ကမ္ဘာဖျက်လက်ညှိုး
Vol. 49 Ch. 685
အနီရောင်ဝတ်စုံနှင့် အမျိုးသားသည် သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ မော်တွန် ဖြစ်သည်။
သူ၏အရှိန်အဝါ ဖုံးကွယ်ခြင်းစွမ်းရည်မှာ ကောင်းမွန်လွန်းလှသောကြောင့် ရှောင်ဇယ်၏ အံ့ဖွယ်အာရုံသည်ပင် ၎င်း၏တည်ရှိမှုအား အာရုံမခံနိုင်ပေ။ မော်တွန်သည် ကောင်းကင်ဘုံခုံရုံး၏ အရေးပါ အရာရောက်သူများကို တစ်နေရာတည်းတွင် စုစည်းနိုင်ခဲ့သောကြောင့် သွေးမျိုးနွယ်စု စစ်တပ်တစ်ခုလုံး ရင်းလိုက်ရခြင်းအား အရေးပင် မစိုက်တော့ပေ။
လက်ရှိအခြေအနေအား သတင်းပို့လိုက်သည်နှင့် ကောင်းကင်ဘုံခုံရုံး၏ အမှိုက်ကောင်များအား ရှင်းလင်းရန် အင်အားကောင်းသော စစ်ကူများ သို့မဟုတ် ဧကရာဇ်ရိတန်းကိုယ်တိုင်ပင် ရောက်ရှိလာနိုင်သည်။
"ဟမ့်....စောင့်နေလိုက်စမ်းပါ။ မင်းတို့သွေးတွေက ငါ့အတွက်ပဲ။"
မော်တွန် အေးစက်စွာပြုံးကာ ထွက်ခွာတော့မည့် အချိန်မှာပင် ဘေးတွင်ရှိနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ရုတ်ချည်းဆန်လှသော အနေအထားကြောင့် သူ၏နှလုံးသားသည်ပင် လိပ်ပြာလွင့်မတတ် ဖြစ်သွားရလေသည်။
"မင်းဘယ်သူလဲ။"
မော်တွန်သည် မီတာတစ်ရာ အကွာအဝေးသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။
သူသည် အရူးတစ်ယောက် မဟုတ်ပေ။ မည်သူမှပင် သတိမထားမိပဲ သူ၏ဘေးသို့ ရောက်လာနိုင်သူမှာ သောက်ကျိုးနည်း အဆင့်မြင့် ကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် ဆုတ်ခွာရန် စဉ်းစားလိုက်သည်။
လျှော်သားဝတ်စုံနှင့် လူငယ်လေးမှာ ခပ်ဖွဖွ ပြုံးလိုက်လေသည်။
"ကန်းလန်မြို့တော် ပျက်စီးသွားရတာ မင်းလက်ချက်လား။"
"ငါမဟုတ်ဘူး။"
မော်တွန်မှာ ရိုးသားသော ဖိုးသခွားအသွင်နှင့် ဖြေကြားလိုက်ပါသော်လည်း နဖူးထက်တွင် ချွေးစေးများ ပျံနေလေပြီ။
"အဖြေကို ငါသိလိုက်ပြီ။"
လူငယ်လေးမှာ အေးစက်ခက်ထန်သော အမူအရာဖြင့် မော်တွန်ထံ လျှောက်လှမ်းလာသည်။
"ကောင်းကင်ဘုံခုံရုံးက ဆရာနဲ့ ကျောင်းသားတွေကိုသတ်တာ ဘယ်လောက်အပြစ်ကြီးလဲ သိရဲ့လား။ ငါသာ မသိလိုက်ရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဒါပေမယ့် သိသိကြီးနဲ့တော့ ဘေးလူတစ်ယောက်လို လျစ်လျူရှုနေမှာ မဟုတ်ဘူး။"
ခွန်အားကြီးသော သားရဲကြီးတစ်ကောင် ချည်းကပ်လာနေသည်ဟု ခံစားလိုက်ရသောကြောင့် မော်တွန်မှာ စိတ်မသက်မသာ ဖြစ်လာမိသည်။
ထိုလူငယ်လေးသည် သူတိုက်ခိုက်နိုင်သောသူမျိုး မဟုတ်သောကြောင့် အမြန်ဆုံး ထွက်ပြေးဆုတ်ခွာရန် လိုအပ်သည်။
သူသည် လေဟာပြင် ခုန်ကူးရန် ကြိုးစားလိုက်ပါသော်လည်း ပတ်ဝန်းကျင်၏ လေထုသည် ချိပ်ပိတ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကြောက်မက်ဖွယ် ကောင်းလှသော ချိပ်ပိတ်စွမ်းရည်ပင်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် မည်သူမှ မသိစေလိုက်ပဲ လေထုအား ချိပ်ပိတ်နိုင်မည် မဟုတ်ပေ။
မော်တွန်မှာ ထွက်ပြေးနိုင်ရန် အသည်းအသန် ကြိုးစားတော့သည်။
ကျစ်လစ်သိပ်သည်းလွန်းသော လေထုကြောင့် သူ၏ခန္ဓာကိုယ်သည်ပင် လှုပ်မရတော့ပေ။
"မင်း....မင်းဘယ်သူလဲ။"
မော်တွန်မှာ လူငယ်လေးအား အလန့်တကြား ကြည့်ရှုနေမိသည်။
ထိတ်လန့်စရာ ကောင်းလွန်းလှသော ချိပ်ပိတ်စွမ်းရည်ကြောင့် သူသည်လည်း မကြောက်ရွံ့ပဲ မနေနိုင်တော့ပေ။
"သေပဲသေတော့မှာကို အခုထိ အမေးအမြန်း ထူနေတုန်းလား။"
လူငယ်လေးသည် တုန်ရီနေသော မော်တွန်အားကြည့်ကာ သက်ပြင်းချလိုက်သည်။
"ငါလည်းအစွမ်းတွေ မဖြုန်းချင်ပါဘူး။ ဒါပေမယ့် မင်းကတော်တော်ကို လှုပ်ရွနေတာပဲ။"
ချက်ချင်းပင် မော်တွန်၏ ခန္ဓာကိုယ်မှာ ကျောက်ရုပ်အလား တောင့်တင်းသွားလေသည်။
မော်တွန်သည် ပါးစပ်ပင် မဟနိုင်တော့ပါသော်လည်း စိတ်ထဲတွင် အကြောက်တရားများဖြင့် ဟစ်ကြွေးနေမိသည်။
လူငယ်လေးသည် မော်တွန်အားကြည့်ကာ လက်ညှိုးထိုးလိုက်သည်။
"ငါ့အစွမ်းကို ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားမှာပါ။ ကောင်းကင်တာအိုရဲ့လက်ချောင်း အစွမ်းရဲ့ ၀.၀၀၁ ရာခိုင်နှုန်းလောက်ပေါ့။"
ကောင်းကင်နှင့်မြေပြင် တခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ကောင်းကင်တာအို၏ အစွမ်းများ ပါဝင်နေသော လူငယ်လေး၏ လက်ညှိုးသည် မော်တွန်၏ အမြင်တွင် ဖြည်းညင်းစွာ ကြီးမားကျယ်ပြန့်လာသည်။
မော်တွန်မှာ မျက်လုံးအပြူးသားနှင့် ကြောက်ရွံ့လွန်းသောကြောင့် ခန္ဓာကိုယ် အောက်ပိုင်းမှပင် အရည်တစ်မျိုး ထွက်ကျသွားရသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....လက်ညှိုးတစ်ချောင်းက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား....
ဒါက ငါ့ကိုခြောက်ဖို့လုပ်ထားတဲ့ ပုံရိပ်ယောင်တွေပဲဖြစ်ရမယ်....
သူသည် အားတင်းကာ အကြောက်တရားကို ဖြေဖျောက်ပါသော်လည်း မည်သို့မျှ မတတ်နိုင်ပေ။
ခေတ္တမျှသော အချိန်အတွင်း ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး ပြိုကျပျက်စီးကာ လူငယ်လေး၏ လက်ညှိုးတစ်ချောင်းသာ ကျန်ရစ်ခဲ့သည်။
လူငယ်လေး၏ လက်ညှိုးနှင့်အတူ ပတ်ဝန်းကျင်မှာလည်း ရွှေရောင်အလင်းများ တောက်ပသွားလေသည်။
.........
ချင်ယွီမြို့တော်၌
အန်လင်းတို့သည် မော်တွန်အား သတ်ဖြတ်ရန် ဆွေးနွေးနေကြပြီး ကျောင်းသားများနှင့် စစ်သည်တော်များမှာလည်း မြို့တော်အား ရှင်းလင်းရေး လုပ်နေကြသည်။ ၎င်းတို့သည် ရုတ်ချည်းဆန်စွာ ဖြာထွက်လာသော ရွှေရောင်အလင်းများကြောင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
ရှောင်ဇယ်နှင့် တီနာအပါအဝင် အားလုံးလှမ်းကြည့်လိုက်သောအခါ ဒူးထောက်ကာ အရိုအသေ ပေးရလောက်အောင် အရှိန်အဝါ ကြီးမားသော စွမ်းအင်များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရလေသည်။
ဝုန်း....
ရွှေရောင်အလင်းများသည် ကမ္ဘာမြေအား ကျော်လွန်ကာ အသင်္ချေထိတိုင်အောင် လင်းလက်သွားသည်။
ကမ္ဘာမြေအား နှစ်ခြမ်းဖြတ်ပစ်တော့မတက် ထိတ်လန့်ဖွယ် ရွှေရောင်အလင်းများကြောင့် အားလုံးမှာ မည်သည့်စကားမှပင် မပြောနိုင်တော့ပေ။
ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်သွားခဲ့သည်။
"အစ်ကိုကြီးအန်....အဲ့အစွမ်းကို အရမ်းရင်းနှီးနေသလိုပဲ... ဝုတ်။"
တပိုင်မှာ မျက်လုံးအပြူးသားနှင့် ရေရွတ်လိုက်သည်။
အန်လင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
"ရင်းနှီးနေတာ မဟုတ်ဘူး။ အဲ့ဒါ ကောင်းကင်တာအိုရဲ့ လက်ချောင်းပဲ။"
သူသည် အသုံးပြုခဲ့ဖူးသော ထိုစွမ်းအင်အား ဘယ်သောအခါမှ မေ့နိုင်မည် မဟုတ်ပေ။
စနစ်၏ တွက်ချက်မှုအရ ထိုကျင့်စဉ်စဦးအဆင့်သည်ပင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို သုတ်သင်ပစ်နိုင်မည်ဖြစ်ပြီး တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သွားပါက အချိန်နှင့်အာကာပြင်ကိုပင် ခြယ်လှယ်ကာ မဟာတာအိုအား ဖျက်စီးပစ်နိုင်ပေလိမ့်မည်။
သူသည်လည်း ထိုလက်ချောင်းအား အသုံးပြုခဲ့ဖူးပြီး ဝမ်ရွှမ်ကျန်းမှာ သေလောက်အောင် ကြောက်ရွံ့သွားခဲ့သည်။
သို့သော် ရလဒ်အနေဖြင့် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားခဲ့လေသည်။
သူသည် ကောင်းကင်တာအို၏လက်ချောင်းအား အသုံးပြုနိုင်စွမ်း မရှိဟု စနစ်မှ ပြောပြခဲ့သောကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သလို ဖြစ်စေမည့် ထိုနည်းလမ်းအား ထပ်မသုံးဖြစ်တော့ပေ။
ယခုတွင်မူ သူ၏ရှေ့တွင်ပင် အခြားတစ်ဦးမှ အသုံးပြုနေသောကြောင့် အံ့အားသင့်သွားရသည်။
"တစ်ချက်လောက် သွားကြည့်ရအောင်။"
အန်လင်း အလျင်အမြန်ပင် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုလျှော်သားဝတ်စုံနှင့် လူငယ်လေးမှာ ရုတ်ချည်းဆိုသလို သူ၏ရှေ့သို့ ရောက်ရှိလာလေသည်။
"ဂျူနီယာကျောင်းသားအန်လင်း....မတွေ့ရတာ ကြာပြီနော်။"
အားလုံးမှာလည်း ရုတ်တရက် ရောက်ရှိလာသော လူငယ်လေးကိုကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိကြသည်။
"မော်...မော်တွန်ရဲ့ ခေါင်းကြီးပဲ။"
ထိုလူငယ်လေး၏ လက်ထဲတွင်ရှိသော ခေါင်းပြတ်ကြီးအားကြည့်ကာ ကျင်းဟု ထိတ်လန့်သွားရသည်။
"အော်... သူက ကန်းလန်မြို့တော်ကို ဖျက်စီးပြီး ကောင်းကင်ဘုံခုံရုံးက ဆရာနဲ့ ကျောင်းသားတွေကို သတ်ပစ်တယ်လို့ ကြားမိလို့လေ။ အဲ့ဒါနဲ့ လမ်းကြုံတုန်းလေး ပြန်သတ်လိုက်တာ။"
လူငယ်လေးမှာ ပေါ့ပေါ့ပါးပါး စကားဆိုရင်း မော်တွန်၏ခေါင်းအား မြေပြင်ပေါ် ပစ်ချလိုက်သည်။
"သူကခေါင်းတော့မာသားပဲ။ ခန္ဓာကိုယ်က အမှုန့်ဖြစ်သွားတာတောင် ခေါင်းကကွက်ကျန်ခဲ့သေးတယ်။"
အားလုံး: "....."
"ချန်း.....စီနီယာကျောင်းသား ချန်းချန်က ဒီမှာဘာလုပ်နေတာလဲ။"
အန်လင်း အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။
ထိုလူငယ်လေးမှာ ကောင်းကင်ဘုံခုံရုံးတွင် ကျင့်ကြံခဲ့ဖူးသော ချန်းချန် ဖြစ်သည်။ အန်လင်းသည် ကောင်းကင်တာအို၏လက်ချောင်းအား ချန်းချန်ထံမှ ရရှိခဲ့ခြင်းပင်။
စီနီယာကျောင်းသား.....
"ဝါး...."
ကောင်းကင်ဘုံခုံရုံး၏ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြရသည်။
"ငါတို့ကျောင်းက ကျောင်းသားတွေက ဘယ်တုန်းက သောက်ကြမ်းကြီးတွေ ဖြစ်ကုန်တာလဲ။"
ချန်ယွီ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
စုရှောင်လန်တို့မှာလည်း အံ့သြမကုန် ဖြစ်နေရသည်။ သူမတို့သည်လည်း ကန့်သတ်မဲ့တိုက်ပွဲတွင် ချန်းချန်အား တွေ့ဆုံခဲ့ဖူးပြီး စုရှောင်လန်ဆိုလျှင် တိုက်ပင်တိုက်ခိုက်ဖူးသေးသည်။
ကျောင်းတော်တွင် သူရဲဘောကြောင်သူအဖြစ် လူသိများသော ကျောင်းသားမှာ သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူအား လမ်းကြုံဝင်သတ်သွားလေသည်။
ထို့ကြောင့် အားလုံးမှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
အန်လင်းသည်ပင် အမှန်တကယ် အံ့သြနေမိသည်။
သူ့ကိုယ်သူ ဆရာကြီးဟု ထင်နေခဲ့ပါသော်လည်း စင်စစ်တွင်မူ ချန်းချန်ကသာ ဆရာ့ဆရာကြီး ဖြစ်နေခဲ့သည်။
ချန်းချန်သည် မော်တွန်၏ အရှိန်မှာအား အာရုံခံနိုင်ရုံသာမက လက်ညှိုးတစ်ချက်ဖြင့် သတ်ပစ်နိုင်ခဲ့ပြီး ထိုသည်မှာ ထမင်းစား၊ ရေသောက်သလောက်သာ ရှိသလို ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်မှာ ရူးချင်စဖွယ် ကောင်းလှသည်။
ချန်းချန် ခပ်ဖွဖွ ပြုံးလိုက်သည်။
"ငါဘာလာလုပ်တာလဲ ဟုတ်လား။ မင်းကိုလာရှာတာလေ။"