← Chapters

ထိတ်လန့်အံ့သြသွားတဲ့ “ဟွမ်ကွမ်လီ”

Vol. 43 Ch. 598

ထိတ်လန့်အံ့သြသွားတဲ့ “ဟွမ်ကွမ်လီ”

Vol. 43 Ch. 598

အခန်း (၅၉၈) ထိတ်လန့်အံ့သြသွားတဲ့ “ဟွမ်ကွမ်လီ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်ထိပ်အနီးသို့ရောက်လာပြီး လက်ဖဝါးဖြင့် တောင်ထိပ်ထက်သို့ ဖိနှိပ်ချလိုက်သည်။ ထိုအခါ တောင်ထွတ်အထက်တွင်ရှိနေသော လေးလံသည့် အဖြူရောင်အလင်းတန်းကြီးက ရုတ်တရက် ရေလှိုင်းများအလား ပွင့်ထွက်လာသည်။

ရန်ကျောက်ကဲက ဘယ်ဘက်လက်ကိုဆန့်ထုန်ပြီး လေထဲတွင် ဝိညာဉ်သင်္ကေတများ တစ်ခုပြီးတစ်ခု ရေးသားလိုက်သည်။ ထို ဝိညာဉ်သင်္ကေတများ ပေါင်းစည်းသွားပြီး ရှုတ်ထွေးသော အစီအရင်တစ်ခု ဖြစ်တည်လာသည်။ ထို့နောက် သူက ညာဘက်လက်သီးဖြင့် အစီအရင်ကို ထိုးနှက်လိုက်ရာ ‘ဝုန်း’ ခနဲ မြည်ဟည်းသံ ထွက်‌ပေါ်လာ၏။

ရန်ကျောက်ကဲက သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တကို အသုံးပြုပြီး ထို ဝိညာဉ်သင်္ကေတအစီအရင်ကို အဖြူရောင် တောင်ထိပ်တွင် တံဆိပ်ခတ်နှိပ်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရှေ့ဆက်ပျံသန်းသွားပြီး ရန်ကျောက်ကဲ၏ အစစ်အမှန်သိုင်းအဇ္စျတ္တကို စွမ်းအားဖြည့်တင်းပေးလိုက်သည်။

ထိုအခါ အဖြူရောင်ရေခဲတောင်ထွတ်ကြီး၏အရွယ်အစားက တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး တောင်ထွတ်ထိပ်ဖျားတွင် ပွင့်ထွက်လာသော ရေလှိုင်းလုံးကြီးများက ပိုမိုအရှိန်အဟုန်မြင့်မားစွာ လှည့်ပတ်လာသည်။

ထိုက်ယီချိုးဖျက်အစီအရင်၏ တန်ခိုးစွမ်းအားနှင့် အစီအရင်အယူအဆများ အဆက်မပြတ်ပြောင်းလဲနေပြီး တစ်ခါတစ်ရံ လှုပ်ရှားနေသလို တစ်ခါတစ်ရံ ငြိမ်သက်သွားတတ်သည်။ တစ်ခါတစ်ရံ လျှင်မြန်လာသလို တစ်ခါတစ်ရံ နှေးကွေးသွားကာ အချိန်နှင့် ဗလာနယ် စီးကြောင်း အဆက်မပြတ် ပြောင်းလဲသွားသည့်အလား ထင်မှတ်ရ၏။

စည်းတံဆိပ်နိုးထလှုပ်ရှားလာသည်နှင့်အမျှ အလွန်တရာ ကြီးမားသောစွမ်းအားကြီးလည်း ထွက်ပေါ်လာသည်။

ထိုအရာအတွင်းမှ ရုန်းထွက်ရန်ကြိုးစားနေသေည့် ရက်စက်ကြမ်းတမ်းသောစိတ်ဆန္ဒတစ်ခု ရှိနေပုံရပြီး ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏အနားတွင် ကြုံးဝါးသံများပင် ထွက်ပေါ်လာသည်။

သို့သော် ဝိညာဉ်အစီအရင် အဆက်မပြတ်လှည့်ပတ်နေခြင်းနှင့်အတူ ကြုံးဝါးသံများလည်း အားနည်းလာသည်။ ဆက်လက်ရုန်းကန်နေသေးသည့်တိုင် ထို ရက်စက်ကြမ်းတမ်းသောအငွေ့အသက်များ တဖြည်းဖြည်း လျော့ကျပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်တောင်ထွတ်ကြီးက သေးငယ်သည်ထက် သေးငယ်လာပြီး တောင်ထွတ်ထက်မှ ဝိညာဉ်အစီအရင် ပိုမိုကျယ်ပြန့်လာကာ ထိုင်ယီချိုးဖျက်အစီအရင်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

မကြာမီ အစီအရင်ထဲတွင်ရှိနေသော အဖြူရောင်အလင်းတန်း (၄)ခု ကို တွေ့မြင်လာရသည်။

ထိုက်ယီချိုးဖျက်အစီအရင် တဖြည်းဖြည်းပွင့်လာပြီး တောင်ထွတ်ထက်ရှိ အဖြူရောင်အလင်းတန်းက  သီးခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားကာ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် ပိုင်းခြားထားလိုက်သည်။

အဖြူရောင်အလင်းကမ္ဘာထဲတွင် အဖြူရောင်တောင်ထွတ်ကြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တွန့်လိမ်လှုပ်ခတ်နေသော အင်းသင်္ကေတစ်ခုသာ ကျန်ရစ်ခဲ့သည်။

စည်းတံဆိပ်အလယ်ဗဟိုတွင် အနက်ရောင်အစက်ငယ်တစ်ခုရှိပြီး ထိုအရာက သေးငယ်သည့်တိုင် တွင်းနက်တစ်ခုအလား အလွန်တရာ လေးလံသည်ဟု ခံစားရသည်။

ရန်ကျောက်ကဲက တည်ငြိမ်စွာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တစ်ချက်လှမ်းကြည့်လိုက်၏။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ရွှေရောင်တစ်ဝက် အနက်ရောင်တစ်ဝက်ရှိသော ‘ဂဠုန်နဂါးလှံရှည်’ ပေါ်လာသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှံရှည်ကို ထိုးနှက်လိုက်ရာ လှံထိပ်ဖျားသည် အနီးပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို ဆွဲငင်လိုက်သည့်အလား အလွန်တရာ လေးလံပြင်းထန်လာသည်။

တွင်းနက်ငယ်နှစ်ခု ထိပ်တိုက်ဆုံမိသည့်အခါ ပတ်ဝန်းကျင်ဗလာနယ်တစ်ခုလုံး ပုံပျက်သွားပြီး အနားသတ်လေထုသည်ပင် စုတ်ပြဲအက်ကွဲသွားသည်ဟု ထင်မှတ်ရသည်။

ထိုက်ယီချိုးဖျက်အစီအရင် အလယ်ဗဟိုရှိတွင်းနက်ထဲမှ လောင်မြိုက်နေသော အဖျက်စွမ်းအားအငွေ့အသက်များထွက်ပေါ်လာပြီး အဆုံးသတ်တိုက်ပွဲတစ်ခု ဆင်နွှဲနေသည့်အလား ကြောက်မက်ဖွယ်ရာကြုံးဝါးသံများ ထပ်မံထွက်ပေါ်လာသည်။

သို့သော် အဖြူရောင်အလင်းတန်းက အရာအားလုံးကို ဖိနှိပ်ထားလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လှံရှည်ကို ထိုးညွှန်လိုက်သည်နှင့် တွင်းနက်ငယ်နှစ်ခုလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားသည်။

ထိုက်ယီချိုးဖျက်အစီအရင်၏အလယ်ဗဟိုရှိ အနက်ရောင်အစက်အပြောက်လေးသည် နေရာမှလုံးဝပျောက်ကွယ်သွားပြီး ပင်လယ်၏အောက်ခြေ နက်နဲသောနေရာတွင် အင်းသင်္ကေတတစ်ခုအဖြစ် တည်ရှိနေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လှံရှည်ကိုကိုင်ဆောင်လျှက် အသင့်အနေအထားဖြင့် မတ်တတ်ရပ်နေသည်။ ပင်လယ်ရေအောက်တွင် လျှို့ဝှက်ရေစီးကြောင်းများ များပြားလာသည်နှင့် သူ၏ဘယ်လက်ဖဝါးဖြင့် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။

ထိုအခါ လျှို့ဝှက်ရေစီးကြောင်းများပေါင်းစုံစုစည်းပြီး အစီအရင်တစ်ခု ဖြစ်တည်လာကာ တွင်းနက်ငယ်မှပြောင်းလဲသွားသော အင်းသင်္ကေတကို ကာကွယ်ပေးထားသည်။

ထို့နောက် လေထုထဲတွင်ရှိနေသော ထိုက်ယီချိုးဖျက်အစီအရင် အဖြူရောင်အလင်းတန်းကြီး တဖြည်းဖြည်း ယိုယွင်းပြိုကျသွားသည်။

အစီအရင်ထဲတွင်ရှိနေသော အဖြူရောင်အလင်းတန်း (၄)ခု ပျောက်ကွယ်သွားပြီး လူရိပ် (၄)ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ရန်တိ ၊ အဘိုးအို’မော့’ ၊ စုန့်ဝူလျန်နှင့် ဟွမ်ကွမ်လီတို့ သာပင်။

ဟွမ်ကွမ်လီမှာ ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင် အတင်းအကျပ် ချုပ်နှောင်ခံထားရသဖြင့် ယခု အပြင်သို့ ထွက်လာရသည့်တိုင် ပျော်ရွှင်ခြင်း မရှိခဲ့ပေ။

အစီအရင်အတွင်း ပိတ်မိနေသော သူတို့ (၄)ယောက်သည် အချိန်မည်မျှ ကုန်ဆုံးသွားပြီဖြစ်ကြောင်း မသိရှိကြပေ။ သို့သော် အချိန် (၃)နှစ် မကြာမြင့်သေးကြောင်းကိုတော့ ဟွမ်ကွမ်လီ အာရုံခံနိုင်သည်။

အစီအရင်ချိတ်ပိတ်မှု ပြီးပြည့်စုံသွားသည်နှင့် ဝါဒတောင်က ရန်တိပြန်လည်မည်ကို စောင့်မျှော်နေကြမည်မှာ အံ့သြစရာမရှိပေ။

တစ်ချိန်တည်းတွင် နေသူတော်စင်ဂိုဏ်းက ကိစ္စရပ်များကို ဖြေရှင်းရန် နည်းလမ်းမရှာနိုင်ခင် အရှေ့ပင်လယ်ကို လက်ရှိအခြေအနေအတိုင်း အတတ်နိုင်ဆုံး ထိန်းသိမ်းထားရန် သေချာပေါက် မျှော်လင့်ထားပေမည်။

လူသားမျိုးနွယ်များ၏ အတွင်းရေးတိုက်ပွဲများတွင် ပါဝင်ခြင်းမရှိသော အဘိုးအိုမော့ကို ‌ဘေးဖယ်ထားမည်ဆိုလျှင် ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ သိုင်းသူတော်စင်များဖြစ်သော ဟွမ်ကွမ်လီ ၊ ရန်တိနှင့် စုန့်ဝူလျန်တို့အားလုံး ပိတ်မိနေကြသည်။

သူတို့ (၃)ယောက် အတူတကွ ပိတ်မိနေခြင်းအားဖြင့် ပြင်ပလောကတွင် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ ပိုမိုလှုပ်ရှားရလွယ်ကူမည် ဖြစ်သည်။

“သူတို့တွေ အထက်ဘုံကမ္ဘာက ကွမ်းမင်ဂိုဏ်းကို ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကိုခေါ်လာနိုင်မလား”

ဤသည်က သူ ပိတ်မိနေစဉ်ကာလအတွင်း နေသူတော်စင်ဂိုဏ်း၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့်လုပ်ရပ် ဖြစ်၏။ ထိုဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး ဟွမ်ကွမ်လီ၏ စိတ်ခံစားချက်များ ရှုတ်ထွေးနေခဲ့သည်။

ကွမ်းမင်ဂိုဏ်းကို ဤကမ္ဘာသို့ ရောက်မလာစေချင်သော်လည်း ရန်တိနှင့် ဝါဒတောင်၏ ဖိအားများက သူ့ကို နှုတ်ဆိတ်နေစေခဲ့သည်။

သို့သော် ထိုက်ယီချိုးဖျက်အစီအရင် အပြည့်အဝ စည်းတံဆိပ်ခတ် ချိတ်ပိတ်ပြီးသွားသည့်နောက် ဟွမ်ကွမ်လီရှေ့တွင် ပေါ်လာသူက နေသူတာ်စင်ဂိုဏ်းသားများ မဟုတ်ကြပေ။

သူ့စိတ်ထဲ တေးမှတ်ထားခဲ့သော လူငယ်လေးသာ ဖြစ်သည်။

ဝါဒတောင်က ‘ရန်ကျောက်ကဲ’ ...။

ရန်ကျောက်ကဲကိုတွေ့တော့ ဟွမ်ကွမ်လီ ရင်ထဲနင့်သွားသည်။

ရန်တိကတော့ သားဖြစ်သူကိုကြည့်ကာ ရယ်မောလိုက်၏။

ရန်ကျောက်ကဲက ဖခင်ဖြစ်သူကို ပြုံးပြရင်း...

“ကျွန်တော် အချိန်စောင့်နေခဲ့ရတယ် ၊ ဒါပေမဲ့ ကံကောင်းတာက အရမ်းနောက်ကျမသွားသေးဘူး”

ရန်တိက စကားပြန်မပြောပေ။

သူ့နဖူးထက်တွင် စိန်ပွင့်သဏ္ဌန်အဖြူရောင်အလင်းသင်္ကေတတစ်ခု ထွက်ပေါ်လာသည်။

ဤသည်က ထိုက်ယီချိုးဖျက်အစီအရင်ကို ခေါင်းဆောင်သူတစ်ယောက်အနေဖြင့် ထိုက်ယီချိုးဖျက်အစီအရင် ပြီးပြည့်စုံပြီးသည့်နောက် အစီအရင်စွမ်းအားနှင့် ပတ်ဝန်းကျင်အပြောင်းအလဲများဆိုင်ရာ သဘောတရားကို သဘောပေါက်နားလည်သွားခြင်းကို ဆိုလိုက်သည်။

ဒါကိုမြင်တော့ အဘိုးအို’မော့’ က ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...

“ဘယ်လောက်တောင် နားလည်မှုမြင့်မားလိုက်သလဲ ၊ ပုံစံများစွာကနေ အကျိုးအမြတ်များစွာကို ရယူနိုင်တယ် ၊ တကယ့်ကို ကောင်းကင်ဘုံကချီးမြှင့်တဲ့ ပါရမီရှင်ပါပဲ”

စုန့်ဝူလျန်၏ မျက်ဝန်းများထဲတွင်လည်း လေးစားသဘောကျမှုများ ထင်ဟပ်လာသည်။ ဟန်ကွမ်လီကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အတော်လေး ရှက်ရွံ့သွား၏။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟွမ်ကွမ်လီက နေရာမှ အလျှင်အမြန် ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။ ထိုအချိန် သူ့မျက်လုံးရှေ့တွင် အလင်းရောင်တစ်ချက် လင်းလက်လာပြီး ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကို ပိတ်ဆို့ထားကြောင်း တွေ့ရသည်။

ဟွမ်ကွမ်လီက စောစောကပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို သတိပြုခဲ့မိသည်။ ယခု ထိုသူက သူသွားမည့်လမ်းကို ပိတ်ဆို့ထားလေရာ နဂိုကပင် မှောင်မှိုင်းနေသော ဟွမ်ကွမ်လီ၏မျက်နှာက ပိုပြီးမဲမှောင်သွားသည်။

ရန်ကျောက်ကဲက ဟွမ်ကွမ်လီကိုကြည့်ရင်း အေးဆေးစွာဖြင့်...

“အရှေ့အရပ်ကထွက်သောနေသူတော်စင်က ဘာတွေအလျှင်လိုနေတာလဲ ၊ ကမ္ဘာအလင်းတောင်ထွတ်ကိုသွားမလို့ဆိုရင်တော့ အဲဒီနေရာတစ်ခုလုံးပျက်ဆီးသွားပြီဖြစ်လို့ သွားစရာမလိုတော့ပါဘူး”

ဟွမ်ကွမ်လီမျက်လုံးများ အေးခဲသွားပြီး...

“မဖြစ်နိုင်ဘူး...”

ချက်ချင်းပင် ‌ရွှေရောင်အလင်းတန်းများက နေရောင်ခြည်ပမာ အဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပလာသည်။

သူက ရန်ကျောက်ကဲကို အေးစက်စွာတစ်ချက်ကြည့်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လှမ်းကြည့်လိုက်သည်။

“မင်းက ဘယ်သူလဲ”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြုံးလိုက်ရင်း...

“မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ အမူအရာနှင့် အပြောအဆိုများက ရန်ကျောက်ကဲနှင့် အလွန်တူသည်ကို အကဲခတ်လိုက်မိပြီးနောက် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ဟွမ်ကွမ်လီ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

သူက အံ့အားသင့်စွာဖြင့်...

“ဒါက မင်းရဲ့ ကိုယ်ပွားလား ၊ မင်းက သိုင်းသူတော်စင် ဒုတိယအဆင့်ရှိတဲ့ ကိုယ်ပွားတစ်ခုကို သန့်စင်ထားတာလား”

ထိုစကားကိုကြားတော့ အဘိုးအို’မော့’ နှင့် စုန့်ဝူလျန်တို့ အံ့သြထိတ်လန့်သွားကြသည်။

ရန်တိသည်ပင် အံ့အားသင့်သွားပြီး ရန်ကျောက်ကဲကိုတစ်လှည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုတစ်လှည့် အကဲခတ်လိုက်ပြီးနောက် သူ့မျက်နှာထွက် အားရကျေနပ်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဟွမ်ကွမ်လီ ပြန်လည်တည်ငြိမ်သွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလက်ထဲမှ ဂဠုန်နဂါးလှံရှည်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် နက်ရှိုင်းသည့်လေသံဖြင့်...

“မင်းက ကောင်းကင်မိုးကြိုးခန်းမကို ဖျက်ဆီးပစ်တယ်လို့ပြောရင် ဒီအဘိုးကြီး ယုံလိုက်မယ် ၊ ဒါပေမဲ့ ငါ့ရဲ့ ကမ္ဘာအလင်းတောင်ထွတ်ကို ဖျက်ဆီးတယ်ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူး”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဟက်... မင်းတို့ နေသူတော်စင်ဂိုဏ်းက ငါ့ကို မတားဆီးနိုင်ဘူးဆိုရင်တောင်မှ အထက်ဘုံကမ္ဘာက ကွမ်းမင်ဂိုဏ်းက ငါ့ကို တားဆီးနိုင်မယ်လို့ မင်း တွေးနေတာလား”

ထိုစကားကိုကြားတော့ ဟွမ်ကွမ်လီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့စိတ်နှလုံးသည်လည်း ချိုင့်ဝှမ်းအောက်ခြေအထိ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။

အရှေ့ပင်လယ်စည်းတံဆိတ်ခတ် ချိတ်ပိတ်သည့်နေ့တွင် ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် နေသူတော်စင်ဂိုဏ်းက အထက်ဘုံကမ္ဘာနှင့် ဆက်နွယ်ပတ်သက်နေကြောင်း ရန်ကျောက်ကဲနှင့် အခြားသူများ သိရှိခဲ့ကြသည်။

သို့သော် ရန်ကျောက်ကဲနှုတ်ဖျားမှ “ကွမ်းမင်ဂိုဏ်း” ဆိုသောနာမည်ကို ထုတ်ဖော်ပြောလာသည့်အခါ သူ့စိတ်များလေးလံသွားသည်။

ကွမ်းမင်ဂိုဏ်းနှင့် ရင်ဆိုင်ခဲ့ရပါလျှက် ရန်ကျောက်ကဲ ယနေ့ ဤနေရာတွင် ရပ်နေသည်ဆိုသော အဓိပ္ပါယ်မှာ...

သို့သော် မည်သို့ဖြစ်နိုင်ပါမည်နည်း။

ဟွမ်ကွမ်လီ၏မျက်ဝန်းများ အုံ့မှိုင်းသွားပြီး အသက်ရှူမဝသလို ဖြစ်လာသည်။။ သူ့မျက်လုံးများထဲတွင် ကြယ်ရောင်များကို တွေ့မြင်လိုက်ရပြီး ချက်ချင်းမှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

All Chapters