ဒါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပဲ
Vol. 3 Ch. 31
“ကလန်…”
မော့ယွင်ထန့်၏နောက်ကျောကို ပစ်လိုက်သော ဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျ၏။
ခန်းမထဲတွင် လူတိုင်းက ပင်မထိုင်ခုံကြီး၌ ထိုင်နေသော အဖိုးအိုအား ထိတ်လန့်စွာ ကြည့်ကြသည်။
ခန်းမထဲမှ ဓားများအားလုံးကို တုန်ခါစေခြင်းမှာ မည်သို့သော ပညာရှင် ဖြစ်သနည်း။
လောကတွင် ထိုသို့သော ပညာရှင် ရှိပါသလား။
“ကမ္ဘာမြေဘုံ… သူဟာ ကမ္ဘာမြေဘုံမှာပဲ ဖြစ်ရမယ်”
မျက်နှာများ ပြာနှမ်းလျှက် မော့ယွင်ထန့်က မော့ယွန်အားကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။
အရပ်မျက်နှာမျိုးစုံသို့ ထွက်ပြေးသွားကြသောလူများမှာလည်း ပြန်လည်၍ စုရုံးလာကြသည်။ သူတို့က ဓားများကို တင်းတင်းဆုပ်ကိုင်ကာ စိုးရိမ်စွာ ကြည့်နေကြ၏။
တစ်ဘက်လူများကလည်း မော့ယွမ်အား အနည်းငယ်မျှ အလစ်မပေးရဲဘဲ ကြည့်နေကြသည်။
စကားတစ်ခွန်းက ဓားကို ရပ်တန့်စေသည်။ ထိုသို့သော အစွမ်းမှာ လောကစည်းမျဉ်းနှင့်သဘောတရားတူ၏။ သူသည် ကမ္ဘာမြေအဆင့် ဖြစ်ရပေမည်။
သို့သော် သေးငယ်သော မော့မိသားစု၌ မည်သို့ ကမ္ဘာမြေအဆင့် တန်ခိုးရှင် ရှိနေရသနည်း။
သူတို့က အချိန်ကာလကြာမြင့်စွာ အစီအစဉ်ဆွဲထားသည်အား သည်အတိုင်း လက်လျှော့လိုက်ရတော့မည်လား။
သူတို့က လက်မလျှော့လျှင်ပင် ကမ္ဘာမြေအဆင့် တန်ခိုးရှင်ရှေ့တွင် သူတို့က မည်သို့ လုပ်နိုင်မည်နည်း။
“ကျုပ်ဆရာပြောတာ ခင်ဗျားတို့ မကြားဘူးလား”
ဟန်မူယဲ့ ရှေ့ကို တက်သွားကာ ပြောလိုက်သည်။
သူ ဝင်ပါမှ ရတော့မည်။
အပြင်လူများမြင်တွေ့ရသော သူ၏ကမ္ဘာမြေအဆင့် ကျင့်ကြံခြင်းမှာ အနှစ်မပါသော အကာခွံသာဖြစ်သည်။ သူ၏အစစ်အမှန်ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအဆင့်၌သာ ရှိသည်။ ထို့အပြင် သူသည် အိုမင်းကာ ခွန်အားနည်း၏။ သူ့အနေဖြင့် ဓားကို ကိုင်မြောက်ရန်ပင် အနည်းငယ် ခက်ခဲပေသည်။
သည်မတိုင်ခင် ဟန်မူယဲ့သည် လက်ထဲမှ ‘ကံကြမ္မာ’ဓား၏ တုန်ခါမှုကို ခံစားရ၏။
၎င်းသည် မော့ယွမ်နှင့် ဆက်သွယ်မှု အားနည်းလာခြင်း ဖြစ်သည်။
မော့ယွမ်၏ခန္ဓာကိုယ်တွင် စုစည်းနေသော ဓားချီများမှာ ကုန်ခမ်းတော့မည် ဖြစ်သည်။
ဟန်မူယဲ့က ရှေ့ကို တက်ပြောလျှင် ခန်းမထဲမှ တုန်ခါနေသောဓားများမှာလည်း ငြိမ်သက်သွား၏။
ရန်ပြုလိုသူများအားလုံး အချင်းချင်းကြည့်ကာ ခန်းမထဲမှ ထွက်ပြေးသွားကြတော့သည်။
ထိုလူများထွက်သွားသည်တွင် ခန်မထဲမှ ဧည့်သည်များလည်း သတိပြန်ဝင်လာကြ၏။
မင်္ဂလာပွဲတစ်ခုမှာ ဤသို့ဖြစ်လာသည်ကို မြင်လျှင် လူအများက သက်ပြင်းချကြရသည်။
သို့သော်လည်း မော့မိသားစုအတွက် လက်ထပ်ပွဲမှာ ပျော်စရာကိစ္စတစ်ခု ဖြစ်နေဆဲပင်။
အားလုံးက မော့ယွမ်ကို လှမ်းကြည့်ကြသည်။
ကမ္ဘာမြေအဆင့် တန်ခိုးရှင်တစ်ဦးက မော့မိသားစုအား ထောက်ပံ့ထားသည်ဆိုပါက အနာဂတ်တွင် သူတို့သည် ချင်းမူမြို့၏နံပါတ်၁ အင်အားစုတစ်ခုမျှသာ မဟုတ်တော့ချေ။
ကမ္ဘာမြေအဆင့် တန်ခိုးရှင်ရှိသော မိသားစုတစ်ခုသည် မိုင်တစ်ရာပတ်လည်အတွင်း နံပါတ်၁ မိသားစုဖြစ်ကာ သူတို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် မဟာမိတ်လည်း ဖြစ်နိုင်သည်။
ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရာရာဖြစ်သည်။
“မင်းတို့က ငါရှိနေရင် သိပ်လွတ်လပ်မှာ မဟုတ်ဘူး”
မော့ယွမ်က ရုတ်တရက်ပြောသည်။
“မင်းတို့မှာ အခန်းအပိုရှိလား။ ငါ နည်းနည်းပင်ပန်းနေလို့ အနားယူချင်ပြီ”
မော့ယွင်ထန့်က အလျင်အမြန် ဦးညွှတ်ကာ ပြောသည်။
“ဟုတ်ကဲ့ပါ စီနီယာ…ကျုပ်နောက်က လိုက်ခဲ့ပါ”
မော့ယွမ်က လက်ဝှေ့ယမ်းကာ ပြောသည်။
“မလိုဘူး… သူတို့နှစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်”
မော့ယွမ်က မင်္ဂလာစုံတွဲအား လက်ညိုးထိုးပြသည်။
သူတို့နှစ်ယောက်မှာ အနည်းငယ် မှင်တက်သွားကြသည်။
သတို့သမီးဖြစ်သော မိန်းကလေးစွန်းမှာ အနည်းငယ် စိုးရိမ်စိတ်ဝင်နေ၏။
သူမက စွန်းမိသားစု၏အပြုအမူနှင့်ပတ်သက်၍ မည်သို့ လုပ်ရမည်ကို မသိပေ။ သူမဘေးမှ မော့ယွီချန်မှာလည်း အခန်းအနားကို ဆက်ကျင်းပရမည်လား မသိပါ။ သူက မိန်းကလေးစွန်း၏အေးစက်သောလက်များကိုသာ ဆုပ်ကိုင်ထားသည်။
“မင်းတို့ ဘိုးဘေးပြောတာ မကြားဘူးလား။ သွားကြလေ”
မော့ယွင်ထန့်က အသံတိုးတိုးဖြင့် ပြောသည်။ မော့ယွီချန်နှင့် သတို့သမီးတို့ကလည်း အလျင်အမြန် ဦးညွှတ်ကာ မော့ယွမ်အား အခန်းတစ်ခုဆီသို့ ခေါ်လာသည်။
“အဟမ်း… အားလုံးပဲ… အခန်းအနား ဆက်ကျင်းပကြရအောင်… ဘယ်လိုလဲ”
မော့ယွင်ထန့်၏အသံကို ခန်းမထဲမှ ကြားရ၏။
“သေချာတာပေါ့… ဒီနေ့က မော့မိသားစုအတွက် ပျော်စရာနေ့ရက်ပဲ”
“ဒါပေါ့… ကျုပ်တို့က အစ်ကိုမော့နဲ့ နောက်ပိုင်း ပိုပြီး ရင်းနှီးဖို့ လိုသေးတာပဲ”
…
သူတို့သည် အိမ်တော်အနောက်ဘက်အခန်းတစ်ခုသို့ ရောက်လျှင် မော့ယွီချန်က အခန်းအား တွန်းဖွင့်လိုက်၏။ မော့ယွမ်က အခန်းတွင်းသို့ရောက်လျှင် ခန္ဓာကိုယ်က ယိမ်းယိုင်သွားသည်။ ဟန်မူယဲ့က အလျင်အမြန် လှမ်း၍ ထိန်းလိုက်ရ၏။
မော့ယွမ်၏မျက်နှာကား ပြာနှမ်းနေသည်။ သူက ဟန်မူယဲ့အား စိုးရိမ်တကြီးကြည့်ကာ ပြောသည်။
“မူယဲ့… သူတို့ကို မြန်မြန် ချင်းမူမြို့က ခေါ်ပြီးတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဆီ သွားလိုက်တော့”
“အဲဒီလူတွေ ရိပ်မိသွားရင် ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး”
မော့ယွမ်၏စကားများနှင့် လက်ရှိ သူ၏ပုံစံက မင်္ဂလာမောင်နှံအား ပြောစရာစကားမဲ့စေသည်။
လက်ရှိတွင် မော့ယွမ်သည် ကမ္ဘာမြေအဆင့် ပညာရှင်နှင့် တစ်စွန်းတစ်မျှ မတူပါ။
မော့ယွမ်က မော့ယွီချန်နှင့် သတို့သမီးအား ကြည့်သည်။
“ငါက မင်းတို့ရဲ့ဘိုးဘေးမော့ယွမ်ပဲ။ မော့မိသားစုမှတ်တမ်းမှာ မော့လင်ယန်နာမည်က ငါပဲ”
မော့လင်ယန် တဖြစ်လဲ မော့ယွမ်သည် မော့မိသားစု၏ဘိုးဘေးဖြစ်သည်။
မော့ယွီချန်နှင့် သတို့သမီးတို့မှာ မှင်တက်နေသည်။
အံ့ဖွယ်ဓားအကြီးအကဲမှာ သူတို့၏ဘိုးဘေးလား…
သူတို့၏ဘိုးဘေးမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် မဟုတ်ပေဘူးလား။ သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်း။
“ငါ့မှာ မင်းတို့ ထင်သလို မြင့်မားတဲ့ကျင့်ကြံဆင့် မရှိဘူး။ ငါ့ရဲ့ ကျင့်ကြံဆင့်နဲ့ သက်တန်းကလည်း ကုန်ခါနီးပြီ။ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး”
မော့ယွမ်၏စကားက သူတို့နှစ်ယောက်အား မျက်နှာအကြီးအကျယ် ပျက်သွားစေသည်။
မော့မိသားစု၏အုတ်မြစ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ သူတို့ဘိုးဘေးအပေါ် မူတည်နေသည်။
ဘိုးဘေးကသာ သူတို့မိသားစု၏ထောက်တိုင် မဖြစ်ပေးခဲ့လျှင် မော့မိသားစုမှာ ချင်းမူမြို့၏အင်အားကြီး မိသားစုတစ်ခု မဖြစ်လာနိုင်ပါ။
“ခုနကလူတွေကို ငါ ဖိနှိပ်လိုက်ပေမဲ့ သူတို့ ရိပ်မိသွားတာနဲ့ ပြန်လာလိမ့်မယ်”
“သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကပဲ”
မော့ယွမ်က ဟန်မူယဲ့အား ညွန်ပြသည်။
“ကျုပ်က ဟန်မူယဲ့ပါ။ ဆရာရဲ့တပည့်လည်း ဖြစ်တယ်”
ဟန်မူယဲ့က ရိုးသားစွာ ပြောသည်။
ဟန်မူယဲ့က သူ့အား ဆရာအဖြစ် အသိအမှတ်ပြုနေဦးမည်ဟု မော့ယွမ် မထင်ထားပါ။ သူက မော့ယွမ်အား ကျေးဇူးတင်စွာ ကြည့်လျှက်ပြောသည်။
“မူယဲ့က မင်းတို့ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ခေါ်သွားလိမ့်မယ်။ အနည်းဆုံး မော့မိသားစုမှာ မျိုးဆက်ကျန်တာပေါ့”
ဟန်မူယဲ့ ခေါင်းညိတ်ကာ မော့ယွီချန်နှင့် သတို့သမီးအား ပြောသည်။
“ကျုပ်နဲ့ လိုက်ခဲ့ပါ”
ထို့နောက် သူက တွန့်ဆုတ်ခြင်းမရှိဘဲ အပြင်သို့ ထွက်လာခဲ့သည်။
ဘိုးဘေးမှာ စစ်မှန်သော ပညာရှင်မဟုတ်ပါ။ ရန်သူများက မကြာခင် ပြန်ရောက်လာနိုင်သည်။
မော့ယွီချန်နှင့် မိန်းကလေးစွန်းတို့ မျက်နှာပျက်သွားကြ၏။
ထိုလူများ၏စွမ်းရည်ဖြင့်ဆိုပါက မော့မိသားစုတွင် မည်သူမှ အသက်ရှင်မည် မဟုတ်ပါ။
“မြန်မြန်သွားကြတော့”
မော့ယွမ်က လက်ဝှေ့ယမ်းကာ ပြောသည်။
မော့ယွီချန်က ခေါင်းညိတ်ကာ သတို့သမီးအား ဆွဲခေါ်သွားသည်။
သူတို့ တံခါးအပြင်သို့ ထွက်လာပြီးနောက်တွင် မြေပြင်တွင် ဒူးထောက်ကာ ဂါရဝပြုကြသည်။ ထို့နောက် ဟန်မူယဲ့နောက်သို့ အလျင်အမြန် လိုက်ပါသွားကြ၏။
သူတို့သုံးယောက် ထွက်သွားသည်ကိုကြည့်ကာ မော့ယွမ်က သက်ပြင်းချကာ ပြောသည်။
“သူတို့ ထွက်သွားတာ ကောင်းတယ်။ အရမ်းကောင်းတယ်…”
သူက စားပွဲပေါ်ကို လက်တင်ကာ ခုံပေါ်၌ ထိုင်လိုက်၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။
အလွန်ရင်းနှီးသော ဓားတစ်လက်အား သူက စားပွဲခုံပေါ်တွင် မြင်သည်။
ဟန်မူယဲ့က ‘ကံကြမ္မာဓား’ကို သူနှင့် ယူဆောင်သွားခြင်း မပြုခဲ့ပါ။
အလျင်အမြန်ပင် သူက ဓားကို လှမ်းယူလိုက်လျှင် ဓားထံမှ ဓားချီများအား သူခံစားရသည်။
မဟုတ်သေးပါဘူး…
‘ဒီကလေး ဘာလုပ်ချင်တာလဲ’
မော့ယွမ်က အားတင်းထရပ်ကာ အဝေးကောင်းကင်ကို လှမ်းကြည့်လိုက်သည်။
ထိုအခိုက်တွင် ဟန်မူယဲ့သည် မော့ယွီချန်နှင့် သတို့သမီးအား မော့မိသားစုအိမ်တော်အပြင်သို့ ခေါ်လာပြီးဖြစ်သည်။
“ကျုပ်ဆရာက တကယ်ပဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ပညာရှင်မဟုတ်ဘူး။ သူက အပြင်စည်းဂိုဏ်းမှာ နှစ် ၂၀၀ ကျင့်ကြံခဲ့တာတောင်မှ ချီစုစည်းခြင်းအဆင့်ကို မရောက်ခဲ့ဘူး”
ဟန်မူယဲ့က ရှေ့မှ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လမ်းလျှောက်ကာ ပြောသည်။
သူသည် နှစ် ၂၀၀ ကြာသည့်တိုင် ချီစုစည်းခြင်းအဆင့် မရောက်ခဲ့သည်လား။
မော့မိသားစုဘိုးဘေးမှာ ထိုမျှ အသုံးမကျ ဖြစ်နေမည်ဟု မော့ယွီချန်နှင့် သတို့သမီးတို့ မထင်ထားခဲ့ကြပါ။
“သူက နှစ် ၂၀၀လုံးကို ကျင့်ကြံခြင်းပညာရပ်တစ်ခု တီထွင်နေခဲ့တာ”
ဟန်မူယဲ့က ရှေ့ကို လမ်းလျှောက်နေရင်း သူ့ထံမှ ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါသည် သူ့နောက်မှ လိုက်ပါလာသော မော့ယွီချန်နှင့် သူ့ဇနီးအား ထိတ်လန့်စေသည်။
“မင်းတို့ ဘိုးဘေးက ဘယ်လောက်ထူးခြားတယ်ဆိုတာ ဒီနေ့ ငါမင်းတို့ကို ပြမယ်”
ဟန်မူယဲ့က အသာအယာပြောကာ အဝေးသို့ မျှော်ကြည့်လိုက်သည်။
ထိုနေရာမှ ဆယ်ယောက်ထက်ကျော်သော အစိမ်းရောင်နှင့် မီးခိုးရောင်ဝတ်လူများ ပြေးလာနေကြသည်။
“ဟဟ… ထင်တဲ့အတိုင်း သူတို့က ပြေးဖို့ ကြိုးစားနေတာပဲ”
“မြန်မြန်… မော့မိသားစုကို ဝန်းရံပြီးတော့ ရတနာကို ရှာရအောင်။ ပြီးတော့ ကျင့်ရှန်းဂိုဏ်းဆီကို သွားကြတာပေါ့”
မိန်းကလေးစွန်းအား သနားဂရုဏာသက်ဟန်ဖြင့် ကြည့်သော စွန်းမိသားစုမှ နဝမသခင်လေးအပြင် တခြားလူများအားလုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေသည်။
ဟန်မူယဲ့ ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေသည်။ သူက လက်တစ်ဖက်ကို နောက်ကျောတွင်ထားကာ နောက်လက်တစ်ဖက်အား ဖြေးညင်းစွာ ဆန့်တန်းလိုက်သည်။
“ဓားထဲက ဓားချီတွေဟာ ညင်သာသည်ဖြစ်စေ မာကြောသည်ဖြစ်စေ… အမြဲတမ်း ပြောင်းလဲနေကြတယ်”
“၁၂၈၀၀၀ သော ဓားချီတွေဟာ ဓားဆန္ဒအဖြစ် စုစည်းကြတယ်။ ဒီဓားဆန္ဒဟာ တောင်ကုန်းနဲ့ မြစ်ရေတွေကို ဖျက်ဆီးနိုင်တယ်”
“ဒါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ဖြစ်တယ်”
“ဟမ်…”
သူက ထိုသို့ပြောလိုက်သည်နှင့် ဓားအလင်းများ ဖြာထွက်လာ၏။
ထောင်ပေါင်းများစွာသော ဓားချီများ ကောင်းကင်သို့ ပျံတက်သွားကြသည်။