← Chapters

အကြီးအကဲများ၏ဆုံးဖြတ်ချက်

Vol. 42 Ch. 591

အကြီးအကဲများ၏ဆုံးဖြတ်ချက်

Vol. 42 Ch. 591

အခန်း (၅၉၁) အကြီးအကဲများ၏ဆုံးဖြတ်ချက်

ရန်ကျောက်ကဲ၏ အကြည့်တစ်ချက်မှာပင် ယင်လျိုဟွား သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမတစ်ကိုယ်လုံးရှိ သွေးကြောများအားလုံး အက်ကွဲသွားပြီး အသက်ဓာတ်စွမ်းအားများ ကုန်ဆုံးသွားသည်။

ယင်လျိုဟွားကိုကြည့်ရင်း ဖူအန်းစုကတော့ စိတ်မကောင်း ဖြစ်နေဟန်ပင်။

စိတ်ဓာတ်ခိုင်မာသော ဖူအန်းစုသည် ယင်လျိုဟွားကို နဂိုကပင် စိတ်ပျက်နေသူ ဖြစ်သော်လည်း ဆရာတပည့် သံယောဇဉ်ကတော့ ရှိသည်သာ။ တပည့်ဖြစ်သူက သေဒဏ်ထိုက်သည့်ပြစ်မှုကို ကျူးလွန်ခဲ့သည့်တိုင် မလွှဲမရှောင်သာ ဖူအန်းစု စိတ်မကောင်း ဖြစ်နေမိ၏။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကတော့ ဖူအန်းစုကိုယ်စား ယင်လျိုဟွားကို သတ်ဖြတ်ပေးလိုက်ရသည့်အတွက် ကျေနပ်နေမိသည်။

လောကတွင် နောက်ကျောဓားနှင့်ထိုးသည့် သစ္စာဖောက်များကို သုတ်သင်ရသည်လောက် ပျော်စရာကောင်းသည့်ကိစ္စ မရှိနိုင်ပေ။ ထိုသို့သောသူများက ပြင်ပရန်သူများထက် ပိုမိုကြောက်မက်ဖွယ်ရာကောင်းပြီး သူ့ကို အရှက်ရစေသူများဖြစ်လေရာ အမှန်ပင် သေထိုက်သည်။

အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီမှ ဝါဒတောင်အကြီးအကဲတစ်ယောက်၏ပုံရိပ် အလျှင်အမြန်ပေါ်လာသည်။ ထိုသူမှာ ဝါရင့်အကြီးအကဲ ‘ကျန်းခွန်’ ပင် ဖြစ်၏။ သူက ချန်ကျန်း၏ ဆရာလည်း ဖြစ်သည်။

ကျန်းခွန်နှင့်အတူ ဒဏ်ရာများသက်သာစပြုနေပြီဖြစ်သော ဟယ်နင်လည်း လိုက်ပါလာသည်။ သူမက ဤနေရာတွင် ချန်ကျန်းပြဿနာဖြစ်နေကြောင်း ကျန်းခွန်ကို သွားရောက်အကြောင်းကြားခဲ့ခြင်းပင်။ ထို့ကြောင့် တပည့်ဖြစ်သူအတွက် စိတ်ပူပန်ကာ ကျန်းခွန် ရောက်ရှိလာခြင်း ဖြစ်သည်။

သို့ပေသိ သူတို့နှစ်ယောက် ရောက်လာသည့်အချိန်တွင် မြေပြင်ထက်တွင် သွေးအိုင်များကိုသာတွေ့ရတော့သည်။

ကျန်းခွန်နှင့် ဟယ်နင်တို့က စကားမဆိုနိုင်ဘဲ အခြေအနေကို အသံတိတ်အကဲခတ်နေကြစဉ် အကြီးအကဲ’ချင်’ က အဖြစ်အပျက်များကို တစ်ခုပြီးတစ်ခု ရှင်းပြသည်။

အခြေအနေများကိုကြားသိရသည့်အခါ ဝါရင့်အကြီးအကဲ (၂)ယောက် ထိတ်လန့်တုန်လှုပ်သွားကြ၏။

သူတို့က အသက်အရွယ်ကြီးရင့်ပြီး ဘဝမုန်တိုင်းများစွာကို ရင်ဆိုင်ခဲ့ကြရသူများဖြစ်လေရာ ယင်လျိုဟွား သစ္စာဖောက်ပြီး ဖန်းယွင်ရှန်းနှင့်ပတ်သက်၍ မှားယွင်းစွပ်စွဲသည်ကို အံ့အားသင့်ခြင်း မရှိခဲ့ကြပေ။ ယင်လျိုဟွားနှင့် ဟုန်ကျားချီတို့ ပူးပေါင်းဆောင်ရွက်မှုကို သိရှိပြီးနောက် ထိုကိစ္စကို တာဝန်ယူနေသော ချန်ကျန်းသည်လည်း အပြစ်မှမလွတ်ကင်းနိုင်ကြောင်း နားလည်ကြသည်။

သို့သော် ချန်ကျန်းက အဆုံးမဲ့တောင်တန်းမှ ဝါရင့်အကြီးအကဲ ‘လီကျင်းထူ’ ကို သတ်ဖြတ်ပြီး မိုးဖြိုပုဆိန်ကို ရယူရန်ကြိုးပမ်းမည်ဟု ဘယ်သောအခါမှ ထင်မထားခဲ့ကြပေ။

ထိုလုပ်ရပ်ကြောင့်ပင် ချန်ကျန်းမှာ ဟွမ်ကျိအကွက်ထဲဝင်သွားပြီး သူ၏လှုပ်ရှားမှုတိုင်းကို ဟွမ်ကျိက ခန့်မှန်းလျှက် ရန်သူကြိုးကိုင်ခံရသည့် ရုပ်သေးရုပ်ပမာ ကြံရာပါတစ်ယောက် ဖြစ်လာခဲ့သည်။

ကျန်းခွန်မှာ ချန်ကျန်းသေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော အရိုးအပိုင်းအစများနှင့် အသားစများစုပုံနေသော သွေးအိုင်ကိုလှမ်းကြည့်လိုက်ပြီး မျက်နှာတစ်ခုလံး ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။

ဟယ်နင်ကလည်း စိတ်ရှုတ်ထွေးသည့် အမူအရာဖြင့်...

“ကျောက်ကဲ... နားလည်မှုတစ်ခုခုလွဲတာများလား”

ချန်ကျန်းက ‘ကောင်းကင်သူလျှိုစက်ဝန်း’ ကို ရယူလိုသဖြင့် တစ်ကိုယ်ဆန်စွာ ဖန်းယွင်ရှန်းကို အကောက်ကြံခဲ့သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။

အဖြစ်အပျက်တစ်ခုလုံးကို ဆက်စပ်လျှက် ချန်ကျန်းတွင်အပြစ်ရှိကြောင်း အ‌ထောက်အထားများစွာရှိနေသော်လည်း ကျန်းခွန်နှင့် ဟယ်နင်တို့စိတ်ထဲတွင် ထိုကိစ္စ အမှန်မဟုတ်စေရန်ရန် မျှော်လင့်ခဲ့ကြသည်။

ရန်ကျောက်ကဲက ဘိုးဘေးအကြီးအကဲနှစ်ယောက်ကို အေးဆေးတည်ငြိမ်စွာကြည့်လိုက်သည်။ ဟယ်နင်ဆိုလိုသည့်စကားအဓိပ္ပါယ်ကို သူ ကောင်းစွာ နားလည်၏။

ချန်ကျန်းက တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်ဖြင့် ကိုယ့်ဂိုဏ်းသားအချင်းချင်း မကောင်းကြံသည့်အပြင် မိုးဖြိုပုဆိန်ကိုရယူရန် အဆုံးမဲ့တောင်တန်းမှ အကြီးအကဲကို သတ်ဖြတ်ခဲ့သည်။ နေသူတော်စင်ဂိုဏ်းနှင့် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းခဲ့ခြင်းမရှိသော်လည်း အပြစ်ကိုဖုံးကွယ်လိုစိတ်ဖြင့် ရန်သူ့အကွက်ထဲ ဝင်သွားခဲ့သည်။ ထိုသို့သောအပြစ်မျိုးက နောင်တရသည့်တိုင် သေဒဏ်မှကင်းလွတ်နိုင်မည် မဟုတ်ပေ။

သေဒဏ်ပေးထိုက်သည်ဆိုသော်လည်း ဂိုဏ်း၏တရားဝင်စစ်ဆေးမှုများအပြီးတွင်သာ ဆုံးဖြတ်သင့်သည်။ သေဒဏ်ထိက်သည်ဆိုသည့်တိုင် ယခုကဲ့သို့ နေရာမှာပင် ရန်ကျောက်ကဲ၏ တိုက်ရိုက်သတ်ဖြတ်ခြင်းခံရခြင်းက ဟယ်နင်တို့ကဲ့သို့ ရှေးရိုးစွဲများကို မကျေမနပ် ဖြစ်စေသည်။

သို့သော် ရန်ကျောက်ကဲဆိုသည်က လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ကိုင်ဆောင်ထားနိုင်ပြီး ကံကြမ္မာဒီရေကို ပြောင်းပြန်လှည့်နိုင်စွမ်းရှိသည့် အံ့သြဖွယ်ရာအမှုများကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ဟယ်နင်မှာ ခဏတာမျှ ဒေါသထွက်နေပြီး တစ်ခုခုပြောချင်သည့်တိုင် မပြောနိုင် ရှိရသည်။

သူမလို သက်ကြီးပိုင်းတစ်ယောက်အတွက်တော့ ဂိုဏ်းထဲတွင် အရေးကြီးဆုံးအရာမှာ စည်းမျဉ်းစည်းကမ်း ဖြစ်သည်။

ဟယ်နင် ၊ ကျန်းခွန် နှင့် အခြား ဝါရင့်အကြီးအဲများစိတ်ထဲတွင် စည်းမျဉ်းစည်းကမ်းများဆိုသည်က နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံလာသော ဂိုဏ်းတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများ တည်ရှိနေသရွေ့ ဂိုဏ်းတစ်ဂိုဏ်း ကျရှုံးချိန်ရောက်နေသည့်တိုင် ပျက်ဆီးသွားမည်မဟုတ်ဘဲ ပြန်လည် ရှင်သန်လာနိုင်ပေမည်။

နွေဦးလေပြေပမာ အေးချမ်းငြိမ်သက်လျှက် လက်မထောင်နိုင်သောအချိန်မျိုးတွင် ထိုအချက်က မသိသာသော်လည်း အလွန်တရာ အရေးကြီးလေသည်။

ဟယ်နင်က ရန်ကျောက်ကဲကို မုန်းတီးခြင်း မရှိပေ။

ဤလူငယ်က ထူးချွန်လွန်းပြီး သူတို့လို ဝါရင့်သက်ကြီးရွယ်အိုများထက် သာလွန်သည်။ လက်ရှိ ရန်ကျောက်ကဲ၏ အောင်မြင်မှုများသည် သူတို့တစ်သက်တာ တစ်ခါမှ မရရှိနိုင်သော မြင့်မားသည့်အဆင့်တစ်ခု ဖြစ်၏။

သို့သော် ရန်ကျောက်ကဲ ထူးချွန်လာလေလေ အမှားလုပ်မိမည်ကို သူမ ကြောက်ရွံ့လေပဲ ဖြစ်သည်။

ဤလူငယ်လေးက စွန့်စားလွန်းသူဖြစ်ရာ ခြေလှမ်းတစ်ချက်မှားခဲ့မည်ဆိုလျှင် နောက်ပြန်လှည့်ရန် မျှော်လင့်ချက်ရှိမည် မဟုတ်ပေ။

ဟယ်နင်၏ အကြည့်ကို ရင်ဆိုင်ရတော့ သူမစိတ်ထဲမှအတွေးများကို ရန်ကျောက်ကဲ ခံစားမိသည်။

သူက စကားဖြင့်ဖြေရှင်းမနေတော့ဘဲ ဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လှည့်ကြည့်လိုက်ရာ ထိုကိုယ်ပွားက လက်ဖဝါးကို အသာဖြန့်လိုက်၏။ ထို့နောက် လက်ဖဝါးထက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ထက်သို့ လူတစ်ယောက် ပြုတ်ကျလာသည်။

ကျန်းခွန် ၊ ဟယ်နင် ၊ ဖူအန်းစု ၊ အကြီးအကဲ’ချင်’နှင့် အခြားသူများက ပြိုင်တူပင် ကြည့်လိုက်ကြတော့ မည်သူမည်ဝါမှန်းမသိရှိသည့်တိုင် အဝတ်အစားများကိုကြည့်ပြီး နေသူတော်စင်ဂိုဏ်းမှ ဘိုးဘေးအကြီးအကဲတစ်ယောက်ဖြစ်ကြောင်း သိရသည်။

အဘိုးအိုမှာ စိတ်ဓာတ်ကျဆင်းနေဟန်ရှိပြီး သူ၏ အတိတ်တစ်ချိန်က အားမာန်နှင့် မောက်မာမှုများကိုလည်း ဆုံးရှုံးသွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲက ထိုအဘိုးအိုကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

“အရင်ကလည်း ဒီကိစ္စကို မေးခဲ့ဖူးတယ် ၊ အခု ထပ်မေးပါရစေ... ၊ မင်းတို့ နေသူတော်စင်ဂိုဏ်းက မန်ဝမ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ”

အဘိုးအိုက ကျန်းခွန် ၊ ဟယ်နင် ၊ ဖူအန်းစု ၊ အကြီးအကဲ’ချင်’ နှင့် အခြားသူများကို ခေါင်းမော့ကြည့်ကာ ပြုံးလိုက်သည်။

“တကယ်တော့ အခုပြောတာတွေက အဓိပ္ပါယ်မရှိတော့ပါဘူး ၊ ဒါပေမဲ့... မန်ဝမ်နဲ့ ထူးကဲယင်သရဖူကို အထက်ဘုံကမ္ဘာက ခေါ်ဆောင်သွားပြီဖြစ်လို့ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲဆိုတာ ရှိလာတော့မှာ မဟုတ်ပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲ ရှိခဲ့မယ်ဆိုရင်တောင် မန်ဝမ်က ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ ၊ အရှေ့ပင်လယ်မှာ ရခဲ့တဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားပြီဖြစ်လို့ သေချာပေါက် အနိုင်ရမယ်လို့ ယုံကြည့်ပါတယ် ၊ ဒါပေမဲ့...”

အဘိုးအိုက အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့် အနားတွင် မတ်တတ်ရပ်နေသော ဖန်းယွင်ရှန်းကို လှည့်ကြည့်ရင်း...

“မန်ဝမ် အနိုင်မယူနိုင်တဲ့ တစ်ယောက်တည်းသောသူကတော့ ဖန်းမုကဲ ပဲ”

ထိုစကားကြောင့် ကျန်းခွန်နှင့် ဟယ်နင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

အကြီးအကဲ’ချင်’ က အနည်းငယ် မျက်မှောင်ကြုတ်ရင်း...

“မန်ဝမ် ဒဏ်ရာတွေ သက်သာသွားတာ အရမ်းမြန်နေပါလား ၊ ဒီတစ်ခေါက် အရှေ့ပင်လယ်မှာ သူရသွားတဲ့ဒဏ်ရာက ဒုတိယအကြိမ်ထူးကဲယင်ပြိုင်ပွဲမတိုင်ခင်က ဒဏ်ရာထက် ပိုပြီးပြင်းထန်တယ် မဟုတ်ဘူးလား”

ဝါဒတောင်မှ သိုင်းသမားများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မျက်နှာများ မဲမှောင်သွားကြသည်။

တကယ်တော့ နေသူတော်စင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းမှလူများကို အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ခေါ်ဆောင်ရန် မဆုံးဖြတ်ခင်က ဖန်းယွင်ရှန်း ထူးကဲယင်ပြိုင်ပွဲ မဝင်ရောက်နိုင်ရန် အကောက်ကြံခဲ့ကြသည်။ ဖန်းယွင်ရှန်းက မန်ဝမ်ထက်သာလွန်သည်ဟု ယူဆသည့်အတွက် မန်ဝမ် ထူးကဲယင်သရဖူ ထပ်မံရရှိရန်မှာ ပြိုင်ပွဲတွင် ဖန်းယွင်ရှန်း မပါဝင်မှသာ ဖြစ်နိုင်ပေမည်။

ဖန်းယွင်ရှန်းသာ မပါဝင်နိုင်ပါက မန်ဝမ်အနေဖြင့် လှိုင်းနက်ဂေဟာမှ ‘ဖန်ချိုး’ ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှ ‘ချန်စုထင်’ နှင့် အခြားသူများအားလုံးကို သေချာပေါက် အနိုင်ယူနိုင်မည် ဖြစ်၏။

ရန်ကျောက်ကဲက ဘာမှမပြောသည့်တိုင် ကျန်းခွန် မျက်နှာပူသွားမိသည်။

ချန်ကျန်း၏ အပြုအမူများက နေသူတော်စင်ဂိုဏ်းနှင့် ဟွမ်ကျိတို့၏ တွက်ချက်မှုများအတွင်း တည့်တည့်ကျရောက်သွားသည့်အပြင် သူနှင့် ဟယ်နင်တို့၏ ရှေးရိုးဆန်သည့်အပြုအမူများကိုလည်း ရန်သူက အသုံးချရန် စီစဉ်ထားကြောင်း သိရှိခဲ့ရသည်။

ဖန်းယွင်ရှန်းက နေသူတော်စင်ဂိုဏ်းမှ သူလျို ဟုတ် မဟုတ် မသေချာသော အခြေအနေတွင် သူတို့က ဝါဒတောင် တည်ငြိမ်မှုရှိစေရန်အတွက် ထူးကဲယင်ပြိုင်ပွဲကို စွန့်လွှတ်စေပြီး လှိုင်းနက်ဂေဟာမှဖန်ချိုးကို ပေးအပ်ရန် စဉ်းစားဆုံးဖြတ်ခဲ့ကြသည်။

အခြားရှုထောင့်မှကြည့်လျှင် နေသူတော်စင်ဂိုဏ်းနှင့် ဆက်သွယ်ခြင်းမရှိသည့်တိုင် ကျန်းခွန် ၊ ဟယ်နင်နှင့် ချန်ကျန်းတို့၏ ဆုံးဖြတ်ချက်များက ဟွမ်ကျိနှင့် နေသူတော်စင်ဂိုဏ်း ရည်မှန်းချက်အောင်မြင်ရန် လက်ကိုင်တုတ်ပမာ ဖြစ်ခဲ့ရသည်။

အကယ်၍ ဤကာလအတောအတွင်း နေသူ‌တော်စင်ဂိုဏ်းက အရှေ့ပင်လယ်စည်းတံဆိပ်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါက ကွမ်းမင်ဂိုဏ်းကို ဤကမ္ဘာသို့ ခေါ်ဆောင်မည် မဟုတ်ပေ။

ထိုအခါ ထူးကဲယင်ပြိုင်ပွဲကျင်းပသည့်အခါ ဖန်းယွင်ရှန်းမှာ သူမကိုယ်ပိုင်ဂိုဏ်း၏ ဆုံးဖြတ်ချက်ကြောင့် ပြိုင်ပွဲတွင် မပါဝင်ရတော့ဘဲ မန်ဝမ်က အခြားသူများကို လွှမ်းမိုးအနိုင်ယူကာ ထူးကဲယင်သရဖူကို နောက်တစ်ကြိမ် ထပ်မံရရှိသွားပေလိမ့်မည်။

ဤသည်မှာ နေသူတော်စင်ဂိုဏ်းနှင့် ဟွမ်ကျိတို့ အကွက်ချထားသည့် အစီအစဉ် ဖြစ်၏။

ရန်ကျောက်ကဲအမူအရာက တည်ငြိမ်သိမ်မွေ့စွာပင်ရှိနေသည်။

ကျန်းခွန်နှင့် ဟယ်နင်တို့မှာ သူတို့ရှေ့မှလူငယ်ကို ဒေါသမထွက်နိုင်တော့သလို ချန်ကျန်းကို သတ်ဖြတ်မှုတွင် ပါဝင်စွက်ဖက်ရန်လည်း မဖြစ်နိုင်တော့ပေ။

ပတ်ဝန်းကျင်တစ်ခုလုံး အသံတိတ်မွေးခွန်းထုတ်မှုများက လွှမ်းခြုံသွားသလိုပင်။

ဝါဒတောင် အန္တရယ်ကင်းရန်အတွက် ရှေးရိုးဆန်စွာ လိုက်လျောညီထွေ နေထိုင်သည့်နည်းလမ်းက တကယ်တမ်းတွင် အန္တရယ်ကင်းနိုင်ပါရဲ့လား။

အန္တရယ်ကင်းရန် ပြဿနာကိုတိမ်းရှောင်နေပါက အဆုံးသတ်တွင် “အန္တရယ်ကင်းခြင်း” အား ဆုံးရှုံးရမည်သာ ဖြစ်သည်။

All Chapters