ရင်းမြစ်
Vol. 58 Ch. 805
ဇူယွမ်မှာ အိပ်ရာပေါ်တွင်လှဲလျက် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် အမှတ်အသားဖမ်းမှော်စာလုံးအား တိတ်ဆိတ်စွာ လေ့လာနေလျက် ရှိသည်။
သို့သော် စိတ်ဝိဉာဉ်စွမ်းအင်လှိုင်းမှ ကျောက်စမ်းဝါးဆစ်ပြားအတွင်း ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ရေးထွင်းထားသော အမှတ်အသားဖမ်းမှော်စာလုံးမှာ ပျောက်ကွယ်သွားသည်။
"မှော်စာလုံးကို အလိုအလျောက် ဖျက်စီးတဲ့စနစ် ထည့်ထားတာပဲ။"
ဇူယွမ်မှာ မျက်ဝန်းများ လက်သွားရသည်။ သို့သော် ပထမဆုံးအကြိမ် ကြိုးစားကြည့်ခြင်းဖြစ်၍ ပြဿနာ မရှိပါချေ။ အလွန်လွယ်ကူနေလျှင်ပင် သံသယဖြစ်စရာ ကောင်းနေဦးမည်။
သူသည် ကျောက်စိမ်းဝါးဆစ်ငယ်အား ချေမွလျက် နောက်ထပ်အမှတ်အသားဖမ်းမှော်စာလုံးတစ်ခုအား ထုတ်ယူလိုက်သည်။
ချေမွဖျက်စီးလိုက်သော ကျောက်စိမ်းဝါးဆစ်ငယ်မှာ အမှုန်များအဖြစ် သူ၏ရင်ဘတ်ပေါ် ကျသွားပြီးနောက် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မှော်စာလုံးတစ်ခု ပေါ်ပေါက်လာသည်။
အလင်းတန်းမှာ ဆန်းကြယ်လှသော ကွန်ယက်တစ်ခုအသွင် ဖြစ်ပေါ်သွားကာ မှော်စာလုံးမှာလည်း သူ၏အသွေးအသားအတွင်း ဝင်ရောက်သွားသည်။
အလင်းတန်းကွန်ယက်မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား အုပ်စိုးထားလေသည်။ သူသာ မူလလိပ်ပြာလေးခုမျှော်စင်အတွင်း ရှိနေပါက ထိုကွန်ယက်များမှ မူလအမှတ်အသားများကို ပိုမိုဖမ်းယူပေးမည် ဖြစ်သည်။
"တော်တော်ထူးခြားတဲ့ မှော်စာလုံးပဲ။" ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် လေ့လာကာ ရေရွတ်လိုက်သည်။
အမှတ်အသားဖမ်းမှော်စာလုံးမှာ ရိုးရှင်းပါသော်လည်း စုတ်ချက်များ အစဉ်မပြတ် ပြောင်းလဲနေသောကြောင့် တုပရန် ခက်ခဲနေရခြင်းပင်။
ထို့အပြင် အမှတ်အသားဖမ်းမှော်စာလုံးအား ပြုလုပ်နိုင်ရန် ထူးခြားသော ပါဝင်ပစ္စည်းတစ်ခု လိုအပ်လိမ့်မည်ဟု ဇူယွမ်မှ ခံစားမိသည်။ သို့သော် ထိုပါဝင်ပစ္စည်းအား ရှာဖွေနိုင်ခြင်း မရှိပေ။ ထိုသည်မှာ မီးနန်းဆောင်၏ အဓိက လျှို့ဝှက်ချက် ဖြစ်ပေလိမ့်မည်။
အမှတ်အသားဖမ်းမှော်စာလုံးအား ပြုလုပ်လိုပါက ပါဝင်ပစ္စည်းများကို သိရှိရမည်ပင်။
၎င်းအမှတ်အသားဖမ်းမှော်စာလုံးမှာ ထိတွေ့လိုက်သည်နှင့် ပျောက်ကွယ်သွားတက်သောကြောင့် ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင်အား တိုက်ရိုက်ပို့လွှတ်လေ့လာမရ ဖြစ်နေရသည်။
အချိန်တစ်နာရီမျှ ကြာမြင့်သွားပြီးနောက် အမှတ်အသားဖမ်းမှော်စာလုံးမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသဖြင့် သူသည်လည်း စိတ်ဝိဉာဉ်စွမ်းအင်အား ပြန်လည်ရုတ်သိမ်းလိုက်သည်။
ဇူယွမ်မှာ လေးနက်စွာ တွေးတောနေမိသည်။ အမှတ်အသားမှော်စာလုံး၏ စုတ်ချက်များမှာ သူ့အတွက် မရှုပ်ထွေးပါသော်လည်း ထူးခြားသည့် အဓိက ပါဝင်ပစ္စည်းအား တွေးတောမရ ဖြစ်နေသည်။
ထို့ကြောင့် အမှတ်အသားဖမ်းမှော်စာလုံးအား တုပပြုလုပ်ရန် အလွန်ခက်ခဲနေသည်။
"လိုက်လုပ်လို့မရရင် ကိုယ့်ဘာသာ အသစ်တီထွင်လိုက်လို့ ရတာပဲ။" ဇူယွမ်မှ အေးစက်စွာ ရေရွတ်လိုက်သည်။ သူသည် မှော်စာလုံးပညာရပ်အား အဓိကအနေဖြင့် စတင်ကျင့်ကြံခဲ့ပြီး ချီစွမ်းအင် ကျင့်ကြံသောအခါတွင်ပင် မှော်စာလုံးပညာရပ်ကို လက်မလွှတ်ခဲ့ဖူးပေ။
ထို့အပြင် မူလမှော်စာလုံးပညာရပ်အား တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သော ယောင်ယောင်နှင့်အတူ နေထိုင်ခဲ့ရသဖြင့် သူ၏မှော်စာလုံးပညာရပ်အပေါ် နားလည်နိုင်စွမ်းမှာ အတော်မြင့်မားခဲ့သည်။
မီးနန်းဆောင်မှ ကျွမ်ရှင်းစိတ်ဝိဉာဉ်အဆင့်ရှိသူတစ်ဦးမှ အမှတ်အသားဖမ်းမှော်စာလုံးအား ပြုလုပ်နိုင်လျှင် သူလည်းပြုလုပ်နိုင်မည်ဟု ယုံကြည်သည်။
ဇူယွမ်မှာ ယောင်ယောင်အား တွေးတောမိလိုက်သောကြောင့် မျက်ဝန်းများ မှေးမှိန်သွားရသည်။ ယောင်ယောင်သာရှိနေလျှင် အမှတ်အသားဖမ်းမှော်စာလုံး ပြဿနာအား ချက်ချင်းဆိုသလို ဖြေရှင်းနိုင်ပေလိမ့်မည်။
"ယောင်ယောင်.....ကျွန်တော့်ကို စောင့်နေပေးပါ။ ဘိုးဘေးနဂါးမီးအိမ်နဲ့ ဘိုးဘေးနဂါးအသွေးအသားကို ရအောင်ရှာလာခဲ့မယ်။" ဇူယွမ်မှာ ယောင်ယောင်နှင့် ထန်ထန်တို့အား အမှန်တကယ်ပင် လွမ်းဆွတ်တမ်းတမ်နေမိသည်။
ယခုအခါတွင် ဟွမ်းယွမ်ကောင်းကင်ဒေသ၌ သူတစ်ဦးတည်း အဖော်မဲ့စွာ အထီးကျန်ဆန်နေရသည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ အတိတ်တွင် ပိတ်မိနေမည့်သူ မဟုတ်ပေ။ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ ခံစားချက်များကို သိမ်းဆည်းလိုက်သည်။ အတိတ်သို့ ပြန်သွားရန်မှာ မဖြစ်နိုင်သဖြင့် အနာဂတ်နှင့် နီးစပ်နိုင်ရန်သာ လက်ရှိအချိန်တွင် အကောင်းဆုံး ကြိုးစားရမည် ဖြစ်သည်။
ဇူယွမ်မှာ မျက်ဝန်းများကိုပိတ်လျက် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် အမှတ်အသားဖမ်းမှော်စာလုံးနှင့် ဆင်တူသော မှော်စာလုံးတစ်ခုအား ဖန်တီးနိုင်ရန် ကြိုးစားကြည့်လိုက်သည်။
ဤသို့ဖြင့် သူသည် သီးသန့်ကျင့်ကြံသကဲ့သို့ဖြစ်ကာ သုံးရက်သုံးညတိုင်တိုင် အပြင်သို့ ထွက်မလာတော့ပေ။
သုံးရက်အတွင်း ရဲ့ပင်းလင်မှာ လေလိပ်ပြာမျှော်စင်သို့ပင် မသွားပဲ လူအများအား လိုက်လံစည်းရုံးနေပါသော်လည်း အခြေအနေများမှာ ပိုမိုဆိုးရွားလာသည်။ မူလအကြွေစေ့သည် အရေးကြီးသော ပစ္စည်းတစ်ခု ဖြစ်သည့်အပြင် မူလလိပ်ပြာလေးခုမျှော်စင်သို့ ဝင်ရောက်ရန် အချိန်သုံးနှစ်သာ သတ်မှတ်ထားသောကြောင့် မည်သူကမှ အချိန်မဖြုန်းလိုကြပေ။
ရဲ့ပင်းလင်အား ထောက်ခံနေသူ အများစုမှာ စတင်၍ ရုတ်ရုတ်သဲသဲ ဖြစ်လာကြသည်။
ရဲ့ပင်းလင်မှာလည်း မည်သို့မျှ မတက်နိုင်တော့ပဲ သူမကို စွန့်ခွာသွားသည့် သတင်းများကိုသာ နားထောင်နေရသည်။
တစ်ဖက်တွင်မူ ချန်းပိုင်ဖန်းမှာ ကျေနပ်အားရစွာဖြင့် အမှတ်အသားဖမ်းမှော်စာလုံးအား လာရောက်ဝယ်သူနေသူများကို ကြည့်ရှုနေသည်။ ထိုသူများမှာ တစ်ချိန်က ရဲ့ပင်းလင်၏ ထောက်ခံသူ ဖြစ်ခဲ့ကြဖူးသူများပင်။
မည်သူကမှ မူလအကြွေစေ့ကို ကျော်လွန်ကာ ရဲ့ပင်းလင်အား ထောက်ခံကြလိမ့်မည် မဟုတ်ပေ။
"အကိုတော် ချန်းပိုင်ဖန်း သုံးရက်အတွင်း ရဲ့ပင်းလင်ကို ထောက်ခံတဲ့သူ တဝက်ကျော်လောက် ဒီဘက်ရောက်လာပြီ။" ကျင်းထျန်းမှ ပျော်ရွှင်စွာ ပြောလိုက်သည်။
ချန်းပိုင်ဖန်းမှ ပြုံးကာစကားဆိုလိုက်သည်။ "အချိန်တွေကြာလာတာနဲ့ သူမဘက်မှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။"
"ငါခေါင်းဆောင်နေရာကို ရပြီးသွားရင် သူမ ဘယ်လိုဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့။"
သူသည် ရုတ်တရက်ဆိုသလို ဇူယွမ် ပျောက်နေသည်ကို သတိထားမိလိုက်သည်။
"ဇူယွမ်ဆိုတဲ့ ကောင်စုတ်ကရော ဘယ်တွေရောက်နေတာလဲ။"
ကျင်းထျန်းမှ ရယ်မောကာ ပြောလိုက်သည်။ "အဲ့ကောင်က သီးသန့်ကျင့်ကြံနေတယ် ကြားတာပဲ။ အခြေအနေမကောင်းတော့ မျက်နှာမပြရဲတော့ပဲ ပြေးပုန်းတော့တာပဲ။"
"ရဲ့ပင်းလင်က သူ့ကိုအများကြီး ထောက်ခံပေးခဲ့တာ ကန်းနေလို့ပဲ ဖြစ်မယ်။"
ချန်းပိုင်ဖန်းမှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "အထူအပါး နားမလည်တဲ့ကောင်က အခုတော့ မှားမှန်းသိပြီပေါ့။ ဒါပေမယ့် အရမ်းနောက်ကျသွားပြီ...အဟက်။"
"ထားလိုက်ပါ။ ငါခေါင်းဆောင်ဖြစ်တာနဲ့ အဲ့ကောင်ကို လက်ထောက်ခေါင်းဆောင် ရာထူးကနေ ဖြုတ်ပစ်မယ်။ ချန်းပိုင်ဖန်းဆိုတဲ့ငါ့ကို စော်ကားရင် ဘယ်လိုဖြစ်မလဲဆိုတာ ပြရသေးတာပေါ့။"
"လေနန်းဆောင်ရဲ့ ခေါင်းဆောင် သခင်လေး ချန်းပိုင်ဖန်း..." ကျင်းထျန်းမှ မျက်နှာချိုသွေးကာ အရိုအသေပြုလိုက်သည်။
"အမှတ်အသားဖမ်းမှော်စာလုံးကို ဆက်ပြီးကြော်ညာနေ။ သူတို့ ဘယ်နှစ်ရက် တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။" ချန်းပိုင်ဖန်းမှာ စကားဆိုပြီးနောက် အခန်းတစ်ခုအတွင်း ဝင်ရောက်သွားတော့သည်။
အမှတ်အသားဖမ်းမှော်စာလုံးအား အသစ်ဖန်တီးနိုင်ရန် ရင်းမြစ်ပစ္စည်း ရှာဖွေနေသော ဇူယွမ်မှာ ငါးရက်မြောက်နေ့တွင် မျက်ဝန်းများ ပြန်လည်ပွင့်ဟလာသည်။
သူ၏မျက်ဝန်းများမှာ တောက်ပလင်းလက်နေလေတော့သတည်း.....