ဂိုဏ်းသစ်
Vol. 49 Ch. 689
လျှိုချင်းဟွမ် မေးဖျားကိုပွတ်ကာ စဉ်းစားလိုက်သည်။
အတော်အတန် တွေးတောပြီးမှသာ အန်လင်း၏ မေးခွန်းအား တုံ့ပြန်လာသည်။
"လုံးဝစိတ်မဝင်စားဘူးဆိုရင်တော့ လိမ်ရာကျမှာပေါ့။ တခြားဟာတွေ ထည့်မတွက်ရင်တောင်မှ ကျင့်ကြံရေးမှာ ရင်းမြစ်ဘာညာက အရေးပါတယ်လေ။ ငါသာဂိုဏ်းကိုပြန်သွားရင် နောက်တက်လာမယ့် ဂိုဏ်းချုပ်အဖြစ် လျာထားခံရမှာ အသေအချာပဲ။ အဲ့ဒါဆို ငါ့ရဲ့ကျင့်ကြံရေးအတွက် ပူပင်နေစရာ မလိုတော့ဘူးပေါ့။"
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။ ကိုးပြည်ထောင်၏ ကောင်းကင်ဓားဂိုဏ်းတွင် လျှိုချင်းဟွမ်မှာ အထူးချွန်ဆုံး ကျင့်ကြံသူဖြစ်ပြီး ဂိုဏ်းချုပ် လျှိုမင်ဟွမ်၏ သမီးလည်း ဖြစ်သောကြောင့် မရနိုင်သော ရင်းမြစ်ဟူ၍ ရှိမည်မဟုတ်ပေ။
ကောင်းကင်ဓားဂိုဏ်းသည် ကိုးပြည်ထောင်၏ ဂိုဏ်းကြီးလေးဂိုဏ်းထဲ တစ်ခုအပါအဝင်ဖြစ်ပြီး ထိုက်ချူကုန်းမြေတခွင် မသိသူ မရှိလောက်အောင် ကျော်ကြားသောကြောင့် သူမ၏ ကျင့်ကြံရေးအတွက်သာဆိုပါက ဂိုဏ်းသို့ပြန်သွားခြင်းကသာ အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။
"ဒါပေမယ့် ချစ်ခြင်းမေတ္တာတွေ မရှိလို့ ဂိုဏ်းကိုပြန်မသွားချင်ဘူးပေါ့လေ။"
အန်လင်း နားမလည်နိုင် ဖြစ်နေမိသည်။
"ဂိုဏ်းတစ်ဂိုဏ်းက ဘယ်လောက်များ အေးစက်နိုင်မှာတဲ့လဲ။ အားလုံးက ကျင့်ကြံရေးကို အဓိကထားပြီး အင်အားကြီးလာတာနဲ့အမျှ လုပ်ချင်ရာ လုပ်နေကြတာပဲလေ။ ဂိုဏ်းတွေအားလုံးက အဲ့လိုပဲ မဟုတ်ဘူးလား။"
လျှိုချင်းဟွမ် ခပ်ဖွဖွ ပြုံးလိုက်သည်။
"နင်နားမလည်ပါဘူး။ အထီးကျန်စရာကောင်းတဲ့ နေရာကနေ ထွက်လာပြီးမှတော့ ဘယ်သူက ပြန်သွားချင်မှာတဲ့လဲ။ ဂိုဏ်းကိုပြန်မသွားရင်တောင်မှ ငါ့ကိုကျင့်ကြံရေးရင်းမြစ်တွေ ထောက်ပံ့ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။"
အန်လင်း မျက်နှာပျက်သွားသည်။
"တော်တော်လှတဲ့ စိတ်ကူးယဉ်အိမ်မက်လေးပဲ။"
လျှိုချင်းဟွမ်မှာ လက်ညှိုးနှစ်ချောင်းဖြင့် ဖောင်းနေသော ပါးလေးနှစ်ဖက်အား ချစ်စဖွယ်ကောင်းစွာ ထိုးလိုက်သည်။
"ငါကအရမ်းလှတဲ့ ကောင်မလေးပဲလေ။ ငါ့စိတ်ကူးတွေကလည်း လှနေရမှာပေါ့။"
အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
"ကျင့်ကြံရေးရင်းမြစ်တွေ အသည်းအသန် လိုနေတာမဟုတ်ရင် အဲ့ဂိုဏ်းကို ပြန်မသွားနဲ့ဦးလေ။ ခင်ဗျားက ခင်ဗျားပဲ။ ဘယ်သူကမှ ဖိအားပေးလို့ မရပါဘူး။"
အန်လင်း လေးလေးနက်နက် တွေးတောကာ အကြံပေးလိုက်သည်။
လျှိုချင်းဟွမ် စိတ်ပျက်စွာ စကားဆိုလာသည်။
"ငါဂိုဏ်းကို ပြန်မသွားလို့ရတယ်။ ဒါပေမယ့် ကောင်းကင်ဘုံခုံရုံး အဖွဲ့ဝင် မလုပ်ရဘူးတဲ့။ နင်လည်းသိမှာပါ။ ကောင်းကင်ဘုံခုံရုံးကိုဝင်ရင် မဖြစ်မနေ သစ္စာရှိဖို့ ကျမ်းကျိန်ရတယ်လေ။ အဲ့ဒါကြောင့် ဂိုဏ်းကိုပြန်ဝင်ဖို့ အရမ်းခက်ခဲသွားမှာ။"
ထိုသည်မှာ ကျောင်းသားပေါင်းများစွာ၏ အခက်အခဲလည်း ဖြစ်သည်။ အတော်များများသည် ကောင်းကင်ဘုံခုံရုံးနှင့် ကိုယ်ပိုင်ဂိုဏ်းများကြားတွင် လွန်ဆွဲနေတတ်ကြသည်။ ဆုံးဖြတ်ရန် ခက်ခဲလွန်းသောကြောင့် ကောင်းကင်ဘုံခုံရုံးနှင့် ကိုယ်ပိုင်ဂိုဏ်းကြား သွားချည်ပြန်ချည် လုပ်နေကြသော ကျောင်းသားဟောင်းပေါင်း များစွာရှိကြသည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံခုံရုံးတွင် အရေးပါသော ရာထူးနေရာအား ထမ်းဆောင်ရသူ မဟုတ်ပါက စစ်မှန်သော အခွင့်အရေးများအား ရရှိနိုင်မည် မဟုတ်ပေ။
ကောင်းကင်ဘုံခုံရုံး၏ အဓိကအဖွဲ့ဝင်ဖြစ်လာရန် ကျမ်းကျိန်ပြီးမှသာ အစစ်အမှန် အခွင့်အရေးများအား ရရှိလာမည် ဖြစ်သည်။
လျှိုချင်းဟွမ်အနေဖြင့် ကောင်းကင်ဘုံခုံရုံး၏ အဓိကအဖွဲ့ဝင် ဖြစ်ခွင့်မရှိပါက သူမအတွက် အဓိပ္ပါယ် မရှိသောကြောင့် ကမ္ဘာတခွင် လေလွင့်သိုင်းသမား လုပ်နေခြင်းကပင် ပိုမိုကောင်းမွန်ဦးမည်။
သို့သော် အခွင့်အရေးဟူသည် ရုတ်တရက်ဆိုသလို ရရှိလာနိုင်ရအောင် ၎င်းတို့မှာ ဝတ္ထုဇာတ်လိုက်များ မဟုတ်ကြပေ။
ဂိုဏ်းတစ်ဂိုဏ်း၏ ကျင့်ကြံရေးရင်းမြစ်များ ရရှိနိုင်ခြင်းကပင် ကောင်းမွန်နေပြီ ဖြစ်သည်။
"စီနီယာအစ်မကြီး လျှိုချင်းဟွမ် ခင်ဗျားက အရမ်းအဆင့်အတန်း မြင့်နေတော့ တော်ရုံတန်ရုံ ဂိုဏ်းတွေကိုလည်း ဝင်ချင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဂိုဏ်းချုပ်တွေတောင် ခင်ဗျားကို မှီမှာမဟုတ်ဘူးလေ။ အဲ့တော့ ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ ကောင်းကင်ဘုံခုံရုံးကို ဝင်မလား ဒါမှမဟုတ် ကောင်းကင်ဓားဂိုဏ်းကို ပြန်သွားမလား။"
အန်လင်း၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပလာသည်။
"ခဏနေပါဦး။ ခင်ဗျားက တစ်ယောက်တည်း ဖြစ်နေမှာကိုလည်း မကြိုက်ဘူး။ အင်အားကြီး ဂိုဏ်းတစ်ခုမှာနေပြီး သူငယ်ချင်းတွေနဲ့လည်း သွားလာနေချင်တာဆိုတော့ ကျွန်တော်တို့ ကိုယ့်ဘာသာ ဂိုဏ်းထောင်လိုက်ရင် မကောင်းဘူးလား။"
"ကိုယ့်ဘာသာ ဂိုဏ်းထောင်တယ်...."
လျှိုချင်းဟွမ်၏ ခရမ်းရောင် မျက်ဝန်းလေးများ တဖျတ်ဖျတ် လက်သွားသည်။
"ဟုတ်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေအတွက် လွတ်လပ်တဲ့ ဂိုဏ်းတစ်ခု ထောင်ကြတာပေါ့။ ဘာကျမ်းမှလည်း ကျိန်စရာ မလိုဘူး။ စိတ်ရှိသလို ဝင်ထွက်သွားလာလို့လည်းရမယ်။"
အန်လင်းမှာ ပြောရင်းပြောရင်း ပိုမိုစိတ်လှုပ်ရှားလာသည်။ အနာဂတ် အကောင်အထည်တစ်ခုမှာ မျက်စိထဲတွင် ရုပ်လုံးပေါ်လာခဲ့သည်။
လျှိုချင်းဟွမ် အနည်းငယ် တွေဝေသွားသည်။
"ဒါပေမယ့် ဂိုဏ်းအဖြစ် သတ်မှတ်လို့ရော ရပါ့မလား။ အဲ့ဂိုဏ်းကိုရော ဘယ်လိုတိုးတက်အောင် လုပ်ကြမှာလဲ။"
"စဉ်းစားလိုက်ဦးမယ်။"
အန်လင်း တွေးတောကာ စကားဆိုလိုက်သည်။
"တတိယအဆင့် ဂိုဏ်းတွေက စိတ်ဝိဉာဉ်ကျောက်တုံးနဲ့ ရတနာတွေအပေါ် မှီခိုကြတယ်။ ဒုတိယအဆင့် ဂိုဏ်းတွေက ခွန်အားအပေါ် မှီခိုကြတယ်။ ပထမအဆင့် ဂိုဏ်းတွေကတော့ ထူးခြားတဲ့နယ်မြေတွေနဲ့ ကျင့်ကြံရေးနည်းလမ်းတွေအပေါ် မှီခိုကြတယ်။"
"စဉ်းစားကြည့်ရအောင်....တချို့ဂိုဏ်းတွေက လျှို့ဝှက်ထားတဲ့ ကျင့်ကြံရေးနည်းလမ်းတွေကလွဲရင် ကိုးပြည်ထောင်က ကျင့်ကြံသူတွေက ခင်ဗျားရဲ့ ကောင်းကင်ဓားဂိုဏ်းကျင့်စဉ်၊ အစ်ကိုကြီးချန်ရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်းကျင့်စဉ်၊ စုရှောင်လန်ရဲ့ ဗာမီလီယမ်ငှက်ဂိုဏ်းကျင့်စဉ်နဲ့ တပိုင်ရဲ့ ဒဏ္ဍာရီသားရဲဂိုဏ်းကျင့်စဉ်တွေကို စိတ်အဝင်စားဆုံး ဖြစ်မှာပဲ။"
လျှိုချင်းဟွမ် အသက်ရှူသံများ မြန်လာရသည်။
"အဲ့ဒါ ကိုးပြည်ထောင်ရဲ့ ဂိုဏ်းကြီးလေးဂိုဏ်းက အမွေအနှစ်တွေပဲ။"
"အဲ့ဒါတင် မကသေးဘူး။ ကျွန်တော့်တပည့် ရှောင်ဇယ်ရဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စု အမွေအနှစ်လည်း ရှိသေးတယ်။ ပြီးတော့ နာလေးရဲ့ နတ်သမီး ကုသရေးနဲ့ လေဟာပြင် အမွေအနှစ်ရောပဲ။ ဒါတွေအားလုံးက ထိပ်တန်းအဆင့် အမွေအနှစ်တွေပဲလေ။ ကျွန်တော်တို့ဂိုဏ်းက ထိုက်ချူကုန်းမြေ တစ်ခုလုံးကို ကိုင်လှုပ်နိုင်မှာ သေချာတယ်။"
အန်လင်း ပြုံးကာပြောလိုက်သည်။
လျှိုချင်းဟွမ်မှာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် တံထွေးမြိုချလိုက်မိသည်။
"ဂိုဏ်းတစ်ခု တည်ထောင်မယ်။ အဲ့ဂိုဏ်းက ထိပ်တန်းအဆင့် ဖြစ်လာမှာကို မြင်ယောင်နေမိပြီ။ အန်လင်း နင်လည်းအဲ့ဂိုဏ်းထဲ ဝင်မယ်မလား။"
လျှိုချင်းဟွမ် မေးမြန်းလိုက်သည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့။ အဲ့ဒါ ကျွန်တော့် အကြံပဲဟာ။"
သူငယ်ချင်းများနှင့် တစ်ချိန်ချိန်တွင် ခွဲခွာရမည် ဖြစ်သောကြောင့် စုစုစည်းစည်း ရှိနေနိုင်မည့်နည်းအား သူစဉ်းစားနေခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
ကမ္ဘာကြီးသည် ကျယ်ဝန်းလှသောကြောင့် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မရှိပါက တိုတောင်းလှသော အချိန်အတွင်းမှာပင် သူစိမ်းတရံများ ဖြစ်သွားကြပေလိမ့်မည်။
စုချန်းရန်၊ ရွှမ်းယွမ်ချန်၊ ထန်းရှီမန်၊ မုန့်ထျန်း၊ လော့ကျိပင်၊ ကျောက်ဟွိုက်ရင်၊ လျှိုတပေါင်....အားလုံးသည် ကျောင်းပြီးသည်နှင့် မတူညီသော လမ်းများကို လျှောက်လှမ်းရလိမ့်မည်သာ။
ထို့ကြောင့် သူ့အနေဖြင့် မိသားစုကြီးတစ်ခု ပြုလုပ်လိုသည်။
၎င်းတို့အားလုံး သာမန်မျှ ဝင်ထွက်သွားလာနိုင်သော နေရာဆိုလျှင် ရေရှည်အတွက် စိတ်ဝင်စားစရာ ကောင်းမည်မဟုတ်ပေ။
အလားအလာ ကောင်းမွန်သော ဂိုဏ်းတစ်ခုသာဆိုပါက သူငယ်ချင်းများ အတူတကွ ရှိနေနိုင်မည့်အပြင် ကျင့်ကြံရေးလမ်းစဉ်အတွက်ပါ တိုးတက်အောင် ကြိုးစားနိုင်ပေလိမ့်မည်။ ဂိုဏ်းသစ်တစ်ခု တည်ထောင်လိုက်ခြင်းမှာ အားလုံးအတွက် အဆင်အပြေဆုံးပင်။
"ကျွန်တော့်ရဲ့ သားရဲတွေ၊ အစေခံတွေနဲ့ တပည့်ကတော့ ပါကိုပါမှာ သေချာတယ်။"
အန်လင်း အာမခံလိုက်သည်။
အန်လင်းအကြောင်း မသိသူများသာ ဆိုပါက ရယ်ချင်စရာ ဖြစ်နေပါသော်လည်း အကြောင်းသိများဆိုလျှင် ထိုစကားနှင့်ပင် ထိတ်လန့်နေလိမ့်မည်။
အန်လင်း၏ အစေခံများ၊ သားရဲများနှင့် တပည့်တို့သည် ကိုးပြည်ထောင်တွင် ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုအား အချိန်မရွေး တည်ထောင်နိုင်လောက်အောင် အဆင့်အတန်း မြင့်မားကြသူများ ဖြစ်သည်။
"အဲ့ဒါဆို နင်ကဂိုဏ်းချုပ်လုပ်လိုက်လေ။"
လျှိုချင်းဟွမ် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"အရင်ဆုံး ဂိုဏ်းမှာနာမည်ရှိရမှာပေါ့။ နင်တွေးမိတာရှိလား။"
"လန်လင်းဂိုဏ်း ဆိုရင်ရော...."
အန်လင်း ချက်ချင်းပင် အကြံပြုလိုက်သည်။
လျှိုချင်းဟွမ် မျက်နှာပျက်သွားလေသည်။
"FA တွေကို ခွေးစာဖို့သတ်မလို့လား။ အဲ့နာမည်နဲ့ဆိုရင် နင့်ဂိုဏ်းက ပျက်စီးခြင်းငါးပါး ဆိုက်သွားမှာ။"
အန်လင်း စိတ်မသက်မသာ ရယ်မောလိုက်သည်။
"အဲ့ဒါဆို ဘယ်လိုပေးချင်လို့လဲ။"
"အင်း..."
လျှိုချင်းဟွမ် တွေးတောကာ တုံ့ပြန်လာသည်။
"ငါတို့ဂိုဏ်းသားတွေက ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ ဖြစ်မှာလေ။ ဒဏ္ဍာရီတွင်မယ့် သူရဲကောင်းတွေပေါ့။"
"အဲ့ဒါကြောင့် ဒဏ္ဍာရီအဖွဲ့ချုပ်ဂိုဏ်းလို့ ပေးရအောင်။"
အန်လင်း: "....."
(လျှိုချင်းဟွမ် ပေးလိုက်တဲ့နာမည်က League of Legendsပါ။ Gameနာမည်ကြီးပါ။)
(မင်္ဂလာပါ။ အန်လင်းက စာရေးသူဆီမှာ စာစဥ်၅၄ထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)