးသံက လွန်စွာ ထင်ရှားသည်။
ထိုကျောက်အခန်းထဲ၌ အဘိုးအိုတစ်ယောက် ထိုင်နေပြီး သူ၏ရှေ့တွင် သစ်သားစင်တစ်ခု ရှိနေသည်။ ထိုစင်မှာ ခရမ်းရောင်ရှိပြီး သာမန်ထက်ထူးကဲလှပုံ ပေါ်သည်။ ထိုစင်က အလွန်ထူးခြားက တစ်ခုခု လိုအပ်ပျောက်ရှနေသလို ထင်ရသည်။
သင်သည် ဤစင်ပေါ်၌ လေးတစ်လက်ကို တင်လိုက်ခဲ့လျှင်ပင် ၎င်းက ပြည့်စုံသွားချေလိမ့်မည်။
သည်အခိုက်အတန့်၌ ခရမ်းရောင်သစ်သားစင်ထံမှ တစီစီအသံ ထွက်ပေါ်လာသည်။ လေးအရိပ်တစ်ခု ပေါ်လာကာ အသံက ဆက်တိုက် မြည်သည်။
ထိုအခန်းတွင်းရှိ အဘိုးအိုသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်ဖွယ်မြားအော်ရာတစ်ခုနှင့် ပြည့်နေသလား။ သူက ခရမ်းရောင်သစ်သားစင်ကို စိုက်ကြည့်သည်။
“ဘိုးဘေးရဲ့ သစ်သားစင်ဟာ အသံ မြည်လာတယ်။ ဒါ…ဒါ ဘိုးဘေးရဲ့ လေး နီးကပ်လာတဲ့အခါမှသာ ဖြစ်ပေါ်နိုင်တဲ့အရာပဲ။ ဖြစ်နိုင်တာက…ဘိုးဘေးရဲ့လေးဟာ အနီးအနားမှာ ရှိနေတယ်…”
ခရမ်းရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ တောက်ကာ မြားတစ်စင်းအဖြစ်သို့ ပြောင်းလဲ၏။ ၎င်းသည် ကျောက်အခန်းတွင်းမှ ပျံသန်းထွက်သည်။ ၎င်းသည် မမြန်လွန်းပေ။ ၎င်းက တစ်ခုခုကို ရှာဖွေသည့်အလား အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
ထိုအဘိုးအို၏မျက်လုံးက အရောင်တောက်သွား၏။ သူက ချက်ခြင်း လှမ်းအော်သည်။ “လီယွမ်၊ လီရှန်…မင်းတို့နှစ်ယောက် ဒီမြားနောက်ကို လိုက်သွားပါ။ မင်းတို့ ဘိုးဘေးရဲ့ လေးအော်ရာကို ရှာတွေ့ချင် တွေ့လိမ့်မယ်…”
သူ၏အသံ ပဲ့တင်ထပ်သည့်အခါ ပုံရိပ်နှစ်ခုသည် ငြိမ်သက်နေသော ခန်းမဆောင်ထံမှ အခိုးအငွေ့ကဲ့သို့ ပေါ်လာ၏။ ယင်းတို့က ခရမ်းရောင်မြား ပျောက်သွားသည့်နောက် လိုက်ပါ ပျောက်သွားကြသည်။
ထိုအခိုက်တွင် ဝမ်လင်းက အရှေ့ပိုင်းမြို့ကို ဖြတ်၍ နှင်းနှင့်လေကို အံတုကာ လျှောက်လာ၏။ မြေပြင်ထက်ရှိ နှင်းထုက ထူထဲလွန်းလှသည်။ ဝမ်လင်းက မြို့ကို ကြည့်၏။ သည်မြို့က ကြီးမားလှသည်။ မြို့အရှေ့ပိုင်းဖြင့်ပင် အတိုင်းမသိ ရှိနေလေပြီ။ ဝမ်လင်းသည် ဤသို့သော မြို့မျိုးကို အရင်က လုံးဝ မမြင်ဖူးခဲ့ချေ။
အရှေ့ပိုင်းမြို့သည်ပင် ဤသို့ဖြစ်နေမှတော့ ရှေးဘိုးဘေးမြို့တစ်ခုလုံးဆို ဆိုနေဖွယ်ရာ မရှိတော့ပါ။ လောက၌ သည်လိုမြို့မျိုးက ရှိခဲလှပေ၏။
လူများက သုတ်တီးသုတ်ပြာ သွားနေကြ၏။ တချို့က ဝမ်လင်းကို သတိပြုမိကြသည်။ သို့သော် သူတို့က တချက်သာ ကြည့်၍ ကိုယ့်လမ်းကိုယ် ဆက်သွားကြသည်။
ဘေးပတ်လည်၌ ဆိုင်များစွာ ရှိ၏။ အားကောင်းသော ကောင်းကင်ဘုံစွမ်းအင်ကို ပေးစွမ်းနေသည့် အိမ်တော်များစွာ ရှိနေပေသည်။ ယင်းတို့က ထူးကဲလှသော နေရာများတည်း။ သည်ကောင်းကင်ဘုံစွမ်းအင်အောက်ရှိ အရှေ့ပိုင်းမြို့တခွင်လုံးသည် လူများကို အတော့်ကို တစိမ်းတပြင်ဆန်သော ခံစားချက်အား ပေးစွမ်းနေသည်။
ဝမ်လင်းက အရှေ့ပိုင်းမြို့သို့ ဆက်လျှောက်လာနေသည်မှာ လပင် တဖြည်းဖြည်း ထွက်ပြုစ ပြုလာခဲ့လေပြီ။ သူက တည်းခိုခန်းကြီးတစ်ခုရှေ့၌ ရပ်လိုက်ပြီး နေထိုင်ဖို့အတွက် ကောင်းကင်ဘုံကျောက်တုံးတချို့ကို ထုတ်လိုက်၏။
သည်တည်းခိုခန်း၏ အခန်းက သိပ်ကြီးမားခြင်းမရှိဘဲ ရိုးရိုးစင်းစင်းပင်။ သို့သော်လည်း ဒီနေရာရှိ ကောင်းကင်ဘုံစွမ်းအင်က အပြင်ဘက်ထက် ပိုသိပ်သည်း၏။ ၎င်းသည် လှိုဏ်ဂူတစ်ခု မဟုတ်သော်ငြားလည်း အဆောက်အဦနံရံ၊ တံခါး၊ ပြတင်းပေါက်တို့မှာ အတားအဆီးများနှင့် ပြည့်ဖုံးနေ၏။ ထိုအတားအဆီးများက သည်တည်းခိုခန်းကို ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုဖြစ်စေရန် အသက်သွင်းပေးထားခြင်းပင်။
သည်အခိုက်၌ လျှိုကျင်းပြောင်က ဝမ်လင်းဘေးတွင် ရှိနေပြီး ဘေးပတ်လည်သို့ ကြည့်နေ၏။ ရွှေအဆင့်ထိပ်သီးပင်လယ်နဂါး၏ ခန္ဓာကိုယ်မှာလည်း လက်ချောင်းတစ်ချောင်းစာ အရွယ်လောက်ထိ ကြုံ့ထားကာ လျှိုကျင်းပြောင်၏ ပုခုံးထက်တွင် လှဲလျောင်းနေ၏။ ၎င်းက အတော့်ကို ပျင်းရိပျင်းတွဲပုံ ပေါက်နေသည်။
ပင်လယ်နဂါးနှင့် လျှိုကျင်းပြောင်တို့ကြား ဆက်ဆံရေးက အတော်လေး ကောင်းမွန်၏။ ထိုသည်အပေါ် ဝမ်လင်းက အံ့အားတသင့် မဖြစ်သွားပါ။ တကယ်တော့ လျှိုကျင်းပြောင်၏ စွမ်းရည်ဖြင့် ထိုအဖြစ်က ပုံမှန်သာ ဖြစ်၏။
ညနက်လာခဲ့လေပြီ။ နှင်းများ ကျဆင်းနေတာ အတော် လျော့ပါးသွား၏။ လျှိုကျင်းပြောင်က ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်ရာ အပြင်ဘက်၌ လမ်းသွားလမ်းလာများကို ပိုတွေ့မြင်သည်။ သူက အကွာအဝေးတစ်ခုရှိ အလင်းရောင်ခပ်တောက်တောက် ထွက်ပေါ်နေသော နေရာကို လှမ်းကြည့်ပြီး ဂီတသံ ခပ်ဖျော့ဖျော့ကို ကြားရ၏။ ထိုအဖြစ်က သူ့ကို စိတ်လှုပ်တရှား ဖြစ်သွားစေသည်။
“သခင်…ဒါက နေရာကောင်းပဲ။ သေမျိုးမြို့တစ်မြို့လိုမျိုးပဲ။ အကျွန်တော့ ဒီမှာ အလှပဂေးလေးတွေ အများကြီး ရှိရမယ်လို့ ပြောဝံ့တယ်…”
ထိုသို့ပြော၍ လျှိုကျင်းပြောင်က အလင်းရောင်ခပ်တောက်တောက် ထွက်ပေါ်နေသော နေရာထံ လက်ညှိုးထိုးပြသည်။
“သခင်…ရှုလီကောရဲ့ စိတ်နေစိတ်ထားဟာ ပြောင်းလဲဖို့ ခက်တာပဲ။ သူက ညတိုင်း သူ့ကိုယ်သူ ပျော်မြူးလိမ့်မယ်။ သခင်သာ သူ့ကို သွားရှာရင် အဲ့နေရာကို တချက်လောက် သွားကြည့်ရလိမ့်မယ်…”
“ဟူး..အကျွန် လျှိုကျင်းပြောင်ကတော့ လူကြီးလူကောင်းတစ်ယောက်ပဲ။ ဒါပေမဲ့လည်း အကျွန်တော့ အဲ့နေရာမှာ ရှုလီကောရှိိနေမလား တွေ့ရဖို့ သွားကြည့်ရမယ်။ သခင်…သင်ရော ဘယ်လို ထင်ပါသလဲ…”
လျှိုကျင်းပြောင်က ဝမ်လင်းကို ကြည့်၍ သူ့၏စိတ်လှုပ်တရှား ဖြစ်မှုကို ဖိနှိပ်ထားသည်။
ဝမ်လင်းက လျှိုကျင်းပြောင်ကို ကြည့်၏။ သူက လျှိုကျင်းပြောင်သည် ဒီအခန်းထဲပ မနေလိုသည်ကို သိနေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်သည်။
သူ ခေါင်းညိတ်ပြလိုက်သည့်အခါ လျှိုကျင်းပြောင်က ချက်ခြင်း စိတ်လှုပ်တရှား ဖြစ်သွားကာ ပင်လယ်နဂါးနှင့်အတူ လှမ်းလျှောက်ထွက်သွားသည်။
လျှိုကျင်းပြောင် ထွက်သွားသည့်နောက် ဝမ်လင်းက တကိုယ်တည်း ထိုင်လိုက်၏။ သူက အရက်အိုးကို ထုတ်ကာ အပြင်ဘက်ရှိ နှင်းတို့ကို ကြည့်၍ စတင် သောက်သည်။
“လျန်တောက်ဖေ…မင်း လှိုဏ်ဂူလောကမှာတုန်းက အဖြစ်အပျက်တွေကို သတိတရ ရှိနေတုန်းလား…”
ပြတင်းပေါက်ရှိ လရောင်က ပိုအားကောင်းလာ၏။ နှင်းများကလည်း ပိုကျဆင်းလာသည်။ သူ့လက်ထဲရှိ အရက်အိုးက ပြောင်သလင်းခါသွားလေပြီ။
သက်ပြင်းချကာ ဝမ်လင်းက အရက်အိုးကို ချ၍ ထရပ်ကာ လှမ်းထွက်သည်။ သူသည် အပေါ်ထပ်ဝတ်ရုံကို ကောက်ဝတ်ပြီး လရောင်အောက်ရှိ အရှေ့ပိုင်းမြို့ထဲ လျှောက်လာသည်။
အရှေ့ပိုင်းမြို့၏ ညခင်းအခါ၌ ဂီတသံတို့ ထွက်ပေါ်နေ၏။ သို့သော် ဝမ်လင်းသည် လမ်းမများအပေါ် လျှောက်နေရင်း အထီး’ကျန်မှုကို ခံစားရ၏။ တဖြည်းဖြည်း ဝမ်လင်း အနားပတ်လည်ရှိ လူဦးရေက လျော့ပါးသွားကာ နှင်းများကြား၌ သူ တစ်ကိုယ်တည်း ကျန်ရစ်လေသည်။
ဝမ်လင်းက လမ်းလျှောက်နေတာကို ရပ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်း…ဘာလိုချင်လို့လဲ…”
သူ၏စကားသံ ပဲ့တင်ထပ်လာချိန်၌ သူ့အသံမှ ဖိအားတစ်ခု ထွက်ပေါ်လာကာ လေနှင့်နှင်းတို့ကို အေးခဲသွားစေသလား ထင်မှတ်ရသည်။ ဤသည်က ပုန်းကွယ်နေသော တစ်စုံတစ်ယောက်ကို ထွက်လာစေဖို့ငှာ လုံလောက်သည်။
သူ့နောက်ရှိ လေဟာနယ်သည် တွန့်ခေါက်ပုံပျက်ကာ ဝိုးတဝါး ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်က ထင်ထင်ရှားရှား မဖြစ်ခင်မှာပင် ခရမ်းရောင်မြားတစ်စင်းက ဝမ်လင်းထံ အရှိန်အဟုန်နှင့် ဝင်လာသည်။
ထိုသူ ပေါ်လာသည့်နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေရာ လေးတစ်လက် ပေါ်လာ၏။ မမြင်ရသောလက်နှစ်ဖက်က လေးကို ကိုင်ထားသလို ထင်ရသည်။ သည့်နောက် ထိုလေးသည် နောက်ထပ် မြားတစ်စင်းကို ပစ်လွှတ်လာသည်။
သည်မြားက ဝမ်လင်းထံ ပျံသန်းလာ၏။
“လီမိသားစုလား…” ဝမ်လင်းက ခေါင်းဆွတ်ဝတ်ရုံရှည်ကို ဝတ်ထားသဖြင့် တဖက်လူက သူ၏ပုံပန်းသွင်ပြင်ကို မမြင်ရနိုင်ပေ။ သူက လှည့်၍ ညာလက်ညွှန်လိုက်သည်။
ထိုအခါ တိုးဝင်လာသော ခရမ်းရောင်မြားက ပျက်စီးသွားသလို ၎င်းနောက်မှ မြားသည်လည်း တုန်ခါကာ ပျောက်ကွယ်သွား၏။
အဖြစ်အပျက်က မြန်လှသည်။ ဝမ်လင်းသည် နောက်သို့ တလှမ်းပင် မဆုတ်ရပေ။ သူက တချက်လှည့်ကာ သာမန်ကာလျှံကာ လက်ညွှန်လိုက်ရုံသာ။
မြား ပစ်လွှတ်လိုက်သောသူ၏ မျက်လုံးက ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုဖြင့် ပြည့်သွား၏။ သူက သူ၏ ရွှေအဆင့်ထိပ်သီးကျင့်ကြံမှုဖြင့် ပစ်လွှတ်လိုက်သော မြားသည် အလွယ်တကူ ဖျက်စီးခံလိုက်ရမည်ဟု မထင်ထားမိခဲ့ပေ။
သူ၏ အမွှေးအမျှင်များပင် ထောင်မတ်သွားမိ၏။ သူ့တကိုယ်လုံးတွင် အကြောက်တရား ပြည့်လာသည်။ သူက နောက်သို့ ချက်ခြင်း ဆုတ်၍ သွေးလွတ်မြောက်ခြင်းကို အသုံးပြုရန် သွေးများပါ ထွေးထုတ်လိုက်သေး၏. သူသည် အနီရောင်အရိပ်တစ်ခုအဖြစ်သို့ ပြောင်းကာ ကီလိုမီတာထောင်ချီအကွာသို့ ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းက သူ့နောက်သို့ လိုက်လိုပါက ထိုသူသည် လွတ်နိုင်မည် မဟုတ်ပေ။ သို့သော် သူက နေရာတွင်သာ ရပ်၍ သွေးအရိပ် ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
“ငါ ခုမှ အရှေ့ပိုင်းမြို့ထဲ ဝင်လာရုံ ရှိသေးတယ်၊ လီမိသားစုရဲ့ အာရုံစိုက်တာ ခံနေရပြီ…။ ဒါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ လီကောင်းလေးကို သူတို့က အာရုံခံမိကြလို့ပဲ ဖြစ်လိမ့်မယ်…”
“သူတို့က ဒါကို အာရုံခံနိုင်သင့်တယ်။ ဒါပေမဲ့ သူတို့က ငါ့အဆင့်အတန်းကို ခုထိ မသိကြလောက်သေးဘူး…။ မဟုတ်ရင် သူတို့က ငါ့နောက်ကို လိုက်ဖို့ ရွှေအဆင့်ထိပ်သီးလောက်ကို လွှတ်လိုက်မှာ မဟုတ်ဘူး…”
ဝမ်လင်းသည် လီမိသားစုအပေါ် အမုန်းတရား မရှိပေ။ ထို့ကြောင့် သူက မည်သူ့ကိုမျှ မသတ်ခဲ့တာ ဖြစ်၏။
“ဒီလို နောက်တစ်ကြိမ် မဖြစ်လာစေနဲ့…” ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ နောက်လှည့်လိုက်၏။
သို့သော် သူ၏စကားသံက ထွက်ပြေးသွားသော သွေးအရိပ်၏နားထဲ မိုးကြိုးသံအလား ပဲ့တင်ထပ်သွားသည်။ ဤက သူ့ကို သွေးထပ်အန်စေဖို့ရာ လုံလောက်သွား၏။
“သူ…သူ့ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ ဒီကိစ္စကို ငါ့အနေနဲ့ ဘိုးဘေးရှိ ချက်ခြင်း သတင်းပို့ရမယ်။ ဒီလူဟာ အင်ပါယာအတု တစ်ယောက်ပဲ ဖြစ်ရမယ်။ သာမန်လူတစ်ယောက် မဟုတ်နိုင်ဘူး။ မကောင်းတော့ဘူး။ လီရှန်နဲ့ ငါက လူခွဲလာခဲ့တာ။ လီရှန်က သူ့ကို ဖမ်းဆီးချင်နေတာ…”
သွေးအရိပ်၏အမူအရာက ပြောင်းလဲသွား၏။ သူက လီမိသားစု၏ လုပ်ဆောင်မှုတို့က ကပ်ဘေးကြီးတစ်ခုကို ဖြစ်စေနိုင်လောက်သည်ဟု ရုတ်တရက် ခံစားမိလိုက်၏။
ဝမ်လင်းသည် အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားမြဲ ဖြစ်ကာ သူက လမ်းမအတိုင်း လျှောက်လာသည်။ သူက ရည်ရွယ်ဦးတည်ရာ မရှိ၊ ဒီအတိုင်း အေးဆေးဆေး လမ်းလျှောက်နေချင်တာသာ ဖြစ်၏။ သူ လျှောက်လာနေစဉ် သူ့ရှေ့မှ အလင်းရောင်နှင့်ဂီတသံ ထွက်ပေါ်လာသည်။
သူက ခေါင်းမော့လိုက်၏။ သူသည် အလင်းရောင် အပြည့်ရှိနေသော နန်းတော်ကဲ့သို့ နေရာထံ လှမ်းကြည့်လိုက်သည်။ သူက ထိုတောက်ပသောနန်းတော်ကို လှမ်းကြည့်လျက် သူ့မျက်လုံးထံမှ ထူးခြားသောအကြည့်တစ်ခု လှစ်ဟပေါ်သည်။
သူ၏အကြည့်က တည်ရှိမှုအားလုံးကို ထွင်းဖောက်နိုင်စွမ်း ရှိသလို ထင်ရသည်။ သူက အနီရောင်ဝတ်ရုံဖြင့် မောက်မာဟန်ပေါက်သော လူတစ်ယောက်ကို လှမ်းမြင်၏။ ဝမ်လင်းသည် ထိုသူ၏ ပုံပန်းသွင်ပြင်နှင့် အော်ရာကို ရင်းနှီးကာ သိရှိသည်။
ထိုအနီရောင်အင်္ကျီဖြင့်လူ၏ နောက်တွင် အစောင့်အကြပ်များ ဖြစ်သော ကျင့်ကြံသူတို့ ရှိနေသည်။ သူတို့အားလုံးက တတိယအဆင့် ကျင့်ကြံသူများပင်။ သူတို့က ထိုသူ့ကို လေးစားကြပုံ ပေါ်သည်။
“ဒီအကွာအဝေးကနေ ငါက သူ့တည်ရှိမှုကို ခံစားမိနိုင်တယ်။ တစုံတစ်ယောက်က သူ့အပေါ်မှာ ချိပ်ပိတ်မှုတစ်ခု ထားခဲ့တာပဲ…”
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သို့သော် သူ့မျက်နှာထက်တွင် ပျော်ရွှင်ဟန် အပြုံးတစ်ခု ပေါ်လာသည်။
“ရှုလီကော…” ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက ထိုနေရာသို့ သွားရန် ဟန်ပြင်လိုက်သည်။
“လီအိမ်တော်…နည်းနည်းတော့ များသွားပြီ…” ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖြတ်ခနဲ ပျောက်ကွယ်သွား၏။ နန်းတော်ထဲရှိ အနီရောင်အင်္ကျီဖြင့်လူက သူ့ရှေ့ရှိ ကြမ်းပြင်ထက်သို့ အရက်ခွက်ကို လှမ်းပစ်ကာ သူ့ရှေ့မှ လူများကို ဆူဟောက်လိုက်၏။
“ဒါက ဘယ်လိုအရက်မျိုးလဲ၊ မင်းတို့ရဲ့ ဘိုးဘိုးရှုကို အရူးလုပ်ဖို့ မကြိုးစားနဲ့။ မင်းတို့မိသားစုမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ အရက်ပိုင်ဆိုင်ထားတာ ငါ သိတယ်။ အဲ့တာကို မြန်မြန် ဒီကို ယူလာခဲ့ကြ။ မဟုတ်ရင် မင်းတို့ရဲ့ဘိုးဘိုးရှုက ဒီနေရာနဲ့ ပတ်သတ်ပြီး စကားပြောရလိမ့်မယ်…”
ထိုအနီရောင်အင်္ကျီဖြင့်လူက ကြမ်းကြုတ်သောဟန်ပန် ရှိနေ၏။ သို့သော် သူက သူ့ကို ကြည့်နေသော အကြည့်တစ်ခုကို ရှိနေသည်ကို မသိပေ။ ထိုအကြည့်က သူ့ထံ၌ စိတ်ရှုပ်ထွေးမှုကို မြင့်တက်လာစေပုံ ထင်ရသည်။