လေပြေကျွန်း၏အခြေအနေ
Vol. 58 Ch. 804
မူလလိပ်ပြာလေးခုမျှော်စင်၏ လေလိပ်ပြာမျှော်စင်၌
ဇူယွမ်မှာ လေးဆယ်ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော လေလိပ်ပြာမှော်စာလုံးအား ကြည့်ရှုလိုက်သည်။ အခြားသူများအတွက် ဤနှုန်းထားသည် အတိုင်းထက်အလွန် စိတ်ကျေနပ်စရာ ဖြစ်ပါသော်လည်း ဇူယွမ်အတွက် အခက်တွေ့နေရသည်။
အဘယ့်ကြောင့်ဆိုသော် သူ့တွင် မူလအကြွေစေ့များ ကုန်ခမ်းတော့မည် ဖြစ်သောကြောင့်ပင်။
နောက်လသို့ ရောက်ရှိရန်မှာလည်း သုံးရက်ခန့် လိုနေသေးသည်။
ဆိုလိုသည်မှာ လာမည့်သုံးရက်အတွင်း ဇူယွမ်မှာ လေလိပ်ပြာမျှော်စင်သို့ လာရောက်ရတော့မည် မဟုတ်ပေ။ ထို့အပြင် လက်ထောက်ခေါင်းဆောင်တစ်ဦး၏ လစာမှာလည်း မူလအကြွေစေ့ ရှစ်ဆယ်သာဖြစ်သောကြောင့် ရက်အနည်းငယ်အတွင်း ထပ်မံကုန်ဆုံးသွားပေလိမ့်မည်။
မူလအကြွေစေ့ မလောက်ငသော ပြဿနာသည် သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်နေရသည်။
ဇူယွမ်မှာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စိတ်ညစ်စွာဖြင့် လေနန်းဆောင်ထံ ပြန်လာခဲ့လိုက်သည်။
လေပြေကျွန်းသို့ ပြန်လည်ရောက်ရှိသောအခါ လူအများ၏ ပုံစံများ ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။ အထူးသဖြင့် အဖွဲ့ဝင် အများအပြားမှ သူ့အား ရှောင်ရှားနေကြခြင်းပင်။
ဇူယွမ်မှာ နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုနေမိသည်။
ထို့နောက် မလှမ်းမကမ်းတွင် တစ်စုံတစ်ခုအား ကြေညာနေဟန်ရှိသော ကျင်းထျန်းတို့ကို တွေ့ရှိလိုက်ရသည်။ ၎င်းတို့မှာ သူ့အား အလေးပင်မထားဟန်ဖြင့် လျစ်လျူရှုကာ ထွက်ခွာသွားကြလေသည်။
ဇူယွမ်မှာ အခြေအနေတစ်ခုခု ပြောင်းလဲနေသည်ကို သတိပြုမိကာ နေထိုင်ရာ အဆောက်အဦးထံသို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
ပြန်ရောက်သောအခါ ခြံဝန်းအတွင်း ရဲ့ပင်းလင်၊ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့ ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသောကြောင့် အံ့အားသင့်သွားရသည်။
"ဘာတွေဖြစ်နေတာလဲ။" ဇူယွမ်မှ လျင်မြန်စွာ မေးမြန်းလိုက်သည်။
"ဇူယွမ်....ရှင်ပြန်လာပြီပေါ့။" ရိချိုးရွှယ်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကိစ္စအကြီးကြီးတစ်ခု ဖြစ်သွားတယ်။"
"ဖြည်းဖြည်းချင်း ရှင်းပြပါဦး။" ဇူယွမ်မှ စကားဆိုလိုက်သည်။
ရဲ့ပင်းလင်မှ မကျေမနပ်ဖြစ်နေဟန်ဖြင့် ရှင်းပြလိုက်သည်။ "ဒီနေ့ မီးနန်းဆောင်က ကြေညာချက်ထုတ်လိုက်တယ်။ လေနန်းဆောင်အတွက် အမှတ်အသားဖမ်းမှော်စာလုံး ရောင်းချခွင့်ကို ချန်းပိုင်ဖန်းဆီ ယာယီလွှဲလိုက်တဲ့အကြောင်း။ ချန်းပိုင်ဖန်းက သူ့ကိုထောက်ခံတဲ့သူတွေကိုပဲ မူရင်းစျေးနဲ့ ရောင်းပေးနိုင်မယ်တဲ့။ ငါတို့ကို ထောက်ခံတဲ့သူတွေက စျေးနှစ်ဆပေးဝယ်ရမယ်လို့ ပြောတယ်။"
"အမှတ်အသားဖမ်းမှော်စာလုံး..." ဇူယွမ်မှာ ထိုအရာကို ကြားဖူးနေခဲ့ပါသော်လည်း အသုံးမပြုခဲ့ဖူးပေ။ သူ၏စိတ်ဝိဉာဉ်စွမ်းအင်သည် ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မူလအမှတ်အသားများ စုပ်ယူရာတွင် အခြားသူများထက် ပို၍ကောင်းမွန်သည်။ ထို့ကြောင့် အမှတ်အသားဖမ်းမှော်စာလုံးသည် ပုံမှန်အားဖြင့် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမိုစုပ်ယူပေးနိုင်ပါသော်လည်း သူ့အတွက်မူ ဆယ်ရာခိုင်နှုန်းအောက်သာ အကျိုးသက်ရောက်မှု ရှိသည်။
သို့သော် သူ့ကဲ့သို့ နတ်ဘုံခန်းဝါအဆင့်၌ပင် စိတ်ဝိဉာဉ်မှာ ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိနေရန်မှာ မလွယ်ကူပေ။
လူအများအတွက် အမှတ်အသားဖမ်းမှော်စာလုံးမှာ အရေးကြီးသော လိုအပ်ချက်တစ်ခု ဖြစ်သည်။
အမှတ်အသားဖမ်းမှော်စာလုံးတစ်ခုကို မူလအကြွေစေ့ ထက်ဝက်ခန့် တန်ကြေးရှိပြီး တစ်ခါဝယ်ယူလျှင် အနည်းဆုံး နှစ်ခုမျှ ဝယ်ယူရသည်။ တန်ကြေးမှာ မြင့်မားသည်ဟု မထင်မှတ်ရပါသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မူလအကြွေစေ့ ကုန်ဆုံးမှုမှာ နည်းပါးတော့မည် မဟုတ်ပေ။ သာမန်အဖွဲ့ဝင် တစ်ဦးအနေဖြင့် တစ်လလျှင် အမှတ်အသားဖမ်းမှော်စာလုံးအား အနိမ့်ဆုံး ငါးကြိမ်မျှ ဝယ်ယူကြသည်။ နန်းဆောင်လေးခု၏ အဖွဲ့ဝင် အရေအတွက်နှင့် တွက်ချက်ကြည့်လျှင် ရရှိမည့် မူလအကြွေစေ့ ပမာဏမှာ ကြောက်ခမန်းလိလိပင်။
တန်ကြေးနှစ်ဆဖြင့်သာ ဝယ်ယူရမည်ဆိုလျှင် သာမန်အဖွဲ့ဝင်တစ်ဦးအတွက် စိတ်ညစ်စရာ ဖြစ်သည်။
ချန်းပိုင်ဖန်း၏လုပ်ရပ်မှာ အမှန်တကယ်ပင် အညှာအတာ ကင်းမဲ့လွန်းလှသည်။
"ဝမ်ချန်းလုပ်တာမလား။" ဇူယွမ်၏ မျက်ဝန်းများ အေးစက်သွားရသည်။ မီးနန်းဆောင်၏ လက်ထောက်ခေါင်းဆောင်ဖြစ်သူ ဝမ်ချန်းသည်သာ အမှတ်အသားဖမ်းမှော်စာလုံး ရောင်းချခွင့်ကို လွှဲပြောင်းနိုင်ပေလိမ့်မည်။
ရဲ့ပင်းလင်မှ ခေါင်းညိတ်ပြလိုက်သည်။ "အခုဒီကိစ္စကြောင့် လေနန်းဆောင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပြီ။ ကြာလာရင် ဘယ်သူကမှ ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး။"
ရဲ့ပင်းလင်ထံတွင် ထောက်ခံသူများစွာ ရှိသည်။ သို့သော် ထိုထောက်ခံသူများအားလုံးကို တစ်လလျှင် မူလအကြွေစေ့ တစ်စေ့မျှပင် သူမ ပြန်လည်ထောက်ပံ့နိုင်မည် မဟုတ်ပေ။ ယခုအခါ သူမကို ထောက်ခံသူများအားလုံးမှာ တစ်လလျှင် မူလအကြွေစေ့ ငါးစေ့မျှ အပိုသက်သက် ကုန်ဆုံးရတော့မည် ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ အမာခံ ထောက်ခံသူ အနည်းငယ်မှလွဲ၍ အခြားသူများအားလုံးမှာ ချန်းပိုင်ဖန်းဘက်သို့ ရောက်ရှိသွားမည်ပင်။
ထိုသို့ဖြစ်လာပါက ခေါင်းဆောင်ရွေးချယ်ပွဲ၌ ရဲ့ပင်းလင် အနိုင်ရသွားလျှင်ပင် လေနန်းဆောင်အပေါ် သြဇာသက်ရောက်မှု ရှိတော့မည်မဟုတ်ပေ။
ဇူယွမ်မှ လေးနက်စွာ မေးမြန်းလိုက်သည်။ "အမှတ်အသားဖမ်းမှော်စာလုံးတွေကိုဘယ်သူလုပ်တာလဲ။"
"မီးနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ကျူးလျန်လုပ်တာ။ သူက မီးနန်းဆောင်ရဲ့ ဒုတိယ ခေါင်းဆောင်လို့တောင် ပြောလို့ရတယ်။ သူ့အထက်မှာ မီးနန်းဆောင်ရဲ့ခေါင်းဆောင် လုရှောင်းပဲ ရှိတယ်။"
ရဲ့ပင်းလင်မှ အားကျမနာလိုဟန်ဖြင့် စကားဆက်လိုက်သည်။ "သူ့ရဲ့ကျင့်ကြံခြင်းက နတ်ဘုံခန်းဝါ အခြေတည်အဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် စိတ်ဝိဉာဉ်က ကျွမ်ရှင်းအဆင့် ရောက်နေပြီ။ သူက မူလမှော်စာလုံးပညာရပ်မှာလည်း အရမ်းထူးချွန်တယ်။ မီးနန်းဆောင်ရဲ့ အမှတ်အသားဖမ်းမှော်စာလုံး အားလုံးကို သူပဲလုပ်တာ။"
ဇူယွမ်မှာ သူ့အပြင် ကျွမ်ရှင်းအဆင့်ရှိသူတစ်ဦး ရှိနေသည်ဆိုသောကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
"အခု အမှတ်အသားဖမ်းမှော်စာလုံး ဘယ်သူ့ဆီမှာရှိလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
လျိုကျစ်ရွှမ်းမှ အလျင်အမြန်ပင် ကျောက်စိမ်းဝါးဆစ်ငယ် အနည်းငယ်အား ထုတ်ပေးလိုက်သည်။
"ဘာလဲ...နင်က အမှတ်အသားဖမ်းမှော်စာလုံးလုပ်ဖို့ စဉ်းစားနေတာလား။"
ရဲ့ပင်းလင်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "အသုံးမဝင်ဘူး။ အရင်က ကြိုးစားခဲ့ကြပြီးပြီ။ ဘယ်သူမှ မလုပ်နိုင်ကြဘူး။ အမှတ်အသားဖမ်းမှော်စာလုံးက မီးနန်းဆောင်ရဲ့ ထူးခြားတဲ့ ပစ္စည်းပဲ။"
"ကျွန်တော် အရင်ဆုံး သေချာလေ့လာကြည့်လိုက်ဦးမယ်။" ဇူယွမ်မှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ အမှတ်အသားဖမ်းမှော်စာလုံးမှတဆင့် ရရှိလာမည့် မူလအကြွေစေ့များကို တွက်ချက်မိပြီးနောက် လောဘတက်သွားရသည်။
ထိုမျှပမာဏသည် သူ၏မူလအကြွေစေ့ ကုန်ဆုံးနှုန်းအတွက် လောက်ငရုံသာမက ပိုလျှံနေမည့် အနေအထားပင်။
သူသည် မူလအကြွေစေ့များအတွက် ခေါင်းကိုက်နေရပါသော်လည်း ယခုအခါ ချန်းပိုင်ဖန်းနှင့် မီးနန်းဆောင်တို့၏ လုပ်ရပ်ကြောင့် အမှတ်အသားဖမ်းမှော်စာလုံးများအပေါ် အာရုံစိုက်မိခဲ့သည်။
ရဲ့ပင်းလင်မှာ ဇူယွမ်၏ လက်မလျှော့လိုသောပုံစံကြောင့် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ အမှတ်အသားဖမ်းမှော်စာလုံးမှာ မီးနန်းဆောင်၏ ထူးခြားသော ရတနာဟုပင် ဆိုနိုင်သည်။ ဤနှစ်များအတွင်း ပါရမီရှင် လူငယ်အများစု မီးနန်းဆောင်သို့ ဝင်ရောက်ကြသည်မှာ အမှတ်အသားဖမ်းမှော်စာလုံးကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် မီးနန်းဆောင်အနေဖြင့် အမှတ်အသားဖမ်းမှော်စာလုံး ပြုလုပ်ပုံအား အထူးလျို့ဝှက်ထားမည်မှာ သေချာလှသည်။
ရဲ့ပင်းလင်အနေဖြင့် ဇူယွမ်၏ခေါင်းမာမှုမှာ အသုံးမဝင်သောလုပ်ရပ်ဟု ခံစားနေရသည်။
ဇူယွမ်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် စိတ်ဝိဉာဉ်မီးတောက်ကို ရဲ့ပင်းလင်တို့အား ပြသလိုက်သည်။
"ဒါက...."
ရဲ့ပင်းလင်၏မျက်ဝန်းများ ပြူးကျယ်သွားရသည်။ "စိတ်ဝိဉာဉ်မီးတောက်....မဟုတ်မှလွဲရော နင့်ရဲ့စိတ်ဝိဉာဉ်က ကျွမ်ရှင်းအဆင့် ရောက်နေပြီလား။"
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ နန်းဆောင်လေးခုအတွင်း ကျွမ်ရှင်းစိတ်ဝိဉာဉ်အဆင့်ရှိသူအား ရှာဖွေရန်မှာ ခက်ခဲလွန်းလှသည်။ ထို့အပြင် ဇူယွမ်သည် သူ၏စိတ်ဝိဉာဉ်အဆင့်အား ယနေ့အထိ တစ်ကြိမ်တစ်ခါမျှ မဖော်ပြခဲ့ဖူးပေ။
"ကျွန်တော်လည်း မူလမှော်စာလုံးပညာကို ကျွမ်းပါတယ် စီနီယာအမတော်ရဲ့။" ဇူယွမ်မှ ပြုံးလိုက်သည်။
"အဲ့ဒါကြောင့် ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေး။ ကျွန်တော်သာ လုပ်နိုင်ခဲ့ရင် ချန်းပိုင်ဖန်းတို့ အစီအစဉ်ကို ဖျက်နိုင်ရုံတင် မကဘူး။ အနာဂတ်မှာလည်း လေနန်းဆောင်အတွက် အများကြီး အကျိုးရှိလာမှာ။"
ရဲ့ပင်းလင်တို့မှာ အခြားရွေးချယ်စရာ မရှိသောကြောင့် သဘောတူလိုက်ကြသည်။
ရိချိုးရွှယ်မှ စကားဆိုလိုက်သည်။ "အဲ့ဒါဆို ရှင်အရင် ကြိုးစားကြည့်လိုက်။ လေနန်းဆောင်ကိုတော့ ကျွန်မတို့ တက်နိုင်သမျှ ထိန်းထားလိုက်မယ်။ ဒါပေမယ့် ကျွန်မတို့မှာ အချိန်အများကြီးတော့ မရဘူးနော်။"
ဇူယွမ်မှာ ပြုံးပြလိုက်ပြီးနောက် မည်သည့်စကားမှ မဆိုတော့ပဲ အမှတ်အသားဖမ်းမှော်စာလုံးအားယူကာ အဆောက်အဦးအတွင်းသို့ ဝင်သွားတော့သည်။
ရဲ့ပင်းလင်တို့မှာ ဇူယွမ်၏ကျောပြင်အားကြည့်ကာ သက်ပြင်းချလိုက်မိသည်။ နန်းဆောင်လေးခုအတွင်း ကျွမ်ရှင်းစိတ်ဝိဉာဉ်အဆင့် ရောက်နေသူများ ရှိကြပါသော်လည်း မည်သူကမှ မီးနန်းဆောင်၏ အမှတ်အသားဖမ်းမှော်စာလုံးအား မလုပ်နိုင်ခဲ့ကြပေ။
ချန်းပိုင်ဖန်း၏ ထိုးနှက်ချက်မှာ အမှန်တကယ် ပြင်းထန်လွန်းလှသည်။ ဇူယွမ်သာ အမှတ်အသားဖမ်းမှော်စာလုံးအား မလုပ်နိုင်ခဲ့ပါက သူမတို့ ကြိုးစားအားထုတ်မှုများအားလုံး ရေစုန်မျောရတော့မည်ပင် ဖြစ်လေတော့သတည်း...