← Chapters

လာခဲ့စမ်း

Vol. 105 Ch. 1466

လာခဲ့စမ်း

Vol. 105 Ch. 1466

ဖန်မုသည် ပြစ်ဒဏ်မိုးကြိုးပေါင်းတစ်သောင်းကျော်ကို ဝင်တိုက်လိုက်သဖြင့် နားကန်းလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံများအား ကြားလိုက်ရ၏။ သူက အင်္ကျီလက်စခါရင်း ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထုတ်လွှတ်လိုက်သည်။ အင်မော်တယ်စွမ်းအားမဟုတ်၊ ရှေးဟောင်းနယ်ပယ်စွမ်းအားပင်။ သူ့ခန္ဓာကိုယ်ထက်တွင် အလင်းအစက်အပြောက်များ လင်းလက်တောက်ပလာ၏။

မိုးကြိုးတစ်သောင်း ဖျက်စီးခံလိုက်ရသဖြင့် တအုန်းအုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ တိမ်မည်းများကို မော့ကြည့်၍ ရှေ့တစ်လှမ်းတက်လိုက်သောအခါ ဖန်မုအဝတ်အစားများနှင့် ဆံပင်များသည် လေအဝှေ့ကြောင့် လှုပ်ခတ်သွားလေ၏။

ထိုခြေလှမ်းကို တုံ့ပြန်သည့်အနေဖြင့် တိမ်တိုက်များ ဒေါသူပုန်ထသွားပြီး ပြစ်ဒဏ်မိုးကြိုးပေါင်းများစွာသည် မိုးကြိုးပင်လယ်ကြီးသဖွယ် သူ့ကို လွှမ်းခြုံလျက် ပစ်ချလိုက်၏။ ဖန်မုက အေးစက်စက်နှာမှုတ်လျက် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို ဝှေ့ယမ်းလိုက်သည်။

ဂျုန်းးးးးးးးးးးးးးး

မိုးကြိုးအားလုံး ပျက်စီးပြိုကွဲသွား၏။ ထို့နောက် ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ တိမ်မည်းများ အုံကြွလာသည်။ မိုးကောင်းကင် အမျက်ထွက်နေသကဲ့သို့ မိုးကြိုးတစ်သိန်းက တရစပ် ကျဆင်းလာ၏။ မိုးကြိုးတစ်သိန်းဖျက်စီးခံရပြီးနောက် နောက်တစ်သိန်းလာသည်။ ထို့နောက် နောက်တစ်သိန်း။

ဖန်မု မသေသရွေ့ ပြစ်ဒဏ်မိုးကြိုးသည် အဆုံးမသတ်မည့်အလား၊ မရပ်နားမည့်အလားပင်။

ဖန်မုသည် မျက်လုံးများဝင်းလက်တောက်ပနေပြီး ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်‌ဖော်လိုက်ရာ သူ၏ပတ်ပတ်လည်တွင် မြူခိုးများ အလိပ်လိပ်ထလာ၏။ ၎င်းက အာကာပြင်ကျယ်ကျောင်းတော်မှ သူ သိရှိခဲ့သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ မြူခိုးများသည် လာနေသောမိုးကြိုးတန်းများကို ရင်ဆိုင်ဖို့ ထွက်သွားသော အငွေ့တန်းများဖြစ်သွားပြီးနောက် အုန်းခနဲ အုန်းခနဲ ပေါက်ကွဲကုန်ကြ၏။

အသံကား ရင်တုန်ဖွယ်အတိပင်။ တစ်လောကလုံးတွင် ဖန်မုနှင့် မိုးကောင်းကင်သာ တည်ရှိတော့သည့်အလား ထင်ရ၏။

လူတစ်ယောက်က မိုးကောင်းကင်ကို ထိပ်တိုက်ရင်ဆိုင်နေလေသည်။

ရှိရှိသမျှလူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားပြီး တာအိုနယ်ပယ်ပညာရှင်များလည်း သိသိသာသာ အံ့အားသင့်နေကြသည်။

နောက်ထပ် မိုးကြိုးတစ်သိန်း ပစ်ချသည်။ ၎င်းတို့အနောက်မှ နောက်တစ်သိန်း လိုက်ပါလာသည်။ ထိုအချိန်တွင် ဖန်မု၏ မထီမဲ့မြင်ရယ်သံကြီး ပဲ့တင်ထပ်လာ၏။ သူက လက်နှစ်ဖက်လုံးဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ စွမ်းအားများကို ထုတ်ဖော်လျက် ရဲတင်းစွာ ရှေ့တက်လိုက်ပြန်သည်။

“ငါက နဝမမန္တန်ကို အပြည့်အစုံဖော်ဆောင်ဖို့ မိုးကောင်းကင်ကို ချုပ်နှောင်ရတာ ဘာနဲ့တူလဲ ‌လေ့လာနေတာ။ ပြစ်ဒဏ်မိုးကြိုးနည်းနည်းပါးပါးကိုတောင် မချုပ်နှောင်နိုင်ရင် ငါဟာ မိုးကောင်းကင်ကို ဘယ်လိုလုပ် ချုပ်နှောင်နိုင်တော့မှာလဲ” ဖန်မုသည် တဟားဟားရယ်ရင်း လက်နှစ်ဖက်လုံးကို မြှောက်၍ မိုးကောင်းကင်အား တွန်းရင်း နောက်တစ်လှမ်းတက်၏။

ရှေးဟောင်းနယ်ပယ်၏အရှိန်အဝါ ပေါ်ထွက်လာပြီး တောက်တောက်ပပအ‌ရောင်အဝါများ ဖြာထွက်လာသည်။ သူက မိုးကြိုးတစ်သိန်းပြီးတစ်သိန်းကို တိုက်ခိုက်ဖြိုခွင်းနေသဖြင့် မိုးနှင့်မြေမှာ တဝုန်းဝုန်းလှုပ်ခတ်နေတော့သည်။

မိုးကြိုးများသည် တဂျုန်းဂျုန်း ပြိုကွဲကုန်၏။ တစ်ချိန်တည်းမှာပင် ဖန်မုက အောက်ရှိလူတိုင်း မြင်နေရသော လေ၏အလယ်တွင် ခံခံညားညား ပျံဝဲလျက်ရှိသည်။ လူတစ်ယောက် မိုးကောင်းကင်ကို အမှန်တကယ် တိုက်ခိုက်နေသည့်မြင်ကွင်းကြောင့် လူအုပ်ကြီးမှာ တုန်လှုပ်မှင်သက်နေကြလေသည်။

ဖန်မုက အင်္ကျီလက်စခါရင်း တိမ်တိုက်များကို စိန်းစိန်းဝါးဝါးကြည့်ကာ ပြောသည်။ “လာစမ်းပါ။ ဒီတစ်ခေါက် မင်းတို့ ငါ ဖန်မုကို ဘယ်လောက်မိုးကြိုးပစ်ချနိုင်မလဲ ကြည့်ရသေးတာပေါ့”

အလွန်ရဲတင်းသောလူတစ်ယောက်သာ ... ထိုသို့ပြောဝံ့လိမ့်မည်။

‌အောက်ရှိလူအုပ်ကြီးထံမှ တအံ့တဩပင့်သက်ရှိုက်သံများ ကြားရနိုင်သည်။

ဖန်မု ထိုနေရာတွင် ရပ်လျက် တဖွေးဖွေးလှုပ်နေသော တိမ်မည်းများနှင့် တဂျိန်းဂျိန်းထစ်ချုန်းနေသော မိုးကြိုးများကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်း။

ထိုမြင်ကွင်းကား သူတို့၏စိတ်ထဲတွင် ထာဝရခတ်နှိပ်ခံလိုက်ရလေပြီ။

ရွေးချယ်ခံများသည် ဖန်မုကို လက်မခံချင်သည့်စိတ်ကိုပင် မေ့ပျောက်သွားကြ၏။ သူ၏ရဲတင်းသော သဘောထား၊ ဩဇာကြီးမားသောအသွင်အပြင်နှင့် မိုးကောင်းကင်အား သူရဲကောင်းဆန်ဆန် မကြောက်မလန့် တိုက်ခိုက်နေသောပုံစံကြောင့် သူတို့၏မျက်လုံးများမှာ တောက်ပလင်းလက်နေတော့သည်။

“ဖန်မု”

“ဖန်မု”

“ဖန်မု” မည်သူ ပထမဆုံး စအော်လိုက်သလဲ ပြောရန်မဖြစ်နိုင်သော်လည်း မကြာမီ ရွေးချယ်ခံအားလုံး၊ နဝမဂိုဏ်းရှိ အမျိုးသားကျင့်ကြံသူအားလုံး ဖန်မု၏သတ္တိကို ခံစားလိုက်ကြရ၏။ ထိုသတ္တိက မိုးကောင်းကင်ကို တိုက်ခိုက်စေနိုင်သော သတ္တိဖြစ်၍ သူတို့အား တုန်လှုပ်လာစေသည်။ နောက်ဆုံးတွင် အကုန်လုံး မျက်လုံးများနီရဲနေလျက် အသံကုန် အော်ဟစ်ကြွေးကြော်ကြတော့သည်။

သူတို့၏ပါးစပ်မှ စွမ်းအားများ ထွက်လာနေသည့်အလား သူတို့၏အသံများသည် မိုးနှင့်မြေကို တဝုန်းဝုန်းလှုပ်ခတ်စေပြီး အရာအားလုံးကို တုန်ရီလာစေ၏။

တာအိုနယ်ပယ်ပညာရှင်အားလုံး တုန်လှုပ်ကုန်ကြကာ စိတ်လှုပ်ရှားနေသောအမူအရာများဖြင့် ဂိုဏ်းသားများကို ကြည့်ပြီးနောက် ဖန်မုကို လှမ်းကြည့်ကြ၏။

စိတ်ဓာတ်ခွန်အားသည် ဂိုဏ်းတစ်ဂိုဏ်းတွင် အတိုင်းထက်အလွန် အရေးပါသည်။ ဤအခိုက်အတန့်၌ ရဲစွမ်းသတ္တိ၏မျိုးစေ့တို့ကား ဂိုဏ်းသားအားလုံး၏ ရင်ထဲ၌ စိုက်ပျိုးခံလိုက်ရလေပြီ။

ထို့အပြင် ၎င်းတို့အားလုံးက ဖန်မုကြောင့် ဖြစ်သည်။ ဖန်မုသည် နဝမဂိုဏ်းသားအားလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့လေပြီ။ သူတို့သည် သူ့အတွက် အသံကုန်ကြွေးကြော်နေကြသည်သာမက သူတို့နှလုံးသားထဲတွင်လည်း သူ့အပေါ် လေးစားခြင်း၊ ကြည်ညိုခြင်းတို့ ပေါက်ဖွားလာကြ၏။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသူများသည် ထူးခြားစွာ တောက်ပနေသော မျက်ဝန်းလေးများဖြင့် ဖန်မုအား ကြည့်နေကြ၏။ မိုးကောင်းကင်ကို ရဲရဲဝင့်ဝင့် တိုက်ခိုက်နေသည့် သူ၏ပုံစံက သူမတို့၏နှလုံးသားများတွင် ထာဝရစွဲထင်ကျန်ရစ်ခဲ့လေပြီ။

သူတို့၏အကြည့်သည် မှီခိုရာဂိုဏ်းမှာတုန်းက ဂိုဏ်းသူများ ဝမ်တန်ဖေးကို ကြည့်ကြသောအကြည့်များ၊ ဇီယွင်ဂိုဏ်းမှာတုန်းက အမျိုးသမီးဆေးဝါးပညာရှင်များ ရွေးချယ်ခံများကို ကြည့်ကြသောအကြည့်များနှင့် တူသည်။ မန်ဟို ရွေးချယ်ခံများအကြားက တာအိုကလေး၊ ရာဇဝင်တွင်သော သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တုန်းက ဂိုဏ်းအမျိုးမျိုးတွင် အကြည့်ခံခဲ့ရသော အကြည့်များနှင့်လည်း တူသည်။

ဂိုဏ်းသူများသည် ဖန်မုကို လေးစားအားကျ၍ ချစ်ခင်နှစ်သက်နေသော အကြည့်များဖြင့် ရွှန်းရွှန်းစားစား ကြည့်နေကြ၏။

ဖန်မု မိုးကောင်းကင်ကို တိုက်ခိုက်နေသော မြင်ကွင်း၊ ပြစ်ဒဏ်မိုးကြိုးများကို ရွပ်ရွပ်ချွံချွံ ဖြိုခွင်းနေသော မြင်ကွင်းကြောင့် နဝမဂိုဏ်းရှိ ဂိုဏ်းသားအားလုံး အရူးအမူး ဖြစ်ကုန်ကြလေပြီ။

ယန်အာသည် လူအုပ်ကြားထဲ၌ ရပ်နေပြီး ဗြုန်းစားကြီး မပျော်တော့ပေ ....လူတိုင်းနည်းတူ သူမ စိတ်လှုပ်ရှားနေသော်လည်း သူမ၏နှလုံးသားနုနုလေးသည် ဖန်မုအတွက် တိတ်တိတ်လေးကြိတ်ပျော်နေ၏။ တစ်နည်းနည်းဖြင့် သူက သူမအတွက် အရာအားလုံးဖြစ်လာခဲ့သယောင်ပင်။ ထို့နောက် လူတိုင်း သူ့ကို ကြည့်နေကြသော အကြည့်များကို သတိထားမိလိုက်သောအခါ သူမသည် သူမတစ်ယောက်တည်းသာ ပိုင်ဆိုင်သောအရာတစ်ခုကို တခြားသူများ လိုချင်တပ်မက်နေကြသကဲ့သို့ ခံစားလိုက်ရ၏။

“ဟွန့်” သူမက အံကလေးကြိတ်သည်။ “အဲဒီအဘိုးကြီးက တစ်ယောက်တည်းရှိတာနော်။ ရှင်တို့တွေ ဘာလုပ်နေတယ်ထင်လဲ။ သူ့ကို လုမလို့လား။ သူက ငါ့ဆရာ၊ ငါ့အပိုင်၊ ငါတစ်ယောက်တည်းနဲ့ပဲ ဆိုင်တာလို့”

ထိုစဉ် တိမ်တိုက်များ တဖွေးဖွေးလှုပ်လာပြီး မိုးကြိုးများ ထပ်မံဖြစ်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် မိုးကြိုးတစ်သိန်းမဟုတ်တော့။ ဆယ်သိန်းဖြစ်လာခဲ့ချေပြီ။

မိုးကြိုးတန်းဆယ်သိန်း ကျဆင်းလာသောမြင်ကွင်းသည် အသက်ရှူမှားဖွယ်ကောင်း၏။ ၎င်းတို့ကျဆင်းလာနေသောအသွင်အပြင်ကား မိုးကြိုးပင်လယ်နှင့်မတူ.... ဧရာမလက်ကြီးတစ်ဖက်နှင့် တူလေသည်။

လက်ကြီးသည် မိုးကြိုးများဖြင့် ဖွဲ့စည်းထား၍ တဂျိန်းဂျိန်းထစ်ချုန်းသံများကို ထုတ်လွှတ်လျက် ဖန်မုထံ ထိုးဆင်းလာ၏။ ဖန်မုမှာ သေစေနိုင်သောအန္တရာယ်ကို ခံစားလိုက်ရပြီး မျက်လုံးများ တောက်ပလာသည်။ သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်ရာ အလင်းစက်များ ပေါ်လာလေသည်။

၁၀ , ၃၀ , ၅၀ , ၈၀ ....၁၀၈ ။

သူ့ကိုယ်ပေါ်ရှိ ချီအကြော ၁၀၈ ကြောလုံး လင်းလက်စွာ တောက်ပနေ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် အကြောတစ်ကြောစီ၏အတွင်း၌ ပုံရိပ်တစ်ခုစီကို မြင်ရနိုင်သည်။

အနီးကပ်ကြည့်လိုက်သည့်အခါ ထိုပုံရိပ်များသည် အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ... အင်မော်တယ်ဝိညာဉ်မီးအိမ်များဖြစ်ကြောင်း ပေါ်လွင်လာ၏။

အကြော ၁၀၈ ကြော၊ မီးအိမ် ၁၀၈ လုံး။

၎င်းက လူတိုင်းအတွက် ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။ ဤသည်မှာ မန်ဟို့ကိုယ်ပွား သူ့တွင် ဝိညာဉ်မီးအိမ်မည်မျှရှိကြောင်း ပထမဆုံးအကြိမ် ဖော်ပြခြင်းဖြစ်ပြီး ရလဒ်ကား မယုံကြည်နိုင်ဖွယ်ပင်။

မျက်စိတစ်မှိတ်အတွင်း မီးအိမ် ၁၀၈ လုံးစလုံးသည် ဖန်မုအား လင်းလက်တောက်ပလာစေ၏။ ဧရာမလက်ဝါးကြီး ကျဆင်းလာစဉ် သူသည် ခုခံဖို့သော်လည်းကောင်း၊ ရှောင်ဖို့သော်လည်းကောင်း ခေါင်းထဲတွင် မရှိ။ ထိုအစား.... တိုက်ခိုက်လိုက်သည်။

သူက မိုးကောင်းကင်ကို ပြတ်ပြတ်သားသား တိုက်ခိုက်နေလေသည်။

ဖန်မုသည် ဧရာမမိုးကြိုးလက်ဝါးကြီးထံသို့ အလျင်ပျံတက်သွား၏။ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေစပြီး မျက်လုံးအားလုံးက စိုးရိမ်မှု၊ မျှော်လင့်မှုအပြည့်ဖြင့် စောင့်ကြည့်နေကြသည်။ သူတို့အတွက် ဖန်မုကလွဲ၍ တခြားမည်သည့်အရာမှ မတည်ရှိတော့သည့်အလားပင်။

အချိန်ကား နှေးကွေးသွားသယောင် ထင်ရ၏။ လူတိုင်းကြည့်နေစဉ် ဖန်မုက လက်ကြီးနှင့် ထိသွားလေပြီ။ ထို့နောက် အချိန်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပို၍ပင်မြန်လာပုံပေါ်သည်။

မိုးနှင့်မြေမှာ တုန်ခါနေပြီး ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။ ဖန်မု၏တည်ရှိမှုကို ဖယ်ရှားတော့မည့်အလား အဆုံးမဲ့အဖျက်စီးစွမ်းအားအပြည့်ဖြင့် လက်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားတော့သည်။ ဖန်မု၏အရောင်အဝါမှာ အတန်ငယ်မှိန်ကျသွားသော်လည်း သူက မထီမဲ့မြင် ရယ်လိုက်သေး၏။

“လာစမ်း” သူက ဆံပင်များပျံလွင့်နေလျက် ရဲဝင့်စွာ အော်သည်။

တိမ်မည်းအတွင်းမှ ထစ်ချုန်းသံများ ထွက်လာ၏။ တိမ်တိုက်များက ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်ရင်း ကျုံ့လာလေသည်။ နဝမဂိုဏ်းသားများမှာ ယခုလေးတင် စိတ်သက်သာရာရသွားသော်လည်း ချက်ချင်းလက်ငင်း စိုးရိမ်လာကြပြန်သည်။

ကျုံ့ဝင်သွားသော တိမ်တိုက်များမှ မိုးကြိုးများပစ်ချလိုက်ဖြင့် ထစ်ချုန်းသံများ ဆူညံသွားသည်။ မိုးကြိုးတစ်သိန်း။ ဆယ်သိန်း၊ သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်၊ သိန်းငါးဆယ်၊ သိန်းရှစ်ဆယ်။

မိုးကြိုးသိန်းရှစ်ဆယ်သည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံလျက် စုဝေးလာ၏။ ၎င်းတို့က မိုးပေါက်များသဖွယ် တဖွဲဖွဲကျဆင်းလာပြီး အဝေးမှကြည့်လျှင်တော့... ဧရာမလက်ချောင်းကြီးတစ်‌ချောင်းနှင့် တူလေသည်။

ကောက်ကြောင်းမျှသာ ဖြစ်သော်လည်း လက်ချောင်းဖြစ်နေသည့်အချက်က အံ့အားသင့်ဖွယ်ကောင်း၏။

လက်ချောင်း သူနှင့် နီးကပ်လာသည့်အခါ ဖန်မု၏သူငယ်အိမ်များ ကျုံသွားသည်။ ထိုအချိန်တွင် မန်ဟိုသည် နတ်ဘုရားအာရုံဖြင့် အကူအညီပေးဖို့ ပြင်ဆင်နေသော်လည်း ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။ အသံသည် ‌အောက်ရှိရွေးချယ်ခံအုပ်စုမှ လာသည်။ သူတို့သည် ဖန်မု မိုးကောင်းကင်အား တိုက်ခိုက်နေသည်ကို မျက်မြင်တွေ့နေရပြီး တိုက်ပွဲက မည်မျှမမျှတမှန်း မြင်ကြရ၏။

“အစ်ကိုကြီးဖန်မု၊ အစ်ကိုကြီး စိတ်မရှိဘူးဆိုရင် ကျုပ် စွန်းမုန့်လည်း ... ပြစ်ဒဏ်မိုးကြိုးကို ကူတိုက်ပေးလို့ရမလား” အသံပဲ့တင်ထပ်နေသည့်အချိန်မှာပင် လူအုပ်ထဲမှ လူတစ်ယောက် ပျံထွက်လာသည်။

တစ်ချိန်တည်းမှာပင် အော်သံများစွာ ထွက်လာ၏။

“အစ်ကိုကြီးဖန်မု၊ ကျုပ် လျူမုလည်း ပါ,ပါရစေ”

“ကျွန်မ ချိန်အောင်ရောပဲ”

“ကျုပ် ကျန်းယွင်ချီ ဒီလိုအရာမျိုးကို ဘယ်လိုရပ်ကြည့်နေနိုင်မှာလဲ”

“ကျုပ်ရော”

“အစ်ကိုကြီး ကျုပ် ကိုင်ဝေလည်း ကူပေးမယ်”

“ပြစ်ဒဏ်မိုးကြိုးတဲ့လား။ ကျိန်ယွမ်လည်း ကူတိုက်ပေးမယ် အစ်ကိုကြီးဖန်”

မရေမတွက်နိုင်သောလူရိပ်များ ပျံတက်လာပြီး အသံများ ပဲ့တင်ထပ်နေသည်။ ယောက်ျား၊မိန်းမမရွေး အကုန်ပျံတက်လာကြသည်။

ဂိုဏ်းသားတစ်ထောင်၊ ငါးထောင်၊ သုံးသောင်း၊ နှစ်သိန်း၊ ဆယ်သိန်း၊ သိန်းသုံးဆယ်... မကြာမီ ဂိုဏ်းသားတစ်ရာကား လေပေါ်ပျံတက်လာကြလေပြီ။

တာအိုနယ်ပယ်ပညာရှင်များ အံ့အားသင့်သွားပြီး ပါရာဂွန်များ ပင့်သက်ရှိုက်ကုန်ကြသည်။ မျက်စိတစ်မှိတ်အတွင်း မိုးကြိုးသိန်းရှစ်ဆယ်ကား ... ရုတ်တရက် တုံ့ခနဲ ရပ်သွားတော့၏။

All Chapters