မော့ယွမ်၊ ချီစုစည်းခြင်းအဆင့်
Vol. 3 Ch. 32
ထောင်ပေါင်းများစွာသော ဓားအလင်းများ ပျံသန်းသွားကာ အဆုံးမဲ့သော ဓားချီများ ပေါက်ကွဲကြ၏။
ဓားချီသည် မြစ်ရေပြင်အလား ပေတစ်ထောင်သို့အထိ လှိုင်းထန်သွားသည်။
“ဓားဆန္ဒ…”
ကီလိုမီတာများစွာဝေးသောအရပ်တစ်နေရာ၌ အဖြူရောင်ဝတ်တန်ခိုးရှင်တချို့က စိတ်လှုပ်ရှားစွာ ရေရွက်ကြသည်။
“ကမ္ဘာမြေအဆင့်… သူက ကျင့်ရှန်းဂိုဏ်းက ချင်ယွမ်ဟယ်ဖြစ်မယ်”
မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးက အသံမာမာဖြင့် ဆိုသည်။
“မြန်မြန်သွားရအောင်… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီလူကို သတ်တဲ့အတွက် သေချာပေါက် ဆုလာဘ်တွေ ပေးမှာပဲ”
အဖိုးအို၏အရှိန်အဝါသည် ခက်ထန်၏။ သူသည် နောက်ကျောတွင် ဓားရှည်တစ်လက်ကို ပိုးထားကာ ထက်ရှသော စွမ်းအားများ ထုတ်လွှတ်နေ၏။
…..
ဘန်း…
အနီရောင်အချက်ပြမီးတစ်ခုသည် ကောင်းကင်၌ လင်းလက်သွား၏။
“ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ စုရပ်အမိန့်ပဲ… အမြန်သွားရအောင်။ ချင်ယွမ်ဟယ်ကို သတ်ပြီးရင် ငါတို့က အကျိုးဆောင်မှတ် ၃၀၀၀ ရမှာ”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အတွင်းစည်းဝတ်စုံဖြင့် လူတစ်စု ရှေ့ကို ပြေးလွှားသွားကြသည်။
…..
“ဓားဆန္ဒ…”
“ဟဟ… အရမ်းကောင်းတယ် ကောင်လေး”
မော့မိသားစုခြံဝင်းတွင် မော့ယွမ်သည် ကောင်းကင်မှ ဓားအလင်းကို ပြုံးလျှက် ကြည့်နေသည်။
“ငါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို အနီးကပ် မမြင်ရတာ စိတ်မကောင်းစရာပဲ”
သူ၏မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။
…..
“ဒါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပဲ”
ဟန်မူယဲ့က လက်ကို ဖြေးလေးစွာ ရုတ်သိမ်းလိုက်သည်။
သူ၏ရှေ့မှ နေရာကား ဓားမိုးဖြင့် ရွာသွန်းခံရသလို နေရာအနှံ့ အရာခပ်သိမ်း အပိုင်းပိုင်းပြတ်တောက်နေသည်။
ဆယ်ယောက်ကျော်သော တန်ခိုးရှင်များမှာ ခန္ဓာကိုယ်၌ ဓားဒဏ်ရာအများအပြားဖြင့် လဲလျောင်းနေကြသည်။
ဤသည်က ဓား ၁၀၀၀၀ တို့အိမ်အပြန်၏ ဓားဆန္ဒတစ်ခုတည်းကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဓားဆန္ဒ ၃၀၀၀ သည်သာ ဓားအဟုန်အဖြစ် စုစည်းသွားပါက ဓား ၁၀၀၀၀ တို့အိမ်အပြန်မှာ မည်သို့ ဖြစ်လာမည်နည်း။
ဟန်မူယဲ့၏မျက်လုံးများမှာ တစ်လက်လက် တောက်ပနေသည်။
“ဓား ၁၀၀၀၀ တို့အိမ်အပြန်”
မော့ယွီချန်သည် သတို့သမီး၏လက်ကို ဆုပ်ကိုင်ရင်း ဝမ်းခေါင်းသံဖြင့် ရေရွက်သည်။
ဟန်မူယဲ့သည် ချီစုဆောင်းခြင်းနှင့် ချီစုစည်းခြင်းအဆင့် တန်ခိုးရှင်ဆယ်ယောက်ကျော်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ဤသည်က အမှန်တကယ် သူတို့ဘိုးဘေး တီထွင်ခဲ့သည်လား။
ချီစုစည်းခြင်းအဆင့်သို့ မရောက်သေးသော အပြင်စည်းဂိုဏ်းသားတစ်ဦးက ထိုသို့ ကြီးကျယ်ခမ်းနားသောဓားပညာရပ်အား မည်သို့ တီထွင်နိုင်ခဲ့သနည်း။
ဟန်မူယဲ့ ရှေ့ကို တိုးသွားကာ မြေပြင်ပေါ်တွင် တွန့်လိမ်လဲလျောင်းနေသော လူတစ်ဦးဘေး၌ ဆောင့်ကြောင့်ထိုင်လျှက်မေးသည်။
“ငါ့ကိုပြော… မင်းတို့ ဘာလို့ ရောက်လာတာလဲ”
ထိုလူ၏မျက်လုံးမှာ ကြီးစွာသော အကြောက်တရားများ ရှိနေသည်။ သူက အကြိမ်အနည်းငယ် ပါးစပ်ဟသော်လည်း တဆတ်ဆတ်တုန်ခါကာ သေဆုံးသွား၏။
ဟန်မူယဲ့ လက်ဆန့်တန်းကာ ထိုလူ၏ဓားကို လှမ်းကိုင်လိုက်သည်။
ပုံရိပ်များ သူ့စိတ်ထဲတွင် ပေါ်လာ၏။
လူငယ်သည် ကျင့်ရှန်းဓားဂိုဏ်းကို ဝင်ရောက်လာသည်။
သူသည် လူငယ်ဓားသမားတစ်ဦးဖြစ်သည်။
ဂိုဏ်း၏ပင်မဂိုဏ်းသားတစ်ဦးလည်း ဖြစ်သည်။
သူသည် ဂိုဏ်းမှ အကြီးအကဲများနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား အနှောင့်အယှက်ပေးရန် ရောက်လာခြင်း ဖြစ်သည်။
“အံ့ဖွယ်နေမင်းဓားမှာ ဓားတာအိုရဲ့သဘောတရားတွေ ပါတယ်။ ငါတို့က အဲဒါကို ရှာတွေ့သရွေ့ ငါတို့ ကျင့်ရှန်းဂိုဏ်းကို အကူအညီဖြစ်စေပြီးတော့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ငါတို့ဂိုဏ်းဟာ နံပါတ် ၁ ဖြစ်လာမှာပဲ”
ပုံရိပ်ထဲတွင် စကားပြောလိုက်သူကား မုတ်ဆိတ်အနက်ရောင်ဖြင့် လူကြီးတစ်ဦးဖြစ်သည်။ သူသည် ကျင့်ရှန်းဂိုဏ်းမှ ပညာရှင် ချင်ယွမ်ဟယ် ဖြစ်သည်။
“ကျင့်ရှန်းဂိုဏ်း… အံ့ဖွယ်နေမင်းဓား…”
ဟန်မူယဲ့ မျက်တောင်များကို ပင့်လိုက်သည်။
နောက်ဆုံးအကြိမ်က အံ့ဖွယ်နေမင်းဓားအကြောင်းကို သိခဲ့ရသည်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတပည့် ကျိယွင်၏ပုံရိပ်များမှ ဖြစ်သည်။
ထိုဓားတွင် မည်သည့်လျှို့ဝှက်ချက်များ ရှိသနည်း။
“ညီမလေး… ညီမလေး…”
သွေးအိုင်ထဲတွင် လဲလျောင်းနေသော စွန်းလုယန်သည် လူးလိမ့်ကာ သတို့သမီးအား လှမ်းခေါ်၏။
မိန်းကလေးစွန်းသည် သူမ၏ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်ကာ ငိုကြွေးနေ၏။
“ညီမလေး… မင်းရဲ့အစ်ကို၉ ကို အပြစ်မတင်ပါနဲ့”
“စွန်းမိသားစုဟာ ကျင့်ရှန်းဂိုဏ်းရဲ့အမြစ်ဖြုတ်သုတ်သင်ခံရပြီးပြီ။ ငါတို့မှာ ရွေးချယ်စရာမရှိခဲ့ဘူး”
“ညီမလေးကတော့… ကောင်းကောင်းအသက်ရှင်သွားပါ…ညီမလေး သေချာပေါက်…”
သူကား စကားမဆုံးမှီတွင်ပင် သေဆုံးသွားပြီဖြစ်သည်။
ဝုန်း…
အနီးတွင် အချက်ပြမီးတောက်များ လင်းလက်သွား၏။
ဟန်မူယဲ့ ထရပ်ကာ နောက်လှည့်လိုက်သည်။
“သွားကြမယ်”
ထို့နောက် သူက မော့အိမ်တော်ထံသို့ ဦးတည်လိုက်သည်။
မော့ယွီချန်နှင့် သူ့ဇနီးတို့မှာ ဟန်မူယဲ့၏မျက်နှာ သွေးဆုတ်နေသည်ကို မမြင်ခဲ့ပါ။
ပထမဆုံးအကြိမ် လူသတ်ခြင်းက ကောင်းမွန်သော ခံစားချက် မဟုတ်ချေ။
“ယင်အာ… ငါတို့ မော့မိသားစုမှာ အကြီးအကဲတစ်ယောက်ရှိတယ်။ ငါ မော့ယွီချန် သေချာပေါက် မင်းအတွက် လက်စားချေပေးမယ်”
မော့ယွီချန်က သတို့သမီး၏တုန်ယင်နေသော လက်ကို ဆွဲကာ ခိုင်မာသောလေသံဖြင့် ပြောသည်။
မော့ယွင်ထန့်နှင့် တခြားလူများ ရောက်လာသောအခါ တိုက်ပွဲနေရာတွင် မည်သူမှ အသက်ရှင်မကျန်တော့ပေ။
“ဓားချီ… ဒါက ဓားချီကြောင့် ဒဏ်ရာရထားတာပဲ”
“ကမ္ဘာမြေအဆင့်… သူက ကမ္ဘာမြေအဆင့်ပဲ”
အားလုံးက မော့ယွင်ထန့်အား အံ့အားသင့်စွာ ကြည့်ကြသည်။
မည်သူ လုပ်ဆောင်ခဲ့သည်မှာ သိသာလွန်း၏။
မော့ယွင်ထန့်ကလည်း ပြုံးလျှက်ပင် မည်သည့်စကားမှ မဆိုဘဲ အဝေးကို ကြည့်သည်။
အဝေးမှ ပုံရိပ်တချို့ ပြေးလာကြသည်။
ထိုလူများအားလုံးထံမှ ထက်ရှသော အငွေ့အသက်များ ထုတ်လွှတ်နေ၏။
သူတို့အားလုံးမှာ ဓားသမားများ ဖြစ်ကြသည်။
“စီနီယာတို့ကို နှုတ်ဆက်ပါတယ်”
မော့ယွင်ထန့်က ရှေ့ကို တက်သွားကာ အသစ်ရောက်လာသူများအား ဦးညွှတ်လိုက်၏။
သူ့ရှေ့မှ လူမှာ မီးခိုးရောင်ဝတ်စုံကို ဝတ်ထားပြီး ဓားရှည်ကို လွယ်ပိုးထား၏။ သူက အနီးအနားကို ကြည့်ကာ မျက်မှောင်ကြုတ်လျှက် မေးသည်။
“ဒါကို ခင်ဗျား လုပ်ခဲ့တာလား”
မော့ယွမ်ထန့်က ခေါင်းယမ်းကာ ပြောသည်။
“စီနီယာ… ဒါက မော့မိသားစုထဲက စီနီယာတစ်ယောက် လုပ်ခဲ့တာပါ”
“ဒီစီနီယာက ကျုပ်တို့ မော့မိသားစုဘိုးဘေးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်”
ထို့နောက် သူက အရိုအသေပေးကာ ပြောသည်။
“ကျုပ်တို့မော့မိသားစုဘိုးဘေးဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာပါ”
အစိမ်းရောင်ဝတ်အဖိုးအို၏အမူအရာက ပြောင်းလဲသွားကာ ခေါင်းညိတ်သည်။
“အင်း… ကောင်းတယ်။ ဒါဆို မော့မိသားစုက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ပတ်သက်မှုရှိတာပေါ့”
“ကျုပ်နာမည် ရှုလင်းကျင်း… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့စီမံခန့်ခွဲရေးမှူးပဲ”
“ဒီကမ္ဘာမြေအဆင့်စီနီယာက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ပြဿနာကို ကူညီဖြေရှင်းပေးခဲ့တယ်။ ကျုပ်တို့က မော့မိသားစုရဲ့ကမ္ဘာမြေအဆင့်အကြီးအကဲဆီကို သွားတွေ့သင့်တယ်”
ကမ္ဘာမြေအဆင့်ပညာရှင်…
သူ့ရှေ့မှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားက အံ့ဖွယ်ဓားအကြီးအကဲမှာ ကမ္ဘာမြေအဆင့်ဟု ပြောသည်။
မော့ယွင်ထန့်က ပြုံးလျှက် အလျင်အမြန်ပင် လက်ဆန့်တန်းကာ ပြောသည်။
“စီနီယာတို့ ကြွပါ…”
မော့မိသားစုဝင်တချို့က အလောင်းများကို စတင်၍ ရှင်းလင်းသည်။
လူတိုင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသားများနှင့်အတူ မော့မိသားစုထံသို့ ပြန်လာကြသည်။
“ဟူး… မော့မိသားစုက တကယ်ပဲ အောင်မြင်လာတာပဲ”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လူတွေတောင်မှ မော့မိသားစုကို လာလည်ရတယ်။ မော့မိသားစုက တကယ် အင်အားကြီးလာပြီပဲ”
ဧည့်သည်များအားလုံးက တီးတိုးပြောကာ မော့မိသားစုဝင်များနောက်မှ လိုက်ပါသွားကြ၏။
….
မော့မိသားစု အနောက်ဘက်ခြံဝင်းတွင် ဟန်မူယဲ့ ပြန်ရောက်လာသည်။
မော့ယွမ်က စိတ်လှုပ်ရှားစွာဖြင့် ဆီးကြို၍ မေးသည်။
“အဲဒါ ဘယ်လိုလဲ”
“ချီစုဆောင်းခြင်းနဲ့ ချီစုစည်းခြင်းအဆင့်တွေ အကုန်လုံး ဓားတစ်ချက်တည်းနဲ့ အဆုံးသတ်သွားတယ်”
ဟန်မူယဲ့က လေးနက်သောအသံဖြင့် ပြောသည်။
“ဟဟ… ကောင်းတယ်… ကောင်းတယ်”
မော့ယွမ်က ရယ်မောကာ ပြောသည်။
ဓား ၁၀၀၀၀ တို့အိမ်အပြန်သည် အမှန်တကယ်ပင် ထောင်ပေါင်းများစွာသော ရန်သူများအား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။
နှစ် ၂၀၀ခန့် ထိုပညာရပ်ကို ကြိုးစားတီထွင်ပြီးနောက်တွင် မော့ယွမ်သည် သူ့ဘဝတွင် နောင်တ ရစရာ မရှိတော့ပါ။
သူ၏မျက်နှာ ပြာနှမ်းသွားကာ အကြိမ်တချို့ ခြောင်းဆိုးလိုက်၏။ သူ၏ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ လဲသွားတော့မည်ကဲသို့ ဖြစ်သွားသည်။
ဟန်မူယဲ့ ရှေ့ကို တက်သွားကာ တွဲထူလိုက်သည်။
မော့ယွီချန်နှင့် မိန်းကလေးစွန်းတို့လည်း ရောက်လာသည်။ သူတို့နှစ်ဦးက အချင်းချင်းကြည့်ကာ မော့ယွမ်ရှေ့တွင် ဒူးထောက်အရိုအသေပေးကြ၏။
“ဘိုးဘေးကို အရိုအသေပေးပါတယ်”
“ဟီးဟီး… ငါက အသုံးမကျဘူးလို့ မတွေးဘူးလား”
မော့ယွမ်က ရယ်မောလိုက်သည်။ သူ၏စကားတွင် စိတ်သက်သာရာရမှုနှင့် နောင်တတချို့ ရှိနေသည်။
“ဘိုးဘေးဟာ အရမ်းထူးခြားထက်မြက်ပါတယ်။ ဘိုးဘေးတီထွင်ခဲ့တဲ့ဓားသိုင်းဟာ ပြိုင်စံရှားလှတယ်”
မော့ယွီချန်က မော့ယွမ်အား လေးစားသော မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
ဟန်မူယဲ့၏ဓားချက်က သူ့အား အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။
ထိုသို့သော ဓားသိုင်းအား တီထွင်ခဲ့သူမှာ မော့မိသားစုဘိုးဘေးဖြစ်သည်။
မော့ယွီချန်၏စကားကိုကြားလျှင် မော့ယွမ်၏မျက်နှာတွင် နောင်တရဟန်များ ပေါ်လာ၏။ သူက တီးတိုးပြောသည်။
“ငါ့ဒန်ထျန်က ခမ်းခြောက်သွားတာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ငါ ရက်နည်းနည်းလောက် နေနိုင်သေးတယ်”
“ငါ မော့မိသားစုနဲ့ ရက်နည်းနည်းလောက် အတူနေချင်သေးတယ်”
ထိုသို့ပြောနေစဉ်မှာပင် မော့ယွမ်၏မျက်လုံးများမှ အလင်းများ မှိန်ဖျော့လာ၏။
ထိုအခိုက် ဟန်မူယဲ့က ရုတ်တရက် လက်ဆန့်တန်းကာ မော့ယွမ်၏ပုခုံးအား ဖိလိုက်သည်။
အားလှိုင်းတစ်ခုသည် သူ့ထံသို့ စီးဆင်းလာကာ သူ့မျက်လုံးအား ပြူးကျယ်သွားစေသည်။
ဓားဆန္ဒ…
၎င်းသည် ပြီးပြည့်စုံသော ဓားဆန္ဒတစ်ခုဖြစ်ကာ မော့ယွမ်၏သွေးကြောများမှနေ၍ တိုက်ရိုက်စီးဆင်းသွား၏။ ထို့နောက် ၎င်းသည် ရင်ဘတ်ရှိ သူ၏ချီပင်လယ်သို့ ကျဆင်းသွားသည်။
ဟန်မူယဲ့က ဆေးတစ်လုံးကို မော့ယွမ်၏ပါးစပ်ထဲသို့ ထည့်လိုက်၏။
ဆေးလုံးသည် သူ့ပါးစပ်ထဲတွင် အငွေ့ပျံသွားကာ သဘာဝစွမ်းအားများအဖြစ် ပြောင်းလဲသွား၏။
သဘာဝစွမ်းအားများသည် ဓားချီများ ဖြတ်သန်းသွားသော သွေးကြောများမှ တစ်ဆင့် စီးဆင်းကာ မော့ယွမ်၏ခြောက်သွေ့နေသော ဒန်ထျန်သို့ ကျဆင်း၏။
ဟူး…
မော့ယွမ်၏ခန္ဓာကိုယ်မှ အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ချီစုစည်းခြင်းအဆင့်…
ဓားဆန္ဒသည် သူ၏ချီပင်လယ်ကို ဖွင့်လှစ်ကာ အမြင့်ဆုံးအရည်အသွေး တိမ်မြူချီသည် သွေးကြောများမှတစ်ဆင့် ဒန်ထျန်ကို အသက်ဝင်စေလျှက် မော့ယွမ်၏ကျင့်ကြံဆင့်အား ချီစုစည်းခြင်းအဆင့်သို့ တိုက်ရိုက်တက်လှမ်းသွားစေ၏။
သူက ချီစုစည်းခြင်းအဆင့်သို့ ရောက်သည်နှင့် မူလက ကုန်ဆုံးသွားသော သူ့သက်တန်းမှာလည်း အလျင်အမြန် တိုးပွားလာခဲ့သည်။ မော့ယွမ်၏အရှိန်အဝါမှာလည်း အားကောင်းလာခဲ့ကာ ဆံပင်ဖြူများမှာ ညိုမဲလာခဲ့ကြသည်။
သူ၏သွေးရောင်မဲ့သော မျက်နှာမှာလည်း အရောင်အဆင်းများ ပြန်ရလာ၏။
ဟူး…
မော့ယွမ်က မျက်လုံးများကို ဖွင့်လိုက်လျှင် ဓားအလင်းတစ်ချက် လက်သွားသည်။
ပေ ၁၀၀၀၀ ပတ်လည်အတွင်းမှ ဓားများအားလုံး အဆက်မပြတ် တုန်ခါလာကြ၏။
မော့မိသားစုဧည့်ဆောင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ရှုလင်းကျင်းသည် ရုတ်တရက် တုန်လှုပ်သွား၏။
သူ၏နောက်ကျောမှ ဓားများ တုန်ခါနေသည်။
သူ တစ်ယောက်တည်း မဟုတ်ပေ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားသမားများအားလုံး၏ဓားများမှာလည်း အဆက်မပြတ် တုန်ခါနေ၏။ ၎င်းတို့အားလုံးမှာ ကောင်းကင်သို့ ပျံသန်းသွားတော့မည့်ဟန် ရနေသည်။
“ဓားဆန္ဒစုစည်းတာ… ကမ္ဘာမြေအဆင့်တန်ခိုးရှင်တစ်ယောက် နိုးထလာပြီ”
ရှုလင်းကျင်းက ထိုနေရာတွင်ပင် ရပ်ကာ ဦးညွှတ်သည်။
ဤသည်က ပို၍ သန်မာသူကို လေးစားမှုလည်း ဖြစ်သည်။