ကမ္ဘာတစ်ခုလုံးတုန်လှုပ်လျှက်
Vol. 42 Ch. 592
အခန်း (၅၉၂) ကမ္ဘာတစ်ခုလုံးတုန်လှုပ်လျှက်
ဟယ်နင်က သူမအရှေ့မှ နေသူတော်စင်ဂိုဏ်း အကြီးအကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းရှည်တစ်ချက်ချရင်း စိတ်ဓာတ်ကျလျှက် ခေါင်းငုံ့တိတ်ဆိတ်သွားတော့သည်။
ကျန်းခွန်မှာလည်း စိတ်ရှုတ်ထွေးလျှက် တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ပေ။
အကြီးအကဲ’ချင်’ က ...
“အထက်ဘုံကမ္ဘာ ၊ ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင် (၅)ယောက် အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အသက်ဆုံးခဲ့တာ နောက်ဆက်တွဲပြဿနာတွေ ဖြစလာနိုင်သလား... ကျောက်ကဲ”
ရန်ကျောက်ကဲက အရင်အကြောင်းအရာများကို စကားမဆက်တော့ဘဲ အကြီးအကဲ’ချင်’ ၏ မေးခွန်းကို ဖြေလိုက်၏။
“ကျွန်တော် ကမ္ဘာအလင်းတောင်ထွတ်ကိုသွားခဲ့တာ အဲဒါကြောင့်လည်းပါတယ်”
သူက ဆက်ပြောသည်။
“နေသူတော်စင်ဂိုဏ်းနဲ့ အထက်ဘုံကမ္ဘာ ဆက်သွယ်ထားတဲ့လမ်းကြောင်း ပြတ်တောက်သွားပေမယ့် ကွမ်းမင်ဂိုဏ်းက တန်ခိုးစွမ်းအားမြင့်မားသလို သူတို့ရဲ့သိုင်းပညာအမွေအနှစ်တွေကလည်း လေးနက်တယ် ၊ သူတို့အနေနဲ့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပထမဆုံး ရောက်ဖူးတာဆိုပေမယ့် နေရာအတိအကျ ထပ်ပြီးရှာဖွေနိုင်မယ်ဆိုရင် အစွန်းရောက်ရှစ်ပါးကမ္ဘာကို နောက်တစ်ကြိမ် ထပ်ရောက်လာနိုင်ကြလိမ့်မယ်”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...
“ဒီတစ်ခေါက် ဆင်းလာတဲ့သူတွေက ရေခဲတောင်အဖျားပိုင်းပဲ ရှိသေးတယ်”
ကမ္ဘာအလင်းတောင်ထွတ်တွင် ဟွမ်ကျိ အသက်အသေခံကာ ခေါ်ယူခဲ့သော အထက်ဘုံကမ္ဘာမှပုဂ္ဂိုလ်၏ တန်ခိုးစွမ်းအားကို ခန့်မှန်းကြည့်ပြီးနောက် ရန်ကျောက်ကဲက အကြမ်းဖျင်း တွက်ချက်ပြောဆိုခြင်း ဖြစ်၏။
ထိုပုဂ္ဂိုလ်က ကွမ်းမင်ဂိုဏ်းတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးဆိုလျှင် ကိစ္စမရှိပေ။ သို့သော် ထိုသူထက် ပိုမိုအားကောင်းသော ကျင့်ကြံသူများ ကွမ်းမင်ဂိုဏ်းတွင် ရှိနေနိုင်သေးသည်။
ရန်ကျောက်ကဲစကားကိုကြားတော့ နေရာတွင် ရှိနေသူများအားလုံး မျက်နှာအမူအရာများတည်ကြည်လေးနက်သွားပြီး ကျန်းခွန်နှင့် ဟယ်နင်တို့လည်း စိတ်ပူပန်သွားကြသည်။
ဤအခြေအနေထိ ရောက်လာပြီးမှတော့ သူတို့ဝါဒတောင်နှင့် အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်းတို့ကြားတွင် ညှိနှိုင်းမရသော ရန်ငြိုးရန်စ မီးမွှေးခဲ့ပြီ ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရန် သူတို့အနေဖြင့် ကြိုးစားကြရပေမည်။
ဟယ်နင်က မျက်မှောင်ကြုတ်ရင်း...
“အထက်ဘုံကမ္ဘာကလူတွေ ငါတို့ကမ္ဘာကိုရောက်လာရင် သိုင်းသူတော်စင် တတိယအဆင့်ထိ ကျင့်ကြံခြင်း ဖိနှိပ်ခံရတယ်ဆိုပေမယ့် တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေ တစ်ပြိုင်တည်းဆင်းလာရင် အန္တရယ်ရှိနိုင်တယ်”
ထိုစကားက တကယ်အလေးအနက်ထားစရာပင်။
မည်သို့ပင်ဖြစ်စေ ယနေ့ ရောက်ရှိလာသော ရန်သူများကို အနိုင်ယူခဲ့ပြီး ဖြစ်လေရာ ကျန်ကိစ္စများအတွက် အလောတကြီး စဉ်းစားစရာ မလိုအပ်ပေ။
ထူးကဲယန်စည်းတံဆိပ်က အလွန်တရာ စွမ်းအားမြင့်မားသော်လည်း ထိုအရာကို ထိန်းချုပ်ရန် စွမ်းအာများစွာ အသုံးပြုရသည့်အပြင် တစ်ကြိမ်အသုံးပြုပြီးလျှင်လည်း ထိုစည်းတံဆိပ်၏ စွမ်းအားများက ပြန်လည်တိမ်မြုပ်သွားတတ်သည်။
ထို့ကြောင့် တစ်ကြိမ်အသုံးပြုပြီးလျှင် နောက်တစ်ကြိမ် နိုးထအသက်ဝင်လာရန်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပေမည်။
အသင်္ချေနဂါးနန်းတော်မှ မရဏချီများသည်လည်း တစ်ကြိမ်တည်းဖြင့် ပေါက်ကွဲထွက်သွားပြီဖြစ်ရာ နောက်တစ်ကြိမ် ထပ်မံ အသုံးပြနိုင်တော့မည် မဟုတ်ပေ။
သို့သော် မရဏချီများအားလုံး ကုန်ဆုံးပျက်ဆီးသွားပြီဖြစ်သဖြင့် ကျန်ရှိနေသည့် နဂါးအစစ်ချီစွမ်းအားများကို လိုအပ်သလို လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ပြီ ဖြစ်၏။
နဂါးချီစွမ်းအားများကို သန့်စင်ပြီး စုပ်ယူကျင့်ကြံရန်ကတော့ အချိန်ပေးရန် လိုအပ်သည်။
လက်ရှိတွင် ရန်ကျောက်ကဲက အလွန်တည်ငြိမ်နေသည်။
တိန့်စန်း၏ ကျင့်ကြံခြင်းအဆင့်က ကမ္ဘာများစွာ ဖြတ်သန်းသွားလာမှု သက်ရောက်ခြင်းအရ သိုင်းသူတော်စင် တတိယအဆင့်သို့ ဖိနှိပ်ခံထားရသဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ရောက်လာသူများထဲတွင် သိုင်းသူတော်စင် တတိယအဆင့်ကျင့်ကြံသူ (၃)ဦး ဟု ဆိုနိုင်၏။
နောက်တစ်ကြိမ် ထိုသို့သောပုဂ္ဂိုလ်မျိုး (၁၀)ယောက် ၊ သို့မဟုတ် ထို့ထက်ပိုပြီး ဆင်းသက်လာလျှင် မည်သို့ရှိမည်နည်း။
ဟုတ်ပေ၏။ ရန်သူ့အန္တရယ်ကိုကာကွယ်ရန် နည်းလမ်းမရှိသည်တော့ မဟုတ်ပေ။
ဖခင်ဖြစ်သူ ‘ရန်တိ’ အချိန်တိုအတွင်း သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်ပြီး ကိစ္စရပ်အတော်များများ လွယ်ကူသွားပေမည်။
ရန်တိသာ သိုင်းသူတော်စင် တတိယအဆင့်သို့ တက်ရောက်နိုင်လျှင်တော့ ကျင့်ကြံခြင်းအဆင့်တူညီသည့်ရန်သူများကို လုံးဝ အရေးစိုက်စရာမလိုတော့ကြောင်း ရန်ကျောက်ကဲ ယုံကြည်သည်။
အချိန်အလုံအလောက်ရရှိပြီး အခွင့်အရေးလည်းပေးမည်ဆိုလျှင် ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း ပိုမိုစွမ်းအားမြင့်မားလာမည်ဖြစ်ကာ ရန်သူများကို ကြောက်နေစရာ မလိုပေ။
သူ့အတွက်လိုအပ်သည်က အချိန်နှင့် အခွင့်အရေး ဖြစ်၏။
ရန်ကျောက်ကဲက...
“အထက်ဘုံကမ္ဘာမှာ ကွမ်းမင်ဂိုဏ်းတစ်ဂိုဏ်းတည်းရှိတာ မဟုတ်ပါဘူး ၊ ပြီးတော့ ကွမ်းမင်ဂိုဏ်းမှာလည်း ရန်သူတွေ ရှိသေးတဲ့ပြင် သူတို့က အဲဒီနေရာမှာ ပြိုင်ဘက်ကင်းလည်း မဟုတ်ပါဘူး”
ပြောပြီးသည်နှင့် သူက နဂါးသင်္ချိုင်းအတွင်းရှိ အနက်ရောင်ဝတ်လူထံမှရရှိခဲ့သော ယပ်တောင်လေးကို လူတိုင်းအား ပြသလိုက်သည်။
“ယိုးမင်ဂိုဏ်း...”
ဖန်းယွင်ရှန်း ၊ ဖူအန်းစုနှင့် အခြားသူများ တုန်လှုပ်ခြောက်ခြားစွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက...
“အမှန်ပဲ... ယိုးမင်ဂိုဏ်း... ၊ ဒီ စက္ကူယပ်တောင်လေးကို ရလိုက်တုန်းက မူလပိုင်ရှင်ရဲ့ စိတ်ကူးနဲ့အတွေးတွေကို ထိန်းသိမ်းထားဆဲပဲ ၊ သူ မသေခင်မှာ ပြောခဲ့တဲ့စကားက ‘ကွမ်းမင်ဂိုဏ်းက သစ္စာဖောက်တွေ ဘယ်လိုပျက်ဆီးမလဲဆိုတာ မမြင်ရတာတော့ စိတ်မကောင်းစရာပဲ’ တဲ့”
“သူ့ရဲ့ လေသံနဲ့ အကြောင်းအရာကိုကြည့်ရတာ ကွမ်းမင်ဂိုဏ်းနဲ့ ယိုးမင်ဂိုဏ်းက ဘယ်တော့မှမပြေလည်နိုင်တဲ့ ရန်သူတွေဖြစ်ပြီး တစ်ဘက်နဲ့တစ်ဘက် သေလောက်အောင် မုန်းတီးကြတယ်ဆိုတာပဲ ၊ ကျွန်တော့်အထင်ပြောရရင် ယိုးမင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းကို အနိုင်မယူနိုင်ရင်တောင် အင်အားတူညီတဲ့အဆင့်လောက်မှာ ရှိနိုင်တယ်”
ထိုစကားကြားပြီးနောက် လူတိုင်း လေးလေးနက်နက် တွေးတောမိကြသည်။
အကြီးအကဲ’ချင်’ က...
“မင်း ဆိုလိုတာက... ကွမ်းမင်ဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် ယိုးမင်ဂိုဏ်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားချင်တာလား”
ရန်ကျောက်ကဲက...
“ဟုတ်လည်းဟုတ်တယ်... ဟုတ်လည်းမဟုတ်ဘူး ၊ ဘာလို့လဲဆိုတော့ ယိုးမင်ဂိုဏ်းရဲ့ အကူအညီယူဖို့က မလွယ်ကူနိုင်ဘူး ၊ ကျွန်တော်တို့ဘက်ကအကူအညီတောင်းရင်တောင် သူတို့ဘက်က အကူအညီပေးချင်တဲ့ဆန္ဒရှိမှဖြစ်မှာလေ”
သူက ဆက်ပြောသည်။
“ကွမ်းမင်ဂိုဏ်းနဲ့ ယိုးမင်ဂိုဏ်းက ရန်သူတွေဆိုပေမယ့် ကွမ်းမင်ဂိုဏ်းက ကျွန်တော်တို့ကို တိုက်ခိုက်ချင်ရုံလောက်နဲ့တော့ ယိုးမင်ဂိုဏ်းက ဝင်ပြီးကူညီမှာ မဟုတ်ဘူး ၊ ဒါပေမဲ့... တစ်ခုစဉ်းစားရမှာက ရန်သူရဲ့ ရန်သူက မိတ်ဆွေဖြစ်တယ်ဆိုတဲ့ အချက်ပဲ ၊ ဒါကိုအခြေခံစဉ်းစားကြည့်ရင် ရန်သူရဲ့ ရန်သူကို ကိုယ့်ဘက်ပါအောင် ဘယ်လိုသိမ်းသွင်းမလဲလို့ စဉ်းစားစရာရှိလာတယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဒါပေမဲ့ သူတို့နဲ့ဆက်ဆံနဲ့နေရာမှာ ကိုယ့်ဘက်က အဝင်မတတ်ရင် ကိုယ့်ကိုယ်အထင်သေးသွားနိုင်သလို လျစ်လျူရှုတာလည်း ခံရနိုင်တယ် ၊ ကံဆိုးရင် ကွမ်းမင်ဂိုဏ်းလိုပဲ သူတို့ကလည်း ကျွန်တော်တို့မှာရှိနေတဲ့ ရတနာပစ္စည်းတွေကိုတောင် တပ်မက်ကောင်းတပ်မက်လာနိုင်တယ်”
“ဒါပေမဲ့ တစ်ခုရှိတာက... ကွမ်းမင်ဂိုဏ်းနဲ့ ယိုးမင်ဂိုဏ်းရဲ့ ဆက်ဆံရေးက အရမ်းဆိုးရွားလွန်းတယ် ၊ ဒီတော့ တူညီတဲ့အဆင့်ရှိတဲ့ ကြောက်စရာ ထိပ်သီးသိုင်းဂိုဏ်းကြီးနှစ်ခု ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့မယ်ဆိုရင် ကွမ်းမင်ဂိုဏ်းအနေနဲ့ ကျွန်တော်တို့ကို ဒုက္ခပေးဖို့ စဉ်းစားနိုင်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက ခေါက်ယပ်တောင်လေးအား တစ်ချက်ဝှေ့ယမ်းရင်း...
“ဒီ ယပ်တောင်လေးကို ကျန့်မုနတ်သစ်သားနဲ့ ပြုလုပ်ထားတာ ၊ ဒီရတနာပစ္စည်းနဲ့ဆိုရင် သိုင်းသူတော်စင်စတုတ္ထအဆင့်မရောက်သေးလည်း အထက်ဘုံကမ္ဘာကို သွားရောက်နိုင်စွမ်းရှိတယ်...”
ထိုစကားကိုကြားတော့ အားလုံး တုန်လှုပ်သွားကြသည်။
ဖူအန်းစုက...
“မင်းက အခု အထက်ဘုံကမ္ဘာကို သွားတော့မလို့လား”
ရန်ကျောက်ကဲက လက်တစ်ဖက်ကာပြရင်း...
“ဆရာဒေါ်လေးကလည်း... ကျွန်တော် အဲဒီလောက် အလျင်မလိုသေးပါဘူး ၊ ဒီမှာနေပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရဦးမယ် ၊ အထက်ဘုံကမ္ဘာကိုသွားဖို့ဆိုတာက ထင်သလောက် မရိုးရှင်းဘူး”
“အရင်ဆုံး ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ အခြေအနေ လုံးဝ တည်ငြိမ်အောင် ထိန်းကြရမယ် ၊ ပြီးတော့ အရှေ့ပင်လယ်စည်းတံဆိပ်ထဲကနေ အဖေပြန်ထွက်လာတာကိုလည်း စောင့်ရမယ် ၊ ဒါမှ အဖေနဲ့တိုင်ပင်ပြီး ရေရှည်စီမံကိန်းတစ်ခု ဆွဲနိုင်မယ်လေ”
သူက တစ်ချက်စဉ်းစားလိုက်ပြီး...
“ဒါပေမဲ့... အထက်ဘုံကမ္ဘာကိုသွားတာက နောက်ကျတာထက်ဆာရင် ခပ်စောစောသွားတာက ပိုကောင်းတယ် ၊ အဲဒီက အခြေအနေကို မြန်နိုင်သမျှမြန်မြန် နားလည်အောင် ကြိုးစားချင်တယ်”
ရန်ကျောက်ကဲက မျက်လုံးများကို အသာမှေးမှိတ်ရင်း...
“ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ အထက်ဘုံကမ္ဘာကို ရောက်သွားပြီဆိုတော့ အဲဒါက တကယ့်ပြဿနာကြီးပဲ ၊ ပိုပြီးအရေးကြီးတာက ထူးကဲယင်သရဖူလည်း အထက်ဘုံကမ္ဘာကို ပါသွားပြီ ၊ .. ဒီကိစ္စတွေကို လျစ်လျူရှုထားလို့ရတဲ့ကိစ္စတွေ မဟုတ်ဘူး”
ထူးကဲယင်သရဖူ မရှိတော့သည့်အတွက် ဖန်းယွင်ရှန်း၏မျက်နှာထက် စိတ်ပျက်အားလျော့သွားသည့်အမူအရာများ ထင်ဟပ်လာခြင်း မရှိပေ။ သူမက တည်ငြိမ်စွာပင် ခေါင်းညိတ်ပြသည်။
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“နောက်တစ်ခုက ကျွန်တော့်အမေက အထက်ဘုံကမ္ဘာက လာခဲ့တာပဲ ၊ ၊ သူ အခု အဲဒီကို ပြန်ရောက်နေပြီလား မပြောတတ်ဘူး ၊ အမေ့အကြောင်း အတိအကျ မသိရပေမယ့် ကျွန်တော် အမေ့ကို လိုက်ရှာချင်နေတာ ကြာပါပြီ ၊ အရင်က တစ်ခါမှရှာမတွေ့ခဲ့ပေမယ့် အခုတော့ မျှော်လင့်ချက်ရှိလာသလို ခံစားရတယ်”
ထိုစကားကိုကြားတော့ ဖူအန်းစုက တအံ့တသြဖြင့် လှည့်ကြည့်လာသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက မချိပြုံးပြုံးရင် ပခုံးတွန့်ပြလိုက်၏။
ရန်တိနှင့် ရွှယ်ချူးချင်တို့ဇာတ်လမ်းကို ယေဘူယျသိရှိထားကြသော ကျန်းခွန် ၊ ဖူအန်းစုနှင့် အခြားသူများအားလုံး အတော်လေး ထိတ်လန့်တခြား ဖြစ်သွားကြသည်။
ရန်ကျောက်ကဲက မျက်နှာကို ချက်ချင်းတည်လိုက်ပြီး...
“စကားမစပ်.. ဒုတိယဆရာဦးလေး အခြေအနေ ဘယ်လိုရှိလဲ”
ဟယ်နင်က...
“စောစောက ရန်သူနဲ့ ရင်ဆိုင်ရလို့ ကြယ်တာရာသန့်စင်ချီဝတ်ရုံကို အသုံးပြုလိုက်ရပေမယ့် ဖန်ကျွင်း ပြဿနာကြီးကြီးမားမားတော့ ရှိမယ် မထင်ပါဘူး ၊ ခုနပဲ သူ့ကိုသွားကြည့်တော့ ဒဏ်ရာပြင်းထန်ပေမယ့် အခြေအနေက အတော်လေး တည်ငြိမ်ပါတယ် ၊ သူ ဘယ်တော့မှ သတိရလာမလဲဆိုတာတော့ မပြောတတ်ဘူး”
ရန်ကျောက်ကဲက...
“ကျွန်တော် သူ့ကို သွားကြည့်လိုက်ဦးမယ်”
သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအပြင် ရန်ကျောက်ကဲကိုယ်တိုင်ကလည်း ကျင့်ကြံခြင်းအဆင့် မြင့်တက်လာပြီဖြစ်ရာ ဖန်ကျွင်းကို ဆေးကုသရန် နည်းလမ်းများစွာ အသုံးပြုနိုင်မည် ဖြစ်၏။
ဖန်ကျွင်းကို အတန်ကြာ ဆေးကုသပေးပြီးသည့်နောက် ချက်ချင်းပင် အကျိုးသက်ရောက်မှုရှိလာပြီး သူ့မျက်နှာက သွေးရောင်လွှမ်းလာပြီး အတော်လေး အခြေအနေတိုးတက်လာသည်။
ထို့နောက်မှာတော့...
ဝါဒတောင်က တိုက်ပွဲနောက်ဆက်တွဲရလဒ်များကို ကိုင်တွယ်ဖြေရှင်းရသည်။
နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ (၂)ခုလုံး ပျက်ဆီးသွားခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ အခြေအနေသည်လည်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မုန်တိုင်းထန်ပြီးနောက် ကမ္ဘာတစ်ခုလုံးက တုန်လှုပ်နေပြီး အရာရာကိုရင်ဆိုင်လက်ခံရန် မည်သူမှ အဆင်သင့်ဖြစ်မနေခဲ့ကြပေ။