တောက်ပလာမည့်ကြယ်ပွင့်
Vol. 49 Ch. 690
League of Legends?
အန်လင်း သွေးဆောင့်တက်ကာ ပေါက်ကွဲချင်လာသည်။
"တကယ်ကြီး ပြောနေတာလား။"
သူမျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
လျှိုချင်းဟွမ် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေါ့။ နင်မကြိုက်ရင် သူရသတ္တိအဖွဲ့ချုပ်ဂိုဏ်းလို့ ပြောင်းခေါ်ကြမယ်လေ။"
(လျှိုချင်းဟွမ် ထပ်ပြီးအကြံပေးလိုက်တာ League of Valorပါ။ Gameနာမည်ပါပဲ။)
"ကျွန်တော်တို့ဂိုဏ်းမှာ ဂိမ်းပြိုင်ပွဲတွေလုပ်ပြီး အင်တာနက်ကဖေးပါ ဖွင့်မလို့လား။"
အန်လင်း ခံစားချက်မဲ့စွာ မေးလိုက်သည်။
"ဝါး...အကြံကောင်းပဲ။ အင်တာနက် စွဲလမ်းနေတဲ့ ကျင့်ကြံသူတွေကို ခေါ်ပြီးတော့ ကျင့်ကြံရေးလောက တစ်ခုလုံး ဂိမ်းဆော့လာအောင် ဆွဲဆောင်ရမယ်။"
လျှိုချင်းဟွမ် လက်ခုပ်တီးကာ ပြောလိုက်သည်။
"ဟမ့်....အဲ့လိုဆိုရင်တော့ ဘိုင်းဘိုင်ပါ။"
အန်လင်း ထွက်သွားရန် ပြင်လိုက်သည်။
"ဟဲ့...မသွားနဲ့ဦးလေ။"
လျှိုချင်းဟွမ်မှာ အန်လင်း၏ လက်မောင်းအား အမိအရ ဖက်တွယ်ထားလိုက်သည်။
"နင်မကြိုက်ရင်လည်း တခြားနာမည် စဉ်းစားကြတာပေါ့။"
သူမ၏ ပုံစံမှာ ကူကယ်ရာမဲ့နေသော ကြောင်ပေါက်လေးလိုပင်။
"ကောင်းပြီလေ။ အဲ့ဒါဆိုလည်း ဦးနှောက်ကို အလုပ်ပေးကြတာပေါ့။"
အန်လင်း သက်ပြင်းချလိုက်သည်။
ဂိုဏ်းတစ်ခု၏ အမည်သည် အမှန်တကယ် အရေးကြီးလှသည်။
ထိုအမည်နာမသည် ထူးခြားဆန်းကြယ်စွာဖြင့် ကြီးကျယ်ခမ်းနားနေသင့်သည်။
ကောင်းကင်ဘုံခုံရုံး၊ အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်း၊ ဗာမီလီယမ်ငှက်ဂိုဏ်း၊ ကောင်းကင်ဓားဂိုဏ်း၊ ဒဏ္ဍာရီသားရဲဂိုဏ်းတို့သည် အမည်နှင့်ပင် ကြမ်းတမ်းခက်ထန်နေပြီ ဖြစ်သည်။ ဆိုးဆိုးရွားရွား အမည်တစ်ခုသာ ပေးမိပါက နတ်ဘုရားများ၏ စွန့်ပစ်ခြင်းကို ခံရပြီး ကံတရား၏ မျက်နှာသာပေးခြင်းအား ဘယ်သောအခါမှ ခံရတော့မည် မဟုတ်ပေ။
မိုးဖြိုဂိုဏ်းသည် ဇာတ်လိုက်မင်းသား ချန်းချန်၏ဂိုဏ်း ဖြစ်သောကြောင့် ခြွင်းချက်တစ်ခုပင်။
ထိုသို့ဖြင့် အန်လင်းနှင့် လျှိုချင်းဟွမ်တို့၏ ဆွေးနွေးပွဲကြီး စတင်ခဲ့တော့သည်။
ကျင့်ကြံရေးလောကတွင် ဂိုဏ်းပေါင်းများစွာ ရှိနေသောကြောင့် အမည်နာမအား စဉ်းစားရသည်မှာ မလွယ်ကူပေ။ ရှိနေနှင့်ပြီးသား ဂိုဏ်းတစ်ခု၏ အမည်ကို ခိုးယူခြင်းမှာလည်း လူမဆန်သောကြောင့် အဆင်မပြေမလှပေ။
အားနည်းသော ဂိုဏ်းတစ်ခု၏ အမည်အား ခိုးယူမိပါက အနိုင်ကျင့်နှိပ်စက်သည်ဟု သမုတ်ကြပေလိမ့်မည်။ အင်အားကြီးဂိုဏ်း၏ အမည်အား ခိုးယူခဲ့လျှင် စစ်ပွဲတစ်ခုမှာ ၎င်းတို့အား စောင့်ကြိုနေမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းတစ်ခု၏ ရှိပြီးသား အမည်နှင့် ဂိုဏ်းသစ်တစ်ခု ပေါ်ထွက်လာသည်မှာ မကောင်းပေ။ ထိုက်ချူကုန်းမြေတွင် ဂိုဏ်းတစ်ခုချင်းစီသည် ထူးခြားသော အမည်နာမများ ပိုင်ဆိုင်ထားကြသည်။
"ဟူး....ကြည့်ရတာ ကောင်းတဲ့နာမည်တွေက မရှိတော့ဘူး ထင်တယ်။ ထူးထူးဆန်းဆန်း နာမည်တွေ စဉ်းစားကြည့်မယ် ဆိုရင်ရော။"
လျှိုချင်းဟွမ် သက်ပြင်းချကာ ပြောလိုက်သည်။
အန်လင်း အနည်းငယ် တွေးတောကာ မျက်ဝန်းများ တောက်ပလာသည်။
"စုကျိုးအင်မော်တယ်ဂိုဏ်း ဆိုရင်ရော..."
(စုကျိုးဆိုတာ လေးကိုးကို ပြောတာပါ။)
လျှိုချင်းဟွမ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မျက်ဝန်းလေးများ ပြုံးယောင်သမ်းသွားသည်။
"ကြီးမြတ်ခြင်းရဲ့ဇစ်မြစ်နံပါတ် လေးဆယ့်ကိုးလိုဟာမျိုးကို ပြောတာလား။"
"ဟုတ်တယ်။"
"ဘယ်ဂိုဏ်းနာမည်ကမှ ဂဏန်းတွေ မပါဘူးလေ။ ကျွန်တော်တို့ ဂိုဏ်းနာမည်က ထူးခြားခမ်းနားလွန်းလို့ ထိုက်ချူကုန်းမြေ တစ်ခုလုံးက လေးစားကြရလိမ့်မယ်။"
လျှိုချင်းဟွမ် ပျော်ရွှင်စွာ လက်ဖြောက်တီးလိုက်သည်။
"ကောင်းတယ်။ စုကျိုးအင်မော်တယ်ဂိုဏ်းလို့ နာမည်ပေးကြတာပေါ့။"
ထိုသို့ဖြင့် စုကျိုးအင်မော်တယ်ဂိုဏ်းမှာ မွေးဖွားလာခဲ့တော့သည်။
၎င်းတို့သည် ဂိုဏ်း၏အသေးစိတ် အချက်အလက်များအား ဆက်လက်ဆွေးနွေးခဲ့ကြပြီး သတိမထားမိလိုက်သော အချိန်အတွင်းမှာပင် တောအုပ်လမ်းလေး၏ အဆုံးသို့ ရောက်ရှိလာခဲ့ကြသည်။ လျှိုချင်းဟွမ်သည်လည်း သူမ၏စိတ်အား ဆုံးဖြတ်ခဲ့ပြီးပြီပင်။
"ကောင်းပြီ။ ဓားနန်းဆောင်သခင်မ ဒီညကြရင် ညစာလာစားဖို့ မမေ့နဲ့ဦးနော်။ လိုအပ်တာတွေ ထပ်ဆွေးနွေးရအောင်လို့။"
အန်လင်းမှာ ဓားပျံစီးနင်းထားသော မိန်းမငယ်လေးအား နှုတ်ဆက်လိုက်သည်။
"မမေ့ပါဘူး ဂိုဏ်းချုပ်ရေ.....အရေးပါတဲ့သူတွေကို ဂိုဏ်းထဲထည့်ထားဦး။"
လျှိုချင်းဟွမ် အော်ဟစ်တုံ့ပြန်လာသည်။
သူမသည် ကျောင်းပြီးသွားပါက ကောင်းကင်ဘုံခုံရုံးတွင် မနေတော့ပဲ စုကျိုးအင်မော်တယ်ဂိုဏ်းသို့သာ သွားမည့်အကြောင်း ကျောင်းရုံးခန်းသို့ သွားရောက်အသိပေးရဦးမည် ဖြစ်သည်။
..........
ကျောင်းရုံးခန်း၌
လျှိုချင်းဟွမ်၏ စကားကြောင့် ဆရာ၊ ဆရာမများအားလုံး ကြောင်တောင်တောင် ဖြစ်သွားကြရသည်။
စုကျိုးအင်မော်တယ်ဂိုဏ်းဆိုတာ ဘာကြီးလဲ....
"အဟမ်း....ကျောင်းသူ လျှိုချင်းဟွမ် မင်းရဲ့ပါရမီက ကိုးပြည်ထောင် တစ်ခုလုံးမှာတောင် ထိပ်တန်းအဆင့် ရှိတယ်။ ကောင်းကင်ဘုံခုံရုံး တစ်ခုတည်းကပဲ အဲ့ပါရမီတွေ အလဟဿ မဖြစ်အောင် ကူညီပေးနိုင်မှာ။ တခြားဂိုဏ်းကိုသာသွားရင် မင်းရဲ့အရည်အချင်းတွေ ဖြုန်းပစ်သလို ဖြစ်နေလိမ့်မယ်။"
ဆရာတစ်ဦးမှ နှမြောတဿ ဖြစ်နေဟန်ဖြင့် စကားဆိုလာသည်။
ဆရာမတစ်ဦးလည်း ထိုစကားဝိုင်းထဲ ဝင်ရောက်လာသည်။
"ကောင်းကင်ဘုံခုံရုံးမှာ မနေချင်ရင်တောင် ကောင်းကင်ဓားဂိုဏ်းက အကောင်းဆုံး ရွေးချယ်မှုပဲ။ ဘာလို့ အခုမှ စထောင်မယ့်ဂိုဏ်းထဲ ဝင်ချင်ရတာလဲကွယ်။"
"သိပြီ။ ရပြီ။ ကျွန်မလို ပါရမီရှင်က ဘယ်နေရာသွားသွား တောက်ပနေမှာပဲ။"
"တာ့တာပါ ဆရာ၊ ဆရာမတို့....သတိရနေမယ်နော်...ဘိုင့်။"
လျှိုချင်းဟွမ် တာ့တာပြကာ နွေဦးလေပြေလေးအလား ဝှစ်ခနဲ ထွက်ခွာသွားသည်။
စုကျိုးအင်မော်တယ်ဂိုဏ်း၏ ရှေ့ဆောင်များထဲမှ တစ်ဦးဖြစ်သောကြောင့် သူမထံတွင် အရေးကြီး လုပ်ဆောင်ရန် ကိစ္စများစွာ ရှိသည်။
အစပထမတွင် အနည်းငယ် ပျင်းရိဖွယ် ကောင်းနိုင်ပါသော်လည်း သူမ၏ သူငယ်ချင်းများအားလုံး ထိုဂိုဏ်းထဲ ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်သည်။
အန်လင်း၏ အဆောင်သည် သူငယ်ချင်းများစွာနှင့် လူအပြည့် ဖြစ်နေသည်။
ဂိုဏ်းအသစ် တည်ထောင်မည့်အကြောင်း ကြားသိလိုက်ရပြီးနောက် အားလုံး အံ့အားသင့်ကာ ဆွေးနွေးအကြံပေးခြင်းများ စတင်တော့သည်။
စုရှောင်လန်သည် ချက်ချင်းပင် ထောက်ခံအားပေးကာ မီးလျှံနန်းဆောင်သခင်မ လုပ်လိုကြောင်း ဆိုလာသည်။
အန်လင်းပင် အံ့သြရလောက်အောင် အားလုံးမှာ ဂိုဏ်းအသစ်နှင့်ပက်သတ်၍ အားတက်သရော ဖြစ်နေကြလေသည်။
ယောင်မင်ရှီနှင့် ယောင်ရှိုးတို့သည် လျှိုချင်းဟွမ်၏ ဓားနန်းဆောင်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း ပြောလာပြီး ထန်းရှီမန်သည် သင်ကြားရေးပိုင်း မဟုတ်သည့် တိုက်ခိုက်ရေးပိုင်းနှင့်ဆိုင်သော အကြီးအကဲတစ်ဦး ဖြစ်လိုကြောင်း ဆိုလာသည်။
စုချန်းရန်သည် လနန်းဆောင်တစ်ခု ဖွင့်လှစ်လိုပြီး ဆေးလုံးသန့်စင်မည့် မိန်းမငယ်လေးများစွာ ပါဝင်သော လနန်းတော်၏ ဆေးလုံးသန့်စင်ခြင်း အဆောင်ခွဲတစ်ခုပါ ပြုလုပ်လိုကြောင်း ခွင့်တောင်းလာသည်။
အန်လင်းမှာ ထိုအကြံပြုချက်အား မည်သို့မှ မငြင်းပယ်နိုင်ပေ။
ရွှမ်းယွမ်ချန်သည် အနည်းငယ် စဉ်းစားပြီးနောက် စိတ်ဝိဉာဉ်နန်းဆောင်တစ်ခု ပြုလုပ်နိုင်ကြောင်း ဆုံးဖြတ်လိုက်သည်။ သို့သော် သူသည် အင်မော်တယ်စိတ်ဝိဉာဉ်တစ်သောင်းဂိုဏ်းနှင့် စုကျိုးအင်မော်တယ်ဂိုဏ်း နှစ်ခုလုံးတွင် ရှိနေမည် ဖြစ်သောကြောင့် စိတ်ဝိဉာဉ်နန်းတောင်အတွက် ဒုခေါင်းဆောင်တစ်ဦး လိုအပ်ပေလိမ့်မည်။
မုန့်ထျန်း၊ လော့ကျိပင်နှင့် အခြားသူများမှာလည်း ဂိုဏ်းသို့ဝင်မည်ဖြစ်ပြီး ၎င်းတို့နေချင်သော နန်းဆောင်ကိုသာ မဆုံးဖြတ်ရသေးခြင်းဖြစ်ကြောင်း ပြောလာကြသည်။
လျှိုချင်းဟွမ်မှာ မျက်ရည်များပင် ဝိုင်းလာရလေသည်။
သူမသည် သူငယ်ချင်းများ၏ နွေးထွေးမှုအား နေသားကျနေပြီ ဖြစ်သည်။ သို့သော် ယခုကာလသည် သူမအား ကြောက်ရွံ့ထိတ်လန့်စေသည်။ ကျောင်းပြီးသွားပါက သူမတစ်ယောက်တည်း အထီးကျန်ရတော့မည်ကို တွေးရုံနှင့်ပင် ငိုချင်ရသည်။
သို့သော် သူငယ်ချင်း အစစ်အမှန်များသည် ဘယ်သောအခါမှ ပစ်ပယ်သွားမည် မဟုတ်ကြောင်း သူမ သိရှိလိုက်ရလေပြီ။
"ဓားအင်မော်တယ် လျှိုချင်းဟွမ် အခုကစပြီး ဂရုစိုက်ပေးပါဦး။"
အစိမ်းရောင်ဝတ်စုံနှင့် မိန်းမငယ်လေးတစ်ဦးမှာ ရယ်မောကာ စကားဆိုလာသည်။
လျှိုချင်းဟွမ် လှည့်ကြည့်လိုက်သော သူမ၏ အချစ်ဆုံး သူငယ်ချင်း ရှင်းကျူကို တွေ့လိုက်ရသည်။ သူမသည် ပါရမီကောင်းသူ ဖြစ်ပါသော်လည်း မိသားစုဂိုဏ်းမှာ သာမန်သာ ဖြစ်သောကြောင့် အကောင်းဆုံး ရွေးချယ်မှုမှာ ကောင်းကင်ဘုံခုံရုံးသာ ဖြစ်သည်။ သို့သော် သူမ၏ နတ်ဘုရားလေး အန်လင်းသည် ဂိုဏ်းသစ်တစ်ခု တည်ထောင်ပြီး အချစ်ဆုံး သူငယ်ချင်း လျှိုချင်းဟွမ်မှာလည်းထိုဂိုဏ်း၏ နန်းဆောင်သခင်မ တစ်ဦးဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ တွေဝေလာမိသည်။
အဆုံးတွင်မူ စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
"ပြန်စဉ်းစားပါဦးလား။ ဂိုဏ်းကစစချင်းမှာ ဘာမှသိပ်ပြီး အကျိုးအမြတ် ရမှာမဟုတ်ဘူး။"
လျှိုချင်းဟွမ် သတိပေးလိုက်သည်။
"ငါဆုံးဖြတ်ပြီးပြီ။ အခုတည်းက ဂိုဏ်းကိုဝင်ပြီး ဗဟိုအဖွဲ့ဝင် လုပ်ထားရမယ်။ ဒါကရေရှည်အတွက် မြှုပ်နှံတာပဲ။"
ရှင်းကျူ လေးနက်စွာ ပြောလိုက်သည်။
လျှိုချင်းဟွမ် ရယ်မောကာ ရှင်းကျူအား နဖူးတောက်လိုက်သည်။
"ကောင်းပါပြီဟယ်။ နင်က ငါ့လူယုံတော် ဖြစ်ပြီနော် ကျူလေး။"
အန်လင်းမှာ ဂိုဏ်း၏အမှတ်အသားကိုပါ ပြသလိုက်သည်။
သူသည် လက်ထဲတွင် အလံတစ်ခုရှိနေပြီး ရွှေရောင်ဇာမဏီငှက်သဏ္ဍာန်'လေး'နှင့် နဂါးသဏ္ဍာန်'ကိုး'ဟူသော စာလုံးများကို ရေးထိုးထားသည်။
"လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို သယ်ဆောင်လာပေးမယ့် စုကျိုးအင်မော်တယ်ဂိုဏ်း တရားဝင် တည်ထောင်လိုက်ပြီဆိုတဲ့အကြောင်းကို ကြေညာပါတယ်။"
နဂါးဇာမဏီအော်မြည်သံနှင့်အတူ အော်ဟစ်အောင်ပွဲခံသံများ စီစီညံသွားသည်။ ဂိုဏ်းသည် မည်သို့ဖြစ်လာမည်ကို မသိသေးပါသော်လည်း နှလုံးသားအလိုကိုလိုက်ကာ နေ့ရက်တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနေပါက အရာအားလုံး သူ့အလိုလို အဆင်ပြေသွားလိမ့်မည်ပင် ဖြစ်ပေသည်။