ဝိညာဉ်ဓားတစ်လက် ရရှိခြင်း
Vol. 3 Ch. 34
လက်ဗလာဖြင့်ပင် ချင်ယွမ်ဟယ်သည် ဟန်မူယဲ့အား ကြောက်လန့်တကြား ကြည့်သည်။
သူက အံကြိတ်ကာ ဟန်မူယဲ့အား စိုက်ကြည့်ကာ ပြောသည်။
“ကောင်လေး… မင်းမှာ ဓားဆန္ဒထပ်ရှိမယ်လို့ ငါမယုံ…”
ချင်ယွမ်ဟယ်သည် ဟန်မူယဲ့ထံသို့ ပြေးဝင်လာ၏။
သူပြော၍ မဆုံးသေးခင်တွင်ပင် နောက်ထပ်ဓားဆန္ဒတစ်ခု ဟန်မူယဲ့၏ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည်။
လေထဲတွင်ပင် ချင်ယွမ်ဟယ်သည် နောက်လှည့်ကာ တောင်အုပ်ထဲသို့ ပြေးလွှားသွား၏။
သူ ထွက်ပြေးသွားခဲ့သည်။
ဓားဆန္ဒ ဖွဲ့စည်းထားပြီးသော ကမ္ဘာမြေအဆင့်တန်ခိုးရှင်မှာ ပြေးသွားပြီ ဖြစ်သည်။
ဟန်မူယဲ့က တောထဲကို ထွက်ပြေးသွားသောပုံရိပ်အား ကြည့်ကာ ပြုံးလိုက်သည်။
သူက အဝတ်စကို တစ်ချက်ခါကာ လက်ချောင်းများကို ပြန်ရုတ်သိမ်းလိုက်၏။
“ကလင်…”
ကံကြမ္မာဓားရှည် နှင့် ခရမ်းမီးတောက်ဓားတိုတို့မှာ ဓားအိမ်ထဲကို ပြန်ဝင်ရောက်လာသည်။
ဓားဆန္ဒတစ်ခုက ဓား ၁၀၀၀၀ တို့အိမ်အပြန်အတွက် ထောင်ပေါင်းများစွာသော ဓားချီအဖြစ် အသွင်ပြောင်းရန် မလိုပါ။
ကမ္ဘာမြေအဆင့်တန်ခိုးရှင်တစ်ဦးနှင် ရင်ဆိုင်ရာတွင် ဓားဆန္ဒသီးသန့်ဖြင့် ရင်ဆိုင်သတ်ဖြတ်ရန် လုံလောက်၏။
အကယ်၍ ချင်ယွမ်ဟယ်သာ ထွက်မပြေးပါက သူ သေချာပေါက် သေဆုံးသွားနိုင်သည်။
ထိုနေရာတွင်ပင်ရပ်ကာ ဟန်မူယဲ့သည် တိုက်ပွဲမှ သိုင်းကွက်များအားလုံးကို ပြန်သုံ့သသည်။
သူက တိုက်ပွဲကို ပြန်လည်ဆင်ခြင်သုံ့သ၏။
ပုံရိပ်များအားလုံး သူ့ခေါင်းထဲတွင် ပြေးလွှားနေသည်။
ပြိုင်ဘက်အား ဓားဆန္ဒနှစ်ခုဖြင့် ဖိနှိပ်ခြင်းမှာ စိတ်ကြေနပ်စရာဖြစ်သော်လည်း အမှန်တကယ်အားဖြင့် မလိုအပ်သော အပြုအမူဖြစ်သည်။
ချင်ယွမ်ဟယ်သည် ဓားဆန္ဒကို ဖွဲ့စည်းခါစ ဖြစ်သည်။ ဟန်မူယဲ့က သူ့အား ဓားဆန္ဒတစ်ခုတည်းဖြင့် တိုက်ခိုက်နိုင်သည်။
ဟန်မူယဲ့က တိုက်ခိုက်သောအခါတွင်လည်း ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို သုံးရန် မလိုပါ။
ထိုပညာရပ်သည် ရပ်တန့်၍ မရနိုင်။ ထို့အပြင် ဓားဆန္ဒ ကုန်ဆုံးမှု များသည်။ သူ့အနေဖြင့် နံပါတ်၃ အံ့ဖွယ်ဓားသိုင်းကို အသုံးပြုခြင်းက ပိုမိုသင့်တော်သည်။
သူက ပြန်လည်သုံ့သလျှင် တိုက်ပွဲမြင်ကွင်းမှာ သူ့စိတ်ထဲ အထပ်ထပ် ဖြစ်ပေါ်လာသည်။
အတန်ကြာလျှင် ပြိုင်ဘက်အား ဓားတစ်ချက်တည်းဖြင့် အနိုင်ယူသော ပုံရိပ်မှာလည်း ပျောက်ကွယ်သွား၏။
ဟန်မူယဲ့က ဓားပညာတချို့ကို ပိုမိုနားလည်သဘောပေါက်လာသည်ဟု ခံစားရ၏။
အကယ်၍ ချင်ယွမ်ဟယ်နှင့်သာ ပြန်ဆုံပါက ဟန်မူယဲ့က သူ့အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်သည်။
သိသာစွာပင် တကယ့်တိုက်ပွဲအတွေ့အကြုံက အရာအားလုံးကို စမ်းသပ်ရန် အကောင်းဆုံး ဖြစ်သည်။
သူက ချင်ယွမ်ဟယ်နှင့် နှစ်ကွက်တည်းသာ တိုက်ခိုက်ခဲ့သော်လည်း တစ်ဘက်လူမှာ ကမ္ဘာမြေအဆင့် ပညာရှင် ဖြစ်သည်။ ဟန်မူယဲ့ များစွာ သင်ယူခဲ့ရ၏။
ဓားဆန္ဒနှစ်ခုကို အသုံးပြုခြင်းမှ စွမ်းအင်ကုန်ဆုံးခြင်းသည် ဟန်မူယဲ့အား တကိုယ်လုံး ကိုက်ခဲနာကျင်စေသည်။
ဤသည်က ကျင့်ကြံဆင့်မရှိဘဲ ဓားဆန္ဒသာ ရှိသော အကျိုးဆက်ဖြစ်သည်။ ဓားဆန္ဒ အသက်ဝင်လာသည်နှင့် ၎င်းအား လှည့်ပတ်ရန် ချီဓာတ်များ မရှိရာ သူ့အနေဖြင့် ထိုအတိုင်းသာ လွင့်ပြယ်သွားစေရသည်။
သူ၏ချီပင်လယ်မှ လက်ကျန် ဓားချီများနှင့် ချီဓာတ်များကို လှည့်ပတ်ရင်း ဟန်မူယဲ့က ဝမ်းသာသွားသည်။
ဓားဆန္ဒနှစ်ခု ကုန်ဆုံးသွားခြင်းက သူ၏အသက်ဓာတ်ကို အနည်းငယ် ပြန်လည် အားပြည့်လာစေသည်။
အနည်းဆုံး သူက သက်တန်းကုန်ဆုံးတော့မည့် အခြေအနေနှင့် ကြုံတွေ့စရာ မရှိတော့ချေ။
ထို့အပြင် သူ၏ဓားချီကို ချီပင်လယ်၌ စုဆောင်းခြင်းမပြုသရွေ့ သူ၏သက်တန်းမှာလည်း ကုန်ဆုံးသွားစရာမရှိကြောင်း ဟန်မူယဲ့ တွေ့ရှိခဲ့ရသည်။ ဟန်မူယဲ့က အကြံအစည်တစ်ခု တွေးထားပြီး ဖြစ်သော်လည်း ဓားစံအိမ်ကို ရောက်မှ လက်တွေ့စမ်းသပ်ကြည့်ရမည် ဖြစ်သည်။
ရှေ့ကို လှမ်းသွားလိုက်ကာ လက်လှမ်းလျှက် ချင်ယွမ်ဟယ်၏ဓားကို ကောက်ယူလိုက်သည်။
“ဒင်…”
ဓားသည် တုန်ခါသွားကာ အားလှိုင်းတစ်ခုက တုန့်ပြန်ကာ ရုန်းကုန်၏။
ဓားမှာ သာမန်မဟုတ်ချေ။
ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။ သူက လက်ကိုင်ကို တင်းတင်းဆုပ်ကာ သူ၏ဓားဆန္ဒအား ထုတ်လွှတ်လိုက်၏။
“ကလင်…”
ဓားထံမှ အက်သံတစ်ချက် ကြားရကာ ဓားချီတစ်စကို ဟန်မူယဲ့ စုပ်ယူလိုက်၏။
သည်ဓားရှည်တွင်ရှိသော ဓားချီမှာ ဓားဆန္ဒအဖြစ် မစုစည်းရသေးရာ ဓားအတွင်းမှ ဓားချီမှာ လုံလောက်အောင် သန့်စင်ထားခြင်းမရှိကြောင်း သိသာသည်။
ဟန်မူယဲ့၏ခေါင်းထဲတွင် ပုံရိပ်များ ဖြတ်ပြေးသွားသည်။
ဓားသည် အဆက်မပြတ် သန့်စင်သွန်းလုပ်ခဲ့ကာ များစွာသော ဝိညာဉ်အဆင့် သတ္တုများအား ထည့်သွင်းထား၏။
ထို့အပြင် ဝိညာဉ်သင်္ကေတများ ရေးဆွဲခြင်းများလည်း ပါဝင်သည်။
သူသည် ဝိညာဉ်ဆင့်ကဲပညာရပ်အား တတ်မြောက်လိုက်သည်။
၎င်းသည် ဝိညာဉ်လက်နက်များအား သွန်းလုပ်သည့် ပညာရပ်ဖြစ်၏။
ဝိညာဉ်ဆင့်ကဲပညာရပ်အား နားလည်သွားပြီးနောက် ဟန်မူယဲ့သည် လူသားအဆင့်နှင့် ဝိညာဉ်အဆင့်လက်နက်များ ကွာဟချက်ကို နားလည်သွား၏။
သာမန်အဆင့်ဓားများမှာ ဓားချီများကိုသာ သိုလှောင်နိုင်၏။ အကယ်၍ ၎င်းဓားများတွင် ဓားဆန္ဒကို ဖွဲ့စည်းလိုပါက နှစ် ၁၀၀ ခန့် ဓားချီများဖြင့် သန့်စင်ရန် လိုသည်။
ဝိညာဉ်အဆင့် သတ္တုများနှင့် သင်္ကေတများဖြင့် ပေါင်းစပ်ပြီးနောက်တွင် ထိုဓားသည် ဓားဆန္ဒပါဝင်သော ဝိညာဉ်အဆင့်လက်နက် ဖြစ်လာသည်။
ဝိညာဉ်အဆင့်ရတနာပစ္စည်းများ ထည့်သွင်းထားသော ဝိညာဉ်လက်နက်များမှာ ပိုမိုအားကောင်းကာ မာကြော၏။
ဝိညာဉ်ဆင့်ကဲပညာရပ်အား နားလည်သွားပြီးနောက် ဓားပိုင်ရှင်၏ပုံရိပ်မှာလည်း ဟန်မူယဲ့၏ခေါင်းထဲ၌ ပေါ်လာသည်။
ထိုသူမှာ အစိမ်းရောင်နှင့် မီးခိုးရောင် နှစ်ရောင်စပ်ဝတ်ထားသော အဖိုးအိုဖြစ်သည်။ သူ၏လက်တွင် ဓားအလင်းများ စီးဆင်းနေပြီး ဓားကို အဆက်မပြတ် ဝှေ့ယမ်းနေ၏။
သူသည် ‘ထင်းရှုးလေရိုင်း’ ဓားသိုင်းအား တတ်မြောက်ခဲ့သည်။
သူသည် ‘လမင်းသို့ခရီး’ ဓားသိုင်းကို တတ်မြောက်ခဲ့၏။
သူသည် ‘တိမ်မြူမစဲ’ ဓားသိုင်းအား တတ်မြောက်ခဲ့၏။
…
ဓားသိုင်း ရှစ်မျိုးခန့်ကို တတ်မြောက်သွားပြီးနောက် ဟန်မူယဲ့သည် ဓားပိုင်ရှင်ကို သိသွားသည်။
ဓားပိုင်ရှင်မှာ ဓားဆန္ဒဖွဲ့စည်းလုနီးပါးအဆင့်အထိ ကျင့်ကြံထားသော ချင်သုံးပါးဓားဂိုဏ်းမှ အကြီးအကဲတစ်ပါးဖြစ်သည်။
သို့သော်လည်း ထိုလူအား သတ်ဖြတ်ကာ ချင်ယွမ်ဟယ်က ဓားကို ယူသွားခဲ့သည်။
ချင်သုံးပါးဓားဂိုဏ်းမှ ထိုအကြီးအကဲကို သတ်ဖြတ်ခြင်းကပင် ချင်သုံးပါးဓားဂိုဏ်းအား ကျင်းရှန်းဓားဂိုဏ်း၏ လက်အောက်ခံရန် ဖြစ်လာသည်။
သူ၏အာရုံထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနယ်မြေများ၌ ချင်ယွမ်ဟယ် လုပ်ခဲ့သည်ကိစ္စရပ်များကို မြင်ရသည်။
ချင်သုံးပါးဓားဂိုဏ်းသည်သာ ကျင်းရှန်းဓားဂိုဏ်းလက်အောက်သို့ ရောက်သွားသည်မဟုတ်ပါ။ တခြားဂိုဏ်းတချို့လည်း သူတို့နှင့် ပူးပေါင်းခဲ့သည်။
ကျိုးရန်…
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တိုက်ခိုက်ရေးခန်းဆောင် စီမံခန့်ခွဲရေးမှူး ကျိုးရန်မှာ ဟန်မူယဲ့၏ခေါင်းထဲရှိ ပုံရိပ်များ၌ ပေါ်လာသောအခါ သူ ထိတ်လန့် အံ့အားသင့်ခဲ့ရသည်။
ချင်ယွမ်ဟယ်နှင့် ကျိုးရန်မှာ အမှန်တကယ်လည်း ငယ်သူငယ်ချင်းများဖြစ်ပြီး ကောင်းမွန်သော ဆက်ဆံရေးရှိသည်။
ချင်ယွမ်ဟယ်သည် ကျိုးရန် အဆင့်တက်ရန် ကူညီရာတွင် ရိုးရိုးသားသားသာဖြစ်သည်။
သို့သော်လည်း ၎င်းတွင် ဂိုဏ်းတာဝန်တစ်စွန်းတစ ပါဝင်ပတ်သက်နေ၏။
အံ့ဖွယ်နေမင်းဓား…
၎င်းသည် အနက်ရောင်ဓားအိမ်ဖြင့် ဓားဖြစ်သည်။ ဓားမှာ ပျောက်ကွယ်နေကာ ကောင်းကင်အဆင့်ကျင့်ကြံပညာရပ်နှင့် သက်ဆိုင်၏။
အံ့ဖွယ်နေမင်းဓား၏ခန့်မှန်းပုံရိပ်ကို မြင်ရသောအခါ ဟန်မူယဲ့သည် စွန်းမိသားစု ဖျက်ဆီးခံရခြင်းနှင့် မော့မိသားစု၏အနက်ရောင်ဓားတို့ကို သတိရသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ကျိယွမ်၏သေဆုံးခြင်းမှာလည်း ထိုဓားနှင့် သက်ဆိုင်နေသည်။
ထိုဓားမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင်လား။
ပုံရိပ်များထဲတွင် ချင်ယွမ်ဟယ်နှင့် ကျိုးရန်တို့သည် အတူတူ ဓားသိုင်းလေ့ကျင့်ကာ လမ်းတစ်လျှောက် သောက်လိုက်စားလိုက်ဖြင့် ခရီးသွားနေကြသည်။
သို့သော်လည်း ထိုငြိမ်းချမ်းမှုမှာ တာရှည်မခံပါ။
ကျင်းရှန်းဓားဂိုဏ်းမှ နောက်ထပ် ဂိုဏ်းခွဲမှူးတစ်ဦးသည် ချင်ယွမ်ဟယ်အား ကျိုးရန်နှင့်ပတ်သက်သော တာဝန်အား ပြီးမြောက်အောင်မြင်ရန် ဖိအားပေးသည်။ သို့သော်လည်း ချင်ယွမ်ဟယ် သဘောမတူခဲ့ချေ။ အဆုံးသတ်၌ မိတ်ဆွေနှစ်ဦးမှာ အထင်လွဲကာ လမ်းခွဲခဲ့ကြရသည်။
သိပ်မကြာခင်၌ ကျိုးရန်မှာ အသတ်ခံရပြီး ချင်ယွမ်ဟယ်မှာလည်း လူသတ်တရားခံအဖြစ် စွပ်စွဲခံရ၏။
ကြည့်ရသည်မှာ ချင်ယွမ်ဟယ်က ကျိုးရန်အား အမှန်တကယ် မသတ်ခဲ့ပေ။
ဟန်မူယဲ့ကား ချင်ယွမ်ဟယ်၏နာမည်ကို ရှင်းလင်းပေးရန် စိတ်မဝင်စားပါ။ ချင်ယွမ်ဟယ်သည် ဂိုဏ်းတာဝန်ကို လက်ခံကာ သည်နေရာသို့ ရောက်လာခဲ့သည်။ သူက ကျိုးရန်ကို မသတ်ခဲ့လျှင်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထိခိုက်စေရန် အများအပြား ကြံစည်လုပ်ဆောင်ခဲ့၏။
ကျင်းရှန်းဓားဂိုဏ်း၏ဓားသိုင်းတချို့ကို တတ်မြောက်သွားပြီးနောက် ဟန်မူယဲ့သည် ‘လရောင်ပန်းပွင့်’ မည်သော ဓားအား သိမ်းဆည်းလိုက်သည်။
ဝိညာဉ်လက်နက်များမှာ တန်ဖိုးဖြတ်မရသော ရတနာများဖြစ်သည်။
သူက ဓားအား သူနှင့်အတူ ယူသွားရပေမည်။
သူသည် မီးပုံအား ငြိမ်းသတ်ကာ ရထားလုံးပေါ်တက်လျှက် ထိုင်လိုက်၏။
မြင်းနှစ်ကောင်သည် ရထားလုံးအား ဖြေးလေးစွာ ရှေ့ကို ဆွဲသွား၏။ အတန်ကြာလျှင် ဟန်မူယဲ့ တောအုပ်ထဲမှ ထွက်ခွာသွားတော့သည်။
ဆယ့်ငါးမိနစ်ခန့်ကြာလျှင် တောအုပ်တစ်နေရာမှ ချင်ယွမ်ဟယ် ထွက်လာသည်။
သူက ရထားလုံးထွက်သွားရာအရပ်သို့ ကြည့်သည်။
“ကောင်လေးက ဘယ်သူလဲ”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ဘာလို့ ဒီလောက် ကြောက်စရာလူငယ်တစ်ယောက် ပေါ်လာတာလဲ”
လက်သီးများကို တင်းတင်းဆုပ်ကာ ချင်ယွမ်ဟယ် ရေရွက်သည်။
“သေစမ်း… ဂိုဏ်းတာဝန်က အလွယ်တကူ အောင်မြင်မယ့်ပုံ မပေါ်ဘူး”
ခေါင်းယမ်းကာ သူသည် တခြားအရပ်တစ်ခုသို့ ဦးတည် ထွက်ခွာသွားတော့သည်။
ရထားလုံးသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမုဒ်ဝသို့ ရောက်သောအခါ ဟန်မူယဲ့သည် အလွန်တရာ ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ရ၏။
သူက တောင်အောက်သို့ ဆင်းခဲ့သော ခရီးစဉ်အား ပြန်တွေးကာ သူ၏သက်တန်းကိစ္စက မည်သို့ အဆင်ပြေသွားသည်၊ မော့ယွမ်အား မည်သို့ ကယ်တင်ခဲ့သည်၊ ဓား ၁၀၀၀၀ တို့အိမ်အပြန်ပညာရပ်ဖြင့် မည်သို့ တိုက်ခိုက်ခဲ့ရသည်များအား ပြန်အမှတ်ရ၏။
ထိုအတွေ့အကြုံများမှာ တစ်သက်တာမျှ ထင်မှတ်ရ၏။
“အံ့ဖွယ်ကိုးပါးတောင်ကုန်းပေါ်မှာ အငြိမ်းချမ်းဆုံးပဲ”
တီးတိုးအော်သံတစ်ချက်နှင့်အတူ ရထားလုံးသည် ရှေ့ကို ပြေးလွှားသွား၏။
“အစ်ကို… အစ်ကိုဟန်…”
တောင်ကုန်းမုဒ်ဝသို့ ရောက်လျှင် လုကောသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်။
“ဟဟ… အစ်ကိုလု…”
ဟန်မူယဲ့ ရထားလုံးပေါ်မှ ဆင်းလာကာ လုကော၏ပုခုံးကို ဖက်လျှက် ပြောသည်။
သူသည် ဂိုဏ်းသို့ ပြန်ရောက်လာရာ အလွန်စိတ်ချမ်းသာနေသည်။
“အာ… ဒီလို မခေါ်ပါနဲ့… ကျုပ်က မထိုက်တန်ပါဘူး”
လုကောက လက်ဝှေ့ယမ်းကာ ပြုံးလျှက်ပြောသည်။
သိပ်မဝေးသောနေရာတွင် တခြားအစေခံတပည့်များနှင့် အပြင်စည်းတပည့်များမှာ လုကောကို အားကျစွာ ကြည့်နေကြသည်။
လုကောကား အမှန်တကယ် ကံကောင်းလှ၏။
“အစ်ကို… ခင်ဗျား ပြန်သွားလိုက်ပါ။ ကျုပ် ရထားလုံးကို ပြန်ပို့ပေးမယ်”
ဟန်မူယဲ့၏ရထားလုံးထဲတွင် တခြား မည်သူမှ မရှိသည်ကိုမြင်လျှင် လုကောက ပြောသည်။
တိုက်ဆိုင်စွာပင် ဟန်မူယဲ့သည်လည်း ရထားလုံးကို မည်သည့်နေရာသို့ ပို့ဆောင်ရမည်ကို မသိပါ။
“ဒါဆို အစ်ကိုလုကိုပဲ အားကိုးတော့မယ်။ နောက်ပိုင်း အားရင် အတူသောက်ကြတာပေါ့”
ဟန်မူယဲ့ သေရည်မသောက်ရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သူက ဟွမ်လောင်လျှို၏သေရည်အား သတိရ၏။
“အာ… သေချာတာပေါ့”
လုကောက ဟန်မူယဲ့၏နောက်ကျောမှ ဓားနှစ်လက်ကို အားကျစွာ ကြည့်ကာ ရထားလုံးအား တောင်တက်လမ်းအတိုင်း မောင်းနှင်သွားသည်။
ဟန်မူယဲ့သည်လည်း ဓားများကို ပိုးကာ ဓားစံအိမ်သို့ လှမ်းသွားလိုက်သည်။
ဓားစံအိမ်ရှေ့ကို မရောက်မှီတွင်ပင် သူသည် ရွှေရောင်အလင်းများ ဖြာနေသော သုံးထပ်ဓားစံအိမ်ကြီးအား ကြည့်ကာ ပြုံးသည်။
သူသည် ပထမထပ်မှ ဓားများ တုန်ခါမှုကို ခံစားရ၏။
‘ကောင်လေးတွေ ငါ့ကို သတိရနေကြပြီထင်တယ်’
သူက ကျောက်တုံးလှေကားထစ်အတိုင်း တက်လာလျှင် ဟွမ်လောင်လျှို၏အသံကို ဓားစံအိမ်ထဲမှ ကြားရသည်။
“ဓားစံအိမ်ရဲ့ ဓားလက်ခံတဲ့စည်းကမ်းအရ… ရေချိုးခြင်း၊ အမွှေးနံ့သာထွန်းခြင်း၊ တရားထိုင်ခြင်း…”
“အစ်ကို…”
ဟန်မူယဲ့ ဓားစံအိမ်ထဲကို ဝင်သွားလိုက်သည်။