← Chapters

လုံခြုံပျော်ရွှင်တဲ့ဘဝပဲလိုချင်တယ်

Vol. 49 Ch. 687

လုံခြုံပျော်ရွှင်တဲ့ဘဝပဲလိုချင်တယ်

Vol. 49 Ch. 687

အဲ့လိုမျိုး စုတ်စုတ်ပြတ်ပြတ် ဂိုဏ်းထဲကို ဘာလို့အဖိတ်ခံရတာလဲကွာ....

အန်လင်းမှာ ဒေါသထွက်သွားပါသော်လည်း ယဉ်ကျေးစွာ ပြုံးနေသည်။

ချန်းချန် စိတ်ပါလက်ပါ ရှင်းပြလိုက်သည်။

"ဂျူနီယာကျောင်းသားအန်လင်း....ကောင်းကင်တာအိုရဲ့လက်ချောင်းကို မင်းသုံးနိုင်တည်းက ငါတို့မိုးဖြိုဂိုဏ်းနဲ့ ဆက်နွယ်မှု ရှိနေလို့ပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ငါတို့ဂိုဏ်းရဲ့ ပထမဆုံး ကျင့်စဉ်လေ။ သာမန်ကျင့်ကြံသူတွေသာဆို ကောင်းကင်တာအိုရဲ့လက်ချောင်းကို သုံးနိုင်ဖို့ မပြောနဲ့။ နှစ်ထောင်ပေါင်းများစွာ ကြိုးစားရင်တောင် ဘာမှနားလည်လာမှာ မဟုတ်ဘူး။"

အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ကောင်းကင်တာအို၏လက်ချောင်းအား လေ့လာစဉ်အခါ ထိုထဲတွင် ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုများ ပါဝင်နေကြောင်း စစ်နတ်ဘုရားစနစ်မှ ပြောပြခဲ့သည်။ ကောင်းကင်ဘုံပျက်သုန်းခြင်းဂိုဏ်းနှင့် ကောင်းကင်ဘုံပြင်ဆင်ခြင်းဂိုဏ်း နှစ်ခုလုံးသည် အစစ်အမှန်တာအိုအား ရရှိနိုင်ရန် မတူညီသော လမ်းစဉ်များကို လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။ ကောင်းကင်တာအို၏လက်ချောင်းသည် မိုးဖြိုဂိုဏ်း၏ ပထမဆုံး ကျင့်စဉ်တစ်ခုပင်။

ထိုသို့ဆိုလျှင် မိုးဖြိုဂိုဏ်းသည် သေးသေးနုပ်နုပ် ဂိုဏ်းတစ်ခု မဟုတ်ပဲ ကောင်းကင်ဘုံပျက်သုန်းခြင်းဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခု ဖြစ်ပေလိမ့်မည်။

အန်လင်းသည် ချန်းချန်၏ ဖိတ်ခေါ်မှုအား လျစ်လျူမရှုနိုင်တော့ပေ။

"စီနီယာကျောင်းသား ချန်းချန်....မိုးဖြိုဂိုဏ်းက ဘာတွေလုပ်ကြလဲဗျ။"

အန်လင်း မေးမြန်းလိုက်သည်။

ချန်းချန်မှာ အန်လင်း စိတ်ဝင်တစား ရှိလာသောကြောင့် ပျော်ရွှင်သွားရသည်။

"ကောင်းကင်တာအိုမှာ ပြစ်ချက်ရှိနေတယ်။ အဲ့ဒါနဲ့ပက်သတ်ပြီး လျစ်လျူရှုထားမယ်ဆိုရင် ကမ္ဘာပျက်ကိန်းကို ဦးတည်သွားလိမ့်မယ်။ ငါတို့မိုးဖြိုဂိုဏ်းရဲ့ အဓိကရည်ရွယ်ချက်က ကောင်းကင်တာအိုကို ဖျက်စီးပြီး ပြီးပြည့်စုံတဲ့ ကောင်းကင်တာအိုတစ်ခုကို ဖန်တီးပြီးတော့ ကမ္ဘာအားလုံးရဲ့ အရှင်သခင် ဖြစ်လာဖို့ပဲ။ ကျန်တဲ့အသေးစိတ် အချက်အလက်တွေကိုတော့ ငါတို့ဂိုဏ်းသား ဖြစ်လာမှပဲ ပြောပြနိုင်လိမ့်မယ်။"

အန်လင်း အလွန်ပင် ထိတ်လန့်သွားရသည်။

ယီးထဲမှ....သူတို့က ကောင်းကင်ကိုတောင် ယီးနဲ့ထိုးတော့မှာလား.....

ကောင်းကင်ဘုံကို ဖျက်စီးရုံတင် မကဘူး.....ကမ္ဘာကြီးရဲ့ အရှင်သခင်နေရာပါ ယူဦးမလို့လား......

တွေးရုံနဲ့တောင် တော်တော်ကြောက်ဖို့ကောင်းနေပြီ....

အန်လင်း လက်နှစ်ဖက်အားဆုပ်ကာ အရိုအသေ ပေးလိုက်သည်။

"အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်။"

ချန်းချန် ကြောင်တောင်တောင် ဖြစ်သွားရသည်။

"ဘာ...."

"ကျွန်တော်က လုံခြုံပျော်ရွှင်တဲ့ ဘဝပဲ လိုချင်တာဗျ။ အဲ့ဒါကြောင့် တာ့တာနော်။"

အန်လင်း လေးလေးနက်နက် တာ့တာပြလိုက်သည်။

ချန်းချန်: "....."

ကောင်းကင်ဘုံအား ဆန့်ကျင်သည်မှာ ဟာသတစ်ခုလို ဖြစ်နေပါသော်လည်း ချန်းချန်သည် အမှန်တကယ် ရည်ရွယ်ချက် ရှိနေကြောင်း သိသာလှသည်။

ထိုသည်မှာ ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။ သူသည် အဘယ့်ကြောင့် ကောင်းကင်ဘုံအား ဆန့်ကျင်လိုပါသနည်း။ ကောင်းကင်ဘုံအား ဖျက်စီးရန် မည်သို့ကြောင့် အလွန်အမင်း စိတ်အားထက်သန်နေရသနည်း။

ထိုလမ်းသည် အခက်အခဲ များပြားလွန်းပြီး အခန့်မသင့်ပါက ကောင်းကင်တာအို၏ အပြစ်ပေးခြင်းကို ခံရနိုင်သည်။

အန်လင်းထံတွင် ကြီးမားသော အိမ်မက်များ မရှိပေ။ သူသည် စုရှောင်လန် အပါအဝင် မိသားစု၊ သူငယ်ချင်းများနှင့် လုံခြုံပျော်ရွှင်သော ဘဝတွင်သာ အေးအေးချမ်းချမ်း နေထိုင်သွားလိုပြီး အင်မော်တယ်တစ်ဦး ဖြစ်လာရန်ပင် ထိုမျှစိတ်ထဲမထားပေ။

နှစ်တစ်သောင်းမှစ၍ နှစ်သန်းတစ်ရာခန့် ရှင်သန်နေထိုင်နိုင်လျှင်ပင် လုံလောက်နေလေပြီ။ ထိုထက်ပိုလာပါက ဘဝမှာ ပျင်းရိဖွယ် ကောင်းလာပေလိမ့်မည်။

သူ၏အိမ်မက်များမှာ ထိုကဲ့သို့ ရိုးရှင်းလွန်းလှသည်။

ထို့ကြောင့် ကောင်းကင်ဘုံအား ဖျက်စီးမည့် အစီအစဉ်တွင် ဝင်ပါစရာ အကြောင်းမရှိပေ။

ထိုသို့ကြီးကျယ်ခမ်းနားသော တာဝန်များအား ဤကမ္ဘာ၏ ဇာတ်လိုက်ဖြစ်သူ စီနီယာကျောင်းသား ချန်းချန်ကသာ ထမ်းဆောင်သင့်ပေသည်။

ထိုအတွေးကြောင့် အန်လင်းမှာ လျင်မြန်စွာပင် မတ်တပ်ထရပ်လိုက်သည်။

"အလောတကြီး မဆုံးဖြတ်ပဲ အရင်စဉ်းစားပါဦး။"

ချန်းချန်လည်း အန်လင်းနှင့်အတူ ထရပ်လိုက်သည်။

"မင်းက ကောင်းကင်တာအိုရဲ့ လက်ချောင်းကို သုံးနိုင်တယ်လေ။ အဲ့ဒါကြောင့် ဂိုဏ်းထဲဝင်လာတာနဲ့ တတိယမြောက် ကောင်းကင်တမာန်တော်အဖြစ် သတ်မှတ်ပေးမှာပါ။"

အန်လင်း မျက်နှာပျက်သွားသည်။

"ဟိုးထား....ဟိုးထား....ကောင်းကင်တမာန်တော် မပြောနဲ့ ကောင်းကင်အရှင်သခင် ဖြစ်လာမယ်ဆိုရင်တောင် ကျွန်တော် သဘောမတူဘူး။"

ထိုကိစ္စထဲသို့ ဝင်ပါခဲ့ပါက အလွန်ပြဿနာများနိုင်ကြောင်း အလိုလို သိရှိနေသောကြောင့် ထွက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

"စီနီယာကျောင်းသား ချန်းချန်မှာ တခြားပြောစရာ မရှိရင် ကျွန်တော် သွားတော့မယ်။"

အန်လင်း နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်။

ချန်းချန်မှာ စကားဆက်ပြောလိုပါသော်လည်း အန်လင်းကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ထားလိုက်ပါတော့လေ။ ငါတို့ဂိုဏ်းအကြောင်း မင်းလည်းလေ့လာလို့ ရနေပြီပဲ။ တစ်ချိန်ကြရင် ငါတို့ပြန်ဆုံဦးမှာပါ။ ဘာပဲဖြစ်ဖြစ် မိုးဖြိုဂိုဏ်းက မင်းကိုအမြဲကြိုဆိုနေတယ်ဆိုတာ မှတ်ထားပါ။"

ချန်းချန် ပေါ့ပါးစွာ ပြောလိုက်သည်။

အန်လင်းမှာ မည်သည့်စကားမှ မတုံ့ပြန်ပဲ ဖရိုဖရဲ သတ္ထုအုတ်ခဲအား အရှိန်တင်ကာ တချိုးတည်း လစ်ပြေးတော့သည်။

ချန်းချန်၏ ပုံရိပ်မှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

ချင်ယွီမြို့တော်သို့ ပြန်ရောက်လာသည်နှင့် အားလုံးမှာ အန်လင်းထံ ရောက်ရှိလာသည်။

"ကျောင်းသားချန်းချန်ရော...."

စီမံခန့်ခွဲရေး ဋ္ဌာနမှူး ကျင်းဟုမှ မေးမြန်းလိုက်သည်။

"သူ့မှာ ကိစ္စရှိလို့ ထွက်သွားပြီ။"

အန်လင်း တုံ့ပြန်လိုက်သည်။

စီနီယာကျောင်းသား ချန်းချန်က ကောင်းကင်ကို ယီးနဲ့ထိုးဖို့ အလုပ်များနေတာကို ငါတို့လို သာမန်လူတွေက လွှတ်ပေးထားသင့်တယ်.....

"အော်..."

ချန်ယွီမှာ စိတ်ပျက်သွားရသည်။

"သွေးမျိုးနွယ်စု စစ်တပ်တစ်ခုလုံးကို ရှင်းထုတ်ပစ်နိုင်ခဲ့တာဆိုတော့ ဒီည အောင်ပွဲခံကြမလို့လေ။ ပြီးတော့ ကျောင်းသားချန်းချန်က မော်တွန်ကို သတ်နိုင်ခဲ့တဲ့ အဓိက သူရဲကောင်းမလား။"

"ကိစ္စမရှိပါဘူး။ သူရှိနေရင်တောင် ပွဲတက်မှာ မဟုတ်ဘူး။"

အန်လင်း ခေါင်းခါပြလိုက်သည်။

"ဘာလို့လဲ။"

ချန်ယွီ နားမလည်နိုင် ဖြစ်သွားမိသည်။

"ကျွန်တော် စားပွဲတစ်လုံးနဲ့အပြည့် စိတ်ဝိဉာဉ်သစ်သီးတွေ ဧည့်ခံခဲ့သေးတယ်။ ဒါပေမယ့် သူကထိတောင်မထိဘူးလေ။ အဲ့ဒါကို ကြည့်ရုံနဲ့တင် သူက အစားအသောက်တွေ စိတ်မဝင်စားတဲ့ အဆင့်မြင့် ကျင့်ကြံသူဆိုတာ သိသာနေတာပဲ။"

အန်လင်း လေးနက်စွာ စကားဆိုလိုက်သည်။

ကျင်းဟု: "....."

ချန်ယွီ : "....."

ထိုညတွင် ချင်ယွီမြို့တော်၏ လမ်းတလျှောက် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြသည်။

အန္တရာယ်များအား ရှင်းထုတ်ပစ်နိုင်ခဲ့သောကြောင့် ပြည်သူများရော၊ စစ်သည်တော်များပါ ပျော်ရွှင်ဝမ်းမြောက်နေကြလေသည်။

နယ်စပ်မြို့များတွင် နေထိုင်သူများသည် ကြမ်းတမ်းခက်ခဲမှုများကို ခံနိုင်ရည်ရှိကာ ပျော်စရာရှိလျှင်လည်း နောက်တွန့်နေသူများ မဟုတ်သောကြောင့် စားသောက်ပွဲမှာ ပုံမှန်အချိန်များထက် ဆူညံနေခဲ့သည်။ အားလုံးသည် ဆိုကြ၊ ကကြနှင့် လွတ်လပ်ပျော်ရွှင်စွာ ယစ်မူးကြလေသည်။

အန်လင်းနှင့် စုရှောင်လန်တို့မှာလည်း တူနှစ်ကိုယ် ရွှေလက်တွဲကာ မြို့တော်တလျှောက် လှည့်လည်သွားလာကြသည်။ ကောင်းကင်ဘုံမှ စုံမက်ပေးထားသော ဖူးစာရှင်များလို အနည်းငယ် ချောမောခန့်ညားသော လူငယ်နှင့် တင့်တယ်လှပသော မိန်းမပျိုလေးတို့အတွဲ ဖြစ်နေသောကြောင့် အားလုံး၏ အာရုံစိုက်မှုကိုလည်း ရရှိနေသည်။

ကောင်းကင်ထက်တွင် မီးရှူးမီးပန်းများ အရောင်စုံနေပြီး ကျဆုံးစစ်သည်တော်များအတွက် မီးပုံးပျံများ လွှတ်ထားကြသောကြောင့် ကြယ်ရောင်စုံသော ညဉ့်ကောင်းကင်ယံသည် အချစ်ရပ်ဝန်းလေးတစ်ခုကို ဖန်တီးပေးနေသလိုပင်။

အနည်းငယ် ချောမောခန့်ညားသော လူငယ်လေး ဆိုသည်မှာ အန်လင်းဘာသာ နှိမ့်ချပြောဆိုနေခြင်း ဖြစ်သည်။ စင်စစ်တွင်မူ သူသည် မိန်းမငယ်လေးများအား ညှို့ယူဖမ်းစားနိုင်သော ဓားအင်မော်တယ်တစ်ဦးဖြစ်ပြီး ရရှိထားသော လက်ဆောင်များစွာမှာ ထိုသည်ကို သက်သေခံနေသည်။

"ဒီပန်းတွေက အစ်ကိုကြီးအန်လင်း အတွက်ပါ။"

ချစ်စဖွယ် မိန်းမငယ်လေးတစ်ဦးမှာ ကျုလစ်ပန်းများအား အန်လင်းထံ ပေးအပ်လာသည်။

"ကျေးဇူးပါ။"

အန်လင်းမှာ ပန်းများကို လက်ခံရင်း ကလေးမလေးအား ခေါင်းပုတ်ပေးလိုက်သည်။

ကျုလစ်ပန်းများသည် မြင့်မြတ်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် အနိုင်ရခြင်းကို ကိုယ်စားပြုသောကြောင့် ယခုကဲ့သို့ အချိန်အခါမျိုးနှင့် သင့်တော်လှပေသည်။

"အစ်ကိုကြီးအန်လင်းအတွက် ဆွဲထားတာ။ သားလည်း တစ်နေ့ကြရင် အစ်ကိုကြီးလို တော်တဲ့သူဖြစ်လာပြီး မြို့တော်ကို ကာကွယ်ပေးချင်တယ်။"

အသားညိုညို၊ မျက်လုံးတောက်တောက်နှင့် ကောင်ကလေးတစ်ဦးမှ ဆွဲထားသောပုံအား အန်လင်းကို ပေးလာသည်။

အန်လင်းသည် ချောမောခန့်ညားသော ပန်းချီပုံကိုကြည့်ကာ ချက်ချင်းပင် လက်မထောင်ပြလိုက်သည်။

"ဆွဲထားတာ အရမ်းတော်တယ်။ ငါ့လို ဓားအင်မော်တယ်ရဲ့ ကျက်သရေနဲ့ တင့်တယ်မှုကို ပြည့်စုံအောင် ဆွဲထားတာပဲ။"

ထိုစကားများသည် အပိုသက်သက် ပြောနေခြင်း မဟုတ်ပဲ ရိုးရိုးသားသား မှတ်ချက်ပြုလိုက်ခြင်းပင်။ ကောင်ကလေး၏ ပန်းချီစွမ်းရည်သည် အံ့အားသင့်စရာ ကောင်းလောက်အောင် ထူးချွန်ပြီး သူ့ထက်ပင် များစွာသာလွန်သည်။

စုရှောင်လန်မှာ တစ်ချက်မျှကြည့်ကာ ပြောလိုက်သည်။

"ပန်းချီစွမ်းရည်က သိပ်မကောင်းပါဘူး။ ပုံထဲမှာ နင့်ထက်အများကြီး ပိုချောနေတယ်။ အဲ့ဒါကြောင့် အစစ်နဲ့ မတူတော့ပဲ ပြင်ထားသလို ဖြစ်နေပြီ။"

"မင်းကလည်း ကလေးရှေ့မှာတောင် မျက်နှာသာ မပေးတော့ဘူးလား။"

အန်လင်း မျက်နှာပျက်သွားသည်။

"ဟီးဟီး....နောက်တစ်ခါကြရင် အရှိအတိုင်းပဲ ဆွဲပါတော့မယ် မမ...."

ကောင်ကလေးမှာ ရယ်မောထွက်ခွာသွားသည်။

မှိန်ပြပြ အလင်းရောင်နှင့်အတူ ချိုမြိန်သော သံစဉ်များကို ခံစားကာ ညစျေးတလျှောက် ပတ်ကြည့်နေသော အန်လင်းနှင့် စုရှောင်လန် နှစ်ဦးလုံးသည် ပျော်ရွှင်ဖွယ်ရပ်ဝန်းလေးထဲ သာယာနေလျက် ရှိသည်။

အန်လင်းသည် ဟွမ်းချန်မြို့တော်မှထွက်ကာ မော်တွန်နောက် လိုက်လာခဲ့ခြင်းကို ကျေနပ်နေမိသည်။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့ ပျော်ပွဲရွှင်ပွဲမျိုးအား လက်လွှတ်လိုက်ရပေလိမ့်မည်။

"ရှောင်လန်...ဒီမှာ သကြားလောင်းထားတဲ့ အသီးတုတ်ထိုး။"

အန်လင်းသည် ယခုလေးပင် ရလာသောမုန့်အား စုရှောင်လန်ထံ ပေးလိုက်သည်။

ထိုအသီးတုတ်ထိုးများသည် ကျွပ်ဆတ်ဆတ်နှင့် မွှေးပျံ့ချိုအီကာ အရသာ ကောင်းလွန်းလှသည်။

စုရှောင်လန်သည် အသီးတုတ်ထိုးအား တစ်ကိုက်မျှ ကိုက်လိုက်ပြီးနောက် ပြုံးရွှင်နေသော အမူအရာဖြင့် မျက်ဝန်းလေးများ စင်းသွားသည်။

ညဉ့်ကောင်းကင်ယံတွင် မီးရှူးမီးပန်းများ ပွင့်ဖူးနေဆဲပင်။

ထိုမီးရှူးမီးပန်းများ၏ ရောင်စဉ်များ သူမ မျက်နှာပေါ် ဖြာကျနေသည်မှာ လှပလွန်းပေသည်။

"အင်း...တော်တော်အရသာရှိတာပဲ။ အန်လင်း နင်လည်းစားကြည့်လေ။"

စုရှောင်လန် ခပ်ဖွဖွပြုံးကာ တောက်ပနေသော မျက်ဝန်းလေးများဖြင့် အသီးတုတ်ထိုးအား အန်လင်းထံ ပေးလိုက်သည်။

အန်လင်းသည် တစ်ကိုက်မျှ စားကြည့်လိုက်ပြီးနောက် အမှန်တကယ်ပင် အရသာရှိကြောင်း သိလိုက်သည်။

စုရှောင်လန်ကိုယ်တိုင် ပေးလာသော အသီးတုတ်ထိုး ဖြစ်သောကြောင့် ပို၍ပင် ချိုမြိန်နေသယောင်။

အန်လင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ သာမန်ဆန်သော ဘဝတစ်ခုတွင် ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်ရန်မှာ သူအလိုရှိသော လုံခြုံပျော်ရွှင်သည့်ဘဝ ဖြစ်သည်။

သူသည် စုရှောင်လန်၏လက်အား လွှတ်မပေးချင်တော့သည့်အလား အတူရှိစဉ် တလျှောက်လုံး ဆုပ်ကိုင်ထားမိသည်။

All Chapters