← Chapters

စစ်ကူများ

Vol. 49 Ch. 683

စစ်ကူများ

Vol. 49 Ch. 683

ကျောင်းသားဆယ့်ခြောက်ဦးမှာ အန်လင်းတို့အား တွေ့လိုက်ရပြီးနောက် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား အသည်းအသန် ပြေးထွက်လာကြသည်။

"အန်လင်း....ငါတောင်းပန်ပါတယ်။ ငါတို့ဆရာနဲ့ အတန်းဖော်တွေအတွက် လက်စားချေပေးပါ။"

လက်တစ်ဖက်ပြတ်နေသော အမျိုးသားမှာ သွေးမျက်ရည်များဖြင့် အကူအညီ တောင်းလာသည်။

"ဆရာရန်ဇယ်က သူ့အသက်ကိုတောင်စွန့်ပြီး စီမံခန့်ခွဲရေးဌာနက ကျင့်ကြံသူတွေ ရောက်လာတဲ့အချိန်ထိ မော်တွန်ကို တိုက်ခိုက်ပေးခဲ့လို့သာ ငါတို့အသက်ရှင်နိုင်ခဲ့တာ။"

ကျောင်းသူလေး တစ်ဦးမှာလည်း မျက်ရည်များကိုသုတ်ကာ ပြောလိုက်သည်။

အန်လင်းနှင့် စုရှောင်လန်တို့မှာ အစိမ်းရောင် တာအိုဝတ်စုံနှင့် အမျိုးသားထံသွားကာ လေးလေးစားစား ဂါရဝပြုလိုက်ကြသည်။

၎င်းတို့သည် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ ကျောင်းသားများ ဖြစ်သောကြောင့် ကျဆုံးသွားသော ဆရာအတွက် မဖြစ်မနေ လက်စားချေကြမည်ပင်။

ကောင်းကင်ဘုံခုံရုံး၏ စီမံခန့်ခွဲရေးဌာနမှ ကျင့်ကြံသူများသည်လည်း အန်လင်းတို့အား သတိပြုမိသွားပြီးနောက် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။

"အန်လင်း...."

စူးရှရှ စကားသံတစ်ခုအား ကြားလိုက်ရသည်။

အန်လင်းမှာ ရှေးဟောင်းထိုက်ချူးကုန်းမြေတွင် ရင်းနှီးခဲ့ဖူးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

သူပြုံးကာခေါင်းညိတ်ပြလိုက်သည်။

"ယန်ရို့လင်....မင်းက ဒီကကိစ္စတွေအတွက် တာဝန်ရှိသူလား။"

ယန်ရို့လင် ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူး။ ဋ္ဌာနမှူးကျင်းဟုက မော်တွန်နောက်ကို လိုက်နေရလို့...ငါကတာဝန်လွှဲယူထားတာ။"

"ဋ္ဌာနမှူးကျင်းဟုတို့က လင်ကွမ်းမြို့တော်မှာ အချက်ပေးဝင်္ကပါတွေ ဆင်ထားတယ်လေ။ ဒါပေမယ့် ဝင်္ကပါတွေကို အဆက်မပြတ် စွမ်းအင်ထောက်ပံ့နေရတာ သိပ်အဆင်မပြေဘူး။ သူတို့ အချိန်ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး။"

ယန်ရို့လင်မှာ စိတ်အလိုမကျ ဖြစ်နေကြောင်း သိသာလှသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ စီမံခန့်ခွဲရေးဌာနတွင် လူပေါင်းများစွာ ရှိပါသော်လည်း ထိုမျှအင်အားကြီးသော ရန်သူနှင့်ပက်သတ်၍ လုပ်နိုင်သောအရာ များများစားစား မရှိပေ။ ဟင်းလင်းပြင်သို့အပြန် အဆင့်သည် ထိုက်ချူကုန်းမြေတွင် ထိပ်တန်းအဆင့်ကျင့်ကြံသူများဖြစ်ပြီး လေဟာပြင်အား ခြယ်လှယ်ကာ အလိုရှိရာ သွားလာနိုင်ကြသည်။ ကျောက်မျက်တိုင်းပြည်သည် ကြီးမားလွန်းသောကြောင့် မော်တွန် တိုက်ခိုက်လာနိုင်မည့် မြို့တော်အား အတိအကျ တွက်ဆရသည်မှာ မလွယ်ကူလှပေ။

စီမံခန့်ခွဲရေးဌာနအနေဖြင့် အချက်ပေးဝင်္ကပါများအား တက်နိုင်သမျှ တည်ဆောက်ထားရုံမှအပ အခြားရွေးချယ်စရာ မရှိပေ။

........

ဟွမ်းချန်မြို့တော်၏ မြို့နံရံပေါ်၌

သာမန်ရုပ်ရည်နှင့် လူငယ်တစ်ဦး ရုတ်ချည်းဆိုသလို ပေါ်ထွက်လာသည်။

သူသည် ဝါကျင့်ကျင့် လျှော်သားအဝတ်အစားကို ဝတ်ဆင်ထားပြီး အရပ်သိပ်မရှည်ပါသော်လည်း သူ၏နူးညံ့သော သွင်ပြင်မှာ ထူးခြားသော ဆွဲဆောင်မှုအချို့ကို ပေးစွမ်းနေသည်။

လူငယ်လေးသည် ကျောင်းသားများနှင့် စစ်သည်တော်များကြား သွားလာနေပါသော်လည်း မည်သူကမှ သတိမထားမိကြပေ။

ဧကရာဇ်ထျန်းဟောင် ချန်ရစ်ခဲ့သော အံ့ဖွယ်စိတ်ဆန္ဒသည်ပင် လူငယ်လေး၏ တည်ရှိမှုအား ဂရုမပြုမိပေ။

"အတန်းခေါင်းဆောင်...အန်လင်းက ဆရာနဲ့ ကျောင်းသားတွေအတွက် လက်စားချေပေးနိုင်ပါ့မလား။"

စုချန်းရန် စိုးရိမ်ပူပန်နေသည်။

"ပြောရတော့ခက်တယ်။ မော်တွန်ကသာ မောက်မာတတ်တဲ့ကောင်ဆို အန်လင်းလက်ထဲ ရောက်လာမှာ အသေအချာပဲ။ ဒါပေမယ့် ရထားတဲ့ သတင်းအချက်အလက်တွေအရ အဲ့လိုပုံစံ ဟုတ်ပုံမရဘူး။ ဟူး....ကောင်းကင်ဘုံခုံရုံးကို ကာကွယ်ပေးနိုင်ဖို့အတွက် အန်လင်းလို ဖြစ်လာအောင် ကြိုးစားမှရမယ်။"

ရွှမ်းယွမ်ချန် သက်ပြင်းချလိုက်ပါသော်လည်း သူ၏မျက်ဝန်းများတွင် ဆုံးဖြတ်ချက် ပြတ်သားသော အရိပ်အယောင်များကို တွေ့နိုင်သည်။

"ဟုတ်တယ်။ ငါလည်းကြိုးစားရမယ်။ အရင်ဆုံး စုရှောင်လန်ကို အမှီလိုက်ရမယ်။"

စုချန်းရန်မှာလည်း လက်သီးဆုပ်ကာ ကြွေးကြော်လိုက်သည်။

ရွှမ်းယွမ်ချန် ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် ကျောင်းပိတ်ရက်များတွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ မရောက်မချင်း ဂိုဏ်း၌သာ သီးသန့်ကျင့်ကြံမည်ဟု သံဓိဋ္ဌာန် ချထားပြီးသား ဖြစ်သည်။

ပါရမီရှင်တစ်ဦးအား အမှီလိုက်ရန် ကြိုးစားရသည်မှာ ၎င်းတို့အတွက် အကောင်းမွန်ဆုံး တိုးတက်မှုတစ်ခုပင်။

ရွှမ်းယွမ်ချန်နှင့် စုချန်းရန်တို့သည် ဝမ်ရွှမ်ကျန်းနှင့် ပါရမီချင်း တန်းတူမျှရှိပြီး တိုးတက်မှုနှုန်းတွင် ဝမ်ရွှမ်ကျန်းထက် အနည်းငယ် သာလွန်ကြသည်။ ထိုသည်မှာ ၎င်းတို့၏ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါသော်လည်း အန်လင်းနှင့် စုရှောင်လန်တို့အား အမှီလိုက်လိုသော စိတ်ထားကြောင့်ဟုလည်း ဆိုနိုင်သည်။

မည်သူမှ သတိမထားမိကြသော လူငယ်လေးမှာ ခေါင်းညိတ်လိုက်သည်။

"အန်လင်းက ကန်းလန်မြို့တော်ကို သွားတာလား။ သိပ်တော့မဝေးပါဘူး။"

ထို့နောက် လူငယ်လေးမှာ အငွေ့ပျံသွားသလို ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။

.........

ကန်းလန်မြို့တော်၌

အန်လင်းနှင့် စုရှောင်လန်မှာ ယန်ရို့လင်နှင့်အတူ ကိစ္စအဝဝကို ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် ယန်ရို့လင်ထံတွင် ရှိနေသော တာအိုအဆောင်မှာ မီးလောင်ကျွမ်းသွားလေသည်။

သူမ၏ အမူအရာလည်း ပြာပြာသလဲ ဖြစ်သွားသည်။

"မကောင်းတော့ဘူး။ ချင်ယွီမြို့တော် တိုက်ခိုက်ခံနေရပြီ။"

“ရှောင်လေး.. သွားရအောင်။"

အန်လင်းမှာ အဖွဲ့သားများအား ချက်ချင်းလှမ်းခေါ်လိုက်သည်။

"နေဦး... ငါ့ကိုပါခေါ်သွား။"

ယန်ရို့လင် အံကြိတ်ကာ ပြောလိုက်သည်။

"ငါ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတွေလည်း တိုက်ပွဲထဲမှာ ကျဆုံးသွားကြတယ်။ အဲ့ဒါကြောင့် သူတို့အတွက် လက်စားချေပေးချင်တယ်။"

အန်လင်းမှာ ယန်ရို့လင်အား ကြည့်လိုက်ပြီးနောက် မည်သည့်စကားမှ မပြောပဲ ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ဇယ်မှာ လက်သင်္ကေတများ ပြောင်းလဲလိုက်သည်နှင့် အနက်ရောင် အလင်းများမှာ အားလုံးကို လွှမ်းမိုးသွားတော့သည်။

ချင်ယွီမြို့တော်တွင် အခြေအနေ ဆိုးရွားနေလျက် ရှိသည်။

အကန့်အသတ်မဲ့သော သွေးနီရောင် အလင်းတန်းများ မြို့နံရံပေါ် ကျဆင်းလာကာ အကာအကွယ် ဝင်္ကပါများကို ဖျက်စီးပစ်နေကြသည်။

သောင်းနှင့်ချီသော သွေးမျိုးနွယ်စု စစ်သည်တော်များမှာ မြို့တော်ထဲ အလုံးအရင်းဖြင့် ချီတက်လာကြသည်။

ချင်ယွီမြို့တော်၏ အကာအကွယ်များ ပျက်စီးသွားရပြီးနောက် သွေးချောင်းစီးသော စစ်ပွဲများ စတင်လာတော့သည်။

သွေးမျိုးနွယ်စုတွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဆယ်ဦးရှိပြီး လူသားများတွင် သုံးဦးသာ ရှိသောကြောင့် အင်အားမမျှပေ။

"အားလုံးတောင့်ခံထားကြ။ ကောင်းကင်ဘုံခုံရုံးက စစ်ကူတွေ လာတော့မှာ။"

စိတ်ဝိဉာဉ်ပျိုးထောင်ခြင်းအဆင့် စစ်ဗိုလ်တစ်ဦးမှ အော်ဟစ်အားပေးလိုက်သည်။

သို့သော် မကြာမီမှာပင် သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦး၏ ဂုတ်ချိုးသတ်ကာ သွေးစုပ်ခြင်းကို ခံလိုက်ရသည်။

မည်သူကမှ တပ်မဆုတ်သွားပဲ အားမာန်အပြည့်နှင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ခုခံတိုက်ခိုက်နေကြသည်။ ၎င်းတို့သည် အသက်ကိုပင် မမှုပဲ အပြင်းထန်ဆုံးသော တိုက်ကွက်များကို ထုတ်သုံးကြလေသည်။ စစ်ကူများ ရောက်လာသည်အထိ တောင့်ခံထားနိုင်ရန် မသေချာသောကြောင့် တတ်နိုင်သမျှ သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ၎င်းတို့နှင့်အတူ ငရဲသို့ ခေါ်ဆောင်သွားရပေလိမ့်မည်။

သွေးနီရောင် သိမ်းငှက်ကြီးအား စီးနင်းနေသော သွေးနီရောင် ကြေးခွံများနှင့် အမျိုးသားတစ်ဦးမှ အမိန့်ပေးလိုက်သည်။

"သူတို့အားလုံးကို သတ်ပစ်ကြ။ ငါတို့အစာအိမ်တွေကို အဝဖြည့်ပြီးမှ တပ်ပြန်ဆုတ်ကြမယ်။ နောက်သုံးမိနစ်လောက်ပေါ့။"

"သုံးမိနစ်ထိ တောင့်ခံနိုင်ပါ့မလား။"

စကားသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအမျိုးသားမှာ ထိတ်လန့်သွားပြီးနောက် တစ်ဖက်သို့လှည့်ကာ မီးမှုတ်လိုက်သည်။

ထိုမီးလျှံများသည် ကြောက်မက်ဖွယ် တိုက်စားခြင်း စွမ်းအင်များ ပါဝင်ကာ ရဲရဲတောက်နေပြီး လေထုကိုပင် တွန့်လိမ်သွားစေသည်။

သို့သော် ပို၍ပင် ကြမ်းတမ်းခက်ထန်သော အဖြူရောင်မီးတောက်များ ဖြာထွက်လာလေသည်။

သွေးနီရောင် မီးလျှံများမှာ ၎င်း၏ဧကရာဇ်ကို တွေ့လိုက်ရသည့်အလား ကြောက်အားလန့်အားဖြင့် နောက်သို့ဆုတ်ခွာသွားသည်။

သွေးမျိုးနွယ်စု ကျင့်ကြံသူသည် မျက်မှောင်ကျုံ့သွားရပြီးနောက် အဖြူရောင်မီးတောက်များကြားမှ လှပလွန်းသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ထို့နောက် ကမ္ဘာတစ်ခုလုံးအား မီးလောင်ပြာချပစ်နိုင်သော အဖြူရောင် ဓားပုံရိပ်မှာ သူ့အားနှစ်ပိုင်းဖြတ်သွားတော့သည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူအား စုရှောင်လန်မှ အေးအေးဆေးဆေးပင် သတ်ပစ်လိုက်လေပြီ။

တစ်ချိန်တည်းမှာပင် အန်လင်း၊ ရှောင်ဇယ်၊ တီနာ၊ ယန်ရို့လင်၊ ရှောင်ချိုးနှင့် တပိုင်တို့လည်း စစ်မြေပြင်ထဲ ဝင်ရောက်လာကြသည်။

ထိုသည်မှာ ကောင်းကင်ဘုံခုံရုံး၏ အကောင်းမွန်ဆုံး စစ်ကူများပင် ဖြစ်တော့သည်။

All Chapters