ကတောက်ကဆ
Vol. 105 Ch. 1469
အင်မော်တယ်ပိုင်ဝူချိန်မှလွဲ၍ ပါရာဂွန်အုပ်စုသည် သင်္ချိုင်းထဲ၌ ပေါ်လာလျှင်ချင်း မန်ဟို့ကို လှည့်ကြည့်ကြ၏။
ဂိုဏ်းချုပ်က လက်ယှက်ကာ မန်ဟို့အား အရိုအသေပေးသည်။
မန်ဟိုက မျက်လုံးများတောက်ပနေလျက် ခေါင်းညိတ်လိုက်၏။ ဤတစ်ခေါက် သင်္ချိုင်းကို သူ လာခဲ့သည့် ရည်ရွယ်ချက်သည် ထင်ရှား၏။ တတိယမြေထုသို့ သွား၍ ကြေးမုံ၏မှန်ကွဲစကို သူ ရှာချင်သည်။ တခြားလူတွေ ဘာလုပ်လုပ် သူ ဂရုမစိုက်သည်သာ။ အမှန်တွင် အားလုံးနှင့် လမ်းခွဲသွားလိုလေသည်။
ထိုသို့ဆိုလျှင် တစ်လတည်းနှင့် ကိစ္စပြတ်လိမ့်မည်။ သူတို့နှင့် ကမ္ဘာပျက်ကိန်းကို အတူခံစားကျော်လွှားဖို့လည်း လိုအပ်မည်မဟုတ်။
ရုတ်တရက် သူ၏တတိယမျက်လုံး ပွင့်လာပြီး သူ ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ အပျက်အစီးများကား လုံးဝပြောင်းလဲသွားလေပြီ။
မန်ဟိုသည် မဆိုင်းမတွ ရှေ့တက်သွား၏။ လူတိုင်းလည်း ပို၍အေးစိမ့်လာသည်ကို ခံစားလိုက်ရ၍ နောက်မှလိုက်လာကြသည်။ အေးစိမ့်လာသည့်အချက်က မရေမတွက်နိုင်သောတစ္ဆေများ သူတို့ကို ဝိုင်းနေပြီဟု ဆိုလိုလေသည်။ သို့သော် မန်ဟို၏တည်ငြိမ်အေးဆေးသော ဟန်ပန်က သူတို့အားလုံးကို စိတ်သက်သောင့်သက်သာ ရှိစေသည်။
အင်မော်တယ်ပိုင်ဝူချိန်၏ တုံ့ပြန်မှုကတော့ မတူပေ။ သူမသည် ဖြစ်ကြောင်းကုန်စင် သဘောပေါက်သွားသဖြင့် မျက်လုံးများ ထူးဆန်းစွာတောက်ပလာပြီး မန်ဟို့ကို အတွေးများဖြင့် လှမ်းကြည့်၏။
အချိန်တွေ ကုန်လွန်သွားသည်။ ယခင်က သင်္ချိုင်းကို ဖြတ်သွားဖို့ နှစ်ရက်ကြာခဲ့သော်လည်း ဤတစ်ခေါက်တွင် နှစ်နာရီတည်းနှင့် ပထမမြေထုဆီ သွယ်တန်းနေသော တံတားထံ ရောက်လာခဲ့ကြလေပြီ။
တံတားနှင့် ရင်းနှီးနေပြီဖြစ်သည့်အတွက် သူတို့သည် ၎င်းအား လျင်လျင်မြန်မြန် ဖြတ်လာနိုင်ခဲ့ကြ၏။ နောက်နှစ်နာရီခန့်ကြာသော် ပထမမြေထုအပေါ် ခြေချနိုင်သွားသည်။
ပထမမြေထုအပေါ် ပြန်ရောက်လာသည့်အခါ အကုန်လုံး စိတ်လှုပ်ရှားစပြုလာကြသည်။ မန်ဟိုကမူ ရပ်ပင်မရပ်ဘဲ ပထမမြေထုနှင့် ဒုတိယမြေထုအား ဆက်သွယ်ထားသော နေရာသို့ အလျင်စလို ထွက်သွား၏။
ဂိုဏ်းချုပ်က သူ မည်မျှစိတ်စောနေမှန်း မြင်သော်လည်း တခဏတွန့်ဆုတ်နေပြီးနောက် ပြောသည်။ “တာအိုရောင်ရင်းနဝမပါရာဂွန် ခဏနေပါဦး။ ဒုတိယမြေထုကို အလျင်စလိုသွားစရာမလိုပါဘူး။ တာအိုရောင်ရင်းပိုင်ဝူချိန်ကို သလွန်ပေါ်မှာ ညဏ်အလင်းရှာနိုင်အောင် အချိန်နည်းနည်းပေးကြစို့လား။ မပူပါနဲ့ အချိန်တွေအများကြီး ရှိပါသေးတယ်”
မန်ဟိုက မျက်မှောင်ကြုတ်ပြီးနောက် ဦးတည်ရာပြောင်းကာ မြေထု၏အလယ်ဗဟိုသို့ တန်းတန်းမတ်မတ် ထွက်သွားသည်။ နေ့ဝက်ခရီးနှင်ပြီးသော် ပိုင်ဝူချိန်သည် တန်ခိုးရှင်စင်မြင့်အပေါ် တက်လိုက်၏။ မန်ဟိုက စိတ်စောနေသောမျက်ဝန်းများဖြင့် တတိယမြေထုကို လှမ်းကြည့်နေလေသည်။
ခုနစ်ရက်ကြာပြီးနောက် အင်မော်တယ်ပိုင်ဝူချိန်သည် ဉာဏ်အလင်းရှာနေဆဲဖြစ်၏။ ထိုအခြင်းအရာက မန်ဟို့ကို အာရုံစိုက်မိလိုက်စေသည့်တိုင် သူမအား ကြည့်ရုံမျှသာ ကြည့်လေသည်။ ရှစ်ရက်ကြာသွားသည်။ ကိုးရက်မြောက်နေ့တွင် ပိုင်ဝူချိန်မှာ ဆတ်ခနဲ တုန်ရီသွားပြီးနောက် မျက်လုံးများတစ်မျိုးတစ်မည် တောက်ပနေလျက် ဖြည်းညင်းစွာ ထလာသည်။ သူမက မန်ဟို့ကို ခေတ္တကြည့်ပြီးနောက် အကြည့်လွှဲသွား၏။
ပိုင်ဝူချိန် ဉာဏ်အလင်းရှာပြီးသောအချိန်တွင် ဂိုဏ်းချုပ်ပင် စိတ်စောလာသည်။ နောက်ထပ်နေ့ဝက် ခရီးနှင်ပြီးသည့်အခါ ဒုတိယမြေထုနှင့် ပထမမြေထုအား ဆက်သွယ်ထားသောနေရာသို့ သူတို့ ရောက်လာကြသည်။
ဤနေရာတွင် တံတားမရှိ။ လှေကားတစ်စင်းသာ ကြယ်တာရာကောင်းကင်ထဲ၌ ပျံဝဲနေသည်။
လှေကား၏အောက်တွင်တော့ ပိတ်ပိန်းနေသည့် အမှောင်ထုအပြင် တခြားမရှိ။ ထိုအမှောင်ထုထဲမှ ပဲ့တင်ထပ်နေသောဟိန်းဟောက်သံများကို ကြားနေရ၏။
ဂိုဏ်းချုပ်က လှေကားကို သတိရှိရှိကြည့်သည်။ “ဒီလှေကားတွေက တံတားထက်တောင် ပိုအန္တရာယ်များတယ်။ ငါတို့....” သူစကားပြောရုံရှိသေး၊ မန်ဟိုက တတိယမျက်လုံးကို ဖွင့်လိုက်သည်။
ပိုင်ဝူချိန်ကြောင့် အချိန်များစွာဖြုန်းခဲ့ပြီးပြီးဖြစ်သည့်အတွက် မန်ဟို့အတွက် လုပ်စရာရှိသည့်ကိစ္စများလုပ်ရန် အချိန်နည်းသွားသည်။ ထို့အပြင် ကမ္ဘာပျက်ကိန်းကို တောင့်ခံဖို့ ဤနေရာတွင်လည်း သူ မနေချင်။ တတိယမျက်လုံးပွင့်လာသည်နှင့် သူသည် လက်နှစ်ဖက်လုံးကို လေပေါ် မြှောက်ပြီးနောက် နတ်ဘုရားအာရုံအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်၏။
ချက်ချင်းဆိုသလို ပထမမြေထုအပေါ်ရှိ တစ္ဆေများသည် သက်ရှိများမကြားရသော ကြောက်ခမန်းလိလိအော်သံများကို ထုတ်လွှတ်လိုက်၏။ တစ္ဆေအားလုံး လေပေါ်ပျံတက်၍ မန်ဟိုရှိရာသို့ အရပ်လေးမျက်နှာမှ အပြေးအလွှားလာနေကြသည်။ ပထမမြေထု၏အပြင်ရှိ တစ္ဆေများပင် မကျန်ပေ။
မကြာမီ အအေးဓာတ်သည် ပို၍ပင်စိမ့်လာပြီး မြေပြင်များ ရေခဲကုန်သဖြင့် အက်ကွဲသံများ ကြားလာရ၏။ အဆုံးမရှိသော တစ္ဆေများက လေဆင်နှာမောင်းကြီးသဖွယ် မန်ဟို့ကို လှည့်ပတ်ပျံသန်းနေကြသည်။ လူတိုင်း ထိတ်လန့်သွားကြ၏။ ကျင်ယွင်ရှန်းမှာတော့ အယောင်ယောင်အမှားမှားဖြင့် သိုလှောင်လက်ကောက်တစ်ကွင်း ထုတ်လိုက်မိလေသည်။
အင်မော်တယ်ပိုင်ဝူချိန်က မန်ဟို့ကို လှမ်းကြည့်သည်။
“ကျုပ်နောက်က လိုက်ခဲ့” မန်ဟိုက ရှေ့သို့လက်ညှိုးထိုးရင်း ပြောသည်။ သူ၏နတ်ဘုရားအာရုံက ပတ်ဝန်းကျင်ရှိ တစ္ဆေများကို ဟိန်းဟောက်လိုက်စေသည်။ မန်ဟိုနှင့် အခြားသူများ လှေကားထစ်အတိုင်း တက်နေစဉ် တစ္ဆေတို့သည် သူတို့အား ဝိုင်းရံထား၏။
တစ္ဆေများကိုသာ မြင်နိုင်လျှင် ပါရာဂွန်အုပ်စုကို လှေကားထစ်များအတိုင်း သယ်ဆောင်ရင်း ဟိန်းဟောက်နေသော တစ္ဆေအုပ်လိုက်ကြီးအား တွေ့ရလိမ့်မည်။ ထိုတစ္ဆေများကြောင့် အန္တရာယ်အများဆုံးဖြစ်တည်မှုများပင် အနားကပ်မလာနိုင်ပေ။
သူတို့အကုန်လုံး လှေကားထစ်အပေါ်ဆုံးသို့ တက်ပြီးနောက် ဒုတိယမြေထုအပေါ် ခြေချနိုင်ရန် တခဏသာ ကြာလိုက်သည်။
ဆင်းသက်လိုက်လျှင်ချင်း ဂိုဏ်းချုပ်နှင့်အခြားသူများ စိတ်ပင်မလှုပ်ရှားနိုင်ခင် မန်ဟိုသည် လေပေါ်ပျံတက်ပြီးနောက် တတိယမျက်လုံးဖြင့် ဒုတိယမြေထုအား ကြည့်ရှု၏။ ထို့နောက် သူ၏နတ်ဘုရားအာရုံမှတစ်ဆင့် အမိန့်တစ်ခုထုတ်ပြန်လိုက်သည်။
သူ့ကိုယ်ထဲရှိ ကြေးမီးအိမ်သည် လင်းထိန်နေပြီး ဒုတိယမြေထုအပေါ်ရှိ အဆုံးမဲ့အပျက်အစီးများအတွင်းရှိ တစ္ဆေများမှာ တုန်ရီလာကြပြီး မော့ကြည့်လိုက်ကြသည်။ မန်ဟို၏ခေါ်သံက ၎င်းတို့အား တဆတ်ဆတ် တုန်ရီလာစေလေသည်။
“ဧကရာဇ် ငါတို့ကို ခေါ်နေတယ်....”
“ဧကရာဇ် ငါတို့ကို ဆင့်ခေါ်နေပြီ...”
“အဲဒါက ဧကရာဇ်ရဲ့ အရှိန်အဝါပဲ...” ထိုတီးတိုးရေရွတ်သံများကို မည်သူမှမကြားနိုင်သော်လည်း တစ္ဆေများ ဟိန်းဟောက်၍ မန်ဟို့ထံ ပျံသန်းလာကြသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေသည်။
မန်ဟိုက အရှိန်နည်းနည်းမှမလျှော့။ ပထမမြေထုနှင့် ဒုတိယမြေထုမှ တစ္ဆေအားလုံးကို သူ့အား ပင့်မသယ်ဆောင်ခွင့်ပေးလိုက်ရာ သူ၏အမြန်နှုန်းသည် ပို၍ကြောက်စရာကောင်းလာ၏။ ထိုအချိန်တွင် သူ၏အသံက ကျန်ရှိသူများ၏နားထဲတွင် ပဲ့တင်ထပ်ကျန်ခဲ့သည်။
“တာအိုရောင်ရင်းတို့၊ တန်ခိုးရှင်စင်မြင့်မှာ ကျုပ်မပါဝင်တော့ဘူး။ တတိယမြေထုနဲ့ပတ်သက်ပြီး ကျုပ်မှာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခု ရှိလို့ပါ။ ခင်ဗျားတို့ ဉာဏ်အလင်းရှာပြီးရင် အဲဒီကိုပို့ပေးဖို့ ပြန်လာခေါ်ပေးပါ့မယ်” ထို့နောက် သူက အရှိန်တင်သည်။ သို့သော် ထိုအခိုက်အတန့်မှာပဲ အင်မော်တယ်ပိုင်ဝူချိန်က ရိပ်ခနဲ ပျောက်ကွယ်သွား၏။ ပြန်ပေါ်လာသောအခါ သူမကား မန်ဟို့အရှေ့တွင် ဖြစ်ပြီး မြူထုတစ်ခုကို သူ့လမ်းကို ပိတ်လျက် တဖွေးဖွေးလှုပ်နေသည်။
“တာအိုရောင်ရင်းနဝမပါရာဂွန်” သူမက ပြောသည်။ “တတိယမြေထုက အင်မတန် အရေးပါ,ပါတယ်။ ရှင့်မှာ ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စပဲ ရှိရှိ၊ တစ်ယောက်တည်းမသွားတာတော့ အကောင်းဆုံးပဲ။ ကျွန်မတို့ ဉာဏ်အလင်းရှာပြီးတဲ့အထိ မစောင့်ပေးနိုင်ဘူးလား။ ပြီးရင် အတူတူသွားနိုင်ပြီပဲမဟုတ်လား”
မန်ဟိုက တုံ့ခနဲ ရပ်၍ သူမအား မျက်မှောင်ကြုတ်လျက် ကြည့်သည်။ ဤအင်မော်တယ်ပိုင်ဝူချိန်နှင့် ဘာအကန့်မှမရှိခဲ့သလို၊ ရန်ငြိုးလည်းမရှိခဲ့ပေ။ သို့သော် သူမက ကောက်ကာငင်ကာ ရိုင်းပျနေသည်။
ယခင်ခရီးတုန်းက ကျင်ယွင်ရှန်း သူ့အား မည်ကဲ့သို့တိုက်ခိုက်ခဲ့သည်ကို ပြန်တွေးပြီးသောအခါ မန်ဟို၏မျက်လုံးများက အတွေးများဖြင့် တောက်ပလာသည်။
အတန်ငယ်ဒေါသထွက်သွား၍ သူ့အသံတွင် စိတ်မရှည်မှုတို့ ပေါ်လွင်နေ၏။ “ဒီမှာ ခင်ဗျား ဘာပဲခံစားရခံစားရ၊ ဘာကိုပဲမြင်ခဲ့မြင်ခဲ့ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ်က ဘယ်လိုကောင်လဲဆိုတာတော့ မမေ့နဲ့။ ခင်ဗျား ကျုပ်ကို ရန်မစရင် ကျုပ်လည်း ခင်ဗျားကို မထိဘူး”
လူတိုင်းမတုံပြန်နိုင်ခင် ကျင်ယွင်ရှန်းက စိတ်ထဲတွင် လှောင်သလို ရယ်လိုက်သည်။ သင်္ချိုင်းမှပြန်လာလာချင်း မည်သူက မည်သူ့ကို အရင်ရန်စခဲ့တာလဲ သူ မန်ဟို့ကို အမှန်တကယ်မေးလိုက်ချင်၏။ မန်ဟို့အား ယခု စိတ်မကြည်ဘူးလားဟုလည်း မေးချင်သည်။
ကျင်ယွင်ရှန်းပြောနိုင်သလောက် အင်မော်တယ်ပိုင်ဝူချိန်လည်း သူ အရင်တစ်ခေါက်က ခံစားခဲ့ရသလို မန်ဟို့ကို သတ်ခိုင်းနေသော အာကာပြင်ကျယ်ဂိုဏ်းချုပ်၏စိတ်ဆန္ဒကို ခံစားခဲ့ရခြင်းဖြစ်မည်။
ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်၍ ဝင်ဖြန်ဖြေပေးရန် ပြင်၏။ သို့သော် မန်ဟိုက ဤအခိုက်အတန့်တွင် သည်းခံလိုစိတ်နည်းပါးနေ၍ ရှေ့တစ်လှမ်းတက်လိုက်သည်။ အင်မော်တယ်ပိုင်ဝူချိန်က အေးစက်စွာ ပြုံးလျက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူမ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားက မန်ဟို့လမ်းကို ပိတ်လိုက်သည့် လေပွေတစ်လုံးဖြစ်သွား၏။
“ဖယ်စမ်း” မန်ဟိုက အင်္ကျီလက်စခါလျက် ကြိမ်းမောင်းသည်။ ပတ်ဝန်းကျင်ရှိ တစ္ဆေများက စူးစူးဝါးဝါးဟစ်အော်ရင်း အင်မော်တယ်ပိုင်ဝူချိန်ထံသို့ လေဆင်နှာမောင်းကြီးသဖွယ် ပြေးဝင်သွားကြ၏။ တဝုန်းဝုန်းပေါက်ကွဲသံများ ဆူညံသွားပြီး ပိုင်ဝူချိန်၏မျက်နှာ အတန်ငယ်ဖြူလျော်သွားသည်။ သူမအတွက် နောက်ဆုတ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။
ထိုအခါ မန်ဟိုသည် သူမဘေးမှ ဝှစ်ခနဲ ဖြတ်ကာ အဝေးသို့ တဟုန်ထိုး ထွက်သွားတော့၏။
“ဂိုဏ်းချုပ်၊ တာအိုရောင်ရင်းတို့” အင်မော်တယ်ပိုင်ဝူချိန်က ပြောသည်။ “တတိယမြေထုက ကျွန်မတို့အတွက် ပျက်ကိန်းကို ရင်ဆိုင်နိုင်ဖို့ရာမှာ အင်မတန် အရေးကြီးပါတယ်။ သူ့ကြည့်ရတာလည်း တစ်ယောက်တည်းသွားရမယ့် အကြောင်းရင်းတွေ ရှိနေတယ်တူပါရဲ့။ ကျွန်မကိုယ်တိုင် လိုက်မစုံစမ်းရင် စိတ်အေးအေးထားနိုင်မှာ မဟုတ်ပါဘူး” သူမသည် ကျန်အုပ်စုကို အဖက်မလုပ်တော့ဘဲ မန်ဟို့နောက် ထပ်ကြပ်မကွာ လိုက်သွားတော့၏။
ပိုင်ဝူချိန်၏မျက်လုံးများက ထူးခြားစွာ တောက်ပနေသည်။
ကျင်ယွင်ရှန်း အတွက်မှားခဲ့ပုံပင်။ အာကာပြင်ကျယ်ဂိုဏ်းချုပ်၏ စိတ်ဆန္ဒကြောင့် မန်ဟို့လမ်းကို ပိုင်ဝူချိန် ပိတ်ခဲ့ခြင်းမဟုတ်။ တကယ်တော့ သူမ သင်္ချိုင်းထဲ လာခဲ့သည့် အကြောင်းရင်းအစစ်မှာ တတိယမြေထုတွင် ရှိသော ပစ္စည်းတစ်ခုကို ရယူလို၍ပင်။
ထိုပစ္စည်းသည် သူမအတွက် အလွန်အရေးပါ၏။ ၎င်းကြောင့် သူမသိုလှောင်အိတ်ထဲရှိ တစ်စုံတစ်ခုက အခိုးအငွေ့များကို ထုတ်လွှတ်နေလေသည်။
မည်သူမှ မသိသော်လည်း ဂိုဏ်းချုပ် အကူအညီမတောင်းလျှင်တောင် ပိုင်ဝူချိန်သည် သင်္ချိုင်းထဲ ဝင်ခဲ့ဦးမည်ဖြစ်၏။ ယခင်ခရီးစဉ်နှင့်ပတ်သက်၍ အခြားသူများမှ သိရှိခဲ့သော အချက်အလက်များအရ ထိုအုပ်စု ရရှိခဲ့သောအကျိုးအမြတ်သည် အရှေ့ခရီးစဉ်များထက် များစွာကြီးမားကြောင်း သူမ သိခဲ့ရ၏။
ဆိုလိုသည်က သူမအလိုရှိသော ပစ္စည်းကို ရယူနိုင်ခြေ များလိမ့်မည်။ ထို့ကြောင့်လည်း သူမသည် ပါရာဂွန်အုပ်စုအား တတိယမြေထုအပေါ်၌ ကမ္ဘာပျက်ကိန်းကို ရင်ဆိုင်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်၏။ သို့သ်ော သင်္ချိုင်းထဲ ရောက်လာပြီးနောက်မှ မန်ဟိုနှင့်စပ်လျဉ်းပြီး သူမ တစ်မျိုးခံစားလာခဲ့ရသည်။
သူ၏ပန်းတိုင်က သူမနှင့်ဆင်နေသည်... သို့မဟုတ် ထပ်တူကျနေသည်ဟုပင် သူမ ခံစားနေရလေသည်။
ထို့ကြောင့် သူမသည် ချက်ချင်း လှုပ်ရှား၍ သူ့အနောက် လိုက်ခဲ့ခြင်းဖြစ်၏။ ဂိုဏ်းချုပ်လည်း တစ်ခုခုကို ရိပ်စားမိလိုက်သည့်အလား မျက်လုံးများတောက်ပသွားသည်။ အင်မော်တယ်ပိုင်ဝူချိန်၏အပြုအမူမှာ ပုံမှန်နှင့် မတူပေ။ တန်ခိုးရှင်စင်မြင့်နှင့် ပတ်သက်နေသယောင်ထင်ရသော်လည်း ထိုသို့ဟုတ်ပုံလည်းမပေါ်။
အတန်ကြာ စဉ်းစားပြီးသော် ဂိုဏ်းချုပ်သည် သူမနောက်လိုက်သွား၏။ ထို့နောက် ကျင်ယွင်ရှန်းနှင့် ရှကျုံတုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။ သူတို့လည်း တစ်ခုခုမူမမှန်ကြောင်း ခံစားကြရ၏။ တန်ခိုးရှင်စင်မြင့်ကို ထည့်တွက်မည့်အစား သူတို့နှစ်ယောက်လုံး လိုက်ပါပျံသန်းသွားကြသည်။
ဒုတိယပါရာဂွန်အပါအဝင် ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များလည်း တတိယမြေထုနှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေကြောင်း ခံစားကြရသည်။ သို့သော် အစွမ်းထက်ဆုံး အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့်ပါရာဂွန်များ ထိုနေရာသို့ သွားနေသည်ကို ထည့်တွက်လျှင် သူတို့အတွက် အကျိုးအမြတ်ပေါပေါများများ ရနိုင်ခြေမရှိပေ။ ထို့ကြောင့် အကုန်လုံး ဒုတိယမြေထု၏အလယ်ရှိ ဒုတိယတန်ခိုးရှင်စင်မြင့်ဆီသာ ဦးတည်လိုက်ကြသည်။