အမြစ်ဖြတ်သုတ်သင်ခြင်း
Vol. 49 Ch. 684
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သွေးမျိုးနွယ်စု ကျင်ကြံသူ သုံးဦးမှာ ကောင်းကင်ဘုံခုံရုံး၏ ဆရာတစ်ဦးအား အတူတကွ ပူးပေါင်းတိုက်ခိုက်နေသည်။
ဆရာဖြစ်သူသည် ဖြည်းညင်းစွာ ဖိနှိပ်ခံလာရပြီး ကျင့်ကြံရေးအခြေခံအား မြှင့်တင်ရန် သွေးမျိုးဆက်အား လောင်ကျွမ်းစေသည့် လျှို့ဝှက်နည်းလမ်း သုံးတော့မည့် အချိန်မှာပင် ရုတ်ချည်းဆိုသလို အမူအရာ ပြောင်းလဲကာ ထိုအစီအစဉ်အား ဖယ်ရှားလိုက်သည်။
သုံးမိနစ်အတွင်း ဆရာ၏သွေးအား သောက်သုံးနိုင်ရန် အသည်းအသန် ကြိုးစားနေသော အနက်ရောင်ဒိုင်းကာနှင့် သွေးနီရောင်ဓားမော့တို့အား ကိုင်ဆောင်ထားသော သွေးမျိုးနွယ်စု ကျင့်ကြံသူမှာ ရုတ်တရက် ကျောရိုးများ အေးစိမ့်သွားရသည်။
သူ၏အံ့ဖွယ်အာရုံသည် လွန်စွာကောင်းမွန်ပြီး တုံ့ပြန်မှုလည်း လျင်မြန်သောကြောင့် ဓားမော့ထံမှ အနက်ရောင်မီးလျှံများ လောင်ကျွမ်းထွက်ပေါ်လာသည်။
ကောင်းကင်ထက်မှ ဆင်းသက်လာသော ရှောင်ချိုးသည် ငွေရောင်တောင်ဝှေးအား သွေးမျိုးနွယ်စု ကျင်ကြံသူ၏ ဦးခေါင်းထံ ချိန်ရွယ်ပစ်ချလိုက်သည်။
မည်သည့်အလင်းမှ ဖြာထွက်မလာသော ထိုတိုက်ခိုက်မှုသည် သာမန်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုဟုသာ ထင်မှတ်ရသည်။
သို့သော် သွေးမျိုးနွယ်စု ကျင်ကြံသူသည် ထိုတိုက်ခိုက်မှုနောက်ကွယ်မှ ကြောက်မက်ဖွယ် အရှိန်အဝါများကို ခံစားမိသောကြောင့် မီးကိုမီးနှင့်တိုက်မည့် အကြံအား ရုတ်သိမ်းကာ ဓားမော့အစား ဒိုင်းကာကိုသာ ရှေ့သို့ထုတ်လိုက်သည်။
ဘန်း.....
ငွေတောင်ဝှေးနှင့် အနက်ရောင်ဒိုင်းကာတို့ ထိပ်တိုက်တွေ့ဆုံသွားပြီးနောက် ပြင်းထန်လှသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ စွမ်းအင်လှိုင်းဂယက်များမှာ တစ်ကီလိုမီတာတိုင် ပျံ့နှံ့သွားသည်။
ရှောင်ချိုး၏ ငွေတောင်ဝှေးသည် တောင်ကြီးတစ်လုံးသဖွယ် လေးလံလွန်းသောကြောင့် အနက်ရောင်ဒိုင်းကာမှာ အစိပ်စိပ်အမြွှာမြွှာ ကြေမွသွားရပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သွေးမျိုးနွယ်စု ကျင်ကြံသူမှာလည်း သွေးပွက်ပွက်အန်ကာ အဝေးသို့ လွင့်ထွက်သွားကာ မြေပြင်နှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားရသည်။
ရှောင်ချိုးမှာ ထိုသွေးမျိုးနွယ်စု ကျင့်ကြံသူအား လက်စတုန်းရန် ချက်ချင်းပင် နောက်မှလိုက်ပါသွားသည်။
ပြောင်းလဲသွားသော အခြေအနေများကြောင့် ကျန်ရှိနေသော သွေးမျိုးနွယ်စု ကျင့်ကြံသူ နှစ်ဦးမှာလည်း လွန်စွာထိတ်လန့်သွားရပြီး ဆရာကိုပင် ဆက်မတိုက်နိုင်တော့ပဲ ဆုတ်ခွာထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
ထိုအချိန်မှာပင် အမှောင်ထုများ ကျရောက်လာလေသည်။
သန်းခေါင်ယံညအလား အရာအားလုံး မည်းမှောင်လာကာ ၎င်းတို့၏ အာရုံခံစားမှုများလည်း ပျောက်ကွယ်သွားသည်။
ထို့နောက် အလင်းရောင်အား ပြန်မြင်လိုက်ရသော လေပွေများ ဝေ့ဝဲနေသော အနက်ရောင်ဓားတစ်လက်အား ကိုင်ဆောင်ထားသည့် ချောမောခန့်ညားသော လူငယ်တစ်ဦးသည် ၎င်းတို့အား ပြုံးကာကြည့်နေသည်ကို တွေ့လိုက်ရသည်။
"မင်းက...."
သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ဦးမှာ မျက်ဝန်းများ ပြူးကျယ်လာပြီး စကားတစ်ခွန်းပင် မပြည့်သေးခင်မှာပင် သူ၏ခန္ဓာကိုယ် တစ်ခုလုံး ပြင်းထန်စွာ နာကျင်လာရသည်။ သူသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်း တစ်လက်မ မကျန် ဆွဲဖြဲခံနေရသလို ဆိုးရွားလှသော ခံစားချက်ကြောင့် အသိစိတ်များသည်လည်း အမျှင်မျှင်အတန်းတန်း ပျက်စီးသွားရလေသည်။
အခြားသော သွေးမျိုးနွယ်စု ကျင့်ကြံသူမှာ ကြောက်ရွံ့ထိတ်လန့်စွာ သွေးရူးသွေးတမ်း အော်ဟစ်နေသည်။
သူထွက်ပြေးတော့မည့် အချိန်မှာပင် သူ၏ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားကာ အသက်စွမ်းအင် ပျောက်ကွယ်သွားတော့သည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ပြန်လည်ရှင်သန်နိုင်စွမ်စ မရှိလောက်အောင် အပိုင်းပိုင်းအစစ ခုတ်ဖြတ်ခံလိုက်ရသည်။
"ဟူး...သုံးစားမရတဲ့ အမှိုက်တွေပဲ။"
အန်လင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။
သူသည် တိုက်ခိုက်မှု အားကောင်းစေရန် သူ၏သွေးအားသုံးမည်ဟု တွေးထားခဲ့ပါသော်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများအတွက် မြင့်မြတ်သွေးစက်ပင် မလိုအပ်ကြောင်း အမှတ်ရသွားခဲ့သည်။
၎င်းတို့အား နဖူးတောက်၍ပင် သတ်ပစ်နိုင်ပေသည်။
ထိုကဲ့သို့သော အမှိုက်ကောင်များသည် ဓားအင်မော်တယ်အန်လင်း၏ မြင့်မြတ်သွေးစက်နှင့် မထိုက်တန်ပေ။
ဟင်းလင်းပြင်သို့အပြန်အဆင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများကသာ ထူးခြားသော ခံစားမှုနှင့် ထိုက်တန်သည်။
"အန်လင်း...."
ဆရာဖြစ်သူမှာ ဝမ်းသာနေသည်။
"မင်္ဂလာပါဆရာ..."
အန်လင်း ပြုံးကာနှုတ်ဆက်လိုက်သည်။
"ကျွန်တော် တခြားသူတွေကို ကူညီပေးလိုက်ဦးမယ်။"
"အေးအေး...."
စစ်ကူများ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဆရာဖြစ်သူမှာလည်း စိတ်အားထက်သန်စွာ စစ်ပွဲထဲ ပြန်ဝင်လာသည်။
အန်လင်းတို့အဖွဲ့အား တော်တော်များများမှ သတိပြုမိလာကြသည်။
၎င်းတို့သည် အမှောင်ခွင်းကာ အလင်းဆောင်သော နေရောင်ခြည်ကဲ့သို့ အားလုံး၏ မျှော်လင့်ချက်များကို ရှင်သန်လာစေသည်။
"ကောင်းလိုက်တာ....နတ်ဘုရားအန် ရောက်လာပြီကွ။"
"ငါတို့တောင့်ခံထားရမယ်။ အန်လင်းတို့ ရှိနေပြီဆိုတော့ ဒီစစ်ပွဲက နိုင်ကိုနိုင်မှာကွ။"
"ဝါး...ဒီနေရာက ငါ့သင်္ချိုင်းဖြစ်တော့မယ် မှတ်နေတာ။ အန်လင်းရေ...မင်းကိုအရမ်းချစ်တယ်။"
"ကောင်းကင်ဘုံခုံရုံးက စစ်ကူတွေ ရောက်လာပြီဟ။"
"ကျောင်းသားတွေကို ကြည့်ရတာ စစ်ကူတွေက တော်တော်ကြမ်းမယ့်ပုံပဲ။"
"တိုက်...."
ကျောင်းသားများနှင့် စစ်သည်တော်များမှာ သွေးမျိုးနွယ်စု ကျင့်ကြံသူများအား အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
ယန်ရို့လင်၏ ရွှေရောင်လက်ကောက်များသည် ထက်ရှလှသော ဘီးနှစ်ခုအဖြစ် ပြောင်းလဲသွားကာ ရွှေရောင်အလင်းတန်းနှင့်အတူ သွေးမျိုးနွယ်စု ကျင့်ကြံသူများစွာအား နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
တပိုင်မှာလည်း လက်သည်းများကို ခါရမ်းကာ သွေးမျိုးနွယ်စု ကျင့်ကြံသူများအား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်နေသည်။
ကောင်းကင်ထက်တွင် ဆယ်ကီလိုမီတာမျှရှိသော မိုးကြိုးတိမ်တိုက်များ စုဝေးလာလေသည်။
ထိုသည်မှာ မိုးကြိုးကပ်ဘေး မဟုတ်ပဲ သွေးမျိုးနွယ်စု ကျင့်ကြံသူများ လွတ်မသွားစေရန် ရှောင်ဇယ်ကိုယ်တိုင် ဆင့်ခေါ်ထားသော မိုးကြိုးများ ဖြစ်သည်။
အန်လင်းသည် သွေးမျိုးနွယ်စု ကျင့်ကြံသူများ အားလုံးကို ခြွင်းချက်မရှိ သတ်ပစ်ရမည်ဟု ပြောခဲ့သည်။
အကန့်အသတ်မဲ့သော မိုးကြိုးလျှပ်စီးများ ကောင်းကင်ထက်မှ ဆင်းသက်လာကာ သွေးမျိုးနွယ်စု ကျင့်ကြံသူများ၏ လွတ်မြောက်ရာလမ်းများကို ပိတ်ဆို့ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် နတ်ဘုရား၏ အပြစ်ဒဏ်အလား ကြောက်မက်ဖွယ် မိုးကြိုးများ ကျဆင်းလာကာ သွေးမျိုးနွယ်စု ကျင့်ကြံသူများအား အမှုန့်ဖြစ်သွားစေသည်။
စစ်မြေပြင်တွင် မိုးကြိုးလျှပ်စီးပေါင်း တစ်သောင်းကျော် ရှိနေသည်။
တီနာသည် လက်သင်္ကေတများ ပြောင်းလဲကာ မြင့်မြတ်သော စွမ်းအင်များ ပါဝင်နေသည့် အဖြူရောင်မြှားပေါင်းများစွာကို ဖြစ်ပေါ်စေပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူ ထောင်နှင့်ချီကို တပြိုင်နက်တည်း သတ်ဖြတ်ပစ်လိုက်သည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည် ထိုကဲ့သို့ ထိတ်လန့်ဖွယ် အစွမ်းများကို ပိုင်ဆိုင်ထားကြပြီး ရိုးရှင်းသော မန္တာန်လေး တစ်ခုနှင့်ပင် စစ်တပ်တစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည်။
အခြေအနေများမှာ လုံးလုံးပြောင်းလဲသွားပြီး ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူနှစ်ဦးပါ စစ်ပွဲအတွင်း ဝင်ရောက်လာသောကြောင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများမှာ လိပ်ပြာလွင့်မတတ် ဖြစ်ကုန်သည်။ ၎င်းတို့သည် ဆုတ်ခွာထွက်ပြေးရန် ကြိုးစားကြပါသော်လည်း ရှောင်ဇယ်၏ မိုးကြိုးလျှပ်စီးများမှ မလွတ်မြောက်နိုင်ကြပေ။
နဂါးအသွင် ပြောင်းလဲထားသော ရှောင်ဇယ်သည် မိုးကြိုးတိမ်တိုက်များကြားတွင် ရှိနေပြီး ထွက်ပြေးဆုတ်ခွာရန် ကြိုးစားသော သွေးမျိုးနွယ်စု ကျင့်ကြံသူမှန်သမျှကို နတ်ဘုရား တစ်ပါးအလား လျှပ်စီးများဖြင့် အပြစ်ပေးနေသည်။
သုံးမိနစ်ထက်နည်းသော အချိန်အတွင်းမှာပင် သိန်းသောင်းချီသော သွေးမျိုးနွယ်စု စစ်တပ်တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းသွားလေသည်။
သေမင်းတမာန်နှင့် တွေ့ရတော့မည်ဟု ထင်ခဲ့ပြီးမှ စစ်ပွဲအား အနိုင်ရလိုက်သောကြောင့် အားလုံးမှာ အော်ဟစ်အောင်ပွဲခံရင်း စိတ်ကိုလွှတ်ချကာ ငိုကြွေးမိကြတော့သည်။
ကြည့်ရှုနေသော အကြည့်များစွာ၏အောက်တွင်ပင် ရှောင်ဇယ်နှင့် တီနာမှာ အန်လင်းဘေးသို့ ရောက်ရှိလာကြသည်။
"ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေကို အာရုံခံမိသေးလား။"
အန်လင်း မေးမြန်းလိုက်သည်။
ရှောင်ဇယ်နှင့် တီနာသည် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် စိတ်ပျက်စွာ ခေါင်းခါပြလိုက်သည်။
အန်လင်း သက်ပြင်းချလိုက်မိသည်။ မော်တွန်အား မတွေ့ရသေးပါသော်လည်း ယခုစစ်ပွဲ၏ ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် ၎င်းအားသတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီပင်။
မကြာမီမှာပင် ချင်ယွီမြို့တော်၏ ကောင်းကင်ထက်၌ ရာနှင့်ချီသော ကျင့်ကြံသူများ ပေါ်ထွက်လာကြသည်။
ထိုသည်မှာ ကောင်းကင်ဘုံခုံရုံး၏ စီမံခန့်ခွဲရေးဌာနမှူး ကျင်းဟုဦးဆောင်သော စစ်ကူများ ဖြစ်သည်။ ၎င်းတို့သည် အတုံးအရုန်း သေဆုံးနေကြသော သွေးမျိုးနွယ်စု ကျင့်ကြံသူများအားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
"ယီးထဲမှ... ဘယ်အဆင့်မြင့် ကျင့်ကြံသူကများ လာသောင်းကြမ်းသွားတာလဲဟ။ စစ်ပွဲစတာ ဘယ်လောက်မှတောင် မကြာသေးတာကို။"
စီမံခန့်ခွဲရေးဌာန တစ်ခုလုံး မျက်လုံးများ ပြူးကျယ်နေလေပြီ။
ထို့နောက် အားလုံး၏ အလယ်တွင်ရှိနေသော လူငယ်လေးတစ်ဦးအား သတိပြုမိသွားသည်။
ကျင်းဟုနှင့် ချန်ယွီသည် အန်လင်းအား ချက်ချင်းဆိုသလို မှတ်မိလိုက်ကြသောကြောင့် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
"အန်လင်းက တကယ်အားကိုးရတာပဲ။"
ကျင်းဟု ပြုံးကာပြောလိုက်သည်။
"ဟုတ်တယ်။ ငါတို့ရောက်နေတဲ့နေရာနဲ့ ဒီမြို့က ဝေးတယ်လေ။ အန်လင်းသာ အချိန်မှီ ရောက်မလာရင် အခြေအနေတွေ တစ်မျိုးဖြစ်သွားနိုင်တယ်။"
ချန်ယွီ၏ မျက်ဝန်းများတွင် လေးစားအားကျသော အရိပ်အယောင်များကို တွေ့မြင်နိုင်သည်။
"ကောင်းကင်ဘုံခုံရုံးရဲ့ သူရဲကောင်းတွေကို သွားတွေ့ကြတာပေါ့။"
"ကောင်းပြီလေ။"
ကောင်းကင်ဘုံခုံရုံး၏ စီမံခန့်ခွဲရေးဌာန တစ်ခုလုံး အန်လင်းတို့ထံ ပျံဝဲလာကြသည်။
ထိုအချိန်တွင် အဝေးတစ်နေရာ၌ အရှိန်အဝါများကို ဖိနှိပ်ထားသော အနီရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်း၏တည်ရှိမှုအား မည်သူကမှ အာရုံမခံနိုင်ကြပေ။
ထိုသူမှာ အဝေးရှိ မြို့တော်အားကြည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။
"ဟားဟား....တကယ်အချီကြီး မိတာပဲ။ ဟွမ်းချန်မြို့မှာရှိတဲ့ ကောင်းကင်ဘုံခုံရုံးရဲ့ အမှိုက်တွေက ဧကရာဇ်ထျန်းဟောင် ကာကွယ်မှုအောက်ကနေ ဒီကိုထွက်လာရဲမယ်လို့တောင် မထင်ထားဘူး။ တော်တော်ရူးတဲ့ဟာတွေ။ ဧကရာဇ်ရိတန်းကိုပြောပြီး သူတို့အားလုံးကို သတ်ပစ်ရမယ်။"
ထိုသို့တွေးနေစဉ်မှာပင် လျှော်သားဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးသည် မည်သူမှပင် မသိလိုက်ပဲ အနီရောင်ဝတ်စုံနှင့် အမျိုးသားဘေးတွင် ပေါ်ထွက်လာကာ ၎င်းအားအေးစက်သော မျက်ဝန်းအစုံနှင့် စိုက်ကြည့်နေတော့သည်။