အဆင့်အတန်းမြင့်အမျိုးသမီး၏လမ်
Vol. 49 Ch. 688
ကန်းလန်မြို့တော်၏ အပြင်ဘက်၌
ကျဆုံးသွားသော ဝိဉာဉ်များအား နှစ်သိမ့်မှုဖြစ်စေရန် မော်တွန်၏ခေါင်းအား ချိတ်ဆွဲပြသထားသည်။
စီမံခန့်ခွဲရေးဌာန၏ ကယ်တင်မှုကြောင့် လွတ်မြောက်ခဲ့သော ကျောင်းသားများမှာ မော်တွန်၏ခေါင်းအား တွေ့လိုက်ရပြီးနောက် ရင်ထဲမှ အစိုင်အခဲများ ပြေလျော့သွားသလို ခံစားရကာ အားပါးတရ ငိုကြွေးလျက် စိတ်လျှော့ကာ သတိလစ်သွားကြတော့သည်။
ကောင်းကင်ဘုံခုံရုံးကဲ့သို့သော ပြဿနာဟူသည်မှာ နေ့စဉ်အမြဲ ရှိနေသည်။ သွေးမျိုးနွယ်စု သို့မဟုတ် နှင်းပျိုမဒီများနှင့် တိုက်ခိုက်ရသော အခါမျိုးတွင် သေခြင်းတရားသည် ပုံမှန်ဖြစ်စဉ်တစ်ခုသာ။
ထိုသည်မှာ ကျင့်ကြံရေးလောက၏ ခါးသီးစရာ အမှန်တရားဖြစ်ပြီး ထာဝရငြိမ်းချမ်းမှုဟူ၍ မရှိပဲ စစ်ပွဲများကသာ နေရာယူထားသည်။
တာဝန်ပြီးဆုံးသွားသောကြောင့် အန်လင်း၊ စုရှောင်လန်၊ တီနာ၊ တပိုင်၊ ရှောင်ချိုးနှင့် ရှောင်ဇယ်တို့သည်လည်း ဟွမ်းချန်မြို့တော်သို့ ပြန်လာခဲ့ကြသည်။
.........
အနက်ရောင်စိမ့်တော၏ ဗဟိုဒေသဖြစ်သော နတ်ဘုရားဘုံဋ္ဌာနေ၌
မော်တွန်၏ အသက်စွမ်းအင် ကျောက်စိမ်းပြားမှာ စူးရှသော အက်ကွဲမှုနှင့်အတူ အမှုန့်ဖြစ်သွားသည်။
ဝုန်း....
သွေးနီရောင် အလင်းတန်းတစ်ခုမှာ နတ်ဘုရားဘုံဋ္ဌာနေမှတဆင့် ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
မိုးခြိမ်းသံအလား ကြောက်မက်ဖွယ် စကားသံမွာ ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်သွားသည်။
"ငါ့ရဲ့လူယုံတော်ကို ဘယ်ကောင်သတ်သွားတာလဲ။"
"သတ်တဲ့ကောင်ရဲ့ တစ်မိသားစုလုံး ငရဲကိုပို့ပြီး တသက်လုံး နှိပ်စက်ပစ်မယ်။"
ဗိသုကာပညာရှင်များမှာ ကောင်းကင်ထက်ရှိ သွေးနီရောင် အလင်းတန်းအားကြည့်ကာ သွေးအန်တော့မလို ဖြစ်သွားရသည်။
နတ်ဘုရားဘုံဋ္ဌာနေ နန်းတော်အား ယခုလေးတင်မှ ပြုပြင်ပြီးစီးသွားပါသော်လည်း နောက်ထပ်တဖန် အမိုးပေါက်ခဲ့ရပြန်သည်။
ဧကရာဇ်ရိတန်းက တခြားနည်းနဲ့ မပေါက်ကွဲတတ်ဘူးလား....
ဗိသုကာပညာရှင်များမှာ ဒေါသထွက်နေပါသော်လည်း မည်သည့်စကားမှ မပြောရဲကြပေ။
မော်တွန်သည် အရှိန်အဝါ ဖုံးကွယ်ခြင်းတာအိုကို ရရှိထားသောကြောင့် စိတ်ရှိသလို သွားလာနိုင်ပြီး သတ်ဖြတ်ရန် ခက်ခဲလွန်းသော သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူအဖြစ် သတ်မှတ်ခံထားရသည်။ ယခုတွင်မူ စစ်ကူလွှတ်ရန်မဆိုထားနှင့် သတင်းပင်ပြန်မပို့နိုင်ပဲ ရုတ်တရက် အသတ်ခံလိုက်ရသောကြောင့် ဧကရာဇ်ရိတန်းမှာ ဆွေ့ဆွေ့ခုန်နေလေပြီ။
တာအိုပေါင်းစည်းခြင်းအဆင့်များသည် တစ်ဦးနှင့်တစ်ဦး အာရုံခံနိုင်စွမ်း ကောင်းမွန်သောကြောင့်သာ မဟုတ်ပါက မော်တွန်အား သတ်ဖြတ်သွားသူမှာ တာအိုပေါင်းစည်းခြင်း အဆင့်ရှိသူဟု ထင်မှတ်မိပေလိမ့်မည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ တစ်ဦးချင်းစီတိုင်းသည် ကျင့်ကြံရေးပိရမစ်၏ ထိပ်ဆုံးတွင် ရှိနေသူများဖြစ်ပြီး အချိန်တိုအတွင်း ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ငါးဦးအား ဆုံးရှုံးလိုက်ရခြင်းမှာ သွေးမျိုးနွယ်စုအတွက် ကြီးမားလှသော ဆုံးရှုံးနစ်နာမှု ဖြစ်သည်။ ဧကရာဇ်ရိတန်းဆိုလျှင် သားဖြစ်သူ အပါအဝင် ၎င်း၏လက်အောက်ငယ်သားများကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သောကြောင့် ပို၍ပင် ဆိုးရွားသေးသည်။
ကံကောင်းထောက်မစွာဖြင့် သွေးမျိုးနွယ်စုတွင် မြင့်မြတ်သော တမာန်တော်သုံးပါး ရှိနေခဲ့ပြီး ၎င်းတို့သည် မျိုးနွယ်စု၏ အဆင့်အတန်းအား မြှင့်တင်ပေးနိုင်လိမ့်မည်။ ထို့ကြောင့်ပင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူငါးဦးအား ဆုံးရှုံးလိုက်ရပါသော်လည်း သွေးမျိုးနွယ်စု၏ အကြီးအကဲများမှာ ရုတ်ရုတ်သဲသဲ ဖြစ်မနေကြပေ။
တစ်ဦးတည်းသော ခြွင်းချက်မှာ ဧကရာဇ်ရိတန်းသာ ဖြစ်သည်။
သူ၏လက်အောက်တွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ လေးဦးသာ ကျန်ရှိတော့သည်။
သူစိတ်မထိန်းနိုင်ပဲ ဒေါသထွက်လာရသည်။
"ကောင်းကင်ဘုံခုံရုံးက တော်တော့်ကို တရားလွန်သွားပြီ။"
သွေးမျိုးနွယ်စု၏ အခြေအနေများမှာ ဆိုးရွားနေပါသော်လည်း အန်လင်းမှာမူ သာယာငြိမ်းချမ်းသော အခြေအနေကို ရရှိထားသည်။
နှစ်ကုန်စာမေးပွဲမှာလည်း ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် အားလုံးမှာ ကျောင်းတော်ထံ ပြန်လာခဲ့ကြသည်။
မကြာမီမှာပင် ဆုပေးပွဲ အခမ်းအနားအား ကျင်းပကြလေသည်။
အန်လင်းတို့၏ အတန်းသည် ထူးချွန်ပြောင်မြောက်လှသော စွမ်းဆောင်ရည်များကြောင့် ကျောင်းတော်တစ်ခုလုံး၏ ချီးကျူးထောပနာပြုခြင်းကို ခံယူနိုင်ခဲ့သည်။
သို့သော် လေဒင်၏ သေဆုံးမှု အကြောင်းအရင်းအား မထုတ်ဖော်ခဲ့ကြပေ။ အခြေအနေမှန်ကိုသာ သိရှိသွားပါက ကိုးပြည်ထောင် တစ်ခုလုံးသည်ပင် အံ့သြဘနန်း ဖြစ်ကုန်ကြလိမ့်မည်။
အန်လင်းအား အေးအေးဆေးဆေးသာ ဆက်လက်နေထိုင်နိုင်ရန်အတွက် ထိုအဖြစ်အပျက်ကို ပြည်ဖုံးကာချထားကြသည်။ ကောင်းကင်ဘုံခုံရုံး၏ ဧကရာဇ်ငါးပါး၊ လင်ကျွင်းကျွင်း၊ အတန်းပိုင်ဆရာနှင့် အန်လင်း၏ ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်း အချို့ကသာ အဖြစ်မှန်အား သိရှိထားကြသည်။
ဆုပေးပွဲ အခမ်းအနားတွင် ကျောင်းတော်သည် ဆေးလုံးများ၊ လက်နက်များနှင့် စိတ်ဝိဉာဉ်သစ်သီးများစွာကို သူရဲကောင်းများထံ ပေးအပ်ပါသော်လည်း သူဋ္ဌေးကြီးအန်လင်းအတွက် ထိုသည်မှာ မပြောပလောက်ပေ။
မည်သို့ပင်ဆိုစေကာမူ ဒုကျောင်းအုပ် ယွီဟွားသည် အဆင့်လေး အင်မော်တယ်ဆေးလုံး လက်မှတ်သုံးခုနှင့် အဆင့်သုံး အင်မော်တယ်ဆေးလုံး လက်မှတ်တစ်ခုအား အန်လင်းထံ ပေးအပ်ခဲ့သည်။
ထိုသည်မှာ အဘယ်ကြောင့်မှန်း မသိရပါသော်လည်း အန်လင်း၏ လုပ်ဆောင်ချက် တစ်စုံတစ်ခုကြောင့် ဖြစ်လိမ့်မည်ဖြစ်ကြောင်း အားလုံး သိရှိနေကြသည်။
ဆုပေးပွဲတွင် အန်လင်းအပြင် လျှိုချင်းဟွမ်မှာလည်း အားလုံး၏ အာရုံစိုက်မှုကို ရရှိထားခဲ့သည်။
နှင်းပျိုမဒီများနှင့် သေရေးရှင်ရေး တိုက်ပွဲအတွင်း သူမသည် စစ်သမီးပျို သုံးထောင်ပါသော စစ်တပ်အား တစ်ဦးတည်း ရင်ဆိုင်ဖြေရှင်းကာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် စစ်ဗိုလ်ချုပ်သုံးဦးကို သတ်ပစ်နိုင်ခဲ့ပြီး ၎င်းတို့အား ကီလိုမီတာ ရာပေါင်းများစွာတိုင် နှင်ထုတ်နိုင်ခဲ့သည်။ ထို့နောက် နန်းဆောင်သခင်မ ပါဝင်လာမှသာ ရပ်တန့်ခဲ့ရခြင်း ဖြစ်သည်။
သန့်ရှင်းသော ရေခဲကုန်းမြေတွင် အခြေချထားသော ကောင်းကင်ဘုံခုံရုံး၏ စီမံခန့်ခွဲရေးဌာနသည် သူမအား ဗိုလ်ချုပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ထားသလို အခြားသော ဋ္ဌာနပေါင်းများစွာမှာလည်း သူမအား တံခါးဖွင့် ကြိုဆိုနေကြောင်း အသိပေးခဲ့ကြသည်။
သို့သော် သူမအနေဖြင့် တိတိကျကျ မဆုံးဖြတ်ရသေးပေ။
ကောင်းကင်ဘုံခုံရုံး၏ တောအုပ်တစ်ခုထဲတွင် လေပြေညှင်းများ တိုက်ခတ်နေပြီး ဆောင်းဦးရွက်ကြွေများမှာ ဟိုဟိုသည်သည် မျောလွင့်လို့နေသည်။
တောအုပ်လမ်းလေးတွင်လည်း သစ်ရွက်ခြောက်များ ပြည့်နှက်နေလေသည်။
ပန်းရောင်နှင့် အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသော လှပသည့် မိန်းမပျိုလေးတစ်ဦးမှာ တောအုပ်တလျှောက် သီချင်းညည်းကာ လျှောက်သွားနေသည်။
မြင်းမှီးသဏ္ဍာန် စုချည်ထားသော သူမ၏ ပန်းရောင်ဆံနွယ်ရှည်များမှာလည်း သံစဉ်နှင့်အတူ ယိမ်းနွဲ့ကခုန်နေကာ တက်ကြွသော အသွင်အပြင်ကို ဆောင်စေသည်။
"အန်လင်း....အန်လင်း...ငါဘာကို ရွေးသင့်လဲ။"
သူမ မျက်မှောင်ကျုံ့ကာ ချိုမြိန်စွာ မေးလိုက်သည်။
သူမ၏ဘေးတွင် ရှိနေသော အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးမှာ မျက်စောင်းထိုးလာသည်။
"ဒါငါးခါမြောက်မေးခွန်းပဲ။"
အန်လင်း၏ဘေးတွင် ရှိနေသူမှာ ကျောင်းပြီးတော့မည်ဖြစ်သော လျှိုချင်းဟွမ်ပင်။
"ဒါပေမယ့် နင့်အဖြေတွေက တစ်ခါနဲ့တစ်ခါ မတူဘူးလေ။"
လျှိုချင်းဟွမ် တုံ့ပြန်လိုက်သည်။
နေရောင်ခြည်သည် သစ်ရွက်များမှတဆင့် သူမအပေါ် ဖြာကျနေပြီး ခရမ်းရောင်တောက်တောက် မျက်ဝန်းများနှင့် နှုတ်ခမ်းစူစူလေးမှာ ကျောင်းသားများစွာကို ရူးသွပ်သွားစေရန် လုံလောက်သည်။
အန်လင်း သက်ပြင်းချလိုက်သည်။
"စီမံခန့်ခွဲရေးဌာနကိုသွားဖို့ ပြောတော့လည်း အရမ်းအန္တရာယ်များပြီး တိုက်ခိုက်ရတာလည်း မကြိုက်ဘူးဆို။ ကောင်းကင်ဘုံခုံရုံးမှာ နေဖို့ပြောတော့လည်း လက်ခံရမယ့် အမွေတွေအများကြီး ရှိနေလို့ ဂိုဏ်းကိုပစ်မထားချင်ဘူးတဲ့။ အိမ်ပြန်ဖို့ ပြောတော့လည်း အဲ့မှာချစ်ချစ်ခင်ခင်နဲ့ စောင့်နေမယ့်သူ မရှိဘူး ဖြစ်ပြန်ရော။ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း ကျင့်ကြံဖို့ ပြောတော့လည်း အထီးကျန်တယ်တဲ့။ အဲ့တော့ ဘာပြောရဦးမှာလဲ။"
"ဟွန့်....နင့်အဖြေတွေက ပေါ့ပျက်ပျက်တွေလေ။ ငါ့ဘက်ကနေရော ဝင်တွေးပေးလို့လား။"
လျှိုချင်းဟွမ်မှာ အန်လင်းကိုကြည့်ကာ မျက်ရည်ဝဲလာတော့သည်။
"ငါကတော့ နင့်ကိုသူငယ်ချင်းလို့ သဘောထားထားတာ။ နင်ကတော့ ငါထွက်သွားရတော့မယ့် အချိန်မှာတောင် ဂရုမစိုက်ဘူး။"
ငိုချတော့မလို ဖြစ်နေသော လျှိုချင်းဟွမ်ကြောင့် အန်လင်း အရှုံးပေးလိုက်ရသည်။
"ကောင်းပါပြီ....ကောင်းပါပြီ ဂရုတစိုက်နဲ့ သေသေချာချာလေး စဉ်းစားပေးပါ့မယ်...ဟုတ်ပြီလား။"
"ဟွန့်....စကားတည်ပါစေ။"
လျှိုချင်းဟွမ် ချက်ချင်းပင် ပျော်ရွှင်သွားသည်။
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
စိတ်ခံစားချက်က အဲ့လောက်တောင် ပြောင်းရလွယ်လား....
ခုနပဲ ငိုတော့မလိုနဲ့ အခုကြ ပြုံးရွှင်နေရော....
အန်လင်းမှာ လျှိုချင်းဟွမ်နှင့်အတူ လမ်းလျှောက်နေရင်း သူမနေရာမှ ဝင်တွေးကြည့်လိုက်သည်။
၎င်းတို့နှစ်ဦး အတူတကွ ရှိနေသည်မှာ ငယ်ရွယ်တက်ကြွမှုများ စီးဆင်းနေသလိုပင်။
လျှိုချင်းဟွမ် အန်လင်း၏ နားရွက်အားဆွဲလိုက်၊ သူ၏ဆံစများအား ဓားစိတ်ဆန္ဒများဖြင့် ဖြတ်တောက်လိုက် လုပ်နေသည်။
အန်လင်းမှာ လိုက်လံတားဆီးပါသော်လည်း လျှိုချင်းဟွမ်မှာ လျင်မြန်စွာ ရှောင်ရှားရင်း တဝါးဝါး ပွဲကျနေလေသည်။
ထိုသို့ပေါ့ပါးသော ရပ်ဝန်းလေးမှာ မကြာမီပင် နှုတ်ဆက်ခွဲခွာရတော့မည် ဖြစ်သည်။
အန်လင်းမှာ သွက်လက်လွန်းသော အဆင့်အတန်းမြင့် မိန်းမငယ်လေးအားကြည့်ကာ ဝမ်းနည်းလာမိသည်။
သူခေတ္တမျှ တွေးတောကာ စကားဆိုလိုက်သည်။
"အဟမ်း....တစ်ခုလောက် မေးကြည့်မယ်နော်။ မိသားစု အမွေအနှစ်တွေက ခင်ဗျားစိတ်ထဲမှာ ဘယ်လောက်အရေးပါလဲ။"