← Chapters

မူချင်းလေပြေစာလုံး

Vol. 58 Ch. 807

မူချင်းလေပြေစာလုံး

Vol. 58 Ch. 807

ဇူယွမ်မှာ မိုးပြာရောင် မူရင်းမှော်စာလုံးအား ငေးမောကြည့်ရှုနေမိသည်။ ထို့နောက် ဘိုးဘေးနတ်ဘုရားကျောက်တုံးအား ခွင့်ပြုချက် တောင်းလိုက်သည်။ မူရင်းမှော်စာလုံးသည် ဘိုးဘေးနတ်ဘုရားကျောက်တုံး၏ ကိုယ်ထည်ပေါ်တွင် ရေးထွင်းထားသောကြောင့် ခွင့်ပြုချက်မရပဲ ထိတွေ့မိပါက စိတ်ဝိဉာဉ်ပင် ဖျက်စီးခံရနိုင်သည်။

နတ်ဘုရားကျောက်တုံးမှာ ဇူယွမ်၏ တောင်းဆိုချက်အား ငြင်းပယ်ခြင်း မပြုပေ။ အဘယ့်ကြောင့်ဆိုသော် လောက၏ ဥပဒေသများကို ချိုးဖောက်သော တောင်းဆိုချက်မျိုး မဟုတ်ပါက ငြင်းပယ်ခြင်းမပြုရန် ကန်းယွမ်မှ အမိန့်ပေးခဲ့သောကြောင့် ဖြစ်သည်။

စင်စစ်အားဖြင့် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို ကျင့်ကြံသူတိုင်း နတ်ဘုရားကျောက်တုံးအား ထိန်းချုပ်နိုင်ပေသည်။ သို့သော် ဇူယွမ်မှာ ထိုသို့ထိန်းချုပ်ရန်ထိ အဆင့်မမြင့်သေးချေ။

နတ်ဘုရားကျောက်တုံးထံမှ ခွင့်ပြုချက်ရသည်နှင့် ဇူယွမ်၏စိတ်ဝိဉာဉ်မှာ ပျော်ရွှင်စွာဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် စိတ်ဝိဉာဉ်စွမ်းအင်အား နတ်ဘုရားကျောက်တုံးအနီးသို့ ပို့လွှတ်လိုက်သည်။

နတ်ဘုရားကျောက်တုံးမှာ စွမ်းအင်ဖိအားများကို လျှော့ချထားပေးပါသော်လည်း ဇူယွမ်၏စိတ်ဝိဉာဉ်မှာ ပျက်စီးပျောက်ကွယ်တော့မတက် တုန်ခါနေရဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ ကြံ့ကြံ့ခံလျက် လေလိပ်ပြာမှော်စာလုံး၏ မိခင်ကိုယ်ထည်အနီးသို့ သွားလိုက်သည်။

ဇူယွမ်၏စိတ်ဝိဉာဉ်မှာ လေလိပ်ပြာမှော်စာလုံး၏ မိခင်ကိုယ်ထည်ထံမှ ဆန်းကြယ်သော အရှိန်အဝါများကို ခံစားကြည့်လိုက်သည်။

ထိုအရှိန်အဝါများသည် လေလိပ်ပြာမှော်စာလုံး၏ အရှိန်အဝါများနှင့် အနည်းငယ် ဆင်တူပါသော်လည်း များစွာပို၍ ကျယ်ပြန့်နက်ရှိုင်းလွန်းလှသည်။

ဇူယွမ်မှာ အချိန်အတော်ကြာအောင် လေလိပ်ပြာမှော်စာလုံး၏ မိခင်ကိုယ်ထည်မှ အရှိန်အဝါများကို ခံစားလျက် အမှတ်အသားများကို ရေးဆွဲနေခဲ့သည်။

ထို့နောက် သူကိုယ်တိုင် ဖန်တီးထားသော အသက်မဲ့နေသည့် မူလမှော်စာလုံးအား ထုတ်ယူလိုက်သည်။

သူသည် လေလိပ်ပြာမှော်စာလုံး၏ မိခင်ကိုယ်ထည်မှ အရှိန်အဝါများကို ကူးယူနိုင်ရန် စတင်ကြိုးစားတော့သည်။

သို့သော် ကူးယူခြင်းမှာ ကျရှုံးခဲ့သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ မအောင်မြင်သေးပါသော်လည်း ကူးယူရာတွင် ပို၍ပို၍ နီးစပ်လာခဲ့သည်။

ဤသို့ဖြင့် အချိန်အတော် ကုန်လွန်သွားပြီးနောက် ဇူယွမ်မှာ အရှိန်အဝါတစ်ခုအား ဖန်တီးနိုင်လိုက်သည်။

ထိုအရှိန်အဝါအား ပြုလုပ်နိုင်ချိန်တွင် နတ်ဘုရားကျောက်တုံး၏ ကိုယ်ထည်ပေါ်မှ မူရင်းမှော်စာလုံးမှာ တစ်ချက်မျှ လင်းလက်သွားသည်ကို တွေ့ရှိလိုက်ရသည်။

"အောင်မြင်ပြီ။"

ဇူယွမ်မှာ အလွန်ပျော်ရွှင်စွာဖြင့် ပြုလုပ်ထားသော အရှိန်အဝါအား ဖန်တီးထားသော မှော်စာလုံး၏ ဗဟိုချက်အနေဖြင့် ထည့်သွင်းလိုက်သည်။

ဝုန်း....

အသက်မဲ့နေသော မှော်စာလုံးမှာ ချက်ချင်းဆိုသလို အလင်းတန်းများ ထွက်ပေါ်လာသည်။

သူသည် စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် မှော်စာလုံးအား လက်သီးတစ်လုံးအရွယ်ခန့် ချုံ့လိုက်ပြီးနောက် အသင့်ပြင်ထားသော ကျောက်စိမ်းဝါးဆစ်ငယ်တစ်ခုပေါ် ရေးထွင်းလိုက်သည်။

ရက်ပေါင်းများစွာ ဖန်တီးခဲ့ရသော မှော်စာလုံးမှာ ပြီးပြည့်စုံသွားခဲ့လေပြီ။

"အောင်မြင်သွားပြီကွ...ဟားဟား။" ဇူယွမ်၏စိတ်ဝိဉာဉ်မှာ နတ်ဘုရားကျောက်တုံးအား အရိုအသေပြုနှုတ်ဆက်ကာ လမ်းကြောင်းငယ်မှတဆင့် ခန္ဓာကိုယ်ထံ ပြန်လာခဲ့လိုက်သည်။

"စမ်းသပ်ကြည့်ရတာပေါ့။"

ဇူယွမ်မှာ သိုလှောင်အိတ်အတွင်း ချောင်ကပ်နေသော မူလအကြွေစေ့တစ်ခုကို အတင်းရှာဖွေထုတ်ယူလိုက်သည်။

"ငါအဲ့လောက်တောင် ဆင်းရဲနေပြီလားဟ။" ဇူယွမ်မှာ စိတ်ပျက်စွာဖြင့် ရေရွတ်လိုက်ပြီးနောက် မူလအကြွေစေ့အား လောင်ကျွမ်းစေလိုက်သည်။

ကောင်းကင်ထက်မှ မိုးပြာရောင်လေပွေတစ်ခု ဆင်းသက်လာသည်။

ဇူယွမ်မှာ လျင်မြန်စွာပင် ကျောက်စိမ်းဝါးဆစ်ငယ်အား ချေမွလျက် မှော်စာလုံးအား အသက်ဝင်စေလိုက်သည်။ ၎င်းသည် အမှတ်အသားဖမ်းမှော်စာလုံးကဲ့သို့ ကွန်ယက်တစ်ခု ထွက်ပေါ်လာခြင်း မဟုတ်ပဲ ဝဲဂယက်ငယ်တစ်ခု ဖြစ်တည်လာသည်။

ရှင်းခွမ်းထီလေပွေထံတွင် ပါဝင်လာသော မူလအမှတ်အသားများ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ဝဲဂယက်ငယ်မှာ စတင်လှုပ်ရှားလာသည်။

ခန္ဓာကိုယ်အား ဖြတ်သန်းသွားသော ရှင်းခွမ်းထီလေပွေမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မူလအမှတ်အသားများစွာမှာ လေပွေအတွင်းမှ ခွဲထွက်လျက် ဝဲဂယက်ထံ ဝင်ရောက်သွားသည်ကို တွေ့ရှိလိုက်ရသည်။

နာရီဝက်မျှ ကြာမြင့်သွားပြီးနောက် ရှင်းခွမ်းထီလေပွေမှာ ပျောက်ကွယ်သွားတော့သည်။

"အကျိုးသက်ရောက်မှုက ပုံမှန်ထက် ငါးဆယ်ရာခိုင်နှုန်းလောက် ပိုတာပဲ။" ဇူယွမ်မှာ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ အမှတ်အသားဖမ်းမှော်စာလုံးသည် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုမိုဖမ်းယူပေးနိုင်ပါသော်လည်း သူ၏မှော်စာလုံးမှာ ငါးဆယ်ရာခိုင်နှုန်းခန့် ပိုမိုစုပ်ယူပေးနိုင်သည်။

ပုံမှန်အားဖြင့် ရှင်းခွမ်းထီလေပွေအတွင်း ပါဝင်လာသော မူလအမှတ်အသားများကို မည်သည့်အကူအညီမှမပါပဲ လေးဆယ်ရာခိုင်နှုန်းခန့် စုပ်ယူနိုင်ကြသည်။ အမှတ်အသားဖမ်းမှော်စာလုံးဖြင့်ဆိုလျှင် ခြောက်ဆယ်ရာခိုင်နှုန်းခန့် စုပ်ယူနိုင်မည် ဖြစ်သည်။ သူဖန်တီးထားသော မှော်စာလုံး အကူအညီဖြင့်ဆိုလျှင် ကိုးဆယ်ရာခိုင်နှုန်းမျှအထိ စုပ်ယူနိုင်ပေလိမ့်မည်။

ကောင်းမွန်လှသော အကျိုးသက်ရောက်မှုကြောင့် ဇူယွမ်သည်ပင် အံ့အားသင့်သွားရသည်။

"ဒီလောက်တောင် ကွာတာလား။" နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်မိသည်။ မူရင်းမှော်စာလုံး၏ မိခင်ကိုယ်ထည်မှ အရှိန်အဝါသည် အမှတ်အသားဖမ်းမှော်စာလုံးထက် ပိုမိုကောင်းမွန်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ပါသော်လည်း ယခုလောက်ထိ မထင်မှတ်ထားခဲ့ပေ။

"ငါးဆယ်ရာခိုင်နှုန်းက တအားများလွန်းတယ်။ မိခင်ကိုယ်ထည်ရဲ့ အရှိန်အဝါကို ကူးယူတာ ပြီးပြည့်စုံသွားလို့ ဖြစ်မယ်။ နောက်ကျရင် အဲ့ဒါကို လျှော့ချပစ်ရမယ်။ မဟုတ်ရင် ငါ့ရဲ့စွမ်းအင်တွေနဲ့ အချိန်တွေ ကုန်ရချည်ရဲ့။"

ဇူယွမ်မှာ မှော်စာလုံး၏ အကျိုးသက်ရောက်မှုအား လေးဆယ်ရာခိုင်နှုန်းသို့ လျှော့ချရန် တွေးတောလိုက်သည်။ ပြီးပြည့်စုံသော ငါးဆယ်ရာခိုင်နှုန်းကိုမူ ယုံကြည်စိတ်ချရသည့် ရဲ့ပင်းလင်၊ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့အားပေးရန် ဆုံးဖြတ်လိုက်သည်။

ဇူယွမ်မှာ သက်တောင့်သက်သာ ဖြစ်သွားရပြီးနောက် နတ်ဘုရားကျောက်တုံးထံ ထပ်မံသွားရောက်လိုက်သည်။

နောက်ရက်များတွင် မှော်စာလုံး အများအပြား ဖန်တီးရတော့မည်ပင်။

ဇူယွမ်မှာ ထိုတစ်ညလုံး ကျောက်စိမ်းဝါးဆစ်ငယ်များ ပြုလုပ်ခြင်း၊ အရှိန်အဝါများ ကူးယူခြင်းဖြင့် အချိန်ကုန်နေခဲ့သည်။

မနက်ခင်းသို့ ရောက်သောအခါ ကျောက်စိမ်းဝါးဆစ်ငယ် အခုနှစ်ရာကျော်မျှ ပြီးစီးနေလေပြီ။

ဇူယွမ်၏စိတ်ဝိဉာဉ်မှာ ကျောက်စိမ်းဝါးဆစ်ငယ်အား ကိုင်တွယ်လိုက်ရင်းဖြင့် ကျေနပ်အားရစွာ ပြုံးလိုက်သည်။

"ငါနာမည်မပေးရသေးဘူးပဲ..."

"မူချင်းလေပြေစာလုံးလို့ ခေါ်ကြတာပေါ့။"

All Chapters