ဂိုဏ်းသို့ အပြန်
Vol. 3 Ch. 33
မော့မိသားစုနှင့် ကီလိုမီတာ အတော်လေးလှမ်းသောနေရာ၌ လူအများအပြားက ရပ်တန့်လိုက်ကြသည်။
“အားကောင်းလိုက်တဲ့ ဓားဆန္ဒပဲ… ဒါက တစ်စုံတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကိုတောင် တုန်ခါစေတယ်”
မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးက သက်ပြင်းချကာ ပြောသည်။
“ဒီလို ဓားဆန္ဒမျိုးနဲ့ဆိုရင် သူဟာ အဆင့်တူတွေကြားမှာ ပြိုင်စံရှားတယ်”
အနက်ရောင်ဝတ်သက်လတ်ပိုင်းလူကြီးတစ်ဦးကလည်း ခေါင်းယမ်းကာ ပြောသည်။
“မော့မိသားစုနဲ့ စွန်းမိသားစုအကြားက မဟာမိတ်လက်ထပ်ပွဲဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို ယူဆောင်လာတယ်။ ငါ မထင်ထားတာက…”
“သွားရအောင်… ဒီလိုပညာရှင်က မော့မိသားစုကို ထောက်ပံ့ထားမှတော့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက သူတို့ကို ပြဿနာလုပ်မှာ မဟုတ်ဘူး”
နောက်ထပ် အနက်ရောင်ဝတ်လူတစ်ဦးကလည်း နောက်လှည့်ကာ ထွက်သွားသည်။
“ဒီလူရဲ့ ချီအားနဲ့ ဓားဆန္ဒက ချင်ယွမ်ဟယ်ထက်တောင် အဆင့်မြင့်သေးတယ်။ ငါတို့ သွားကြည့်စရာမလိုဘူး။ သူက ချင်ယွမ်ဟယ်မဟုတ်ဘူး”
မော့မိသားစုအပြင်ဘက်တွင် တန်ခိုးရှင်များ တိတ်ဆိတ်စွာ ပြန်ထွက်သွားကြ၏။
မော့မိသားစုမှာ သေလမ်းနှင့် အလွန်နီးကပ်ခဲ့သည်ကို မသိခဲ့ကြပါ။
အိမ်တော်အရှေ့တွင် ဓားများတုန်ခါနေသည်မှာ ရပ်တန့်သွားပြီးဖြစ်သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တိုက်ခိုက်ရေးခန်းဆောင် စီမံခန့်ခွဲရေးမှူး ရှုလင်းကျင်းသည် ခါးဆန့်ကာ မော့ယွင်ထန့်အား ကြည့်သည်။
“ခေါင်းဆောင်မော့… ဒီစီနီယာက တံခါးပိတ်ကျင့်ကြံချင်မှတော့ ကျုပ်တို့ မနှောင့်ယှက်တော့ဘူး”
“ကျုပ်တို့က ချင်ယွမ်ဟယ်နောက်ကို လိုက်ဖို့ လိုသေးတယ်”
ရှုလင်းကျင်း၏စကားက မော့ယွင်ထန့်အား မှင်တက်သွားစေသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အိမ်တော်အဝင်ဝကို ရောက်ပြီးမှ အဘယ်ကြောင့် မဝင်လိုသနည်း။
မော့ယွင်ထန့် နားမလည်သည်ကိုမြင်လျှင် ရှုလင်းကျင်းကပြုံးလျှက် ပြောသည်။
“ခေါင်းဆောင်မော့… စိတ်မပူပါနဲ့။ ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တစ်စုံတစ်ယောက်ဟာ သေချာပေါက် မော့မိသားစုကို လာလည်ပါလိမ့်မယ်။ ကျုပ်ရဲ့ တိုက်ခိုက်ရေးခန်းဆောင်မှာ တခြားတာဝန်တစ်ခုရှိသေးတယ်”
သူက အိမ်တော်ဘက်ကို တစ်ခေါက် အရိုအသေပေးကာ ထွက်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ လူများ ထွက်သွားသည်ကို ကြည့်ကာ မော့ယွင်ထန့် ချွေးစေးများ ပြန်ကာ ကြောက်စိတ်များ ဝင်လာ၏။
တိုက်ခိုက်ရေးခန်းဆောင်သည် သတ်ဖြတ်ခြင်းကို တာဝန်ယူရ၏။ သို့ဆိုလျှင် သူတို့က မော့မိသားစုကို အဘယ်ကြောင့် ရောက်လာသနည်း။ သူတို့ ရည်ရွယ်ချက်ကား ထင်ရှားသည်။
သူက မော့မိသားစုခြံဝင်းဘက်ကို လေးစားစွာ လှမ်းကြည့်သည်။
အံ့ဖွယ်ဓားအကြီးအကဲက သူတို့အား ဓားဆန္ဒဖြင့် သတိပေးခဲ့သည်မှာ မထူးဆန်းတော့ပါ။
သူ့ကြောင့်သာမဟုတ်ပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မော့မိသားစုအား ထိခိုက်စေပေလိမ့်မည်။
ထိုအခိုက်တွင် မော့အိမ်တော်အနောက်ဘက်ရှိ အခန်းတစ်ခုထဲတွင် မော့ယွမ်သည် သူ၏အရှိန်အဝါအား ပြန်ရုပ်သိမ်းလိုက်၏။
“မူယဲ့… မင်း တကယ်ပဲ ဓားစံအိမ်ကို ပြန်မှာလား”
လက်ရှိတွင် သူသည် ချီစုစည်းခြင်းအဆင့်သို့ ရောက်ရှိကာ သက်တန်းမှာလည်း နောက်ထပ် နှစ် ၁၀၀ ထပ်တိုးသွားပြီ ဖြစ်သည်။ သူ၏ဓားဆန္ဒနှင့် ဓား ၁၀၀၀၀ တို့အိမ်အပြန်ပညာရပ်တို့ ပေါင်းလျှင် ကမ္ဘာမြေအဆင့်များပင် သူ့ပြိုင်ဘက် မဟုတ်ပါ။
အကယ်၍ ဟန်မူယဲ့သာ သူ့လက်အောက်၌ လေ့ကျင့်ပါက သူက သေချာပေါက် အစွမ်းကုန် သင်ကြားပေးပေလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်ကာ ဓားစံအိမ်၏ဓားထိန်းတစ်ဦးသာ ဖြစ်လိုသည်။
“ဆရာ… ကျွန်တော် ဖွဲ့စည်းထားတဲ့ ဓားချီတွေဟာ ဓားစံအိမ်က ရတာပါ။ ကျွန်တော့အနေနဲ့ ဓားစံအိမ်မှာ ကျင့်ကြံတာက ပိုသင့်တော်ပါတယ်”
ဟန်မူယဲ့ အသာအယာပြောသည်။
ဟန်မူယဲ့က ဓားချီကို ရည်ညွန်းပြောလျှင် မော့ယွမ်က သဘောတူသည်။
ဟန်မူယဲ့က သူ့အား ဓားဆန္ဒနှင့် အမြင့်ဆုံးအရည်အသွေး တိမ်မြူချီတို့အား မပေးခဲ့ပါက သူသည် သေချာပေါက် သက်တန်းကုန်ကာ ဘဝတစ်ပါး ပြောင်းသွားပြီ ဖြစ်သည်။
“ကောင်းပြီ…”
မော့ယွမ်က ဟန်မူယဲ့အား ကြည့်ကာ လက်ဆန့်တန်းလျှက် ကံကြမ္မာဓားကို ကမ်းပေးသည်။
“ငါ မင်းကို သင်ပေးနိုင်တာတစ်ခုတည်းက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပဲ”
“မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ပြန်ပြီး ကျင့်ကြပါ။ တစ်ခုခုလိုအပ်ရင် ငါ့ဆီကို တိုက်ရိုက်လာရှာ”
“ငါ မော့ယွမ်… ငါတို့ဆရာတပည့် ပတ်သက်မှုကို ဘယ်တော့မှ မမေ့ဘူး”
ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို ဆက်ခံခြင်းဖြစ်စေ၊ သူ၏သက်တန်းကို တိုးပွားအောင် ကူညီပေးခြင်းဖြစ်စေ၊ ဟန်မူယဲ့သည် မော့ယွမ်အား ကြီးမားသော ကျေးဇူး ပြုခဲ့သည်ဟု ဆိုနိုင်သည်။
“ဆရာ… ဂရုစိုက်ပါ”
ဟန်မူယဲ့က ကံကြမ္မာဓားကို ယူလိုက်ကာ အခန်းပြင်သို့ ထွက်သွားသည်။
မော့ယွမ်က သူ့နောက်ကျောကို သက်ပြင်းချလျှက် ကြည့်နေ၏။
သူသည် လက်တွင် ကိုင်ဆောင်ရန် ဓားတစ်လက် မလိုတော့ပါ။
ဟန်မူယဲ့ပြောသလို နှလုံးသားထဲတွင် ဓားရှိနေသရွေ့ အဆင်ပြေသည်။
ဓား ၁၀၀၀၀ တို့အိမ်အပြန်သည် နှလုံးသားထဲမှ ဓား ၁၀၀၀၀ ကိုသာ လိုအပ်၏။
“ဒီလိုဆိုမှတော့ ငါဟာ ဒီမှာပဲ အံ့ဖွယ်ဓားအကြီးအကဲနာမည်နဲ့ တံခါးပိတ်ကျင့်ကြံနေတော့မယ်”
“ဖြစ်နိုင်တာက နှစ်တစ်ရာအတွင်းမှာ ဓား ၁၀၀၀၀ တို့အိမ်အပြန်ဟာ နာမည်ကျော်ကြားလာလိမ့်မယ်”
မော့ယွမ်၏မျက်လုံးများက ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော သူရဲကောင်းဝိညာဉ်များ ကပ်ငြိနေ၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ အပြန်လမ်းတွင် ဟန်မူယဲ့သည် ရထားလုံးကို အပြင်းနှင်နေ၏။
နေ့တစ်ဝက်ခန့်မျှဖြင့် သူသည် မိုင် ၂၀၀ခန့် ခရီးနှင်ပြီး ဖြစ်သည်။
ကံမကောင်းသည်ကား ချင်သုံးပါးဓားဂိုဏ်းနှင့် ကျင့်ရှန်းဓားဂိုဏ်းတို့ ရှာဖွေနေသော ရတနာမှာ မည်သည့်သတင်းအစအနမျှ မရှိပါ။
မိန်းကလေးစွန်း၏အဆိုအရ ၎င်းသည် စွန်းမိသားစု၏မင်္ဂလာလက်ဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ ထိုအရာမှာ အနက်ရောင်ဓားတစ်လက်ဟုလည်း ဆိုသည်။
ထိုကိစ္စမှာ ထူးဆန်းနေသော်လည်း ဟန်မူယဲ့ ဝင်စွက်ဖက်ခြင်း မပြုလိုပါ။
မော့ယွမ်သည် ချင်းမူမြို့တွင် တံခါးပိတ်ကျင့်ကြံနေရာ သူရှိနေခြင်းဖြင့် မော့မိသားစုမှာ ဘေးကင်းပေသည်။
ညနေစောင်းလျှင် ဟန်မူယဲ့သည် ရထားလုံးကို ရပ်ကာ တောင်တန်းဘေး၌ မီးဖိုသည်။ ထို့နောက် အသားခြောက်များအား မီးဖိုထက်တွင် တင်လိုက်သည်။
မီးဖိုရှေ့တွင် ထိုင်နေရင်း ဟန်မူယဲ့က ကျောက်စိမ်းပုလင်းငယ်အား ထုတ်ကြည့်လိုက်၏။
ပုလင်းထဲတွင် အသက်ရှည်ဆေး ရှိသည်။
ဆေးလုံးမှာ သက်တန်းတစ်နှစ်ကို တိုးပွားစေနိုင်၏။
အကြီးအကဲစုလျန့်နှင့် အမျိုးသမီးကျင့်ကြံသူ ကျင်းယွမ်၏အဆိုအရ ဟန်မူယဲ့၏သက်တန်းမှာ ကုန်ဆုံးသွားပြီး ဖြစ်သည်။
သို့သော် လက်ရှိဟန်မူယဲ့သည် သက်တန်းကုန်ဆုံးသွားသည့်ခံစားချက်မရသလို သူ့ခန္ဓာကိုယ်မှာလည်း ခွန်အားများ ပြန်ပြည့်လာသည့် ခံစားချက် ရှိနေသည်။
“ကြည့်ရတာ ဓားဆန္ဒနှစ်ခုကို သုံးလိုက်တာက ငါ့သက်တန်းကို ဒဏ်ဖြစ်စေတာ လျော့သွားပုံရတယ်”
ဟန်မူယဲ့က မျက်လုံးများ အရောင်တောက်လျှက် ရေရွက်သည်။
ထိုနေ့က သူသည် ဓားဆန္ဒတစ်ခုဖြင့် ဓား ၁၀၀၀၀ တို့အိမ်အပြန်အား အသုံးပြုခဲ့သည်။ နောက်ထပ် ဓားဆန္ဒတစ်ခုကိုကား မော့ယွမ်ကို ပေးခဲ့သည်။
လက်ရှိတွင် သူ၏ချီပင်လယ်၌ ဓားဆန္ဒနှစ်ခု ပျောက်ဆုံးသွားပြီးဖြစ်ကာ သူ၏သက်တန်းမှာလည်း အနည်းငယ် ပြန်တိုးပွားလာသည်။
“အာ… ဒီလို တောကြီးထဲမှာ ငါက အသားပူပူလေးတွေ ရှာတွေ့တာပဲ”
ရုတ်တရက် အသံတစ်ခုကို ကြားလျှင် ဟန်မူယဲ့က ပုလင်းငယ်အား သိမ်းဆည်းလိုက်၏။
သူက လှမ်းကြည့်လျှင် မုတ်ဆိတ်တိုတို၊ စူးရှသော မျက်လုံးများဖြင့် အစိမ်းရောင်ဝတ် လူကြီးတစ်ဦး လှမ်းလာသည်ကို မြင်သည်။
ထိုဓားသမားက ဟန်မူယဲ့ရှေ့တွင်ထိုင်ကာ အသားကင်ကို လှမ်းယူလိုက်၏။
“အာ… အု… ပူလိုက်တာ…”
အသားကင်တစ်စအား ပါးစပ်ထဲကို ပစ်သွင်းရင်း ဓားသမားက ဟန်မူယဲ့အား ကြည့်သည်။
“မင်းမှာ သေရည်ရှိလား”
ဟန်မူယဲ့ ခေါင်းယမ်းသည်။
“သွား… သေရည်သွားရှာ”
သတ်လတ်ပိုင်းဓားသမားက လက်ဝှေ့ယမ်းကာ ပြောသည်။
ဟန်မူမဲ့ တုတ်တုတ်မျှ မလှုပ်ပါ။
“ကောင်လေး… ငါပြောတာ မကြားဘူးလား”
ဟန်မူယဲ့ မလှုပ်သည်ကိုမြင်လျှင် ဓားသမားက သူ့အား ဒေါသတကြီးကြည့်ကာ အော်လိုက်သည်။
“မင်း သေချင်လား”
ဟန်မူယဲ့၏အမူအရာ ပြောင်းလဲခြင်း မရှိပါ။ သူက တည်ငြိမ်စွာ ပြောသည်။
“ကျုပ် သေရည်သွားယူရင် ကျုပ်ကို မသတ်တော့ဘူးလား”
“ခင်ဗျားက ချင်းမူမြို့ကတည်းက ရထားလုံးအောက်မှာ ပုန်းပြီး လိုက်လာတယ်။ ကျုပ်နောက်ကို မိုင် ၂၀၀ကျော် လိုက်လာတာ သတ်ဖို့ မဟုတ်ဘူးလား”
သတ်လတ်ပိုင်းဓားသမား၏အမူအရာက အဆက်မပြတ် ပြောင်းလဲသွားကာ နောက်ကို အလျင်အမြန် ဆုတ်လိုက်သည်။
“ဟုတ်လှချည်လား… အဖိုးကြီးက မင်းကို ချင်းမူမြို့မှာ ကာကွယ်ပေးခဲ့တာ မထူးဆန်းတော့ဘူး။ မင်းက တကယ် တစ်ခုခုပဲ”
သူက နှာခေါင်းရှုံ့ကာ ဓားပေါ်သို့ လက်တင်ကာ ပြောသည်။
“ဒါဆိုလည်း ငါမင်းကို စိတ်ချမ်းချမ်းသာသာနဲ့ သေခိုင်းရတော့မှာပဲ။ ငါက ကျင်းရှန်းဓားဂိုဏ်းက ချင်…”
သူက စကားမဆုံးသေးခင်တွင်ပင် ဟန်မူယဲ့က ထရပ်သည်။
“ချင်ယွမ်ဟယ်… ကျိုးရန်က ခင်ဗျားကို ညီအကိုလို သဘောထားတယ်။ ဘာလို့ သူ့ကို သတ်ခဲ့တာလဲ”
ချင်ယွမ်ဟယ်…
သည်လူမှာ ကျင်းရှန်းဓားဂိုဏ်းမှ ချင်ယွမ်ဟယ် ဖြစ်သည်။
“အဓိပ္ပာယ်မရှိတာ။ ငါက ဘာလို့ ကျိုးရန်ကိုသတ်ရမှာလဲ…”
ချင်ယွမ်ဟယ်က ဒေါသတကြီးဖြင့် ဓားကို ထုတ်လိုက်သည်။
သူသည် မြန်ဆန်သော်လည်း ဟန်မူယဲ့မှာ ပို၍ မြန်သည်။
သူတို့နှစ်ဦးအကြားမှ မီးပုံမှာ မီးစများအဖြစ် ပေါက်ကွဲထွက်သွားကာ အနီရင့်ရင့်ဓားချီတစ်ခု ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်နှင့် အနီရောင်ဓားအလင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် ပုံသဏ္ဌာန်ကင်းမဲ့သော ဓားဆန္ဒသည် ချင်ယွမ်ဟယ်ထံသို့ တိုက်ရိုက်တိုးဝင်သွား၏။
“ဓားဆန္ဒနှစ်ခု…”
“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ”
ချင်ယွမ်ဟယ်က မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ခွန်အားဖြင့် အစိမ်းရောင်ဓားဆန္ဒကို တားဆီးလိုက်သည်။ နောက်ထပ် အနီရင့်ရင့်ဓားဆန္ဒသည် ပေါက်ကွဲထွက်သွားကာ အဆုံးမဲ့သော ဓားချီများဖြစ်သွားလျှက် သူ့အား ဖုံးလွှမ်းသွားသည်။
“ကွဲပျက်စမ်း…”
ချင်ယွမ်ဟယ်က မာန်သွင်းအော်ဟစ်ကာ သူ၏ဓားထံမှလည်း ထောင်ပေါင်းများစွာသော ဓားချီများက အစိမ်းရောင်နှင့် အနီရောင်ဓားဆန္ဒတို့ကို ရင်ဆိုင်တိုက်ခိုက်သည်။
သို့သော်လည်း သူ၏ဓားဆန္ဒမှာ မည်မျှ သန်မာသည်ဖြစ်စေ၊ ဓားဆန္ဒနှစ်ခု၏ ပြင်းထန်စွာ တိုက်ခိုက်မှုကို မတားဆီးနိုင်ပါ။ စက္ကန့်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာအများအပြား ဖြစ်ပေါ်လာသည်။
“သတ်…”
ချင်ယွမ်ဟယ်က ဓားကို မြှောက်ကာ သူ့ရှေ့မှ အစိမ်းရောင်ဓားဆန္ဒအား ခုတ်ပိုင်းလိုက်၏။ ထို့နောက် ထိုစွမ်းအားမှ တန်ပြန်သက်ရောက်အားကို ယူကာ ပေ ၁၀၀ အကွာအဝေးသို့ ဆုတ်ခွာသွားသည်။
“ကလင်…”
လေထဲမှ ဓားရှည်မှာ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
အစိမ်းရောင်နှင့် အနီရောင်ဓားဆန္ဒတို့သည် မီးပုံအပေါ်တွင် ညင်သာစွာ လှည့်ပတ်နေကြသည်။