← Chapters

ဂိုဏ်းသား ၁၃ ယောက်၏သေဆုံးခြင်း

Vol. 3 Ch. 36

ဂိုဏ်းသား ၁၃ ယောက်၏သေဆုံးခြင်း

Vol. 3 Ch. 36

ပိုင်စုကျန်း ပို့ပေးလိုက်သည်မှာ အသက်ရှည်ဆေးလုံးအတွက် အဓိက ဆေးအမယ်နှစ်မျိုးဖြစ်သည်။

ဆိုင်ရှင်ပိုင်သည် အမှန်တကယ် မရိုးရှင်းပေ။ သူမသည် ထိုသို့သော ရတနာကိုပင် အလွယ်တကူ ရှာဖွေနိုင်၏။

ကြည့်ရသည်မှာ သူက သက်တန်းကုန်ဆုံးသောကိစ္စကို မဖြေရှင်းနိုင်လျှင်ပင် အသက်ရှင်ရန် အခွင့်အလမ်း ရှိနေသေးသည်။

သို့သော်လည်း ဆိုင်ရှင်ပိုင် ကြံစည်နေသည်မှာ ကောင်းမွန်သော ကိစ္စမဖြစ်နိုင်။ ထို့ကြောင့် ဆေးအမယ်များမှာ လက်ခံရန် အနည်းငယ်တော့ တွေးတောရန် လိုအပ်၏။

ဆေးအမယ်များကို သိမ်းဆည်းကာ ဟန်မူယဲ့က ကျောက်တုံး ၃တုံးအမှတ်တံဆိပ် ကြေးနီပြားအား ကောက်ကိုင်လိုက်သည်။

ဤသည်မှာ ကျောက်ဖူ၏အမှတ်အသားပြားဖြစ်သည်။

ကြည့်ရသည်မှာ သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းပညာရပ်နှင့်ပတ်သက်၍ စူးစမ်းလေ့လာမှုတွင် တစ်စုံတစ်ခု ရှာဖွေတွေ့ရှိထားဟန်ရသည်။

ခန္ဓာကိုယ်ကျင့်ကြံခြင်းမှာ ဟန်မူယဲ့အတွက် သိပ်အရေးမကြီးတော့သော်လည်း သံမဏိနွားသိုးကျင့်စဉ်မှာ သိပ်မရိုးရှင်းဟု ဟန်မူယဲ့ ခံစားရသည်။

သူက အားလပ်သောအခါ ကျောက်ဖူထံ သွားရပေမည်။

အကယ်၍ သံမဏိနွားသိုးကျင့်စဉ်ကိုသာ ဆက်လက်၍ တီထွင်ကြံဆနိုင်ပါက သူ့အတွက် အကျိုးရှိပေသည်။

သေတ္တာ၏အောက်ဆုံးတွင်ကား စာတစ်စောင်ရှိသည်။ စာအိတ်ပေါ်မှ စာလုံးများမှာ သပ်ရပ်လှပသည်။

ဟန်မူယဲ့ ပြုံးလိုက်ကာ စာအိတ်ကို ကောက်ကိုင်လိုက်၏။

‘ဤသည်မှာ မေတ္တာစာအဖြစ် သတ်မှတ်နိုင်လောက်သည်လော’

မူဝမ်က သူ့အား မည်သည့်အကြောင်းအရာများ ရေးထားသနည်း။

ဟန်မူယဲ့သည် စိတ်ဝင်စားကာ စိုးရိမ်နေသည်။

‘သူက သူမအား ချစ်ကြိုက်မိသွားသည်မှာ မည်မျှ ကြာသွားပြီနည်း’

သူက စာအား ဂရုတစိုက်ဖွင့်လိုက်ကာ ဖတ်သည်။

စာအား ဖတ်ပြီးသောအခါ ဟန်မူယဲ့ သက်ပြင်းချ၏။ ထို့နောက် စာအား အသေအချာ ခေါက်သိမ်းကာ သေတ္တာထဲသို့ ပြန်ထည့်၏။

စာထဲတွင် မူဝမ်က သူမသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ထွက်ခွာသွားကာ လင်းဟွာစံအိမ်ဟုခေါ်သော ဂိုဏ်းသို့ သွားရောက်ကြောင်း ပြောထားသည်။

၎င်းဂိုဏ်းသည် အမျိုးသမီးများဖြင့် အဓိက ဖွဲ့စည်းထားကာ အာခီမီပညာရပ်၌ ထူးချွန်ကြသည်။

မူဝမ် ပြောသည်မှာ သူမသည် ဟန်မူယဲ့၏သက်တန်းကုန်ဆုံးတော့မည့်ကိစ္စ၌ မိမိကိုယ်ကို အပြစ်တင်မိ၏။ ထို့ကြောင့် လင်းဟွာစံအိမ်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။

သူမက အသက်ရှည်ဆေးလုံးကို ဖော်စပ်နိုင်သောအခါ ဟန်မူယဲ့အား လာတွေ့မည်ဟုလည်း ပြောထားသည်။

နောက်ဆုံးတွင် မူဝမ်က ဟန်မူယဲ့အား ကောင်းကောင်းကျင့်ကြံရန် တိုက်တွန်းထားပြီး သူ၏နားလည်နိုင်စွမ်းဖြင့်ဆိုပါက သေချာပေါက် အောင်မြင်မှုရမည်ဟုလည်း အားပေးထားသည်။

သူမက သူ့အား အချစ်ရေးကိစ္စများတွင် အာရုံမပျံ့လွင့်ဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ရန်လည်း ပြောထားသည်။

ထိုစာအား သိမ်းဆည်းပြီးသည့်တိုင် ဟန်မူယဲ့ ကောင်းကောင်း နားမလည်သေးပါ။

သူမက ဟွမ်လောင်လျှို၏အောင်သွယ်ပေးမှုကို ဂရုမစိုက်ခိုင်းသည်လား၊ သို့မဟုတ် တခြားအမျိုးသမီးကျင့်ကြံသူများနှင့် အဆက်အဆံမလုပ်ရန် သတိပေးခြင်းလား ဟန်မူယဲ့ ကောင်းကောင်း နားမလည်ပါ။

‘သူမက ပထမတစ်ချက်ကို ဆိုလိုသည်လား၊ သို့မဟုတ် ဒုတိယတစ်ချက်လား’

ထိုညက ဟန်မူယဲ့ ကောင်းကောင်းအိပ်မပျော်ပါ။

…..

နောက်တစ်နေ့ နံနက် အိပ်ရာမှ ထပြီးနောက်တွင် ဟန်မူယဲ့သည် စံအိမ်အနောက်ဘက်တွင် ဓားသိုင်းများကို လေ့ကျင့်ကစား၏။ တဖြေးဖြေးဖြင့် ဓားသိုင်းများအပေါ် သူက နားလည်မှု နက်ရှိုင်းလာသည်။

အံ့ဖွယ်မူလဓားသိုင်း အများအပြားမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ကာ ကွဲပြားခြားနားသော ဓားသိုင်းများကိုပင် ပေါင်းစပ်နိုင်သည်။

သူက နံပါတ် ၁ အံ့ဖွယ်ဓားသိုင်းများနှင့် နံပါတ် ၂အံ့ဖွယ်ဓားသိုင်းများကို လေ့ကျင့်သောအခါ သူသည် သဘောတရားကိုသာ ဖမ်းဆုပ်ရန် ကြိုးစားကာ ဓားသိုင်းကွက်များကို သိပ်ဂရုမစိုက်တော့ပါ။

ထိုသို့ လေ့ကျင့်လေ သူ၏ဓားကွက်များက ပို၍ ခန့်မှန်းရခက်လေဖြစ်သည်။

ချွေးများစို့ရင်းဖြင့်ပင် ဟန်မူယဲ့ ပြုံးသည်။

သူ၏အသက်ဓာတ်ခမ်းခြောက်မှုကြောင့် သည်ရက်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်မှာလည်း အားနည်းခဲ့သည်။ ယနေ့ ဓားသိုင်းလှုပ်ရှားကစားပြီးနောက်တွင် သူသည် အလွန်သက်တောင့်သက်သာ ခံစားရ၏။

ဟန်မူယဲ့က ရေကန်မှ ရေများ သွားသယ်ကာ ကိုယ်လက်သန့်စင်သည်။ သူ၏စိတ်မှာလည်း ကြည်လင်လန်းဆန်းလာခဲ့သည်။

“ငယ်ရွယ်တာက အရမ်းကောင်းတာပဲ”

ဟွမ်လောင်လျှိုက သူ၏လေးလံသော အဝတ်ထူကြီးကို ဝတ်ဆင်ကာ ပြောလျှင် ဟန်မူယဲ့ ဟက်ဟက်ပက်ပက် ရယ်သည်။

နံနက်ခင်းတွင် ဟန်မူယဲ့သည် သစ်သားစင်များထံသို့ လှမ်းသွားကာ အဝတ်စတစ်ခုဖြင့် ဓားများကို စတင်သန့်ရှင်းရေးလုပ်သည်။

“ညီလေးဟန်… မင်း တကယ်ပဲ ဓားတွေကို သန့်ရှင်းရေးလုပ်မလို့လား”

ဟွမ်လောင်လျှိုက အနည်းငယ်စိုးရိမ်ဟန်ဖြင့် မေးသည်။

သည်မတိုင်ခင်က ဟန်မူယဲ့မှာ သက်တန်းသိပ်မကျန်တော့ရာ သူ့စိတ်ကြိုက်နေထိုင်ရန် ခွင့်ပြုပေးခဲ့သည်။

ယခုကား ဟန်မူယဲ့က အမှန်တကယ် ဓားချီများ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ကာ သူ့သက်တန်းအား စားသုံးနေသည်ကို ဂရုမစိုက်သည်လား။

“ဓားချီ ကျုပ်ခန္ဓာကိုယ်ထဲကို ဝင်တာက ပြဿနာမဟုတ်လောက်တော့ဘူး”

ဟန်မူယဲ့က ရေရွက်ကာ ဓားစင်များထံသို့ လျှောက်သွားကာ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။

သူက ဓားရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ဓားသွားအား အဝတ်စဖြင့် သုတ်လိုက်သည်။

သူ၏ချီပင်လယ်ပင် ဓားဆန္ဒတစ်ခုသည် ၁၂၈၀၀၀ သော ဓားချီအပိုင်းအစများ ဖြစ်သွား၏။

ဓားချီတစ်စသည် သူ၏သွေးကြောများမှ တစ်ဆင့် ဓားထံသို့ စီးဝင်သွားသည်။

ဓားချီသည် ဓားထံသို့ ဝင်သွားသောအခါ ဓားအလင်းသည် မှိန်နေရာမှ ပိုမိုလင်းလာသည်ကို မြင်ရ၏။

၁ စ၊ ၂ စ၊ ၃ စ၊ ၁၀စ၊ ၃၀ စ… ။

၄၈ စသော ဓားချီများ ဓားနှင့် ပေါင်းစပ်သွားကာ ဓားမှာလည်း အေးစက်သော အလင်းများ ထုတ်လွှတ်၏။

သူက ပိုမိုများပြားသော ဓားချီများ ပို့လွှတ်သောအခါ ဓားထံမှ တွန်းကန်မှုကို ခံစားရ၏။

အကယ်၍ သူက ဓားချီများ ပိုမိုပို့လွှတ်ပါက ဓားသည် ခံနိုင်တော့မည်မဟုတ်ကြောင်း ဟန်မူယဲ့ သိလိုက်၏။

ဓားမှာ လူသားအဆင့်သာ ဖြစ်သည်။ ၎င်းတွင် ဓားချီကို သိုလှောင်နိုင်စွမ်း အကန့်အသတ်ရှိသည်။

ဟန်မူယဲ့ အမြန်မလိုပါ။ သူက နောက်ထပ် ဓားတစ်လက်ကို လှမ်းလိုက်ကာ စတင်၍ သန့်ရှင်း၏။

ထိုနေ့တွင် သူသည် ဓားဆန္ဒတစ်ခုအား ဓား ၂၀၀၀ ထံသို့ ခွဲဝေ ပို့လွှတ်လိုက်၏။

ထိုဓားများသည် သူ၏ဓားချီများနှင့် ပေါင်းစပ်ထားခြင်းဖြစ်ရာ အလွန်ရင်းနှီးသော ဆက်နွယ်မှုတစ်ခုကို သူ ခံစားရ၏။ တစ်စုံတစ်ယောက်က ဓားလက်ခံရန် ရောက်လာသည့်တိုင် ထိုလူသည် ထိုဓားများအား အလိုအလျောက် ရွေးချယ်မိမည် မဟုတ်ပါ။

ဓားဆန္ဒတစ်ခုကို ထုတ်လွှတ်ပြီးနောက်တွင် ဟန်မူယဲ့သည် ပိုမိုပေါ့ပါးလာသည်ဟု ခံစားရ၏။

ကြည့်ရသည်မှာ လတ်တလောတွင် သူ၏သက်တန်းကိစ္စမှာ ပြဿနာမဟုတ်တော့ပါ။

အကယ်၍ သူ၏သက်တန်းကိစ္စကို လုံးဝ ဖြေရှင်းရန်မှာလည်း ကျင့်ကြံဆင့်မြင့်တက်အောင် ကျင့်ခြင်း ဖြစ်သည်။ သူ၏ကျင့်ကြံဆင့်မြင့်သွားသောအခါ ဓားဆန္ဒများ၏ဒဏ်ကို ခံနိုင်ရည်ရှိသွားမည်ဖြစ်ရာ အသက်ဓာတ်များလည်း ကုန်ဆုံးစရာ မရှိတော့ပေ။

သုံးရက်အတွင်း ဟန်မူယဲ့သည် ဓားဆန္ဒသုံးခုကို ဓားချီအပိုင်းအစများအဖြစ် အသွင်ပြောင်းလဲကာ ထောင်ပေါင်းများစွာသော ဓားများထံသို့ ပို့လွှတ်လိုက်သည်။ သူက ခန္ဓာကိုယ်တွင် ဓားဆန္ဒ ၈ ခုကိုသာ ချန်ထားရစ်၏။

ထိုဓားဆန္ဒများသည် ဓား ၁၀၀၀၀ တို့အိမ်အပြန်အား ရှစ်ကြိမ် သုံးရန် လုံလောက်၏။ ထို့အပြင် သူ၏အသက်ဓာတ်များမှာလည်း သိပ်မကုန်ဆုံးနိုင်ပေ။

ဓားများထံသို့ ရောက်သွားသော ဓားချီများမှာ ဓားကို ပိုမိုသန့်စင်စေသလို ၎င်းအတွင်း၌ ဓားချီသိုလှောင်နိုင်စွမ်းကိုလည်း တိုးတက်စေသည်။

ဟန်မူယဲ့ စမ်းသပ်ကြည့်သည်။ သာမန်ဓားများသည် လဝက်ခန့်မျှ ဓားချီတစ်စကို စုဆောင်းရသည်။

သို့သော်လည်း ဓားချီ ၁၃ စခန့်ကို ဓားထဲသို့ ထည့်ထားခြင်းဖြင့် ပြီးပြည့်စုံသော ဓားချီတစ်စကို ၂ရက်အတွင်း ရနိုင်သည်။

ဤနည်းဖြင့် သူသည် အနာဂတ်တွင် ဓားချီများ မရှိတော့မည်ကို စိတ်ပူစရာမလိုတော့ချေ။

နေ့လည်ပိုင်းတွင် ဟွမ်လောင်လျှိုသည် တောင်အောက်ကိုဆင်းကာ သေရည်သွားဝယ်သည်။ ဓားများကို သန့်ရှင်းရေးလုပ်ပြီးသော ဟန်မူယဲ့သည် စားပွဲပေါ်တွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထား၏။

ရုတ်တရက် သူက မျက်လုံးများကို ဖွင့်ကာ ဓားစံအိမ်အပြင်ဘက်သို့ ကြည့်သည်။

အနက်ရောင်ဝတ်ဂိုဏ်းတပည့်တစ်စုသည် ဓားစံအိမ်ထံသို့ လှမ်းလာကြသည်။

သူတို့၏လက်များတွင် ဓားရှည်များကို ကိုင်ဆောင်ထားကြ၏။

“ဓားစံအိမ်ဟာ မြင့်မြတ်တဲ့နေရာပဲ။ မင်းတို့ဟာ ဓားလက်ခံခြင်း သို့မဟုတ် ဓားပို့ဆောင်ခြင်းတို့ကလွဲပြီး ဓားစံအိမ်ထဲကို ဝင်ခွင့်မရှိဘူး”

ဟန်မူယဲ့ ထရပ်ကာ ဓားစံအိမ်တံခါးဝထံသို့ လှမ်းသွားလိုက်သည်။

ကျောက်တုံးလှေကားထစ်ရှေ့တွင် ဦးဆောင်လာသော ဂိုဏ်းသားက ဓားများကို လက်ဖြင့် ကိုင်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“အကြီးအကဲများရဲ့အမိန့်အရ ကျုပ်တို့ဟာ ကျဆုံးသွားတဲ့ ဂိုဏ်းသား ၁၃ယောက်ရဲ့ဓားတွေကို ဓားစံအိမ်သို့ ပြန်လည်ပို့ဆောင်ဖို့ ရောက်လာပါတယ်”

ဂိုဏ်းသား ၁၃ယောက် တပြိုင်နက်တည်း သေဆုံးသွားသည်လား။

ဟန်မူယဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ဂိုဏ်းကြီးကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။ ၎င်းသည် တတိယမြောက် အင်အားအကြီးဆုံးလည်း ဖြစ်၏။ ယခု ဂိုဏ်းသား ၁၃ယောက် သေဆုံးသွားသည်။ တစ်စုံတစ်ခု ကြီးကြီးမားမားဖြစ်လာတော့မည်လား။

ဟန်မူယဲ့ မည်သည့်မေးခွန်းမှ ထပ်မမေးပါ။

ဓားစံအိမ်မှ ဓားထိန်း၏အလုပ်မှာ ဓားစံအိမ်ကို စောင့်ကြပ်ရန်ဖြစ်ကာ ဂိုဏ်းသားများ မည်သို့သေဆုံးသည်ကို ဂရုစိုက်ရန် မဟုတ်ပါ။

သူက ခေါင်းညိတ်ကာ လက်မြှောက်လျှက် သူ့ရှေ့မှ ဂိုဏ်းသားလက်ထဲမှ ဓားများကို ယူလိုက်သည်။ သူက ဓားတစ်လက်ကို ဆွဲထုတ်ကာ အသေအချာ ကြည့်၏။

“ဒီဓားဟာ အတွင်းစည်းဂိုဏ်းသား ဝူထန့်ရဲ့ဓားပါ”

ဂိုဏ်းသားတစ်ဦးက ပြောသည်။

ကလင်…

ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ဟန်မူယဲ့က ပြောသည်။

“ကျုပ်က အတွင်းစည်းဂိုဏ်းသားတွေရဲ့ ဓားတွေကို လက်ခံရရှိတယ်။ အမှားအယွင်းမရှိရင် ဓားတွေဟာ ဓားစံအိမ်မှာ ပြန်လည်သိုလှောင်ထားလိမ့်မယ်”

ထို့နောက် သူက ဓားများကို ဓားစင်များထံသို့ ပို့ဆောင်သည်။

သူက ရှေ့ကို တက်သွားကာ ဓားတစ်လက်၏လက်ကိုင်ကို ထိတွေ့လိုက်၏။

ပုံရိပ်များ သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

ဓားရှည်တစ်လက် သွန်းလုပ်သည်။

အဖြူရောင်ဝတ်လူငယ်ဂိုဏ်းသားသည် ထိုဓားကို လက်ခံရရှိ၏။

သူ၏ဓားလေ့ကျင့်သော ပုံရိပ်များ…

ဟန်မူယဲ့သည် နံပါတ် ၁အံ့ဖွယ်ဓားသိုင်း၊ မီးခိုးဓားသိုင်းကို တတ်မြောက်သွားသည်။

သူသည် နံပါတ် ၂ အံ့ဖွယ်ဓားသိုင်း အလင်းမီးခိုးကို တတ်မြောက်သွား၏။

ဓားအလင်းများ ပြန်ပေါ်လာကာ ဟန်မူယဲ့ ဆတ်ခနဲ တုန်သွားသည်။

ဓားသိုင်းများအားလုံးမှာ မီးမျိုးဆက်မှ ဖြစ်သည်။

သူသည် ဓားပိုင်ရှင်ကို သိလိုက်၏။

ဓားသည် ဂိုဏ်းကို သစ္စာဖောက်သွားသော အကြီးအကဲတောက်ရင်၏တပည့် ပိုင်ဆိုင်သော ဓားဖြစ်သည်။

မီးဓာတ်မျိုးဆက်အကြီးအကဲက ဂိုဏ်းကို သစ္စာဖောက်သွားရာ မီးဓာတ်ဓားသိုင်းများကို ကျင့်ကြံသူများအားလုံးမှာ ခက်ခဲသော အခြေအနေနှင့် ကြုံတွေ့ကြရသည်။

သူတို့ တာဝန်ယူရသော ဂိုဏ်းတာဝန်များမှာ ပိုမိုခက်ခဲကာ အန္တရာယ်ကြီး၏။ ထို့အပြင် ဆုလာဘ်မှာလည်း နည်းပါးသည်။

အကြီးအကဲတောက်ရင် မရှိတော့ရာ မီးဓာတ်ဓားသိုင်းများမှာလည်း တဖြေးဖြေး တိမ်ကောလာပြီး မျိုးဆက်မှာလည်း အားနည်းလာသည်။

ဤတစ်ကြိမ် ဂိုဏ်းတာဝန်ကား ကျင့်ရှန်းဓားဂိုဏ်းမှ ချင်ယွမ်ဟယ်ကို အမဲလိုက်ရန် ဖြစ်သည်။ မီးဓာတ်မျိုးဆက်တပည့်တစ်ဖွဲ့သည် နေရာအနှံ့လိုက်ရှာကာ သတင်းများ စုဆောင်းကြ၏။

သို့သော်လည်း သူတို့သည် ချင်ယွမ်ဟယ်အား ရှာမတွေ့ဘဲ သူတို့ကဲ့သို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဝင်တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။

“ကျိယွမ်…”

ဟန်မူယဲ့က မီးဓာတ်မျိုးဆက်ဂိုဏ်းသားများအား တိုက်ခိုက်ခဲ့သောလူကို မြင်သည်။

All Chapters