ကြေးမုံအတွက် ငါ ဒီကို လာတာ
Vol. 105 Ch. 1468
သင်္ချိုင်းထဲ သွားလို့ရပြီဆိုသော သတင်းကို ကြားသည်နှင့်တစ်ပြိုင်နက် မန်ဟိုသည် ခေါင်းမော့လိုက်ပြီး သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားမှုတို့ တောက်ပနေသည်။ ထို့နောက် သူက ထရပ်သည်။
သင်္ချိုင်းထဲ နောက်တစ်ခေါက် ပြန်သွားနိုင်ဖို့ အရေးနှင့်ပတ်သက်၍ သည့်ထက်ပို သူ မမျှော်လင့်နိုင်တော့ပေ။ ဤတစ်ခေါက်တွင် သူ၏ပန်းတိုင်က တန်ခိုးရှင်စင်မြင့်မဟုတ်၊ ယခင်တစ်ခေါက်တုန်းက ကြေးမုံ၏မှန်ကွဲစကျသွားခဲ့သည့် နေရာပင်။
“တတိယမြေထု....” သူသည် အသက်ပြင်းပြင်းရှူလျက် အင်္ကျီလက်စခါကာ နဝမပါရာဂွန်မြို့အတွင်းမှ ပျောက်ကွယ်သွား၏။
ပြန်ပေါ်လာသောအခါ သူကား တစ်ဝက်ဂြိုဟ်၏ကြယ်တာရာကောင်းကင်ထက်၌ သင်္ချိုင်းသို့ ဦးတည်ပို့ဆောင်ပေးမည့် မန္တန်ဝင်္ကပါထံ သွားနေလေပြီ။
သူ ရောက်လျှင်ချင်း ကျန်ပါရာဂွန်များလည်း ရောက်ရှိလာသဖြင့် လေထုသည် ပုံပျက်ရှုံ့တွသွား၏။ ရွှေရောင်ဝတ်ကျင်ယွင်ရှန်းနှင့် ရှကျုံတုံးတို့လည်း အပါအဝင် အနှစ်သာရ ၉ ခုပါရာဂွန်များအား မြင်ရနိုင်သည်။
ကြိုတင်တိုင်ပင်ထားခြင်း မရှိသော်လည်း ဤတစ်ခေါက် မည်သူမှ ငယ်သားများ ခေါ်မလာပေ။ အရင်တစ်ခေါက်တုန်းက မြေထုဆီ မည်သို့သွားရမှန်း ရောရောရာရာ မသိခဲ့၍ ရှေ့ဆုံးမှသွားခိုင်းရန် ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သွားရမည့်လမ်းကို သေချာသိပြီဖြစ်သလို၊ နှစ်နှင့်ချီလည်း ပြင်ဆင်ပြီးထားသည့်အတွက် ... သူတို့အားလုံး ငယ်သားမခေါ်ရန် ယုံကြည်ချက်ရှိကြလေသည်။
အနှစ်သာရ ၉ ခုပါရာဂွန်အုပ်စုအနေဖြင့် တစ်ယောက်ကိုတစ်ယောက် မတွေ့သည်မှာ နှစ်များစွာကြာခဲ့လေပြီ။ ထိုနှစ် ဂိုဏ်းကို ပြန်ရောက်လာခဲ့ကတည်းက တစ်ယောက်မကျန် တံခါးပိတ်ကျင့်ကြံခဲ့ကြသည်မဟုတ်ပါလော။ ယခုတွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရင်း မည်မျှတိုးတက်လာခဲ့သလဲ လေ့လာနေကြ၏။
လူတိုင်း မန်ဟို့ကို အလွန်ရိုရိုကျိုးကျိုး ဆက်ဆံကြရသည်။ ဤခရီးသည် ဒုတိယခရီးဖြစ်၍ မန်ဟို၏အရေးပါမှုနှင့် သင်္ချိုင်းအတွင်းရှိ သူ၏ ဩဇာအာဏာကြောင့် အနှစ်သာရ ၉ ခုပါရာဂွန်တစ်ယောက်မှ သူ့အား ရန်စလိုစိတ်မရှိကြပေ။
ကျင်ယွင်ရှန်းလည်း ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်၍ ရှကျုံတုံးနှင့်အတူ မန်ဟို့ကို ရှောင်နေလေသည်။
လူစုံသည်ကို မြင်လျှင် ရှန့်ကွမ်းဟုန်က မေးသည်။ “ဂိုဏ်းချုပ်၊ စောစောက ကျုပ်တို့ သင်္ချိုင်းထဲမှာ ရက်ရှည်ရှည်နေလို့ ရမယ်လို့ ခင်ဗျားပြောခဲ့တယ်။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ”
ကျန်ရှိသူများလည်း တစ်ယောက်တစ်ခွန်း ထမေးကြသည်။
“ဟုတ်တယ် အဲဒီကိစ္စကို ရှင်းပြစမ်းပါဦး ဂိုဏ်းချုပ်”
“ရက်ရှည်ရှည်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲဒီမှာဖြစ်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်နိုင်မယ့် နည်းလမ်း ခင်ဗျားမှာ ရှိနေတာများလား’
ရှကျုံတုံးနှင့် ကျင်ယွင်ရှန်းပင်လျှင် ဂိုဏ်းချုပ်၏အဖြေကို နားစွင့်နေကြသည်။
မန်ဟိုကတော့ စိတ်ဝင်စားရုံသာ စိတ်ဝင်စားသည်။ တန်ခိုးရှင်စင်မြင့်သည် အခြားသူများအတွက် အကူညီဖြစ်ကောင်း ဖြစ်လိမ့်မည်၊ သူ့အတွက်တော့ လောလောဆယ် အသုံးမဝင်ပေ။
သူ့ကိုယ်ပွား နဝမမန္တန်အား အောင်မြင်စွာ ဖော်ဆောင်ပြီးနောက် သူနှင့်တစ်ယောက်တည်း ပြန်ပေါင်းစည်းသွားမည့်အချိန်အထိ စောင့်ဖို့ လိုသေးသည်။ ထိုအချိန်ကျလျှင် တန်ခိုးရှင်စင်မြင့်၏အရှိန်အဝါကို အခွင့်အကောင်းယူကာ မန္တန်ကိုးခုကို ပေါင်းစည်း၍ ကြေးမီးအိမ်အား ငြှိမ်းနိုင်မည့် စွမ်းအင်ကို စုဆောင်းရလိမ့်မည်။
ထိုအချိန်မတိုင်ခင်အထိ သင်္ချိုင်းနှင့်ပတ်သက်၍ သူ နည်းနည်းလေးမှ စိတ်မဝင်စားသည်သာ ... လောလောလတ်လတ် သူ ဂရုစိုက်သည်က ကြေးမုံ၏မှန်ကွဲစ ဖြစ်၏။
“အားလုံး စိတ်အေးအေးထားပါဗျာ” ဂိုဏ်းချုပ်က တဟားဟားရယ်ရင်း ပြောသည်။ “အခုထိ မရောက်သေးတဲ့ တာအိုရောင်ရင်းနောက်တစ်ယောက် ရှိသေးတယ်။ သူ ရောက်လာတာနဲ့ ကျုပ် အကုန်ရှင်းပြပေးပါ့မယ်” ဂိုဏ်းချုပ်၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ နှစ်နှင့်ချီပြင်ဆင်ပြီးနောက် သင်္ချိုင်းထဲ၌ ရက်ရှည်ရှည်နေနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက်အပြည့်အဝ ရှိလေသည်။
“ဘယ်သူလိုသေးတာလဲ” ကျင်ယွင်ရှန်းက မျက်လုံးများတောက်ပနေလျက် မေးသည်။ ကျန်ရှိသူများ၏မျက်နှာများထက်၌ သိနေသောအမူအရာများ ပေါ်လာ၏။ ဂိုဏ်းချုပ် ရည်ညွှန်းခဲ့သော လူကို အားလုံး သိနေသယောင်ပင်။
မန်ဟိုလည်း အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူတို့ထံ လာနေသော အလင်းတန်းတစ်တန်းကို မြင်သောအခါ မျက်လုံးများ တောက်ပလာသည်။ အလင်းတန်းသည် တကယ်တမ်း အလင်းတန်းမဟုတ်၊ မြူတန်းတစ်တန်း ဖြစ်၏။ မကြာမီ မြူများ ပြိုကွဲသွားကာ အမျိုးသမီးတစ်ယောက်အား ဖော်ပြလိုက်သည်။
ထိုအမျိုးသမီးသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဣန္ဒြေအပြည့်ဖြင့် ပြုံးနေ၏။ သူငယ်အိမ်များအား မမြင်ရသည့်တိုင်အောင် သူမ၏မျက်ဝန်းများတွင် မြူများ ပြည့်နှက်နေသယောင် ထင်ရသည်မှလွဲ၍ သူမကား အမျိုးသမီးအင်မော်တယ်တစ်ဦးနှင့် တူလေသည်။ မြူများက လူများ သူမ၏မျက်ဝန်းများကို မမြင်ရအောင် တမင်တကာ ဖုံးကွယ်ထားပုံရ၏။
“ဂါဝရပြုပါတယ် တာအိုရောင်ရင်းပိုင်” ပါရာဂွန်အုပ်စုသည် သူမကို လှမ်းမြင်လိုက်လျှင်ချင်း လက်ယှက်အရိုအသေပေးကြ၏။ ကျင်ယွင်ရှန်းနှင့် ရှကျုံတုံးပင် သူမအား လေးလေးစားစား ဆက်ဆံကြသည်။
ဤအမျိုးသမီးသည် အာကာပြင်ကျယ်ဂြိုဟ်၏ အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပညာရှင်လေးဦးအနက်မှ တစ်ဦး၊ မန်ဟို ယနေ့အထိ မြင်ခဲ့ဖူးသမျှထဲ အလျှို့ဝှက်ဆုံးအမျိုးသမီးဖြစ်၏။ သူမက ပထမသင်္ချိုင်းခရီးစဉ်တုန်းက လိုက်မပါလာခဲ့သော်လည်း ယနေ့ရောက်လာခဲ့သော .... ပိုင်ဝူချိန်ဆိုသည့် အမျိုးသမီးပင်။
သူမသည် အင်မော်တယ်တစ်ဦးသဖွယ် တင့်တယ်လှပစွာ ပျံဝဲနေတတ်သည့်အတွက် အာကာပြင်ကျယ်ဂြိုဟ်ပေါ်တွင် သူမအား အင်မော်တယ်ပိုင်ဝူချိန်ဟု ခေါ်ကြလေသည်။
မန်ဟို သူမကို ကြည့်လိုက်လျှင်ချင်း သူမကလည်း သူ့ကို လှမ်းကြည့်၍ နှစ်ယောက်သား အကြည့်ချင်းဆုံသွားသည်။ အကြည့်နှစ်ခုအကြား မြူများခံနေသော်လည်း မန်ဟိုက ဘာမှမပြောဘဲ ပြုံးပြုလိုက်၏။
ပိုင်ဝူချိန်က သူ့ကို ခေါင်းညိတ်ပြပြီး အကြည့်လွှဲသွားသည်။
“တာအိုရောင်ရင်းပိုင်” ဂိုဏ်းချုပ်က ပြောသည်။ “ခင်ဗျားကိုယ်တိုင် ဒီခရီးနဲ့အတူ လိုက်လာမှတော့ ကျုပ်တို့လည်း ယုံကြည်ချက်ပိုရှိပြီပေါ့ဗျာ” သူက တဟားဟားရယ်ပြီးနောက် ပါရာဂွန်အုပ်စုကို ကြည့်ကာ ပြင်ဆင်မှုများပြီးစီးဖို့ ဘာကြောင့်နှစ်နှင့်ချီ ကြာခဲ့ကြောင်း၊ သင်္ချိုင်းထဲ၌ စောင့်စားနေသော အန္တရာယ်ကို ရှောင်တိမ်းဖို့ မည်သို့အစီအစဉ်ချထားကြောင်း ရှင်းပြတော့သည်။
“နှစ်ပေါင်းများစွာတစ်လျှောက်လုံး သင်္ချိုင်းထဲ ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးကို ငါ သုံးသပ်ခဲ့ပြီး ရှေးမှတ်တမ်းတွေကိုလည်း လေ့လာခဲ့တယ်။ ငါ တစ်ခုအတပ်ပြောနိုင်လာတာက အဲဒီကမ္ဘာပျက်ကိန်းတစ်ခုလုံး သိပ်မကြာဘူးဆိုတာပဲ။ အလွန်ဆုံးဆယ်ရက်လောက်ပဲ ကြာတယ်
“ငါတို့လုပ်ဖို့လိုတာက အဲဒီဆယ်ရက်အတွင်း သင်္ချိုင်းထဲမှာ ဘယ်လိုအသက်ရှင်အောင် နေမလဲ အကြံထုတ်ဖို့ပဲ
“သင်္ချိုင်းထဲ ရောက်သွားတာနဲ့ အတုအယောင်ကမ္ဘာတစ်ခုဆိုပေမယ့်လည်း အထဲမှာသေရင် တကယ်လည်း သေမယ်မဟုတ်လား။ ဒါ့ကြောင့် သော့ချက်က အစစ်အမှန်ဟုတ်သလိုလို မဟုတ်သလိုလိုအခြေအနေ၊ အတုအယောင်ဟုတ်သလိုလို၊ မဟုတ်သလိုလိုအခြေအနေကို ရောက်သွားဖို့ပဲ
“အဲဒီကဏ္ဍမှာ တာအိုရောင်ရင်းပိုင်က ငါတို့ကို ကူညီပေးနိုင်တယ်။ မလုံလောက်သေးရင်တောင်မှ ငါ တခြားပြင်ဆင်မှုတွေလည်း လုပ်ထားပြီးပြီ” သူ စကားပြောနေစဉ် မည်သူမှ ဝင်မပြောသလို၊ မေးမြန်းခြင်းလည်း မရှိပေ။
ဂိုဏ်းချုပ်သည် ရှင်းပြပြီးနောက် မေးခွန်းမေးမည်ကို စောင့်မနေ။ သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဝါးအရွယ် လိပ်ခွံတစ်ခွံထွက်လာသည်။ လိပ်ခွံသည် အဖိုးတန်ရတနာပမာ ပြိုးပြိုးပြက်ပြက် လက်နေပြီး ဖိအားလှိုင်းများကိုပင် ထုတ်လွှတ်နေ၏။ ဂိုဏ်းချုပ် ၎င်းကို ကိုင်လိုက်သောအခါ သူ့လက်သည် ဤကမ္ဘာ၏တစ်စိတ်တစ်ပိုင်း မဟုတ်တော့သယောင်ပင်။ သူ့အသားကို မျက်စိဖြင့် မြင်နေရသော်လည်း နတ်ဘုရားအာရုံဖြင့် မခံစားရတော့ပေ။
“ဒီပစ္စည်းကို ပြင်ဆင်ဖို့ ငါ့အတွက် နှစ်နဲ့ချီ ကြာခဲ့တယ်” သူက ပြောသည်။
လိပ်ခွံပေါ်လာလျှင်ချင်း ကျန်ရှိသူများ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြ၏။
“အဲဒီပစ္စည်း...”
“ဂိုဏ်းချုပ် ... သေချာလို့လား။ ဒီကိစ္စက ပေါ့ပေါ့လေးလုပ်လို့ မရဘူးနော်”
“ဒီပစ္စည်းက အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းစောင့်အဖိုးထိုက်ရတနာ” ဂိုဏ်းချုပ်က အတန်ငယ်အက်ကွဲသောအသံဖြင့် ပြောသည်။ “ပုံမှန်ဆို ဒီပစ္စည်းဟာ ချီစီးကြောင်းတစ်ကြောင်းကို ဖိနှိပ်ဖို့ အသုံးပြုခံရပေမယ့် လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ငါ့နှလုံးသွေးနဲ့ ချီစီးကြောင်းကို သေချာဖိနှိပ်ထားခဲ့တယ်။ ဒါ့ကြောင့် နှစ်သုံးဆယ်အတွင်း ဂိုဏ်းစောင့်အဖိုးထိုက်ရတနာကို အဲဒီအတွက် လိုအပ်မှာမဟုတ်ဘူး။ ငါ အာမခံနိုင်တယ်
“ဒီပစ္စည်းရယ်၊ တာအိုရောင်ရင်းပိုင်ရဲ့ မှော်သိုင်းကွက်နဲ့ဆို ကမ္ဘာပျက်ကိန်းကို ရှောင်နိုင်မယ်လို့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်။ ဒါ့အပြင် တာအိုရောင်ရင်းပိုင်က သင်္ချိုင်းနဲ့ပတ်သက်ပြီး ငါ့လိုပဲ ထဲထဲဝင်ဝင် လေ့လာထားပြီးသား။ တတိယမြေထုမှာ ကမ္ဘာပျက်ကိန်းရဲ့ သက်ရောက်မှုတွေ သိသိသာသာ လျော့နည်းနေတဲ့ နေရာတစ်ခုရှိတဲ့အကြောင်း ရှေးမှတ်တမ်းတွေမှာ ဖော်ပြထားတာ သူ တွေ့ခဲ့တယ်
“ငါလည်း အဲဒီမှတ်တမ်းကို ဖတ်ဖူးတယ်။ ငါ မှတ်မိတာမှန်ရင် ကမ္ဘာပျက်စီးအားကို ခုခံနေတဲ့အားတစ်ရပ် အဲဒီမှာရှိနေတယ်။ ဒါ့ကြောင့် အဲဒီနေရာမှာပဲ တာအိုရောင်ရင်းပိုင်ရဲ့ မှော်သိုင်းကွက်ကို အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အဖိုးထိုက်ရတနာနဲ့အတူ သုံးမယ်။ ဒါဆို ငါတို့ အောင်မြင်နိုင်ခြေက ကိုးဆယ်ရာခိုင်နှုန်း ကျော်သွားမယ်” လူတိုင်း ဂိုဏ်းချုပ်၏စကားကို နားထောင်နေစဉ် မန်ဟို၏မျက်လုံးများသည် မသိမသာ လင်းလက်သွား၏။
ထို့နောက် အသေးစိတ်ဆွေးနွေးကြသည်။ အကုန်လုံးညှိနှိုင်းပြီးနောက် ထင်ထားသည့်အတိုင်း ဖြစ်မလာလျှင်ဆိုသည့် အခြေအနေအတွက်လည်း လိုရမယ်ရ အစီအစဉ်ဆွဲပြီးသော် နေရာရွှေ့ပြောင်းခြင်းဝင်ပေါက် အသက်သွင်းခံလိုက်ရသည်။
မန်ဟိုသည် ဝင်ပေါက်အတွင်း၌ စောင့်နေစဉ် ဂိုဏ်းချုပ် ပြောခဲ့သည့်အရာကို ပြန်တွေးနေ၏။ ဂိုဏ်းချုပ်ပြောသည့်နေရာမှာ မှန်ကွဲစနှင့် ဆက်စပ်နေမည်ဟု သူ ခံစားနေရလေသည်။
သူ စဉ်းစားနေသည့်အချိန်အတွင် မန္တန်ဝင်္ကပါ၏အလင်းရောင်သည် စတင်မြင့်တက်သွား၏။ ထိုအခိုက်၌ သူက ကျင်ယွင်ရှန်းကို လှမ်းကြည့်လိုက်ရာ ထိုလူလည်း သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကျင်ယွင်ရှန်းသည် ချက်ချင်း တုန်ရီသွားပြီး စိတ်မသက်မသာ ဖြစ်လာတော့သည်။ သူနှင့် မန်ဟိုအကြား ကတောက်ကဆဖြစ်ခဲ့သော ပဋိပက္ခများကို ပြန်တွေးမိပြီး သူတို့ သင်္ချိုင်းထဲ ပြန်သွားနေသည့်အချက်ကို ထည့်တွက်ရင်း ကျင်ယွင်ရှန်းသည် အံတင်းတင်းကြိတ်လိုက်၏။ ထို့နောက် မန္တန်ဝင်္ကပါ အပြည့်အဝအသက်မဝင်ခင် သူက မန်ဟိုရှိရာသို့ လျှောက်သွားလေသည်။
လူတိုင်း တအံ့တဩကြည့်နေကြပြီး ဂိုဏ်းချုပ်နှင့် ရှကျုံတုံးမှာတော့ ရင်ခုန်လာသည်။ မန်ဟို့မျက်လုံးများက သွေးအေးအေးတောက်ပလာ၏။
ရုတ်တရက် ကျင်ယွင်ရှန်းက ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်ရာ သိုလှောင်လက်ကောက်တစ်ကွင်း ပေါ်လာသည်။ သူက မျက်နှာထားတည်တည်ဖြင့် ၎င်းအား မန်ဟို့ထံ လှမ်းပစ်ပေးသည်။
မန်ဟိုသည် လက်ကောက်ကို ဖမ်းပြီး အထဲကို ကြည့်လိုက်ရာတွင် မျက်နှာအမူအရာတစ်မျိုး ဖြစ်သွား၏။ သိုလှောင်လက်ကောက်အတွင်း၌ စိတ်ဝိညာဉ်ကျောက်တုံးများ ၊ ဆေးလုံးများသာမက အမျိုးမျိုးသော အံ့ဖွယ်မှော်ပစ္စည်းများ ပြည့်သိပ်နေလေသည်။
တောင်ပင်လယ်လောကနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးနှင့် ကြုံတွေ့ခဲ့ရသည့် တခြားကိစ္စများကြောင့် မန်ဟို၏စိတ်နေစိတ်ထားသည် အတော်လေး ပြောင်းလဲသွားခဲ့၏။ သို့သော် ဘယ်တော့မှ ပျောက်ကွယ်သွားမည်မဟုတ်သည့် ၊ သူ့အရိုးထဲစွဲနေသော အကျင့်တချို့လည်း ရှိသေးလေသည်။ သိုလှောင်လက်ကောက်ကို ကြည့်ပြီးနောက် မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပသွားပြီး သူက ပြုံးသည်။
မန်ဟို့အပြုံးကို မြင်မှ ကျင်ယွင်ရှန်းမှာ စိတ်သက်သာရာရသွားလေသည်။
အသက်အာမခံပေးလိုက်ခြင်းကြောင့် စောင့်ကြည့်နေသူအားလုံး၏ မျက်လုံးများ ထူးဆန်းသွားသည်ကို သူ အရေးမစိုက်နိုင်။ သင်္ချိုင်းမှ ပြန်ရောက်လာခဲ့သည့် အရင်တစ်ခေါက်က မန်ဟို သူ့အား မနှစ်မြို့သလို ကြည့်ပြီးနောက် ရန်ရှာခဲ့သည်ကို သူ ဘယ်တော့မှ မေ့မရပေ။ ထိုအချိန်တုန်းက သူ လျော်ကြေးမည်မျှပေးခဲ့ပြီးကြောင်း အော်ပြောလိုက်သောအခါ မန်ဟို့မျက်နှာတွင် ရှက်ကိုးရှက်ကန်းအမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့၏။
“မင်း ဘယ်လောက်ပဲ ဖုံးဖိဖုံးဖိ” သူက တွေးသည်။ “ငါ့မီးမျက်လုံးက မင်းရဲ့လောဘကို မြင်နိုင်တယ်ကွ ဟမ့်။ အခု မင်းကို သိုလှောင်လက်ကောက်တစ်ကွင်း ပေးပြီးပြီ။ ငါ့ကို ရန်ရှာချင်သလိုထပ်ကြည့်ရင်တော့ မင်းလွန်မလာအောင် ငါ အော်ပြောရမှာပဲ။ ထိန်းမနိုင်သိမ်းမရဖြစ်လာရင်တော့ .. မင်းအတွက် နောက်ထပ်သိုလှောင်လက်ကောက်ငါးကွင်း ပြင်ထားပြီးသား။ ဒီတစ်ခေါက် မင်းကို ငါ မကိုင်တွယ်နိုင်ဘူး မထင်နဲ့” ကျင်ယွင်ရှန်းသည် ဤသို့ကြိတ်တွေးနေသော်လည်း ထုံးစံအတိုင်း မာနကြီးတစ်ခွဲသားနှင့် မေးမော့ထား၏။
မန်ဟိုက သူ့ကို အထူးအဆန်းသဖွယ် ကြည့်နေသော အကြည့်များကြောင့် ရှက်ကိုးရှက်ကန်း ချောင်းဟန့်လိုက်သည်။ ထိုသို့အကြည့်မခံခဲ့ရသည်မှာ ကြာခဲ့လေပြီ။
ဂိုဏ်းချုပ်နှင့် ရှကျုံတုံးမှာ တစ်ယောက်ကိုတစ်ယောက် တအံ့တဩ ကြည့်လိုက်ကြသော်လည်း ဘာတစ်ခွန်းမှမပြောပေ။ အင်မော်တယ်ပိုင်ဝူချိန်မှာတော့ အထူးအဆန်းဖြစ်နေသောအမူအရာဖြင့် ကျင်ယွင်ရှန်းကို အရင်ဆုံးကြည့်သည်။ ထို့နောက် မန်ဟို့ကို ကြည့်သည်။
ကျန်အနှစ်သာရ ၉ ခုပညာရှင်များမှာ ဘာပြောရမှန်းပင် မသိတော့ပေ။
အတန်ကြာသော် မန္တန်ဝင်္ကပါ၏အလင်းရောင်သည် တိမ်တိုက်များထက်သို့ မြင့်တက်သွားပြီး ပါရာဂွန်အုပ်စု ပျောက်ကွယ်သွား၏။ သူတို့ပြန်ပေါ်လာသောအခါ သင်္ချိုင်းအပြင်နယ်နိမိတ်၏ အစပ်နားတွင် ဖြစ်သည်။
အဝေးမှကြည့်ပါက သင်္ချိုင်းသည် ယခင်တစ်ခေါက်တုန်းက အတိုင်းပင်။ အဆုံးမရှိသော အပျက်အစီးများနှင့် မြေထုကြီးကိုးခု .... တိတ်ဆိတ်မှုအပြည့်ဖြင့် ရှေးဆန်မြဲရှေးဆန်လျက်၊ အထီးကျန်မြဲအထီးကျန်နေလျက်...
မန်ဟိုသည် ပေါ်လာလျှင်ချင်း ပတ်ဝန်းကျင်ရှိ အအေးဓာတ်နှင့် ကြေးမီးအိမ်၏ တုံ့ပြန်မှုကို ခံစားလိုက်ရ၏။ ထပ်မံ၍ တစ္ဆေများကို ထိန်းချုပ်နိုင်ကြောင်း သူ အာရုံရလိုက်သည်။
“ဒီနေရာမှာ ... ငါက ဧကရာဇ်ပဲ။ ငါ ဒီကိုလာတဲ့ အကြောင်းရင်းကတော့ ကြေးမုံအတွက်” မန်ဟိုက မျက်လုံးများပိတ်လိုက်ပြီး သင်္ချိုင်းထဲရှိ တစ္ဆေစစ်တပ်ကြီးထံမှ ဂါဝရပြုနှုတ်ဆက်သံကို ကြားလိုက်ရလေသည်။