← Chapters

မိုးဖြိုဂိုဏ်းအကြောင်းသိချင်လား

Vol. 49 Ch. 686

မိုးဖြိုဂိုဏ်းအကြောင်းသိချင်လား

Vol. 49 Ch. 686

ချန်းချန်သည် သူ့အားလာရှာသည်ဟု ဆိုလာသောကြောင့် အန်လင်း အံ့သြသွားရသည်။

သူပါးစပ်အဟောင်းသားဖြစ်ကာ မေးမြန်းလိုက်သည်။

"ဘာလို့ ကျွန်တော့်ကို ရှာနေတာလဲ။"

ချန်းချန်မှာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီးနောက် ကောင်းကင်ထက်သို့ တက်သွားသည်။

"စကားလေးဘာလေး ကောင်းကောင်းပြောရအောင် ခပ်ဝေးဝေး သွားကြရအောင်။"

ထိုစကားကြောင့် အားလုံး အံ့သြသွားရပြန်သည်။

သူတို့နှစ်ယောက်က သီးသန့်ဆွေးနွေးရမှာတွေ ရှိနေတာလား....

လူတိုင်းတအံ့တသြဖြစ်ကာ အချို့ဆိုလျှင် ၎င်းတို့နှစ်ဦးအား သံသယ မျက်ဝန်းများနှင့် ကြည့်ရှုလာကြသည်။

အန်လင်းသည် အနည်းငယ် တွေဝေနေပြီးနောက် စုရှောင်လန်နှင့် သူ၏သားရဲများကို စကားဆိုလိုက်သည်။

"ခဏနေ ပြန်လာခဲ့မယ်။"

စုရှောင်လန် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ကိုယ့်ကိုယ်ကို ပေါက်ကွဲသွားစေမယ့် မန္တာန်ကို သင်မလာခဲ့နဲ့နော်။"

ချန်းချန်မှာ မျက်နှာပျက်သွားရလေသည်။

စုရှောင်လန်၏ စကားသည် သူ၏အတွေးထဲတွင် ပဲ့တင်ထပ်နေသော အရာဖြစ်သောကြောင့် အန်လင်းမှာ အိုကေဟူသော လက်ပုံစံလုပ်ပြကာ ချန်းချန်နှင့်အတူ အဝေးသို့ ထွက်ခွာသွားသည်။

၎င်းတို့နှစ်ဦးသည် တိမ်စိုင်များကြား ပျံဝဲနေကြသည်။

အန်လင်းသည် စိတ်မလုံခြုံသောကြောင့် ဖရိုဖရဲ သတ္ထုအုတ်ခဲအား ထုတ်ယူလိုက်သည်။

အုတ်ခဲနက်ပေါ် ရောက်မှသာ သက်တောင့်သက်သာ ဖြစ်သွားတော့သည်။

သူအနည်းငယ်မျှ တွေးတောပြီးနောက် စားပွဲတစ်ခုနှင့် ခုံနှစ်လုံးကိုပါ သိုလှောင်လက်စွပ်ထဲမှ ယူဆောင်လိုက်သည်။ ထို့အပြင် စိတ်ဝိဉာဉ်သစ်သီးအချို့ကိုပါ ထုတ်ယူလိုက်သောကြောင့် ပတ်ဝန်းကျင်တွင် အားကောင်းသော စွမ်းအင်လှိုင်းများနှင့် သင်းပျံ့သော ရနံ့များ ဝေ့ဝဲသွားလေသည်။

"စီနီယာကျောင်းသား ချန်းချန်....ကျွန်တော်တို့ စားရင်းသောက်ရင်း စကားပြောရအောင်လေ။ ကျွန်တော့်ဆီမှာ စိတ်ဝိဉာဉ်သစ်သီးတွေ အများကြီး ရှိတယ်။ ဒါနဲ့မလောက်ရင် ထပ်ထုတ်ပေးလို့ရတယ်။"

အန်လင်းမှာ ပျူပျူငှာငှာပင် ချန်းချန်အား ဖိတ်ခေါ်လိုက်သည်။

သူသည် အလွန်ကြွယ်ဝချမ်းသာသော ကျင့်ကြံရေးသူဋ္ဌေးကြီးပင်။

ချန်းချန်သည် ကျင့်စဉ်တစ်ခုအား သူ့ထံသင်ပြပေးဖူးသောကြောင့် အန်လင်းအနေဖြင့် ကောင်းမွန်သော ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားလိုသည်။

ချန်းချန်မှာ အုတ်ခဲနက်ကြီးပေါ်တွင် ရှိနေသော စိတ်ဝိဉာဉ်သစ်သီးများအား ပါးစပ်အဟောင်းသားဖြင့် ကြည့်ရှုလိုက်ပြီးနောက် အန်လင်း၏ မျက်နှာချင်းဆိုင်ခုံသို့ ရောက်ရှိလာသည်။

အန်လင်းသည် စီနီယာကျောင်းသား ချန်းချန်အား သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ရုပ်ရည်သွင်ပြင်ရော၊ အရှိန်အဝါပါ ပြောင်းလဲမသွားသည့်အပြင် ၎င်း၏ကျင့်ကြံရေးသည် တာအိုခန္ဓာအဆင့်ရှစ်မှ အဆင့်ခုနစ်သို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။

အမ်... သူက အဆင့်ကျသွားတာလား.....

မည်သို့ပင်ဆိုစေကာမူ ဦးနှောက်မပါသော အရူးတစ်ယောက်ကသာ ၎င်း၏ကျင့်ကြံရေးအား အာရုံစိုက်ပေလိမ့်မည်။ ထိုကျင့်ကြံရေးအဆင့်သည် အတုအယောင်သာဖြစ်ကြောင်း ထင်ရှားနေသည် မဟုတ်လော။

သို့သော် ဝါကျင့်ကျင့် လျှော်သားဝတ်စုံသည် ငမွဲထိပ်ခေါင် ဖွတ်မင်းပြောင်ဖြစ်နေကြောင်း ပြသလျက်ရှိသည်။

အန်လင်းမှာ သေသေချာချာ စဉ်းစားပြီးနောက် ဂရုတစိုက် စကားဆိုလိုက်သည်။

"စီနီယာကျောင်းသား ချန်းချန်....ဒီနှစ်တွေအတွင်း ဘယ်လိုဖြတ်သန်းနေလဲ။ ဘာလို့လျှော်သားဝတ်စုံကို ဝတ်ထားရတာလဲ။ အဝတ်အစားတောင် မရှိတော့ဘူးလား။ ကျွန်တော့်ဆီမှာ အရမ်းမိုက်တဲ့ အဝတ်အစားတွေရှိတယ်။ လူသားကမ္ဘာက တံဆိပ်ကောင်းကောင်းနဲ့ အဝတ်အစားတွေတောင် ရှိသေးတယ်။ နည်းနည်းပါးပါးလောက် ယူသွားပါလား။ ကျွန်တော့်ကို တစ်ပြားမှ ပေးစရာ မလိုပါဘူး။"

ချန်းချန်မှာ မျက်နှာပျက်သွားသည်။

"အဝတ်အစားနဲ့ အသုံးအဆောင်တွေက ဘာမှအရေးမကြီးပါဘူး။ ဂျူနီယာကျောင်းသားအန်လင်း ဂရုစိုက်မနေပါနဲ့။ လိုရင်းကိုပဲ ပြောကြရအောင်။"

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ဖတ်ခဲ့ဖူးသော ဝတ္ထုများအရ အလွန်ကြမ်းသော ဇာတ်ဆောင်မင်းသားများသည် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်အား ဖုံးကွယ်ရန် ရည်ရွယ်ချက်ရှိစွာဖြင့် စုတ်စုတ်ပြတ်ပြတ်သာ ဝတ်ဆင်လေ့ ရှိကြသည်။ ထို့ကြောင့် အားလုံး၏ အထင်အမြင်သေးခြင်းကို အမြဲလိုလို ခံရလေ့ရှိပြီး အချိန်ကောင်းရောက်မှသာ ထိုသူများကို ယီးနှင့်ခေါက်ကာ အစစ်အမှန် စွမ်းအင်အား ပြသတတ်ကြသည်။ စီနီယာကျောင်းသား ချန်းချန်သည်လည်း ထိုသို့လုပ်နေခြင်းပင် ဖြစ်ပေလိမ့်မည်။

ချန်းချန်ကရော ဇာတ်လိုက်မင်းသား ဖြစ်ချင်နေတာလား.....

"ဝါး...."

အန်လင်းမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ချန်းချန်အား လေးစားအားကျစွာ ကြည့်ရှုလိုက်သည်။

ချန်းချန်ကသာ ဇာတ်လိုက်မင်းသားကို သူ့ပေါင်ကို အသေဖက်ထားမှပဲ....အဲ့ဒါဆို ဗီလိန်တွေကို ယီးနဲ့လိုက်ခေါက်တဲ့အခါကြ ငါပါသူနဲ့လိုက်ပြီး အကြွားဘုရင် လုပ်လို့ရပြီ.....

ချန်းချန်မှာ အန်လင်း၏ မီးဟုန်းဟုန်းတောက်နေသော အကြည့်များကြောင့် ကြက်သီးထလာရသည်။

"ဘာတွေတွေးနေတာလဲ ဂျူနီယာကျောင်းသားအန်လင်း။"

"အာ...."

အန်လင်းမှာ အသိစိတ် ဝင်လာကာ ချန်းချန်အား ပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ စီနီယာကျောင်းသား ချန်းချန်....အသီးတွေ စားပါဦး။ ပြီးတော့ နောက်ကြရင် လွယ်လွယ်ကူကူ ဆက်သွယ်နိုင်အောင် ကျွန်တော်တို့ အသံပို့တဲ့ အဆောင်တွေဘာတွေ လဲထားကြရင် ကောင်းမလား။"

သူသည် ချန်းချန်ကဲ့သို့ ဇာတ်လိုက်မင်းသား ဖြစ်လာမည့်သူအား စောစောစီးစီး ဖက်တွယ်ထားသင့်သည်ဟု တွေးမိသည်။

ချန်းချန် တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ငါ့မှာအဲ့လိုဟာမျိုးတွေ မရှိဘူးရယ်။ စိတ်မကောင်းပါဘူး။"

အန်လင်း မအီမသာ ဖြစ်သွားရသည်။

"အဲ့ဒါဆို တခြားဆက်သွယ်ရေးကိရိယာတွေရော ရှိလား။"

ချန်းချန် လက်ဖြန့်ပြလိုက်သည်။

"ငါ့မှာဘာမှကို မရှိတာ။ ငါ့မှာငါပဲရှိတယ်။ တကယ်လို့ ငါ့နှလုံးသားက ကြီးကျယ်မြင့်မြတ်နေခဲ့ရင်တော့ ကမ္ဘာကြီးက ငါ့အပိုင် ဖြစ်နေမှာပေါ့။"

"ဝါး...."

သောက်ရမ်းကြမ်းမယ့် ဇာတ်လိုက်မင်းသားလို့ကို မပြောရဘူး....စကားပြောတာကအစ ထူးခြားလိုက်တာ....

အန်လင်းမှာ ထိုစာသားအား တိတ်တဆိတ် အလွတ်ကျက်ကာ စကားဆိုလိုက်သည်။

"ဘာမှမရှိတာတော့ မဟုတ်ပါဘူး။ လျှော်သားဝတ်စုံတော့ ရှိသေးတယ်လေ။"

"အဲ့ဒါက ထည့်တွက်လို့ မရဘူးလေ။"

ချန်းချန် တိုးညင်းစွာ တုံ့ပြန်သည်။

"အဲ့ဒါဆို ဖိနပ်တွေကရော...."

အန်လင်း မေးလိုက်ပြန်သည်။

ချန်းချန် အသက်ပြင်းပြင်း ရှူနေရသည်။

"အဓိက ကိစ္စကိုပဲ ပြောကြတာပေါ့။"

"ဟုတ်..."

အန်လင်းမှာ လိမ္မာယဉ်ကျေးသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချန်းချန် မေးဖျားကိုပွတ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါမင်းကို စောင့်ကြည့်နေတာကြာပြီ။ ငါ့မှာမင်းနဲ့ပက်သတ်ပြီး ထူးခြားတဲ့ ခံစားချက် ရှိတယ်။"

ဒုန်း.....

ချန်းချန်၏ စကားကြောင့် အန်လင်း၏လက်များ တုန်ရီလာကာ ကိုင်ထားသော စိတ်ဝိဉာဉ်သစ်သီးပင် ပြုတ်ကျသွားရသည်။

"ခင်ဗျား......ခင်ဗျား.....စီနီယာကျောင်းသား....ကျွန်တော်က ရှောင်လန်ကိုပဲ ချစ်တာဗျ။"

အန်လင်း၏ စိတ်ထဲတွင် လှိုင်းထန်နေရလေပြီ။

ယီးထဲမှပဲ.....

နူးညံ့သော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးမှ သူ့အားဝန်ခံလာသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ကောင်းကင်ထောက်တိုင်ကဲ့သို့ ဖြောင့်မတ်သူ ဖြစ်သောကြောင့် ထိုသည်ကို ချက်ချင်းငြင်းဆိုလိုက်သည်။

ချန်းချန်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။

"ဘာလို့မဆိုင်တာတွေ ပြောနေတာလဲ။ မင်းဘာသာမင်း ဘယ်သူ့ကို ချစ်ချစ်ပေါ့။ ငါဂရုမစိုက်ပါဘူး။"

"ဒါပေမယ့် ပြောရမှာပဲဗျ။ ကျွန်တော်က ကိုးဆယ်ဒီဂရီ ဖြောင့်မတ်တဲ့ ယောက်ျားစစ်စစ်၊ ပြီးတော့ ကျွန်တော့် နှလုံးသားထဲမှာလည်း ရှောင်လန်တစ်ယောက်ပဲရှိတာ။"

အန်လင်း အလေးအနက် ကြေညာလိုက်သည်။

"စီနီယာကျောင်းသား ချန်းချန်....ဒီကိစ္စကို စောစောစီးစီးတည်းက ဖျက်ပစ်လိုက်တာကောင်းမယ်။ မဟုတ်ရင် ဘယ်သူ့အတွက်မှ အဆုံးသတ် ကောင်းမှာမဟုတ်ဘူး။"

ချန်းချန် ကြောင်တောင်တောင် ဖြစ်သွားရသည်။

ဒင်းက ဘာတွေပြောနေတာလဲ....ယီးတွေပြောနေတာလား.....

ငါတို့ ကိစ္စတစ်ခုတည်းကို ဆွေးနွေးနေတာရော ဟုတ်ရဲ့လား......

"ကြည့်ရတာ တစ်ခုခုကို အထင်လွဲနေပုံပဲ။ အင်း....မျိုးဆက်မတူလို့ ထင်ပါတယ်။"

ချန်းချန် စိတ်အားဆွဲဆန့်ထားရသည်။

"မင်း စုရှောင်လန်ကိုချစ်တာ ငါတကယ်စိတ်မဝင်စားဘူး။ ပြောချင်တာက ငါ့မှာမင်းနဲ့ပက်သတ်ပြီး ထူးခြားတဲ့ ခံစားချက် ရှိတယ်။"

အန်လင်း: "......"

"ကန့်သတ်မဲ့တိုက်ပွဲတုန်းက ကောင်းကင်တာအိုရဲ့လက်ချောင်းကို မင်းသုံးခဲ့တယ်လေ။ ဒါပေမယ့် ငါနည်းနည်းမှကို မအံ့သြမိဘူး။ အဲ့အစား ဖြစ်သင့်တယ်လို့တောင် တွေးမိနေသေးတယ်။ ပြောရရင် မင်းနဲ့ငါနဲ့ကြားမှာ ဆက်နွယ်မှုတစ်ခု ရှိနေသလိုပဲ။"

ချန်းချန် အန်လင်းအား လေးလေးနက်နက် ကြည့်ရှုလိုက်သည်။

"မင်းဘယ်လိုအရာတွေ ကြုံတွေ့ခဲ့ရလဲ ငါမသိဘူး။ မင်းက ဇစ်မြစ်ကို ဖုံးကွယ်ထားတဲ့သူ ဟုတ်မဟုတ်လည်း ငါမသိဘူး။ သေချာတာကတော့ မင်းကငါ့အစီအစဉ်အတွက် အရေးပါတဲ့သူပဲ။"

အန်လင်းမှာ စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ချန်းချန် ပြောချင်နေတာဒါပေါ့....ဟူး....ငါ့အတွေးက သောက်တလွဲ ဖြစ်နေတာပဲ....

အန်လင်း ကိုယ့်ကိုယ်ကို တည်ငြိမ်စေလိုက်သည်။

"ခင်ဗျားရဲ့ အစီအစဉ်ကဘာလဲ။"

အတိတ်ကာလ၌သာဆိုပါက အန်လင်းသည် နှစ်ခါပြန်မတွေးပဲ ချန်းချန်အား ပါးရိုက်လွှတ်လိုက်မည်ပင်။ သို့သော် ကျင့်ကြံရေးလောကတွင် အချိန်တစ်ခုကြာ နေလာပြီးနောက် ထူးခြားသော ဆက်နွယ်မှုများ၊ ဆန်းကြယ်သောအရာများ ရှိနေသည်ကို စတင်ယုံကြည်လာသည်။

ချန်းချန် လျှို့ဝှက်စွာ ပြုံးလိုက်သည်။

"မိုးဖြိုဂိုဏ်းအကြောင်း သိချင်လား။"

"ဘာ...."

အန်လင်း မျက်လုံးအပြူးသား ဖြစ်သွားသည်။

"မိုးဖြိုဂိုဏ်းဆိုတဲ့ ဂိုဏ်းတစ်ခုကို ငါတည်ထောင်ထားတယ်။ မင်းစိတ်ဝင်စားလား။"

ချန်းချန် မျှော်လင့်တကြီး မေးမြန်းလိုက်သည်။

အန်လင်း: "...."

ဖရိုဖရဲ သတ္ထုအုတ်ခဲပေါ်တွင် တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေသည်။

ဇာတ်လိုက်မင်းသားတွေ အားလုံးက သူတို့ခရီးစဉ် ပြီးမြောက်ဖို့အတွက် ကောင်းကင်ဘုံကို ဆန့်ကျင်တာ ဒါမှမဟုတ် ကောင်းကင်ဘုံကို ဖျက်စီးတာမျိုးကို မဖြစ်မနေ လုပ်ကြရတာလား.....

အင်း....ချန်းချန်ရဲ့ ပုံစံနဲ့တော့ လိုက်ဖက်မှု ရှိသားပဲ....

"စီနီယာကျောင်းသား ချန်းချန်....ကျွန်တော့်ရဲ့သားရဲ ရွှယ်ကျန်ထျန်းက မိုးဖြိုဂိုဏ်းကို စိတ်ဝင်စားမှာ သေချာတယ်။"

အန်လင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ချန်းချန် အန်လင်းအား လက်ညှိုးထိုးကာ တုံ့ပြန်လိုက်သည်။

"ငါကမင်းကိုပဲလိုတာ။"

အန်လင်း : "....."

All Chapters