ချုပ်စည်းခုနစ်ခုက ပြစ်ဒဏ်ကို ဖယ်ရှားခြင်း
Vol. 105 Ch. 1467
နဝမဂိုဏ်းသားအားလုံး ကူညီပေးဖို့ ပျံတက်လာသည်ဟုဆိုလျှင်တော့ ချဲ့ကားရာရောက်မည်။ သို့သော် သိန်းတစ်ရာသည် အတော်များသောပမာဏဖြစ်ကာ သူတို့ပျံတက်လာခြင်းက မိုးနှင့်မြေအား တသိမ့်သိမ့်တုန်လာစေတော့သည်။
သူတို့၏မျက်လုံးများတွင် လေးစားကြည်ညိုမှုတို့ တောက်လောင်နေ၏။ အတော်များများက အာကာပြင်ကျယ်မော်ကွန်းတိုက်၏ စာရင်းဝင်ရွေးချယ်ခံများပင် ဖြစ်ကြသည်။ သို့သော် ဒသမကောင်းကင်ဘုံကြောင့် ဖန်မုသည် သူတို့ကို အပြတ်အသတ်နိုင်သွားခဲ့ပြီး မိုးကောင်းကင်ကို တစ်ယောက်တည်း တိုက်ခိုက်နေသော သူ၏သူရသတ္တိက သူတို့၏သွေးများကို ဆူပွက်လာစေသည်။
အနီးနား၌ ကိုယ်ယောင်ဖျောက်နေသော မန်ဟိုလည်း တုန်လှုပ်သွားပြီး ရင်တဒိန်းဒိန်းခုန်လာသည်။
သူတို့၏အော်သံများက ထူးဆန်းသောခံစားချက်တစ်ခုကို ရရှိစေသည်။ ယခင်တုန်းက သူသည် အာကာပြင်ကျယ်ဂြိုဟ်အပေါ် သံယောဇဉ်မတွယ်မိသော်လည်း ယခုမူ နဝမဂိုဏ်း၏ကျင့်ကြံသူများကြောင့် မန်ဟိုမှာ စိတ်နှလုံးမလှုပ်ခတ်မိဘဲ မနေတော့ပေ။
ထိုခံစားချက်သည် မျိုးစေ့တစ်စေ့သဖွယ် သူ၏နှလုံးသားထဲ၌ နေရာယူလာပြီး ချက်ချင်းဆိုသလို ဖြည်းဖြည်းချင်း ကြီးထွားလာ၏။ ထိုစဉ် ကောင်းကင်ထက်ရှိ တိမ်မည်းများက ဂျိန်းခနဲ ထစ်ချုန်းသွားပြီး မိုးကြိုးတန်းသိန်းရှစ်ဆယ်မှ ဖြစ်ပေါ်လာသော ဧရာမလက်ချောင်းကြီး၏ကောက်ကြောင်းသည် အမျက်ထွက်သွားသကဲ့သို့ ထပ်မံထိုးဆင်းလာလေသည်။
ဤတစ်ခေါက်တွင် ဖန်မုသည် ပြစ်ဒဏ်မိုးကြိုးကို တစ်ယောက်တည်း ရင်ဆိုင်နေခြင်းမဟုတ်။ နဝမဂိုဏ်းသားသိန်းတစ်ရာက အမျိုးမျိုးသောနတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်လျက် သူ့ကို ကူညီနေကြသည်။ အရာအားလုံး မှိန်ကျသွားပြီး မိုးကောင်းကင်မှာ ပြိုကျတော့မည့်အလား ထင်ရ၏။ တိမ်လွှာတိမ်လိပ်များ တဖွေးဖွေးလှုပ်နေပြီး အဝေးမှကြည့်ပါက အမှန်တကယ် ရင်သပ်ရှုမောဖွယ်ကောင်းသည်မှာ ပြစ်ဒဏ်မိုးကြိုးသိန်းရှစ်ဆယ်မဟုတ်ဘဲ ဂိုဏ်းသားသိန်းတစ်ရာဖြစ်ကြောင်း တွေ့ရလိမ့်မည်။
ဂျုန်းးးးးးးးးးးးးး
၎င်းက စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်လောက်အောင် ကြီးမားပြင်းထန်သော တိုက်ကွက်တစ်ကွက်ဖြစ်သည်။ လူတစ်ယောက်သာ ထိုမြင်ကွင်းကို ပန်းချီရေးခြယ်ဖို့ ကြိုးစားလျှင် အလွန်ခက်ခဲကြောင်း တွေ့ရလိမ့်မည်။
ဤသည်မှာ လူများက မိုးကောင်းကင်ကို စစ်ပြိုင်နေခြင်းပင်။ မိုးကောင်းကင်သည် ဒေါသူပုန်ထနေပြီး လူများသည် မာန်အပြည့်ကြွေးကြော်နေကြ၏။ ဂိုဏ်းသားသိန်းတစ်ရာ၏ ပါးစပ်မှ ပန်းထွက်လာသောသွေးများက သွေးပင်လယ်တစ်စင်း ဖြစ်လာလေသည်။ သို့သော် သွေးတို့သည် မြေပေါ်ခမည့်အစား မိုးကြိုးထံ တက်သွားကြ၏။
အလွန်ကျယ်လောင်သောထစ်ချုန်းသံများ ဆက်လက်ပဲ့တင်ထပ်နေသည်။ ဤပြစ်ဒဏ်မိုးကြိုးတိုက်ပွဲမှာ အသက်အရှိုက်တစ်ရာမျှ ကြာခဲ့လေပြီ။ မိုးကြိုးသိန်းရှစ်ဆယ်လက်ချောင်းကြီး ပြိုကွဲသွားသောအခါ ဂိုဏ်သားသိန်းတစ်ရာမှာ နောက်သွေးတစ်ပွက် အန်လိုက်ကြရပြန်သည်။ သူတို့အားလုံး ဒဏ်ရာရသွားကြ၍ ဒယိမ်းဒယိုင်ဖြစ်ကုန်ကြသော်လည်း သူတို့၏မျက်လုံးများသည် တစ်ခါမှမမြင်ခဲ့ရဖူးသော စိတ်ဓာတ်အားမာန်တို့ဖြင့် တောက်ပနေ၏။
ထိုမြင်ကွင်းက တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များ၊ တာအိုဥသျှောင်များနှင့် အနှစ်သာရ ၇ ခုပါရာဂွန်များကို တုန်လှုပ်သွားစေသည်။ အပြေးအလွှားရောက်လာကြသော ကျန်အနှစ်သာရ ၇ ခု ပါရာဂွန်များ ရှိ၏။ သူတို့မှာ ဖြစ်ပျက်နေသောအရာကို မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့်အခါ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ နဝမဂိုဏ်းတစ်ဂိုဏ်းလုံး၏ခွန်အားက ယခင်နှင့် လုံးဝမတူတော့သည်ကို သူတို့မည်ကဲ့သို့ မပြောနိုင်ဘဲ နေမည်နည်း။
ထိုခွန်အားသည် ခိုင်မာပြတ်သားသော စိတ်ဓာတ်အားမာန်၊ မိုးကောင်းကင်ကို တိုက်ခိုက်ရဲသော သတ္တိဖြစ်သည်။ လူတစ်ယောက်တည်းသာ မိုးကောင်းကင်ကို တိုက်ခိုက်နိုင်သည်ဟု မည်သူပြောသနည်း။
ပြစ်ဒဏ်မိုးကြိုးသည် မပြီးဆုံးသေး။ ဂိုဏ်းသားတစ်သိန်း အားကုန်သွားသည့်အချိန်မှာပဲ ကောင်းကင်ထက်၌ တိမ်မည်းများ နောက်တစ်ကြိမ်ထကြွလာသည်။ ၎င်းတို့သည် ကျုံ့သွားပြန်သော်လည်း ဤတစ်ခေါက်တွင် .. မီတာသုံးထောင်အရွယ်သာ ရှိတော့၏။
သေးငယ်သွားသည့်တိုင် ၎င်းတို့ထုတ်လွှတ်နေသော ဖိအားက မည်သည့်အရာကိုမဆို ဖိခြေဖျက်စီးပစ်နိုင်သော တောင်များ ကျဆင်းလာသကဲ့သို့ ခံစားရစေသည်။
ဂိုဏ်းသားများသည် အံတင်းတင်းကြိတ်၍ ထပ်မံတိုက်ခိုက်ရန် ပြင်ကြသည်။ သူတို့မတိုက်ခိုက်နိုင်ခင် ဖန်မုက သူတို့အရှေ့သို့ ခုန်လိုက်ပြီး မိုးကြိုးကို အဖက်မလုပ်ဘဲ ကျင့်ကြံသူများဘက် လှည့်လိုက်သည်။ အသက်ပြင်းပြင်း၍ရှူပြီးသော် သူသည် သူတို့အား လက်ယှက်အရိုအသေပေးလိုက်၏။
“ကျုပ် ဖန်မု ကျေးဇူးအထူးတင်ပါတယ် တာအိုရောင်ရင်းတို့။ တစ်ကြိမ် ကူညီတာနဲ့တင် လုံလောက်ပါပြီ။ ဒါက ကျုပ်ရဲ့ပြစ်ဒဏ်ပဲမဟုတ်လား.... ကျေးဇူးအများကြီးတင်ပါတယ်” သူက နောက်စကားတစ်ခွန်းမဆိုတော့ဘဲ လက်ယှက်ကာ အရိုအသေပေးသည်။
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် မိုးကောင်းကင်သည် တဂျုန်းဂျုန်းအော်မြည်ပြီး မီတာသုံးထောင်အရွယ် တိမ်မည်းထုကြီးက ကျုံ့သွားပြန်သည်။ မကြာမီ ၎င်းကား မီတာသုံးရာသာ ကျယ်တော့လေသည်။ ထို့နောက် မီတာသုံးဆယ်။ သုံးမီတာ။ အဆုံးသတ်တွင် ၎င်းသည် အနက်ရောင်အပ်တစ်ချောင်း ဖြစ်လာ၏။
အပ်သည် မည်းနက်နေပြီး အာကာပြင်ကျယ်ကြယ်တာရာကောင်းကင်၏ အမှောင်စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည်။ ချက်ချင်းဆိုသလို ၎င်းက လေကို ဝှစ်ခနဲ ခွင်းလာပြီး ဖန်မု မသေမချင်း အနားမယူနိုင်မည့်ပုံရသည်။
အပ်က အလွန်လျင်မြန်စွာ ရွေ့လျားလာခဲ့သဖြင့် ဖန်မု ခေါင်းလှည့်လိုက်သောအချိန်တွင် ပြစ်ဒဏ်မိုးကြိုးအပ်ကား သူ့နဖူး၏ရှေ့တည့်တည့်သို့ ရောက်လာခဲ့ချေပြီ။
ဖန်မုမျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ပြစ်ဒဏ်မိုးကြိုးအားလုံး ထိုအနက်ရောင်အပ်ထဲတွင် ပါဝင်နေသယောင်ပင်။ ထို့အပြင် ဝိညာဉ်ဖျက်စီးစွမ်းအားနှင့်အတူ ကိုယ်ပိုင်နတ်ဘုရားစိတ်ဆန္ဒလည်း ရှိ၏။
ထိုနတ်ဘုရားစိတ်ဆန္ဒက ပြောင်းလဲမှုပေါင်းအသင်္ချေပါရှိနေသော နတ်ဘုရားစိတ်ဆန္ဒ ဖြစ်လေသည်။ ၎င်း ခန္ဓာကိုယ်ထဲ ဝင်ရောက်လာလျှင် ထိုပြောင်းလဲမှုများသည် သူ၏အသိစိတ်ပင်လယ်ကို အဆုံးမဲ့မိုးကြိုးတန်းများဖြင့် ပြည့်နှက်သွားစေရင်း ပေါ်ထွက်လာလိမ့်မည်။ ၎င်းက ခန္ဓာကိုယ်၏အတွင်းနှင့်အပြင်ကိုပါ ဖျက်စီးပစ်မည့် ကောင်းကင်ဘုံလာနတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်လာလိမ့်မည်။
မိုးကြိုးသည် ဖန်မုကို အပြင်မှ မထိုးနှက်နိုင်သော်လည်း ဖန်မု၏အသိစိတ်ပင်လယ်ကို နတ်ဘုရားစိတ်ဆန္ဒဖြင့် ထိုးဖောက်ဖို့ ရွေးချယ်ခဲ့ခြင်းက အလွန်အန္တရာယ်များလေသည်။
ဖန်မု၏မျက်လုံးများ လင်းခနဲ လက်သွားသည်။ အာကာပြင်ကျယ်မော်ကွန်းတိုက်တွင်သာ အတွေ့အကြုံမရခဲ့လျှင် သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ ပြစ်ဒဏ်မိုးကြိုးကို ဖျက်စီးဖို့ မန်ဟို့ခွန်အားကို အားကိုးရန်သာ ဖြစ်ခဲ့လိမ့်မည်။
သို့သော် ယခုတွင် သူ့ကိုယ်ထဲ၌ ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ချုပ်စည်းကိုးခု၏ကောက်ကြောင်း ရှိနေလေပြီ။ သူ့အနေဖြင့် ၎င်းတို့ကို ကိုယ်အပြင်သို့ မထုတ်လွှတ်နိုင်၍ နတ်ဘုရားအာရုံမှတစ်ဆင့် ကိုယ်ထဲ၌သာ ကိန်းအောင်းစေခဲ့ရလေသည်။ ယခုအချိန်၌ ပြစ်ဒဏ်မိုးကြိုးအပ်က သူ့ကို ထိုးဖောက်၍ သူ၏အသိစိတ်ပင်လယ်ထဲ ဝင်ရောက်ကာ ၎င်းနတ်ဘုရားစိတ်ဆန္ဒ၏ပြောင်းလဲမှုများကို ထုတ်လွှတ်ဖို့ ပြင်နေသည်။
သို့သော် အပိုင်းကိုးပိုင်းရှိသော သူ၏ ကြောက်ခမန်းလိလိ ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ရှေ့မှောက်တွင် ဤပြစ်ဒဏ်မိုးကြိုးကား .... ၎င်း၏ပျက်စီးမှုကိုသာ၎င်း ရှာဖွေနေခြင်းဖြစ်သည်။
သူ့နှုတ်ခမ်းထက်၌ သွေးအေးသောအပြုံးဖြစ်ထွန်းလာပြီး သူကား ရှောင်ဖို့ပင် မကြိုးစားပေ။ အနက်ရောင်အပ်ကို သူ့နဖူးထဲ စိုက်ဝင်စေကာ သူနှင့်တစ်သားတည်း ဖြစ်စေလိုက်သည်။ အပ်သည် အနက်ရောင်အမျှင်တန်းများအဖြစ် သူ့ကိုယ်ထဲသို့ ချက်ချင်း စီးဆင်းဝင်ရောက်ကာ သူ၏ဝိညာဉ်နှင့် အသိစိတ်ပင်လယ်ဖြင့် ပေါင်းစည်းသွား၏။ ထို့နောက် သူ့ကို အထဲမှ ဖျက်စီးဖို့ ပြင်ဆင်နေသော အနက်ရောင်မိုးကြိုးမြူများ ဖြစ်လာတော့သည်။
သို့သော် ထိုအချိန်မှာပဲ ဖန်မုက သူ၏နတ်ဘုရားစိတ်ဆန္ဒကို ဆင့်ခေါ်သည်။ ချက်ချင်းပင် ကောင်းကင်ဘုံချုပ်နှောင်ဂါထာ၏ ပထမချုပ်စည်းသည် ထစ်ချုန်းသံများ ထုတ်လွှတ်ရင်း ပေါ်လာကာ အနက်ရောင်မိုးကြိုးမြူကို ရင်ဆိုင်၏။
၎င်းတို့ ဆုံတွေ့သောအခါ အနက်ရောင်မြူသည် တုံ့ခနဲ ရပ်သွာပြီးနောက် ပို၍ပင်အားကောင်းသိပ်သည်းလာသည်။ သို့သော် ဒုတိယချုပ်စည်း ပေါ်လာ၏။ ထို့နောက် စတုတ္ထချုပ်စည်း။
၎င်းတို့သည် ပထမချုပ်စည်းနှင့် ပေါင်းစည်းကာ အနက်ရောင်မြူများအား လုံးလုံးလျားလျား တုန်လှုပ်သွားစေ၏။ မြူများသည် မယုံကြည်နိုင်သည့်အလား ဒေါသတကြီးအော်ဟစ်လျက် ပြိုကွဲစပြုလာ၏။ ဖန်မုက အေးစက်စက် နှာမှုတ်လိုက်ပြီး ပဉ္စမချုပ်စည်း ပေါ်လာသည်။ ၎င်းသည် ကျန်စည်းများနှင့် ပေါင်းစည်းကာ မြူများကို လုံးလုံးလျားလျား ဖြိုခွင်းလိုက်သော ကမ္ဘာတုန်ဟည်းစွမ်းအားကို ဖန်တီးလိုက်၏။
သို့သ်ော ဤမျှနှင့်မပြီးသေး။ အာကာပြင်ကျယ်မော်ကွန်းတိုက်၏ နဝမအထပ်သော်လည်းကောင်း ဒသမအထပ်သော်လည်း ချုပ်စည်းတစ်ခုကို အပြည့်အဝအကောင်အထည်ပေါ်လာစေရန်ပင် အားမဖြည့်ပေးနိုင်ခဲ့ပေ။ သို့သော် ဤပြစ်ဒဏ်မိုးကြိုးက ထို့အတွက် အပြည့်စုံဆုံးအရာဖြစ်လာသည်။
မိုးကြိုးသည် သူ့ကိုယ်ထဲ ၎င်းဆန္ဒအလျောက် ဝင်ရောက်လာခဲ့၍ ဖန်မုက အလွတ်ပေးမည်မဟုတ်ပေ။ သူက ဆဋ္ဌမချုပ်စည်းကို ထုတ်လွှတ်ကာ ကျန်စည်းများနှင့် ပေါင်းစည်းစေလိုက်သဖြင့် ထစ်ချုန်းသံများဆူညံသွားသည်။ အနက်ရောင်မြူများသည် လျင်မြန်စွာ ကျုံဝင်လာပြီးနောက်ဆုံး အပ်တစ်ချောင်းအသွင်ပြန်ပြောင်းကာ ထွက်ပြေးဖို့ ကြိုးစား၏။
“မင်း ဘယ်မှမသွားရဘူး” ဖန်မုက အေးစက်စက်နှာမှုတ်လျက် ပြောသည်။ သတ္တမချုပ်စည်းက ကျန်စည်းများနှင့် ချက်ချင်းဆိုသလို ပေါင်းစည်းရင်း ပေါ်လာလေပြီ။
ထိုသို့ဖြစ်ပျက်သောအခါ ကမ္ဘာတုန်ဟည်းစွမ်းအားသည် မဖော်ပြနိုင်သော ချုပ်နှောင်စွမ်းအားနှင့်အတူ သူ့ကိုယ်တစ်လျှောက် စီးဆင်းသွား၏။ မျက်စိတစ်မှိတ်အတွင်း ဖန်မုတစ်ကိုယ်လုံးကား လှောင်အိမ်သဖွယ် ဖြစ်လာသည်။ အပ်သည် တုန်လှုပ်စွာဖြင့် အကြောက်အကန်ထွက်ပြေးသော်လည်း အဘက်ဘက်မှ ပိတ်ဆို့တားမြစ်ခံနေရ၏။
ထို့နောက် သတ္တမချုပ်စည်း၏ ပေါင်းစည်းမှုမှ ဖြစ်ပေါ်လာသော ချုပ်နှောင်စွမ်းအားက ပိုက်ကွန်ကြီးတစ်ခူကို ဖန်ဆင်းကာ အပ်နက်အား ချုပ်နှောင်လိုက်တော့သည်။ မကြာမီ ပိုက်ကွန်က ထိုအပ်ကို ဖုံးလွှမ်းသွားလေပြီ။
အပ်သည် ရုန်းချင်သည့်အလား တုန်ခါနေသည့်တိုင် ခံနိုင်ရည်မရှိပေ။ ချုပ်စည်းကိုးစည်း၏ စုစုပေါင်းစွမ်းအားက ၎င်း ပြိုကွဲ၍ ပြာကျသွားသည့်တိုင်အောင် ဖိနှိပ်လိုက်၏။
ဖန်မုမှာ တဆတ်ဆတ် တုန်ရီသွားပြီးနောက် မျက်လုံးဖွင့်သည်။ ၎င်းတို့အထဲ၌ မိုးကြိုးအလင်းရောင်များ ဖြတ်ပြေးနေသည်ကို မြင်ရနိုင်၏။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး မရေမတွက်နိုင်သောမိုးကြိုးများက သူ့လက်ဝါးထံမှ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ မိုးကောင်းကင်မှာ တုန်ဟည်းသွားပြီး နေရောင်ခြည်များ ဖြာကျလာ၏။ ပြစ်ဒဏ်၏အရှိန်အဝါ ပျောက်ကွယ်သွားခဲ့လေပြီ။
ဤအခိုက်အတန့်တွင် ရှေးဟောင်းနယ်ပယ်ပြစ်ဒဏ်အား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်၏။
ယခုအချိန်သည် ညနေစောင်းဖြစ်ပြီး ဖန်မုကား နွေးထွေးသောနေရောင်ခြည်များ၏ အောက်တွင် ပျံဝဲနေရာ အဝါရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသကဲ့သို့ ခံ့ညားတင့်တယ်နေ၏။ ထိုပုံရိပ်အား ဂိုဏ်းသားများ ဘယ်တော့မှ မေ့နိုင်တော့မည်မဟုတ်ပေ။
“အစ်ကိုကြီးဖန်မု”
“အစ်ကိုကြီးဖန်မု”
“အစ်ကိုကြီးဖန်မု” အသံများ ပဲ့တင်ထပ်နေစဉ် မရေမတွက်နိုင်သောလက်များက လက်သီးဆုပ်အရိုအသေပြုကြသည်။ အသံလှိုင်းက အရပ်လေးမျက်နှာသို့ ဖြာထွက်ရိုက်ခတ်ကာ တာအိုနယ်ပယ်ကျင့်ကြံသူများမှလွဲ၍ ကျန်ရှိသူတိုင်း၏ ကြွေးကြော်သံများဖြင့် သောင်းသောင်းဖြဖြ မြည်ဟည်းနေတော့သည်။
မျက်လုံးအားလုံးတွင် လေးစားရိုသေမှုတို့ ပြည့်နှက်နေသည်။
ယန်အာသည် လူအုပ်ထဲတွင် ဖြစ်ပြီး သူမ၏နုနုနယ်နယ်နှလုံးသားလေးသည် တဒိန်းဒိန်းခုန်နေ၏။ သူမဆရာကို ယခုလို တစ်ခါမှ မမြင်ခဲ့ဖူး၍ ညနေခင်းနေရောင်ခြယ်အောက်၌ တောက်ပနေသော သူ၏ပုံစံမှာ အမှန်တကယ် ကြည့်ကောင်းသည်ဟု ခံစားလိုက်ရလေသည်။
ဖန်မုက လူအုပ်ကြီးကို ကြည့်ရင်း ပျံဝဲနေပြီး ယန်အာ့ကို လှမ်းမြင်လိုက်သည်။ တခဏကြာသော် သူသည် မိုးကောင်းကင်ကို ပြန်မော့ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာ၏။
ယခုတွင် မန်ဟို့ကိုယ်ပွားသည် အရွယ်ရောက်လာပြီဖြစ်၏။ ကောင်းကင်ဘုံချုပ်နှောင်မန္တန်၏ ချုပ်စည်းအားလုံးကို အပြည့်အဝဖော်ဆောင်နိုင်မည့် တာအိုနယ်ပယ်အဆင့်သို့ ရောက်ဖို့သာ လိုတော့သည်။
ဖန်မု၏ဂုဏ်သတင်းက အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံးအား အံ့အားတုန်လှုပ်နေစေပြီးနောက် ခုနစ်ရက်ကြာသော် မန်ဟိုသည် ဂိုဏ်းချုပ်ထံမှ စိတ်လှုပ်ရှားနေသော နတ်ဘုရားအာရုံစာတစ်စောင်ကို ရရှိလိုက်၏။
“နဝမပါရာဂွန် အကုန်အဆင်သင့်ဖြစ်ပြီ။ ဒီတစ်ခေါက်တော့ ငါတို့ .. သင်္ချိုင်းထဲမှာ ရက်ရှည်ရှည်နေလို့ရလောက်မယ်”