← Chapters

မည်သူမှရန်မစရဲ

Vol. 43 Ch. 597

မည်သူမှရန်မစရဲ

Vol. 43 Ch. 597

အခန်း (၅၉၇) မည်သူမှရန်မစရဲ

အရှေ့ပင်လယ် စည်းတံဆိပ် အပြည့်အဝ တည်ငြိမ်သွားစေရန် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရပေမည်။ စည်းတံဆိပ်တည်ငြိမ်သွားပြီးနောက် ရန်တိနှင့် အခြားသိုင်းသူတော်စင်များ အပြင်သို့ ထွက်လာနိုင်မည် ဖြစ်၏။

ရန်ကျောက်ကဲက ထိုက်ယီချိုးဖျက်အစီအရင်ကို အမြင့်မားဆုံး နားလည်သဘောပေါက်ထားသော အစွန်းရောက်ရှစ်ပါးကမ္ဘာမှ တစ်ဦးတည်းသောသူ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ရန်တိနှင့် အခြားသိုင်းသူတော်စင်များကို အချိန်စောပြီးအပြင်သို့ခေါ်ထုတ်ရန် နည်းလမ်းတစ်ခု ရှိခဲ့သည်။

သို့ပေသိ ထိုသို့လုပ်ဆောင်သည့်အကျိုးဆက်အနေဖြင့် စည်းတံဆိပ်မတည်မငြိမ်ဖြစ်ပြီး မီးတောက်မိစ္ဆာကမ္ဘာမှ မီးတောက်မိစ္ဆာများ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာနိုင်သည်။ ကွမ်းမင်ဂိုဏ်းမှ တိန့်စန်းတို့အုပ်စုသည်လည်း ထိုသို့ပြုလုပ်ရန် ကြံစည်ခဲ့ကြဟန်ပင်။ သို့သော် မီးတောက်မိစ္ဆာများ ဝင်ရောက်လာပါက အခြေအနေကို ကိုင်တွယ်နိုင်မည်ဟု သူတို့က ယုံကြည်ချက် ရှိခဲ့ကြသည်။

လက်ရှိတွင် ထူးကဲယန်စည်းတံဆိပ်ကိုလည်း အသုံးပြုနိုင်ခြင်းမရှိတော့လေရာ ရန်ကျောက်ကဲက အစစအရာရာ ပိုမိုသတိထားရန် ဆုံးဖြတ်ထားသည်။

မည်သို့ပင်ဖြစ်စေ ထိုက်ယီချိုးဖျက်အစီအရင်အပေါ် သူ၏နားလည်နိုင်စွမ်းက အခြားသူများထက်သာလွန်လေရာ စည်းတံဆိပ်အတွင်းပိုင်း တည်ငြိမ်အောင်ပြုလုပ်ပြီး ရန်တိနှင့် အခြားသိုင်းသူတော်စင်များ လွတ်မြောက်လာအောင် ကူညီပေးရန် နည်းလမ်းတစ်ခု ရှိ၏။

ထိုနည်းလမ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ပကတိသွေးကြောများ လှုပ်ရှားပြောင်းလဲမှုနှင့် ဆက်စပ်နေသည်။ ထို့ကြောင့် ပကတိသွေးကြောများ ပြောင်းလဲစီးဆင်းမှုကို အချိန်နှင့်အမျှလေ့လာရင်း မှန်ကန်သည့်အချိန်တစ်ခုကို စောင့်ဆိုင်းရန် လိုအပ်သည်။

သို့ဖြစ်ရာ အချိန်ကျရန် စောင့်ဆိုင်းနေရသောကာလအတွင်း ရန်ကျောက်ကဲက စိတ်အေးလက်အေးကျင့်ကြံနေခဲ့ပြီး သူရရှိထားသော ရတနာပစ္စည်းမျိုးစုံအား မည်သို့အသုံးပြုရမည်ကို ခွဲခြမ်းစိတ်ဖြာ သုတေသန လုပ်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ ရေစင်တောင်ထွတ်ထက်မှ အသင်္ချေနဂါးနန်းတော် ပိုမိုအားကောင်းလာပြီး ကြောက်မက်ဖွယ်ရာရောင်ဝါများထွက်ပေါ်နေကြောင်း ဝါဒတောင်မှလူတိုင်း မသိမသာ ခံစားကြရသည်။

နဂါးချီစွမ်းအားများဖြင့် ပြည့်နေသော နန်းတော်ထဲတွင် ရန်ကျောက်ကဲထိုင်နေပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ထိုင်နေသည်။

သူတို့နှစ်ယောက်ရှေ့တွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ရှိနေ၏။

ထိုခဏတွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုသည် ကြောက်စရာကောင်းအောင် ငြိမ်သက်တိတ်ဆိတ်နေပြီး အထဲမှ အလွန်တရာ စွမ်းအားမြင့်မားသောရောင်ဝါတစ်ခု အဆက်မပြတ် စိမ့်ထွက်နေသလို ခံစားရသည်။

အချိန်ကြာလာသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာရောင်ဝါက ပိုမိုပြင်းထန်လာပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်လာသည်။

အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖိုက ထိုက်စန်းတောင်အလား တည်ငြိမ်နေသော်လည်း သူ့ပုံစံက သဟဇာတမဖြစ်ဘဲ ဟန်ချက်ပျက်ယွင်းနေဟန် ထင်မှတ်ရသည်။

ထိုခဏတွင် အသင်္ချေနဂါးနန်းတော်၏ ရောင်ဝါက ခိုင်မာပြတ်သားသော အစိုင်အခဲအဖြစ် ပေါင်းစပ်သွားပြီး ရှည်လျားသည့်နဂါးများအဖြစ်သို့ ပြောင်းလဲသွားကာ အဆုံးမဲ့နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲမှ ကြောက်မက်ဖွယ်ရာရောင်ဝါက တဖြည်းဖြည်း ပြင်းထန်လာသည့်အခါ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့က လက်သီးဖြင့်တစ်ပြိုင်နက်တည်း ထိုးနှက်လိုက်ကြသည်။ ကြီးမားပြင်းထန်သော လက်သီးသိုင်းဝိညာဉ်အောက်တွင် ဖိနှိပ်ခံလိုက်ရသဖြင့် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို တုန်ခါသွားပြီး မီးပြင်းဖိုအဖုံးပွင့်သွားသည်။

မီးပြင်းဖိုထဲတွင် ရွှေရောင်တောက်ပနေသော လှံရှည်တစ်ချောင်းရှိနေပြီး လှံရှည်ထက်တွင် နဂါးသဏ္ဌန်များ ရေထိုးထားကာ နဂါးအကြေးခွံများသည်လည်း ထူထပ်စွာ ဖုံးလွှမ်းထားသည်။ လှံရှည်အရိုးက သလင်းကျောက်ပမာ တောက်ပြောင်နေပြီး နဂါးအရိုးကိုအသုံးပြုကာ သွန်းလုပ်ထားခြင်း ဖြစ်၏။

လှံရှည်ထိပ်ဖျားနှင့် လှံရှည်အဆုံးပိုင်းတွင် ကောင်းကင်ထက်သို့ပျံတက်တော့မည့် သက်ရှိနဂါးတစ်ကောင်အလား နဂါးအရုပ်များ ရစ်ပတ်ထားသည်။ ထိုနဂါးရုပ်များမှာ နဂါးတစ်ကောင် အသက်ပြန်လည်ရှင်သန်လာသည့်အလား အသက်ဝင်လှသည်။

ထိုအချိန် ရန်ကျောက်ကဲ၏ စေစားမှုဖြင့် အသင်္ချေနဂါးနန်းတော်အတွင်းမှ နဂါးချီစွမ်းအားအနှစ်သာရများက များပြားလှစွာသော နဂါးများအသွင် ပြောင်းလဲကာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုဆီသို့ ရောက်ရှိလာသည်။ နဂါးချီစွမ်းအားများက မီးပြင်းဖိုအတွင်းမှ နဂါးအစစ်၏အရိုးဖြင့်ပြုလုပ်ထားသော လှံရှည်ကို လွှမ်းခြုံသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မတ်တတ်ထရပ်လိုက်ပြီး လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအဖုံး ပြန်ပိတ်သွားသည်။ ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို လှည့်ပတ်လမ်းလျှောက်သွားပြီး ခြေလှမ်းတိုင်းတွင် လက်သီးတစ်ချက်စီတိုင်း ထိုးနှက်လိုက်သည်။

ဂဠုန်ငှက်အရိပ်အယောင်အလင်းတန်းများ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်း ဝင်ရောက်သွားပြီး မီးပြင်းဖိုကြီးက ကြောက်မက်ဖွယ်ရာ တုန်ခါလာသည်။

ရန်ကျောက်ကဲက ခန္ဓာကိုယ်တည့်မတ်စွာ ထိုင်လိုက်ရင်း လက်နှစ်ဖက် ရှေ့သို့ဆန့်တန်းကာ လက်ဝါးနှစ်ဖက် ရိုက်ချလိုက်သည်။ ထိုအခါ ကမ္ဘာဦးမတိုင်ခင် ပရမ်းပတာ အခြေအနေတစ်ခု မွေးဖွားလာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်သီးချက်ကိုးဆယ့်ကိုးချက် ဆက်တိုက်ထိုးနှက်လိုက်သည်။

ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားပြီး...

“ပွင့်စမ်း...”

သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာစွမ်းအားကို ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်လိုက်ပြီး လုပ်ဆောင်မှုကို အဆုံးသတ်လိုက်၏။

ရန်ကျောက်ကဲ၏ စကားသံနှင့်အတူ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအဖုံး ပွင့်လာပြီး ရောင်ရောင်အလင်းတန်းတစ်ခုက နဂါးနန်းတော်ခေါင်မိုးကို ထိုးဖောက်ပြီး ကောင်းကင်ထိတိုင် တန်းတန်းမတ်မတ် ထိုးဖောက်သွားသည်။

ထိုရွှေရောင်အလင်းတန်းက ပင်လယ်ပြင်တစ်ခုပမာ ကျယ်ပြန့်သွားပြီး အလင်းရောင်ပင်လယ်ထဲတွင် ဂဠုန်ငှက်များ ၊ ဝေလငါးကြီးများနှင့် နဂါးအစစ်များ မြုပ်ချီပေါ်ချီ ကူးခတ်လျှက် ရှိကြသည်။ ထိုအလင်းတန်း တည်ရှိရာနေရာ အချိန်ကာလသည် ကမ္ဘာဦးမတိုင်ခင် ပရမ်းပတာ အချိန်ကာလသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်ရ၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသာ အပြင်းအထန် ဖိနှိပ်ထားခြင်းမရှိလျှင် တုန်ခါမှုစွမ်းအားအောက်တွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို့ သေချာပေါက် ပေါက်ကွဲထွက်သွားမည်ပင်။

ရန်ကျောက်ကဲက မီးပြင်းဖိုရှေ့သို့လျှောက်သွားပြီး လက်တစ်ဖက်ဆန့်တန်းလိုက်ရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းမှ ရွှေရောင်တစ်ဝက် ၊ အနက်ရောင်တစ်ဝက် လင်းလက်တောက်ပနေသော လှံရှည်တစ်လက် ထွက်ပေါ်လာသည်။

လှံရှည်က အလွန်တရာ လေးလံပြီး သမုဒ္ဒရာအတွင်းမှ မိုးကောင်းကင်ထောက်တိုင်ကြီးပမာ ထင်မှတ်ရသည်။

ရန်ကျောက်ကဲက စက်ဝန်းသံသရာကောင်းကင်ကျမ်းစာကို အသုံးပြုနိုင်သောကြောင့် ဤလှံရှည်ကို ကိုင်ဆောင်နိုင်ခြင်း ဖြစ်သည်။ အခြားသော သိုင်းဆရာသခင်များဆိုလျှင် လှံရှည်ကို ကိုင်ဆောင်နိုင်မည် မဟုတ်ပေ။

“ဂဠုန်နဂါးလှံရှည်... ငါ ပစ္စည်းကောင်းတွ အများကြီးအသုံးပြုလိုက်တာ အလကား မဖြစ်ဘူးပဲ”

ရန်ကျောက်ကဲက ကျေနပ်စွာ‌ ခေါင်းညိတ်ရင်း...

“ဒီလှံရှည်က အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေထဲမှာတော့ သေချာပေါက် ထိပ်တန်းအဆင့်ပဲ”

ထို့နောက် ဂဠုန်နဂါးလှံရှည်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲသို့ ကျရောက်သွားပြီး ထိုကိုယ်ပွားက လှံရှည်ကို အသာဝှေ့ယမ်းလိုက်ရာ လှံသွားထိပ်ဖျားတွင် တွင်းနက်ငယ်တစ်ခု ထွက်ပေါ်လာသည်။

ထို တွင်းနက်ငယ်၏စွမ်းအားက အလွန်တရာ လေးလံပြီး မိုးမြေတစ်ခုလုံးကို တုန်လှုပ်စေသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းရောင်ဝါက ကောင်းကင်ထိတိုင်ပျံသန်းသွားပြီး အသင်္ချေနဂါးနန်းတော်ထက်တွင် ရွှေရောင်နှင့်အနက်ရောင် ပေါင်းစပ်ထားသော အလင်းတန်းများ ထွန်းလင်းတောက်ပလျှက် ရှိ၏။

ဝါဒတောင်မှလူများအားလုံး တုန်လှုပ်ချောက်ချားစရာမြင်ကွင်းကိုကြည့်ရင်း အားလုံး စိတ်လှုပ်ရှားလျှက် ရှိကြသည်။

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု မွေးဖွားလာပြီ...”

ယခုအချိန်တွင် ဝါဒတောင်က လူအများ စိတ်ဝင်စားမှုကို ခံနေရချိန်ဖြစ်သည်။ ထို့ကြောင့် ဝါဒတောင်တွင် ထူးခြားမှုတစ်ခုခုဖြစ်လျှင် အခြားသောအင်အားစုများက အထူးဂရုစိုက်ကြသည်။

ဝါဒတောင် ကောင်းကင်ယံထက်တွင် အလွန်တရာအစွမ်းထက်သော “အထွတ်ထိပ်မှော်ဝင်ပစ္စည်း” တစ်ခု၏ တန်ခိုးစွမ်းအားများ လှုပ်ခါသွားသည်ကို တွေ့မြင်ရသည့်အခါ အခြားသောအင်အားစုများမှ အဖွဲ့ဝင်များ ၊ ဂိုဏ်းသားများသည်လည်း မည်သို့မှမတတ်နိုင်စွာ စိတ်လှုပ်ရှား တုန်လှုပ်သွားကြသည်။

ဝါဒတောင်မှ ရန်ကျောက်ကဲက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်နိုင်ခဲ့ကြောင်း သတင်းပျံ့နှံ့သွားသည့်အခါ ပထမအဆင့် ၊ ဒုတိယအဆင့် စွမ်းအားစုများကိုအသာထား ကျန်ထိပ်သီးသိုင်းဂိုဏ်းကြီး (၃) ဂိုဏ်းမှာ ခံစားချက်များ ရှုတ်ထွေးသွားကြသည်။

လှိုင်းနက်ဂေဟာဆိုလျှင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပြုလုပ်ရန် အပြင်းအထန် ကြိုးစားလုပ်ဆောင်နေသော်လည်း ကံမကောင်းစွာပင် အောင်မြင်ခြင်း မရှိခဲ့ပေ။

အဆုံးမဲ့တောင်တန်းမှာလည်း မိုးဖြိုပုဆိန်ကို ပြန်လည်ရရှိခဲ့သည့်တိုင် မည်သို့မှမတတ်နိုင်စွာ စိတ်လှုပ်ရှားမှုကို ခံစားခဲ့ရသည်။

ဒုက္ခဆင်းရဲများစွာအတွင်းမှ ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို သွန်းလုပ်နိုင်ခဲ့ကြသော ကျောက်စိမ်းပင်လယ်မြို့တော်သည်လည်း တုန်လှုပ်မှုကို ခံစားကြရသည်။

သေသေချာချာ စဉ်းစားကြည့်တော့ ကျောက်စိမ်းပင်လယ်နတ်ဆေးဓား အောင်မြင်စွာသွန်းလုပ်နိုင်ခဲ့သည်မှာ ရန်ကျောက်ကဲ၏ကျေးဇူးကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့စိတ်ထဲ ခံစားချက်များ ပိုမိုရှုတ်ထွေးလာခဲ့ကြရသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဂဠုန်နဂါးလှံရှည်ကို လက်ခံရယူပြီးနောက် ရန်ကျောက်ကဲနှင့် လှံရှည်က စိတ်ချင်းဆက်နွယ်သွားသည်။ ဂဠုန်နဂါးလှံရှည်ကို ထိကိုင်လိုက်သည်နှင့် သွေးများပွက်ပွက်ဆူလာသည့်အလား ခံစားရပြီး လှံရှည်သည် သူ၏ လက်နှင့် လက်ချောင်းများကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပမာ ဖြစ်တည်လာကာ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းရှိလာသည်။

ရန်ကျောက်ကဲ အချိန်ကာလကို တွက်ချက်ကြည့်လိုက်ရာ အရှေ့ပင်လယ်တွင် စည်းတံဆိပ်ချိတ်ပိတ်ခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သည်။

ပုံမှန်ဆိုလျှင် စည်းတံဆိပ် အပြည့်အဝ တည်ငြိမ်ရန်အတွက် (၃)နှစ်ခန့် အချိန်ယူရပေမည်။ သို့ပေသိ ယခုတော့ ရန်ကျောက်ကဲ စောင့်မျှော်နေသည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။

ဂိုဏ်းမှအကြီးအကဲများကို အကြောင်းကြားပြီးနောက် ရန်ကျောက်ကဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့်အတူ အရှေ့ပင်လယ်သို့ ခရီးထွက်လာခဲ့သည်။

ရန်ကျောက်ကဲက တိမ်တိုက်များဖုံးကွယ်ကာ လျှို့ဝှက်စွာ ခရီးထွက်လာသဖြင့် လူအများက သူ၏တည်ရှိမှုကို ရိပ်မိရန် ခက်ခဲသည်။

လမ်းတစ်လျှောက်တွင် အခြားသောကျင့်ကြံသူများ၏ ဆွေးနွေးမှုများကိုလည်း ကြားသိရသည်။

ယနေ့ အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ပြင်းထန်သောအပြောင်းအလဲများကို လူအများ လက်ခံလာကြပြီး ဝါဒတောင်၏ ခိုင်မာတည်တံ့သော သြဇာအာဏာကို လက်ခံခဲ့ကြပြီ ဖြစ်သည်။

ပင်လယ်ပြင်တွင် ကျက်စားနေထိုင်လေ့ရှိကြသော တစ်ကိုယ်တော်သိုင်းကျင့်ကြံသူများဆိုသည်က မိမိတို့၏ဓားသွားမှ သွေးတစ်စက်စက်ကျသည်ကို သောက်သုံးတတ်ကြသည့် ဥပဒေမဲ့ရမ်းကားသူများ ဖြစ်ကြသည်။

သူတို့က ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ မျိုးဆက်တပည့်များကိုပင် အရေးမစိုက်ဘဲ စွမ်းအားကြီးမားခြင်းကိုသာ အရေးစိုက်ကြသည်။ သူတို့က ဘယ်သူ့ကိုမဆို တိုက်ခိုက်သတ်ဖြတ်ကာ ပင်လယ်ပြင်ထဲ မည်သူမှ ရှာဖွေနိုင်ခြင်းမရှိအောင် ပုန်းအောင်းနေတတ်ကြသည်။

သို့သော် ယခုတော့ ထို ပင်လယ်တစ်ဖက်ခြားမှ ရက်စက်ကြမ်းတမ်းသော သိုင်းသမားများက လှိုင်းနက်ဂေဟာ ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်တန်းမှလူများကို နောက်ခံကိုအရေးမစိုက်ဘဲ သတ်ဖြတ်လျှက် ရှိကြသေးသော်လည်း ဝါဒတောင်မှတပည့်များကိုတော့ မတိုက်ခိုက်ရဲကြဘဲ တတ်နိုင်သမျှ ရှောင်သွားတတ်ကြသည်။

ရန်ကျောက်ကဲ အရှေ့ဘက်သို့ ခရီးဆက်လာပြီး အရှေ့ပင်လယ်သို့ ရောက်ရှိလာသည်။

ပင်လယ်အောက်ခြေအထိ နစ်မြုပ်နေပြီး ကောင်းကင်ထိတိုင် ထိုးဖောက်တော့မည်အလား ထင်မှတ်ရသော အဖြူရောင်တောက်ပနေသော တောင်ထွတ်ကြီးတစ်ခုကို အဝေးမှပင် လှမ်းမြင်နိုင်သည်။

တောင်ထွတ်အထက် လေထုထဲတွင် ကျယ်ပျံ့ပြီး အဆုံးမရှိသော အလင်းတန်းတစ်ခု တောက်ပနေသည်။

စည်းတံဆိပ်စတင်တည်ဆောက်ချိန်နှင့် နှိုင်းယှဉ်ပါက တောင်ထွတ်၏အတိုင်းအတာနှင့် စည်းတံဆိပ်အနေအထားက လျော့ကျသွားသ်ောလည်း တန်ခိုးစွမ်းအားကတော့ ပိုမိတိကျစွာ ပြင်းထန်နေဆဲပင်။

ရန်ကျောက်ကဲက စိတ်ဖြင့်စေစားလိုက်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး ချက်ချင်းပင် အဖြူရောင်တောင်ထွတ်ကြီးဆီသို့ ရောက်ရှိသွားလေ၏။

All Chapters