အမှတ်အသားဖမ်းမှော်စာလုံး
Vol. 58 Ch. 803
လေနန်းဆောင်တွင် အဖွဲ့မှူး ရှစ်ယောက်ရှိသည့်အနက် လေးဦးမှာ ချန်းပိုင်ဖန်း လက်အောက်မှဖြစ်ပြီး နှစ်ဦးမှာ ရဲ့ပင်းလင်၏လူများဖြစ်ကာ ကျန်နှစ်ဦးမှာ မည်သူ့ဖက်မှ မပါသော ကြားနေများ ဖြစ်ကြသည်။
သို့သော် အလှည့်အပြောင်းလေး တစ်ခုမျှဖြင့် ချန်းပိုင်ဖန်းမှာ အဖွဲ့မှူး သုံးဦးအား ဆုံးရှုံးခဲ့ရသည်။
တစ်ဖက်တွင်မူ ရဲ့ပင်းလင်နှင့် ဇူယွမ်တို့မှာ အဖွဲ့မှူးအသစ် သုံးဦးအား ခန့်အပ်လျက် လက်အောက်ခံ အဖွဲ့မှူး ငါးယောက်ဖြင့် တောင့်တင်းသော အင်အားစုတစ်ခု ပြုလုပ်နိုင်လိုက်သည်။
ထို့ကြောင့် အဖွဲ့မှူး ရွေးချယ်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် လေနန်းဆောင်အတွင်း ရဲ့ပင်းလင်နှင့် ဇူယွမ်တို့၏ သြဇာသက်ရောက်မှုမှာ ပိုမိုကြီးမားလာခဲ့သည်။
သို့သော် အချို့သောသူများမှာ ကြားနေအဖြစ်သာ ဆက်လက်နေထိုင်ကြဆဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်နေရာအား ချန်းပိုင်ဖန်း ရရှိသွားသည်နှင့် အရာအားလုံး ပြောင်းလဲသွားမည်ကို သိရှိထားကြသောကြောင့်ပင်။
လေနန်းဆောင်၏ အာဏာအစစ်အမှန်သည် ခေါင်းဆောင်ရာထူးတွင်သာ ရှိသည်။
ထို့ကြောင့် လေနန်းဆောင်၏ အဖွဲ့ဝင်များမှာ ခေါင်းဆောင်နေရာအတွက် ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့အား အသေအချာ စောင့်ကြည့်နေကြသည်။ ဇူယွမ်ကိုမူ စိတ်ကူးထဲတွင်ပင် ခေါင်းဆောင်အဖြစ် သတ်မှတ်မထားကြပေ။
လူအများ၏ အမြင်တွင် ရဲ့ပင်းလင်သာ မရှိပါက ဇူယွမ်မှာ မည်သည့်သြဇာမှ ရှိလာမည်မဟုတ်ဟု ယူဆထားကြသည်။
ထို့ကြောင့် ခေါင်းဆောင်နေရာအား ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင် တစ်ဦးဦးသာ ရရှိလိမ့်မည်ဟု အခိုင်အမာ တွက်ဆထားကြလေသည်။
ကောင်းမွန်စွာ ပြင်ဆင်ထားသော စားသောက်ခန်းတစ်ခုအတွင်း မီးနန်းဆောင်၏ လက်ထောက်ခေါင်းဆောင် ဝမ်ချန်းမှ လေနန်းဆောင်တွင် ကျင်းပခဲ့သော အဖွဲ့မှူးရွေးချယ်ပွဲအကြောင်းကြားကာ စကားဆိုလိုက်သည်။ "အဲ့ဇူယွမ်ဆိုတဲ့ ကောင်စုတ်က တကယ့်ပြဿနာပဲ။"
ထို့နောက် ချန်းပိုင်ဖန်းအား နှစ်သိမ့်ပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ် စိတ်ရှုပ်မနေနဲ့။ နောက်တစ်လခွဲလောက်ဆို မင်းကခေါင်းဆောင်ဖြစ်တော့မှာပဲဟာ။ အဲ့အချိန်ကြရင် ရဲ့ပင်းလင်နဲ့ ဇူယွမ်ကို မင်းစိတ်ကြိုက် ချယ်လှယ်လို့ရပြီ။"
ချန်းပိုင်ဖန်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ခေါင်းဆောင်နေရာအတွက် ငါနည်းနည်းမှ စိတ်မပူဘူး။ အဲ့ဇူယွမ်က မျောက်လိုမျိုး အငြိမ်မနေပဲ ငါ့ကိစ္စတွေထဲ ဝင်ရှုပ်နေတာကို မကြိုက်တာ။"
"သူ့ကိုသာ ရဲ့ပင်းလင်က ကာကွယ်မပေးထားရင် ငါပညာပေးပြီးနေလောက်ပြီ။"
ဝမ်ချန်းမှလည်း အလိုမကျစွာ စကားဆိုလိုက်သည်။ "အဲ့ကောင်က ဘယ်ကလာတဲ့ ကောင်လည်းမသိဘူး။ အထူအပါးလည်း နားမလည်ဘူး။"
ဇူယွမ်မှာ လူကြားသူကြား၌ပင် သူ၏ဝင်ရောက်ဖြေရှင်းချက်အား ပယ်ချခဲ့သောကြောင့် ဝမ်ချန်းမှာ မျက်နှာပျက်ခဲ့ရသည်။
ဝမ်ချန်းမှ လက်ဖက်ရည်ခွက်အားပွတ်ကာ မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။ "တကယ်က အဲ့ကောင်လေးကို ပညာပေးဖို့ မခက်ပါဘူး။ သူက လေနန်းဆောင်က အဖွဲ့ဝင်တွေကို စည်းရုံးချင်နေတာမလား။ အဲ့လိုလုံးဝမဖြစ်ရအောင် လုပ်ပေးလိုက်ရုံပေါ့။"
"တကယ်လား။" ချန်းပိုင်ဖန်းမှ ဝမ်ချန်းအား ကြည့်ရှုလိုက်သည်။ ခေါင်းဆောင်ဖြစ်သွားချိန်မှ ဇူယွမ်အား ဖိနှိပ်လျှင် ရပါသော်လည်း ယခုအချိန်တည်းက ရှင်းထုတ်ထားနိုင်လျှင် ပိုမိုကောင်းမွန်သည် မဟုတ်ပါလော။
ဝမ်ချန်းမှ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားအောင် ပြုံးလိုက်သည်။ "တကယ်တော့ နည်းလမ်းက ရိုးရိုးရှင်းရှင်းလေးပါ။"
သူသည် မှော်စာလုံးတစ်ခု ရေးထွင်းထားသော ကျောက်စိမ်းဝါးဆစ်ငယ်တစ်ခုအား ထုတ်ယူလိုက်သည်။
ချန်းပိုင်ဖန်းမှ ထိုဝါးဆစ်ငယ်အားကြည့်ကာ ပြောလိုက်သည်။ "ဒါမင်းတို့ မီးနန်းဆောင်က လုပ်ထားတဲ့ အမှတ်အသားဖမ်းမှော်စာလုံး မဟုတ်ဘူးလား။"
မူလလိပ်ပြာလေးခုမျှော်စင်တွင် မူလအကြွေစေ့များအား လောင်ကျွမ်းစေခြင်းဖြင့် ရှင်းခွမ်းတီလေပွေများကို ခေါ်ဆောင်နိုင်သည်။ ထိုရှင်းခွမ်းတီလေပွေထံမှ မူလအမှတ်အသားများကို ရရှိနိုင်ပေသည်။ စင်စစ်အားဖြင့် ရှင်းခွမ်းထီလေပွေတွင် ပါဝင်သော မူလအမှတ်အသား တဝက်မျှကိုသာ ကျင့်ကြံသူမှ ရရှိခြင်းဖြစ်ပြီး ကျန်တဝက်ခန့်မှာ လေနှင့်အတူ ပျက်စီးသွားလေ့ ရှိသည်။
ထို့ကြောင့် မူလအမှတ်အသား စုဆောင်းရသည်မှာ ခက်ခဲပေသည်။
သို့သော် မီးနန်းဆောင်မှ ပြုလုပ်ထားသော အမှတ်အသားဖမ်းမှော်စာလုံးမှာ ထူးခြားလှသည်။ မူလအကြွေစေ့အား လောင်ကျွမ်းခြင်း မပြုမီ ထိုမှော်စာလုံးအား ခန္ဓာကိုယ်ပေါ်တွင် ဦးစွာအသက်သွင်းထားပါက ဆန်းကြယ်သော ကွန်ယက်တစ်ခုမှ ရှင်းခွမ်းထီလေပွေအတွင်း ပါဝင်လာသော မူလအမှတ်အသားများကို ဖမ်းယူပေးမည်ပင် ဖြစ်သည်။
အမှတ်အသားဖမ်းမှော်စာလုံးတစ်ခုကို တစ်နာရီကြာမျှ အသုံးပြုနိုင်ပြီး မူလအမှတ်အသား ရရှိနှုန်း နှစ်ဆယ်ရာခိုင်နှုန်းခန့် မြှင့်တင်ပေးသည်။
နှစ်ဆယ်ရာခိုင်နှုန်းသည် နည်းပါးသော ပမာဏမဟုတ်ပဲ မူလအမှတ်အသား စုဆောင်းရာ၌ အလွန်အကျိုးကျေးဇူးများပေသည်။
ထို့ကြောင့် နန်းဆောင်လေးခုကြား အမှတ်အသားဖမ်းမှော်စာလုံးမှာ အလွန်ကျော်ကြားလှသည်။ မီးနန်းဆောင်၏ အဖွဲ့ဝင်များမှာလည်း အခြားနန်းဆောင်မှ အဖွဲ့ဝင်များထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံခံကြရသည်။ အမှတ်အသားဖမ်းမှော်စာလုံးတစ်ခုသည် မူလအကြွေစေ့ ထက်ဝက်ခန့် တန်ကြေးရှိပြီး တစ်ခါဝယ်ယူလျှင် အနည်းဆုံး နှစ်ခုမျှ ဝယ်ယူကြရသည်။
အခြားနန်းဆောင်သုံးခုမှ အမှတ်အသားဖမ်းမှော်စာလုံးအား ကူးယူလုပ်ဆောင်ရန် ကြိုးစားခဲ့ကြပါသော်လည်း စာလုံးတည်ဆောက်ပုံ အလွန်ရှုပ်ထွေးကာ သတ်မှတ်ချိန် ပြည့်သည်နှင့် အလိုအလျောက် ပျောက်ကွယ်သွားသောကြောင့် မည်သို့မျှ မတက်နိုင်ကြပေ။ ဤသို့ဖြင့် အမှတ်အသားဖမ်းမှော်စာလုံးမှာ မီးနန်းဆောင်၏ ထူးခြားသော ထုတ်ကုန်တစ်ခု ဖြစ်နေခဲ့သည်။
ဝမ်ချန်းမှ ရယ်မောကာ ပြောလိုက်သည်။ "ငါတို့မီးနန်းဆောင်က အမှတ်အသားဖမ်းမှော်စာလုံးတွေကို မင်းကိုရောင်းချခွင့်ပေးမယ်။ လေနန်းဆောင်က အမှတ်အသားဖမ်းမှော်စာလုံးကို လိုချင်တဲ့သူမှန်သမျှ မင်းဆီကနေပဲ ဝယ်ရမယ်။ ဘယ်သူတွေကို ရောင်းမယ်၊ ဘယ်သူတွေကို မရောင်းဘူးဆိုတာ မင်းစိတ်ကြိုက်ပဲ။"
ချန်းပိုင်ဖန်း၏ မျက်ဝန်းများ တောက်ပသွားရသည်။ "မင်းပြောတာက ရဲ့ပင်းလင်နဲ့ ဇူယွမ့်ကို ထောက်ခံတဲ့သူတွေကို မရောင်းဖို့လား။"
"ဟားဟား....အဲ့လိုလည်း မဟုတ်ပါဘူး။ မူလအကြွေစေ့ မလိုချင်တဲ့သူ ဘယ်သူရှိလို့လဲ။ ဒါပေမယ့် မင်းသူတို့ကို တန်းတူဆက်ဆံစရာ မလိုဘူး။ မင်းကိုထောက်ခံတဲ့သူတွေကို ပုံမှန်ကြေးနဲ့ရောင်း။ သူတို့ကိုတော့ စျေးနှစ်ဆတင်လိုက်ပေါ့။" ဝမ်ချန်းမှ ကျေနပ်အားရစွာ ပြုံးလိုက်သည်။
"ရဲ့ပင်းလင်နဲ့ ဇူယွမ်ကို ထောက်ခံမလား။ ဒါမှမဟုတ် အမှတ်အသားဖမ်းမှော်စာလုံးကို ပုံမှန်စျေးနဲ့ပဲ လိုချင်တာလား။ ဒါက ဆုံးဖြတ်ဖို့ မခက်ပါဘူး။"
ချန်းပိုင်ဖန်းမှာ သဘောကျသွားရသည်။ "ဟားဟား....ရှေ့ရက်တွေတုန်းက သူတို့ကြိုးစားပမ်းစား စည်းရုံးထားရတဲ့ လူအုပ်ကြီးတော့ သွားပြီပေါ့။ ငါ့ဆီက အမှတ်အသားဖမ်းမှော်စာလုံး မဝယ်ဖို့ တားရင်လည်း လူတွေကြ ဒေါသထွက်ကြမှာ။"
ဝမ်ချန်း၏ အစီအစဉ်မှာ အားတစ်ချက်ပင် မသုံးရပဲ ရဲ့ပင်းလင်နှင့် ဇူယွမ်တို့အား အလဲထိုးနိုင်ပေသည်။
"အာဏာရဖို့အတွက် လှည့်ကွက်လေးတွေတော့ သုံးသင့်သုံးရမှာပဲ။"
"ငါတကယ် ဒီလောက်ထိ မလုပ်ချင်ပေမယ့် ဇူယွမ်က အရမ်းစိတ်ရှုပ်ဖို့ ကောင်းတယ်။ မီးနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ငါသူ့ကို ပညာပေးမှကို ဖြစ်မယ်။" ဝမ်ချန်းမှ စကားဆိုလိုက်သည်။
ချန်းပိုင်ဖန်းမှ ဝမ်ချန်းနှင့် ခွက်ချင်းတိုက်ကာ အစီအစဉ်အား သဘောတူလိုက်ကြသည်။
"ဒီတစ်ခါ အဲ့ကောင်တွေ ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့။"
(မင်္ဂလာပါ။ ဇူယွမ်စာစဉ်က စာရေးသူဆီမှာ ဇာတ်သိမ်းထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)