အံ့အားသင့်ခြင်း
Vol. 58 Ch. 808
လေပြေကျွန်းရှိ ရဲ့ပင်းလင် နေထိုင်ရာ အဆောက်အဦး၌
ရဲ့ပင်းလင်မှာ အံကိုတင်းတင်းကြိတ်ကာ စိတ်အနှောင့်အယှက် ဖြစ်နေဟန် ရှိသည်။
သူမ၏ဘေးတွင်မူ ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာလည်း မှုန်ကုပ်ကုပ်ဖြင့် ထိုင်နေကြသည်။
ရဲ့ပင်းလင်မှ မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ "လီကျန်း ဘယ်မှာလဲ။"
ခြံဝန်းထဲတွင် ရှိနေသော လူအုပ်ထဲမှ တစ်ဦးမှာ ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။ "အဲ့ကောင်က ချန်းပိုင်ဖန်းဘက် ရောက်သွားပြီ။"
ဒုန်း
ရဲ့ပင်းလင်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် စားပွဲအား ထုချလိုက်သည်။
လီကျန်းသည် ဇူယွမ်တို့ လေနန်းဆောင်ထံ မရောက်လာခင်တည်းက ရှိနေခဲ့သော သူမ၏အမာခံ ထောက်ခံသူတစ်ဦးပင်။
အမှတ်အသားဖမ်းမှော်စာလုံးအတွက် သစ္စာဖောက်သွားသူများအား သူမ အပြစ်မမြင်ပေ။ သို့သော် လီကျန်းသည် သူမကြောင့်သာ အဖွဲ့မှူးနေရာ ရခဲ့သူ ဖြစ်သည်။
သူမ များစွာပံ့ပိုးပေးခဲ့သူတစ်ဦးသည် အမှတ်အသားဖမ်းမှော်စာလုံးကြောင့်သစ္စာဖောက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသို့ဆိုလျှင် လောလောလတ်လတ် ခန့်အပ်ထားသော ရှောင်ဟုန်တို့သည်ပင် သူမအပေါ် သစ္စာရှိရန် မသေချာတော့ပေ။
"ကျေးဇူးကန်းတာပဲ။" တစ်စုံတစ်ယောက်မှ ဒေါသထွက်စွာ ပြောလိုက်သည်။
"အဖွဲ့မှူး လီကျန်းက အရင်ထဲက ဘက်ပြောင်းချင်နေတာ။ အမှတ်အသားဖမ်းမှော်စာလုံးက အကြောင်းပြချက် သက်သက်ပဲ။" ရိချိုးရွှယ်မှ ညင်သာစွာ စကားဆိုလိုက်သည်။
ထိုစကားကြောင့် လူများမှာ ပို၍ဒေါသထွက်သွားကြရသည်။
အမှတ်အသားဖမ်းမှော်စာလုံးမှာ ပုံမှန်အဖွဲ့ဝင်များအတွက် အလွန်အရေးကြီးသောကြောင့် ရဲ့ပင်းလင်မှာ မည်သို့မျှ မတက်နိုင်ပဲ သက်ပြင်းသာ တွင်တွင်ချနေမိသည်။
သူမသည် ချန်းပိုင်ဖန်းအား တားဆီးနိုင်ရန် လာမည့်ခေါင်းဆောင်ရွေးပွဲ၌ အနိုင်ရပါစေဟုသာ ဆုတောင်းနေမိတော့သည်။
ချန်းပိုင်ဖန်းအား ခေါင်းဆောင်ရွေးပွဲတွင် အနိုင်ရရန်မှာလည်း လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ။
"ဇူယွမ်ရော ဘယ်မှာလဲ။" ရဲ့ပင်းလင်မှ မေးလိုက်သည်။
ရိချိုးရွှယ်မှာ ခါးသက်စွာ ပြုံးလိုက်မိသည်။ "ကြည့်ရတာ သီးသန့်ကျင့်ကြံနေတုန်း ထင်တာပဲ။ ဒီရက်ပိုင်း သူ့သတင်း မကြားမိဘူး။"
သူမစကားကြောင့် လူအုပ်ကြီးမှာ စိတ်ညစ်သွားရသည်။ "လက်ထောက်ခေါင်းဆောင် ဇူယွမ်လုပ်ပုံက တော်တော်အဓိပ္ပါယ် မရှိတာပဲ။ ဝမ်ချန်းကို ဒေါသထွက်အောင် လုပ်ခဲ့တာ သူပဲလေ။ အခု ဒီလိုကိစ္စတွေဖြစ်တော့မှ ပျောက်သွားစရာလား။"
ရိချိုးရွှယ်မှာ မည်သို့ဖြေရှင်းရမည်မသိ ဖြစ်နေရသည်။ အခြားသူများ ဇူယွမ့်အပေါ် မကျေမနပ် ဖြစ်ကြသည်မှာလည်း နားလည်နိုင်စရာ ဖြစ်သည်။
ရဲ့ပင်းလင်မှ လက်ခါပြကာ ပြောလိုက်သည်။ "အပိုတွေ ပြောမနေကြနဲ့တော့။ ဇူယွမ်က ပုန်းနေတာ မဟုတ်ဘူး။ အမှတ်အသားဖမ်းမှော်စာလုံးကို လုပ်နိုင်ဖို့ ကြိုးစားနေတာ။"
လူအုပ်ကြီးမှာ ခေါင်းတခါခါ ဖြစ်သွားကြသည်။ "အမှတ်အသားဖမ်းမှော်စာလုံးက လိုက်လုပ်ဖို့ အဲ့လောက်လွယ်နေရင် ဘယ်လိုလုပ် မီးနန်းဆောင်ရဲ့ ထူးခြားတဲ့ ရတနာ ဖြစ်တော့မှာလဲ။"
လက်ထောက်ခေါင်းဆောင် ဇူယွမ်မှာ အမှန်တကယ် တုံးအလွန်းလှသည်။
ရဲ့ပင်းလင်မှာလည်း ဇူယွမ်အပေါ် ထိုမျှမမျှော်လင့်ထားပေ။ ရက်ပေါင်းများစွာ သတင်းအစအနပင် မရသောကြောင့် သူမကိုယ်တိုင်သည်ပင် စိတ်ပျက်စ ပြုနေလေပြီ။
"ကိစ္စမရှိပါဘူး။ အခု ချန်းပိုင်ဖန်းကို လွှတ်ပေးထားလိုက်။ ခေါင်းဆောင်ရွေးပွဲကြမှ တကယ့်အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့။" ရဲ့ပင်းလင်မှ တိုးညင်းစွာ ပြောလိုက်သည်။
လူအုပ်ကြီးမှာလည်း တိတ်ဆိတ်စွာသာ ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်မှာပင် ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ "ကျွန်တော်ကတော့ သည်းမခံနိုင်တော့ဘူး စီနီယာအမတော်ရေ။ အခုကို လက်စားချေချင်နေပြီ။"
လူတိုင်းမှ လှည့်ကြည့်လိုက်သောအခါ ရက်ပေါင်းများစွာ ပျောက်နေခဲ့သော ဇူယွမ် ဖြစ်နေသည်။
ရဲ့ပင်းလင်မှ မျက်စောင်းထိုးကာ ပြောလိုက်သည်။ "သည်းမခံနိုင်တော့ နင်ကဘာလုပ်မလို့လဲ။ သူတို့ရောင်းနေတဲ့ အမှတ်အသားဖမ်းမှော်စာလုံးတွေကို သွားခိုးမလို့လား။"
ဇူယွမ်မှာ ရဲ့ပင်းလင်ဘေးတွင် ထိုင်ချလိုက်ပြီးနောက် ပင်ပန်းနေဟန်ဖြင့် လက်ဖက်ရည်ကြမ်းခွက်အားယူကာ သောက်လိုက်သည်။
လက်ဖက်ရည်ကြမ်းခွက်အတွင်းမှ ထူးခြားသော မွှေးရနံ့တစ်ခု ရလိုက်သည်။
သူချောင်းဆိုးသွားရကာ အေးစက်နေသော ရဲ့ပင်းလင်၏ မျက်ဝန်းများကို ကြည့်ရှုလိုက်မိသည်။
ထိုလက်ဖက်ရည်ခွက်မှာ ရဲ့ပင်းလင်၏ သောက်လက်စခွက်ပင်။
"ဇူယွမ်....နင်က ရက်တော်တော်ကြာ ပျောက်နေပြီး ပြန်ပေါ်လာတော့လည်း စိတ်အေးလက်အေးပါပဲလား။" ရဲ့ပင်းလင်မှ အံကြိတ်ကာ ပြောလိုက်သည်။
ဇူယွမ်မှ ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။ "ဒေါသမထွက်ပါနဲ့။"
"ပြီးတော့ ဘာလို့ အမှတ်အသားဖမ်းမှော်စာလုံးတွေကို သွားခိုးရမှာလဲ။ သူတို့ လက်ဆောင်အနေနဲ့ပေးရင်တောင် မယူဘူး။"
ရဲ့ပင်းလင်မှ မကျေနပ်စွာ အော်ဟစ်လိုက်သည်။ "ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့တော့။"
ရိချိုးရွှယ်နှင့် အခြားသူများမှာလည်း ဇူယွမ်အား အနည်းငယ် စိတ်ပျက်စွာ ကြည့်ရှုလိုက်ကြသည်။
ဇူယွမ်မှာ ပြုံးလိုက်ပြီးနောက် ကျောက်စိမ်းဝါးဆစ်ငယ် တစ်ခုအား ထုတ်ပေးလိုက်သည်။ "ရော့...စီနီယာအမတော် ဒါကျွန်တော် တီထွင်ထားတဲ့ မူချင်းလေပြေစာလုံးပဲ။"
"အမှတ်အသားဖမ်းမှော်စာလုံးက မူလအမှတ်အသားတွေကို နှစ်ဆယ်ရာခိုင်နှုန်း ပိုဖမ်းပေးနိုင်တယ်မလား။ ကျွန်တော့်ရဲ့ မူချင်းလေပြေစာလုံးက လေးဆယ်ရာခိုင်နှုန်း ပိုစုပ်ယူပေးနိုင်တယ်။"
"ဟာ...."
"ဟင်....."
ထိုစကားကြောင့် ရဲ့ပင်းလင် အပါအဝင် အားလုံးမှ အံ့အားသင့်သွားကြသည်။
"မူချင်းလေပြေစာလုံး.... "
"လေးဆယ်ရာခိုင်နှုန်း....."
လူတိုင်းမှာ မယုံကြည်နိုင် ဖြစ်ကုန်ကြရသည်။
"နင်....နင်ဘာတွေပြောနေတာလဲ။" ရဲ့ပင်းလင်မှာ ကျောက်စိမ်းဝါးဆစ်ငယ်အားကြည့်လျက် မေးမြန်းလိုက်သည်။
ဇူယွမ်မှာ မူလအမှတ်အသားများကို စုပ်ယူနိုင်မည့် မှော်စာလုံးကို တီထွင်နိုင်ခဲ့ရုံသာမက အကျိုးသက်ရောက်မှုမှာလည်း အမှတ်အသားဖမ်းမှော်စာလုံးထက် သာလွန်သည်ဟု ဆိုသည်။
ရဲ့ပင်းလင်မှာ မည်သို့မျှ မယုံကြည်နိုင် ဖြစ်နေမိသည်။ ချီကျင့်သခင်မ ကိုယ်တိုင် ပို့လွှတ်ပေးထားသူ မဟုတ်ပါက သူမအပေါ် လိမ်လည်နေသည်ဟုပင် ယူဆမိပေလိမ့်မည်။
"ဇူယွမ်...ရှင်တကယ်ကြီး လုပ်နိုင်ခဲ့တာလား။" ရိချိုးရွှယ်မှာ ဇူယွမ်လိမ်လည်နေမည်စိုးသောကြောင့် အလောတကြီး မေးလိုက်သည်။
ဇူယွမ်မှာ သက်ပြင်းချလိုက်ပြီးနောက် ကျောက်စိမ်းဝါးဆစ်ငယ်များကို တစ်ယောက်တစ်ခုစီ ပေးလိုက်သည်။ "ကိုယ့်ဘာသာ သွားစမ်းကြည့်လိုက်။ အချိန်သိပ်မကြာပါဘူး။"
ရဲ့ပင်းလင်မှ အံကြိတ်ကာ ပြောလိုက်သည်။ "နင်လိမ်နေတာဆိုရင်တော့ သေဖို့သာပြင်ထားနော်။"
ထို့နောက် ကျောက်စိမ်းဝါးဆစ်ငယ်အားယူကာ လျင်မြန်စွာ ထွက်ခွာသွားသည်။
ရိချိုးရွှယ်နှင့် အခြားသူများလည်း အသီးသီး ထွက်ခွာသွားကြသည်။
မျက်စိတမှိတ်စာမျှ အချိန်အတွင်းမှာပင် ခြံဝန်းမှာ တိတ်ဆိတ်သွားသည်။
ဇူယွမ်မှာ သူ့အားမည်သူမှ မယုံကြည်ကြသောကြောင့် အနည်းငယ် စိတ်ပျက်သွားရသည်။
သူသည် ခေါင်းတခါခါဖြင့် လက်ဖက်ရည်ကြမ်းကိုသာ သောက်နေမိသည်။
လက်ဖက်ရည်တစ်အိုးမျှ ကုန်သွားပြီးနောက် ရဲ့ပင်းလင်နှင့်တကွ လူအုပ်ကြီးမှာ ပြန်လည်ရောက်ရှိလာသည်။
၎င်းတို့၏ မျက်ဝန်းများမှာ လင်းလက်တောက်ပနေပြီး စိတ်လှုပ်ရှားနေဟန် ရှိသည်။
"ဘယ်လိုလဲ...အမှတ်အသားဖမ်းမှော်စာလုံးထက် သာတယ်မလား။" ဇူယွမ်မှ ဆီးကြိုမေးမြန်းလိုက်သည်။
လူအုပ်ထဲမှ အဖွဲ့ဝင်တစ်ဦးမှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ "အမှတ်အသားဖမ်းမှော်စာလုံးက အကိုတော်ရဲ့ မူချင်းလေပြေစာလုံးကို ယှဉ်လို့ကိုမရဘူး။"
မူချင်းလေပြေစာလုံး၏ အကျိုးသက်ရောက်မှုမှာ အမှန်တကယ် ကောင်းမွန်လှသည်။
ဇူယွမ်မှ ပြုံးလိုက်သည်။ "ဒါတွေက ရောင်းဖို့လုပ်ထားတဲ့ မူချင်းလေပြေစာလုံးတွေပဲ။ သူ့ရဲ့ အကျိုးသက်ရောက်မှုက လေးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်။ နောက်ကြရင် မင်းတို့အတွက် ငါးဆယ်ရာခိုင်နှုန်း အကျိုးသက်ရောက်တဲ့ စာလုံးတွေကို သီးသန့်လုပ်ပေးမယ်။"
ယခုအချိန်ထိ ကျန်ရစ်နေသော ထောက်ခံသူများမှာ အစစ်အမှန် သစ္စာရှိသူများ ဖြစ်သောကြောင့် ဇူယွမ်မှာ ဆုလာဘ်အနေဖြင့် ငါးဆယ်ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိသော မှော်စာလုံးများကို လုပ်ပေးရန် တွေးတောလိုက်သည်။
လူတိုင်းမှာ ဇူယွမ်၏စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ထိုအချိန်မှာပင် ရဲ့ပင်းလင်မှာ ဇူယွမ်ထံ လျှောက်လှမ်းလာပြီးနောက် နှုတ်ခမ်းအစုံအား ဖိကိုက်ကာ ပြောလိုက်သည်။ "ဇူယွမ်....နင်ကတကယ် အံ့သြဖို့ ကောင်းတာပဲ။"
ရဲ့ပင်းလင်ကဲ့သို့ မာနတစ်ခွဲသားနှင့်သူသည်ပင် ဇူယွမ်အား ချီးကျူးလိုက်ရသည်။
ဇူယွမ်မှာ ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ခွက်ကိုချကာ စကားဆိုလိုက်သည်။
"ဒီသတင်းကိုဖြန့်လိုက်ကြတော့။ အခုချိန်က သူတို့ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်စီးပေးရတော့မယ့် အချိန်ပဲ။"