တန်ပြန်တိုက်ခိုက်မှု
Vol. 58 Ch. 809
လေပြေကျွန်း၏ အဆောက်အဦး တစ်ခုရှေ့၌
လူများစွာမှာ တန်းစီစောင့်ဆိုင်းနေပြီး ပတ်ဝန်းကျင်မှာ စည်ကားသိုက်ဝန်းနေသည်။
ချန်းပိုင်ဖန်းမှာ ပထမထပ် လေသာဆောင်မှနေ၍ လူများစွာအားကြည့်ကာ ကျေနပ်အားရနေမိသည်။
"လီကျန်း...မင်းကတကယ့် အခြေအနေနဲ့ အချိန်အခါကို နားလည်တာပဲ။" ချန်းပိုင်ဖန်းမှ ပြုံးကာပြောလိုက်သည်။
အသားဖြူဖြူ၊ နှာခေါင်းပွပွနှင့် လူငယ်မှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်းသားအားရ အရိုအသေပြုလိုက်သည်။ "လေနန်းဆောင်ဆိုတာ ခေါင်းဆောင် ချန်းပိုင်ဖန်းရဲ့ လက်အောက်မှာပါ။ ကျွန်တော်က ဘယ်သူ့ကို မှီခိုရမလဲဆိုတာ နားလည်သွားရုံပါ။"
သူသည် ချန်းပိုင်ဖန်းအား လေနန်းဆောင်၏ ခေါင်းဆောင်ဟုပင် သတ်မှတ်ထားပုံ ရသည်။
ချန်းပိုင်ဖန်းမှ ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ "ဟားဟား.....မင်းက စကားပြောလည်း ကောင်းတာပဲ။"
"လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်က သခင်လေးရဲ့ ပြိုင်ဘက်တောင် မဖြစ်နိုင်ဘူး။ ကျွန်တော် သူမကို အကြံတွေ အများကြီး ပေးခဲ့တယ်။ ဒါပေမယ့် သူမက ခေါင်းမာလွန်းတယ်။ အခြေအနေကို နားမလည်ဘူး။"
ချန်းပိုင်ဖန်းမှ ပြုံးကာပြောလိုက်သည်။ "အဟက်...သူမက အခေါင်းကို မမြင်ရမချင်း သေလို့သေမှန်းတောင် သိမယ့်သူမျိုး မဟုတ်ဘူး။"
"အခုဆိုရင် လေနန်းဆောင် တစ်ခုလုံးက ငါ့လက်ထဲ ရောက်နေပြီ။ သူတို့ဘာလုပ်လုပ် ငါ့ကိုဆန့်ကျင်နိုင်မှာ မဟုတ်တော့ဘူး။"
လီကျန်းမှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ အမှတ်အသားဖမ်းမှော်စာလုံး ရှိနေသမျှ ချန်းပိုင်ဖန်းမှာ လေနန်းဆောင်အား ချုပ်ကိုင်နိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူသည်လည်း ရဲ့ပင်းလင်အား စွန့်ခွာကာ ချန်းပိုင်ဖန်းထံ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
"တကယ်တော့ အသစ်ရောက်လာတဲ့ လက်ထောက်ခေါင်းဆောင်ကြောင့် ပြဿနာတွေ ပိုဆိုးကုန်တာ။ မဟုတ်ရင် လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်နဲ့ သခင်လေးတို့ ဆက်ဆံရေးက ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။" လီကျန်းမှ မကျေနပ်ဟန်ဖြင့် စကားဆိုလိုက်သည်။
ဇူယွမ် လေနန်းဆောင်သို့ စတင်ရောက်ရှိလာချိန်မှစ၍ ရဲ့ပင်လင်း၏ ယုံကြည်ခြင်းများကို ရရှိခဲ့သည်။ ချန်းပိုင်ဖန်းနှင့် ဝမ်ချန်းတို့အပေါ် အပြစ်ပြုမိချိန်တွင် ဇူယွမ်အား စွန့်ခွာလိုက်ရန် ရဲ့ပင်းလင်ကို အကြံပေးခဲ့ပါသော်လည်း နားမထောင်ခဲ့ပေ။ ထို့ကြောင့် သူအလွန်အမင်း ဒေါသဖြစ်ခဲ့ရသည်။
ရဲ့ပင်းလင်မှာ ဇူယွမ်အား ယုံကြည်မြဲ ယုံကြည်ပေးနေသောကြောင့် လီကျန်းမှာ မနာလိုရှုစိမ့်လာကာ သူမကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်လေသည်။
ဇူယွမ်၏အမည်အား ကြားလိုက်ရချိန်တွင် ချန်းပိုင်ဖန်း၏ မျက်ဝန်းအစုံ အေးစက်သွားရသည်။ "စိတ်မပူပါနဲ့။ အဲ့ကောင်က နှံကောင်သာသာပါပဲ။"
လီကျန်းမှာ ချန်းပိုင်ဖန်း၏ အေးစက်စက် တုံ့ပြန်မှုကြောင့် ကျေနပ်အားရသွားရသည်။ လက်ထောက်ခေါင်းဆောင်အသစ် ဖိနှိပ်ခံရမည်ကို သူအမှန်တကယ် မြင်တွေ့ချင်မိသည်။
၎င်းတို့နှစ်ဦး စကားစမြည် ပြောနေစဉ်မှာပင် ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် တန်းစီနေသော လူအချို့ထွက်ခွာသွားသည်။
ချန်းပိုင်ဖန်းမှ ကျင်းထျန်းအား လှမ်း၍မေးလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ။"
ကျင်းထျန်းမှာ မည်သည့်စကားမှ ပြန်မဖြေခင်မှာပင် အော်ဟစ်သံအချို့ ထွက်ပေါ်လာသည်။
"လက်ထောက်ခေါင်းဆောင် ဇူယွမ်က လေလိပ်ပြာမှော်စာလုံးအတွက် လေးဆယ်ရာခိုင်နှုန်း အကျိုးသက်ရောက်မှုရှိတဲ့ မူလအမှတ်အသား စုပ်ယူပေးမယ့် မှော်စာလုံးကို ထွင်လိုက်ပြီတဲ့။"
"တကယ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အမှတ်အသားဖမ်းမှော်စာလုံးထက် နှစ်ဆလောက် သာနေတာလား။"
"အဓိပ္ပါယ်မရှိတာ။ အမှတ်အသားဖမ်းမှော်စာလုံးမျိုး ဘယ်သူက ထွင်နိုင်ခဲ့လို့လဲ။ အမှတ်အသားဖမ်းမှော်စာလုံးထက် သာဖို့ဆိုတာ ပိုတောင်ဝေးသေးတယ်။"
"ငါလည်းမပြောတက်ဘူး။ စျေးနှုန်းကတော့ အမှတ်အသားဖမ်းမှော်စာလုံးနဲ့ တူတူပဲ။"
"ဝမ့်ယွမ်ရေကန်နားမှာ ရောင်းနေတယ်တဲ့။ ပစ္စည်းလက်ကျန် သိပ်မရှိဘူး ပြောတယ်။"
"တကယ်ကြီးလား။"
"ဘာပဲဖြစ်ဖြစ် သွားကြည့်ကြရအောင်။"
"........"
တီတိုးစကားသံများ အလျှိုအလျှို ထွက်ပေါ်လာပြီးနောက် အမှတ်အသားဖမ်းမှော်စာလုံး ဝယ်ယူရန် စောင့်ဆိုင်းနေသူများ တဝက်ကျော်ခန့် ထွက်ခွာသွားကြသည်။
ချန်းပိုင်ဖန်းမှ မထီမဲ့မြင် စကားဆိုလိုက်သည်။ "ဇူယွမ်က ဘာတွေလုပ်နေတာလဲ။ လူတွေကို လိမ်ခေါ်လိုက်ရုံနဲ့ ပြဿနာ ပြီးသွားမယ် ထင်နေတာလား။"
သူသည် လူအများ ပြောနေကြသော အကြောင်းအရာအပေါ် အနည်းငယ်မျှပင် အယုံအကြည် မရှိပေ။
အမှတ်အသားဖမ်းမှော်စာလုံးအား တီထွင်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်။ မီးနန်းဆောင်သည် အမှတ်အသားဖမ်းမှော်စာလုံး ရှိနေသောကြောင့်သာ အခြားသော နန်းဆောင်သုံးခုထက် ပိုမိုကြွယ်ဝနေခြင်း ဖြစ်သည်။ အမှတ်အသားဖမ်းမှော်စာလုံးအား ထိုမျှလွယ်ကူစွာ မပြုလုပ်နိုင်ချေ။
အမှတ်အသားဖမ်းမှော်စာလုံးအား ပြန်လည်ဖန်တီးနိုင်ရန် လူပေါင်းများစွာ ကြိုးစားခဲ့ကြပါသော်လည်း မည်သူကမှ မအောင်မြင်ခဲ့ဖူးပေ။
ထိုသည်ကို အသစ်ရောက်ရှိလာသော လက်ထောက်ခေါင်းဆောင်က ဖန်တီးနိုင်မည်တဲ့လား။
ဇူယွမ်၏လှည့်ဖြားမှုမှာ ကလေးတစ်ယောက် ဟာသပြောနေသည့် အဆင့်သာ ရှိသည်။
သို့သော် လူပေါင်းများစွာ တစ်စတစ်စ ထွက်ခွာသွားမှုကြောင့် ချန်းပိုင်ဖန်းမှာ စိတ်အနှောင့်အယှက် ဖြစ်လာရသည်။
"ဇူယွမ် ဘာတွေလိမ်နေတာလဲဆိုတာ ကျွန်တော်တို့ သွားကြည့်ကြမလား။" ကျင်းထျန်းမှ စကားဆိုလိုက်သည်။
လီကျန်းမှ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ဇူယွမ် လိမ်နေတယ်ဆိုတာတော့ သေချာတယ်။ အမှတ်အသားဖမ်းမှော်စာလုံးကို သူဘယ်လိုမှ မလုပ်နိုင်ဘူး။"
ချန်းပိုင်ဖန်းမှာ စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။ "အဲ့ဒါဆိုလည်း သွားကြတာပေါ့။ လေနန်းဆောင်မှာ လိမ်ရဲတဲ့ အဲ့ကောင်ကို ပညာလေးဘာလေး ပေးရမယ်။"
လေပြေကျွန်း၏ အလယ်တွင် ကြီးမားလှသော ရေကန်ကြီးတစ်ခု ရှိသည်။
လက်ရှိအချိန်တွင် ရေကန်အနီးရှိ ကွင်းပြင်ထံသို့ ပုံရိပ်များစွာ ရောက်ရှိလာနေကြသည်။
ကွင်းပြင်ရှေ့ရှိ ကျောက်တုံးစင်မြင့်ပေါ်တွင် ဆိုင်ခန်းငယ်တစ်ခုရှိပြီး ဇူယွမ်နှင့် ရဲ့ပင်းလင်တို့ ရှိနေကြသည်။
ဆိုင်ခန်းပတ်ပတ်လည်တွင် သိလိုစိတ်ဖြင့် ရောက်ရှိလာကြသော ပုံရိပ်များစွာ ပြည့်နှက်နေလေသည်။
ဇူယွမ်မှ လူအုပ်ကြီးအားကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အားလုံးပဲ...လေလိပ်ပြာမှော်စာလုံးရဲ့ မူလအမှတ်အသားတွေကို လေးဆယ်ရာခိုင်နှုန်း ပိုစုပ်ယူပေးနိုင်မယ့် မှော်စာလုံးကို ငါတီထွင်ခဲ့တယ်။ နာမည်ကိုတော့ မူချင်းလေပြေစာလုံးလို့ ပေးထားတယ်။"
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"မဖြစ်နိုင်တာ...."
ချန်းပိုင်ဖန်းမှ အေးစက်စွာ ခနဲ့လိုက်သည်။
"အမှတ်အသားဖမ်းမှော်စာလုံးက အရမ်းထူးခြားတဲ့ ပစ္စည်းပဲ။ လက်ထောက်ခေါင်းဆောင် ဇူယွမ်က ဒီမူချင်းလေပြေစာလုံးကို ဖန်တီးဖို့ အချိန်ဘယ်လောက် ပေးခဲ့ရလဲ။"
ဇူယွမ်မှ ခပ်ဖွဖွ ပြုံးလိုက်သည်။ "လေးငါးရက်ပါပဲ။"
ချန်းပိုင်ဖန်းမှ လှောင်ပြောင်သရော်လိုက်သည်။ "ဟားဟားဟား.....အမှတ်အသားဖမ်းမှော်စာလုံးထက် သာတယ်ဆိုတဲ့ မှော်စာလုံးကိုလုပ်ဖို့ အချိန်လေးငါးရက်ပဲ သုံးလိုက်ရတယ်ပေါ့လေ။ မင်းကတကယ် ရူးနေတာပဲ။"
"လူတိုင်းနားထောင်ကြပါ။ လက်ထောက်ခေါင်းဆောင် ဇူယွမ်က စိတ်ဓာတ်အကျလွန်ပြီး ဦးနှောက်နည်းနည်း ချောင်သွားတဲ့ပုံပဲ။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ သူလိမ်လိုက်တာကြောင့် အချိန်တွေကုန်ပြီး မကျေမနပ်ဖြစ်ရတဲ့သူရှိရင် ပြောကြပါ။ ငါချန်းပိုင်ဖန်းကိုယ်တိုင် ဒီနေ့သူ့ကို ဆုံးမပေးမယ်။"
လူအုပ်ကြီးမှာ ချန်းပိုင်ဖန်းအား အော်ဟစ်အားပေးလိုက်ကြသည်။
ဇူယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ခုနကပဲ မူချင်းလေပြေစာလုံးတွေကို အလကား ပေးလိုက်သေးတယ်။ အဲ့လူတွေ အခုလေလိပ်ပြာမျှော်စင်မှာ သွားစမ်းသပ်နေကြတယ်။ သူတို့ပြန်လာရင် သိရလိမ့်မယ်။"
သူသည် မည်သူ့ကိုမှ အပြစ်မတင်ပဲ လိုအပ်သည်ကိုသာ ပြောကြားလိုက်သည်။
ချန်းပိုင်ဖန်းမှာ စကားတစ်ခွန်းမှ ဝင်ရောက်ပြောဆိုခြင်း မရှိသော ရဲ့ပင်းလင်အားကြည့်ကာ ခနဲ့လိုက်သည်။ "ရဲ့ပင်းလင် မင်းက လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်ပါ။ တကယ်ကြီး ဇူယွမ်ရဲ့ အဓိပ္ပါယ်မရှိတဲ့ ပြဇာတ်မှာ ဝင်ကမလို့လား။"
ရဲ့ပင်းလင်မှာ မည်သို့မျှ မတုံ့ပြန်ပဲ လီကျန်းကိုသာ အေးစက်စွာ စိုက်ကြည့်လိုက်သည်။
လီကျန်းမှ စကားဆိုလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်....ဇူယွမ်က ဦးနှောက်ရှိတဲ့ကောင် မဟုတ်ဘူး။ သူနဲ့ဝေးဝေးနေသင့်တယ်။"
ရဲ့ပင်းလင်မှာ စက်ဆုပ်ရွံရှာသည့် မျက်ဝန်းများဖြင့် လီကျန်းအား စူးစိုက်ကြည့်ရှုလိုက်သည်။
သူမ၏အကြည့်များကြောင့် လီကျန်းမှာ အတော်ဒေါသထွက် နာကျင်သွားရသည်။
ဝှစ်....
ပုံရိပ်အချို့ ပျံဝဲဆင်းသက်လာကြသည်။
ထိုသူများမှာ အလွန်စိတ်လှုပ်ရှားနေပုံ ရသည်။
၎င်းတို့မှာ မူချင်းလေပြေစာလုံးအား သွားရောက်စမ်းသပ်ခဲ့ကြသူများ ဖြစ်သည်။
ချန်းပိုင်ဖန်းမှ ညင်သာစွာ စကားဆိုလိုက်သည်။ "သူတို့လိမ်လိုက်တာ ဟုတ်တယ်မလား။ စိတ်မပူပါနဲ့။ ဒီနေ့ ငါဒီမှာ ရှိနေမှတော့ ဘာမှမဖြစ်စေရဘူး။"
သို့သော် ရောက်ရှိလာသောသူများမှာ ချန်းပိုင်ဖန်းအား အရေးပင်မစိုက်ပဲ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "မူချင်းလေပြေစာလုံးက တကယ်ကို အံ့မခမ်းပဲ။"
"လေးဆယ်ရာခိုင်နှုန်းဆိုတာ လိမ်တာမဟုတ်ဘူး။"
"အမှတ်အသားဖမ်းမှော်စာလုံးထက် အများကြီး သာတယ်။"
ပတ်ဝန်းကျင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။
ချန်းပိုင်ဖန်း၏ အပြုံးများလည်း ပျောက်ကွယ်သွားရလေတော့သတည်း....
(မင်္ဂလာပါ။ ဇူယွမ်စာစဉ်က စာရေးသူဆီမှာ ဇာတ်သိမ်းထိ ရနေပါပြီရှင့်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆိုရင် telegramမှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channelမှာ လာရောက်အားပေးနိုင်ပါတယ်။)