← Chapters

နတ်ဘုရားအလင်းတန်း

Vol. 58 Ch. 806

နတ်ဘုရားအလင်းတန်း

Vol. 58 Ch. 806

ဇူယွမ်၏ မျက်ဝန်းအတွင်း အလင်းတန်းများ တောက်ပနေလျက် ရှိသည်။ သူသည် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်ကာ လျင်မြန်စွာဖြင့် စုတ်ချက်များကို ရေးသားလိုက်သည်။

စုတ်ချက်များနှင့်အတူ ဆန်းကြယ်လှသော မူလအမှတ်အသားအချို့ ပေါ်ပေါက်လာသည်။

မူလအမှတ်အသားများမှာ ချိတ်ဆက်မိသွားပြီးနောက် မျက်စိတမှိတ်စာမျှ အချိန်အတွင်းမှာပင် အပြောင်းအလဲများစွာ ဖြစ်ပေါ်သွားသည်။

ဇူယွမ်မှာ ပန်းချီဆရာ တစ်ဦးကဲ့သို့ စုတ်ချက်များကို ပြီးပြည့်စုံအောင် အာရုံစိုက်ကာ ရေးဆွဲနေသည်။

အချိန်အတော်မျှ ကြာမြင့်ပြီးနောက်တွင် သူသည် ကောင်းကင်ဘုံယွမ်စုတ်တံအား ဖြည်းညင်းစွာ ချထားလိုက်သည်။ အခက်အခဲများစွာ ဖြတ်ကျော်ပြီးသည့်နောက် ဆန်းကြယ်သော မူလအမှတ်အသားများအား အကြမ်းဖျင်း ပုံစံချနိုင်ခဲ့လေပြီ။

ဤသို့ဖြင့် နေ့တဝက်ခန့် အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဇူယွမ်မှာ ချွေးများတဒီးဒီးကျနေပြီး မူလအမှတ်အသားပေါ်တွင်သာ အာရုံစိုက်ထားလျက် ရှိသည်။

သူသည် မူလအမှတ်အသားများကိုကြည့်ကာ လေးလံစွာ သက်ပြင်းချလိုက်မိသည်။

မူလအမှတ်အသားများမှာ ရှုပ်ထွေးနေပြီး ပေတဝက်ခန့်ရှိသော လင်းလက်နေသည့် မှော်စာလုံး တစ်ခုအသွင် ဖြစ်ပေါ်နေသည်။

ထိုမှော်စာလုံးမှာ ရက်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် ရလဒ်ပင်။

"ဒီမှော်စာလုံးက အမှတ်အသားဖမ်းမှော်စာလုံးထက် ပိုပြီးထူးခြားတယ်။" ဇူယွမ်မှ ဂုဏ်ယူစွာ ရေရွတ်လိုက်သည်။

ယောင်ယောင်၏ တင်းကြပ်သော သင်ပြမှုများနှင့်အတူ မှော်စာလုံးပညာရပ်အား လေ့လာလိုက်စားခဲ့ရသောကြောင့် သူသည် မှော်စာလုံးများ ဖန်တီးရာတွင် အတော်ယုံကြည်ချက် ရှိသည်။

"ဒါပေမယ့်...."

ဇူယွမ်မှာ မျက်မှောင်ကျုံ့လိုက်မိသည်။ မှော်စာလုံးမှာ ပြီးပြည့်စုံသွားပြီ ဖြစ်ပါသော်လည်း အဓိက အသက်ဝင်စေမည့် ဗဟိုချက်မှာ လိုအပ်နေဆဲပင်။

မီးနန်းဆောင်သည် အမှတ်အသားဖမ်းမှော်စာလုံးအား အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမည့် အဓိက ပါဝင်ပစ္စည်းအား အထူးလျှို့ဝှက်ထားသည်။

ဇူယွမ်မှာ ထိုပါဝင်ပစ္စည်းအား မသိရှိသောကြောင့် အစားထိုးအနေဖြင့် အသစ်တစ်ခု ဖန်တီးရန် တွေးတောထားပါသော်လည်း အလွန်ခက်ခဲလှသည်။ မူလအမှတ်အသားအား ဖမ်းယူပေးနိုင်မည့် အရာမှာ လွန်စွာရှားပါးပေလိမ့်မည်။

"ဒါပေမယ့် ငါတို့မှာ အချိန်မရှိတော့ဘူး။" အချိန်ကြာမြင့်လာလေ ချန်းပိုင်ဖန်းဘက်သို့ ကူးပြောင်းသူ များလာလေ ဖြစ်လာလိမ့်မည်။

အမှတ်အသားဖမ်းမှော်စာလုံးတွင် ပင့်ကူအိမ်ကဲ့သို့ ဆန်းကြယ်သော ကွန်ယက်တစ်ခု ပါဝင်နေပြီး ရှင်းခွမ်းထီလေပွေအတွင်းရှိ မူလအမှတ်အသားများကို ဖမ်းယူပေးသည်။

ဇူယွမ်မှာ မူလရင်းမြစ် အချို့အား တွေးတောမိပါသော်လည်း အလုပ်မဖြစ်ခဲ့ချေ။

ဤသို့ဖြင့် ညခင်းဆီသို့ ရောက်ရှိလာခဲ့သည်။

သူသည် အိပ်ရာပေါ်တွင်ထိုင်လျက် လေးနက်စွာ အာရုံစိုက်နေဆဲ ဖြစ်သည်။

ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိသည်။ အမှတ်အသားဖမ်းမှော်စာလုံးထက် ကောင်းမွန်သော မူလမှော်စာလုံးအား ဖန်တီးနိုင်ခဲ့ပါသော်လည်း အဓိက ဗဟိုချက်ကို မပြုလုပ်နိုင်သေးပေ။ ထို့ကြောင့်ပင် အမှတ်အသားဖမ်းမှော်စာလုံးမှာ မီးနန်းဆောင်၏ အထူးခြားဆုံး ရတနာတစ်ခု ဖြစ်နေရခြင်း ဖြစ်ပေလိမ့်မည်။

"ဒါကိုမလုပ်နိုင်ရင်တော့ နောက်လ ခေါင်းဆောင်ရွေးပွဲမှာ ချန်းပိုင်ဖန်းကို အနိုင်တိုက်မယ့်အချိန်ထိ စောင့်ရတော့မှာပဲ။"

သူခေါင်းဆောင်နေရာ ရရှိသည်နှင့်တစ်ပြိုင်နက် ချန်းပိုင်ဖန်းအား ဖိနှိပ်နိုင်ပေလိမ့်မည်။

သို့သော် ဝမ်ချန်းမှ ယုတ်မာကာ လေနန်းဆောင်အား အမှတ်အသားဖမ်းမှော်စာလုံး ရောင်းချနေသည်ကို ပိတ်ပင်လိုက်နိုင်သည်။ ထိုသို့ဖြစ်လာပါက လေနန်းဆောင်၏ အဖွဲ့ဝင်များမှာ သူ့အား ကြည်ဖြူကြတော့မည် မဟုတ်ပေ။

ဇူယွမ်မှာ စိတ်မသက်မသာ ဖြစ်သွားရသည်။

စီနီယာအမတော် ချီကျင့်အား အစဉ်အမြဲ အားကိုးနေရန် မဖြစ်နိုင်ပေ။

သူသည် အံကြိတ်လိုက်ပြီးနောက် မူလဖျက်စီးခြင်း နတ်ဘုရားကျောက်တုံး၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းအား စတင်ကျင့်ကြံလိုက်သည်။ စိတ်ဝိဉာဉ်စွမ်းအင်အား ပြန်လည်ဖြည့်တင်းကာ တစ်ညလုံး အဓိက ဗဟိုချက်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ဝုန်း.....

နတ်ဘုရားကျောက်တုံးထံမှ ထူးခြားသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဇူယွမ်၏စိတ်ဝိဉာဉ်မှာ နတ်ဘုရားကျောက်တုံးထံမှ အလင်းစက်တစ်ခု နှလုံးသားအတွင်း ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ချပ်.....

သူသည် နတ်ဘုရားအလင်းတန်းအား ဖမ်းယူလိုက်မိသောကြောင့် အလွန်ပျော်ရွှင်သွားရသည်။

ဒါ....ဒါက လေလိပ်ပြာမျှော်စင်ရဲ့ ရှင်းခွမ်းထီလေလွှာ အဆုံးမှာရှိတဲ့ လေလိပ်ပြာမှော်စာလုံးရဲ့ မိခင်ကိုယ်ထည်ပဲ....

ရှင်းခွမ်းထီလေပွေနှင့်အတူ ဆင်းသက်လာလေ့ရှိသော မူလအမှတ်အသားများမှာ လေလိပ်ပြာမှော်စာလုံး၏ မိခင်ကိုယ်ထည်ထံမှ ဖြစ်သည်။ မူလအမှတ်အသားနှင့် မူရင်းမှော်စာလုံးတို့မှာ မိခင်နှင့် ရင်သွေးကဲ့သို့ ထူးခြားသော ဆက်နွယ်မှု ရှိသည်။ လေလိပ်ပြာမှော်စာလုံး၏ မိခင်ကိုယ်ထည်ထံမှ အရှိန်အဝါအား အဓိက ဗဟိုချက်အဖြစ် အသုံးပြုလိုက်လျှင် မူလအမှတ်အသားများအား ထူးခြားစွာ ဆွဲဆောင်နိုင်ပေလိမ့်မည်။

အကျိုးသက်ရောက်မှုမှာလည်း အမှတ်အသားဖမ်းမှော်စာလုံးထက် သာလွန်မည်မှာ သေချာပေသည်။

အဘယ့်ကြောင့်ဆိုသော် အမှတ်အသားဖမ်းမှော်စာလုံးမှာ မူလအမှတ်အသားများကို ဖမ်းယူနေရခြင်းကြောင့် ဖြစ်သည်။ သို့သော် မိခင်ကိုယ်ထည်၏ အရှိန်အဝါဖြင့်ဆိုလျှင် မူလအမှတ်အသားများအား ဖမ်းယူရန် မလိုအပ်ပဲ အလိုအလျောက် ထိုမိခင်ကိုယ်ထည်ရှိရာထံ ဆင်းသက်လာကြမည်ပင်။

ဤကမ္ဘာပေါ်၌ မူရင်းမှော်စာလုံး၏ အရှိန်အဝါထက်ပို၍ မူလအမှတ်အသားများကို ဆွဲဆောင်နိုင်မည့်အရာ မရှိပေ။

"ရှာတွေ့ပြီ။"

ဇူယွမ်မှာ ပျော်ရွှင်လွန်းသဖြင့် တုန်လှုပ်နေမိသည်။ "ဒါ...ဒါပဲ။"

သူသည် ကျေနပ်အားရစွာ ရယ်မောလိုက်ပြီးနောက် လေလိပ်ပြာမျှော်စင်ထံ ထွက်ခွာသွားသည်။

ဖန်တီးထားသော မူလမှော်စာလုံး၏ အကျိုးသက်ရောက်ပုံအား စမ်းသပ်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။

ဇူယွမ်မှာ လေလိပ်ပြာမျှော်စင်အတွင်းသို့ ရောက်ရှိပြီးနောက် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းအား အသက်သွင်းလိုက်သည်။ ထိုအချိန်မှာပင် ရှင်းခွမ်းထီလေလွှာ အလွန်ရှိ နတ်ဘုရားကျောက်တုံးထံမှ တုံ့ပြန်သံ ထွက်ပေါ်လာသည်။

ထို့နောက် ယခင်ကကဲ့သို့ သေးငယ်သော လေပွေလမ်းကြောင်းငယ်တစ်ခု ဆင်းသက်လာသည်။

"ကျေးဇူးတင်ပါတယ်...ဘိုးဘေးနတ်ဘုရားကျောက်တုံးကြီး..."

ဇူယွမ်မှာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ၏စိတ်ဝိဉာဉ်မှာ အနည်းငယ် တွေဝေနေပြီးနောက် လမ်းကြောင်းငယ်အတွင်း ဝင်ရောက်သွားတော့သည်။

နတ်ဘုရားကျောက်တုံးထံ ရောက်ရှိသွားပြီးနောက် သူ၏စိတ်ဝိဉာဉ်မှာ ကိုယ်ထည်ပေါ်တွင် ရေးထွင်းထားသော မိုးပြာရောင် မှော်စာလုံးအား သတိပြုလိုက်မိသည်။ ထိုသည်မှာ လေလိပ်ပြာမှော်စာလုံး၏ မူရင်းမှော်စာလုံးပင် ဖြစ်ပေတော့သတည်း.....

All Chapters