← Chapters

သူတို့အားလုံးကို ငါသတ်လိုက်ပြီ

Vol. 43 Ch. 599

သူတို့အားလုံးကို ငါသတ်လိုက်ပြီ

Vol. 43 Ch. 599

အခန်း (၅၉၉) သူတို့အားလုံးကို ငါသတ်လိုက်ပြီ

ရန်ကျောက်ကဲက ဟွမ်ကွမ်လီကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်နေသော်လည်း သူ့မျက်ဝန်းများထဲမှာတော့ သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြင့် ပြည့်နက်နေသည်။

“ဟွမ်ကွမ်လီ... မနှစ်က ငါ ဒီနေရာမှာပဲ ပြောခဲ့ဖူးတယ် ၊ မင်းနဲ့ စာရင်းရှင်းစရာတွေရှိသေးတယ်ဆိုတာလေ...”

ရန်ကျောက်ကဲနှင့် ရန်တိသာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မထားခဲ့လျှင် မနှစ်က အရှေ့ပင်လယ်စည်းတံဆိပ်ခတ်ခြင်းတွင် နေသူတော်စင်ဂိုဏ်း၏ ရက်စက်စွာလှည့်စားမှုကြောင့် ရန်တိ ၊ စုန့်ဝူလျန်နှင့် အဘိုးအို’မော့’ တို့အားလုံး ဒုက္ခရောက်ကြရမည် ဖြစ်သည်။

ဖန်းယွင်ရှန်းနှင့် ဖူအန်းစုတို့ကို နောက်ကျောဓားနှင့်ထိုးပြီး အဆုံးမဲ့တောင်တန်းမှ အကြီးအကဲကို တိုက်ခိုက်ကာ မိုးဖြိုပုဆိန်ကို ရယူသွားခြင်းအတွက်လည်း နေသူတော်စင်ဂိုဏ်းအပေါ် ကျေအေးနိုင်စရာ မရှိပေ။

ထို့ပြင်ဟွမ်ကွမ်လီက “သွေးလမ်းပြကောင်းကင်အလင်းရွှေမီးအိမ်’ လျှို့ဝှက်နည်းလမ်းကိုအသုံးပြုကာ ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာအကူအညီဖြင့် ကိုယ်လွတ်ရုန်းရန်ကြိုးစားပြီး အရှေ့ပင်လယ်စည်းတံဆိပ်ခတ်ခြင်းကို အခွံချည်းသက်သက် ချန်ထားခဲ့ရန် ကြံရွယ်ခဲ့သည်။

သူသာ အောင်မြင်ခဲ့လျှင် ရလဒ်က ဝါဒတောင်အတွက် နှိုင်းယှဉ်မရသော ဘေးဆိုးကြီး ရင်ဆိုင်ရနိုင်ဖွယ်ရှိသည်။

ရန်တိ ၊ အဘိုးအို’မော့’ နှင့် စုန့်ဝူလျန်တို့ အရှေ့ပင်လယ်စည်းတံဆိပ်ထဲတွင် ပိတ်မိသွားချိန် ဟွမ်ကွမ်လီ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါက ကွမ်းမင်ဂိုဏ်း ဆင်းသက်လာစရာ မလိုတော့ဘဲ နေသူတော်စင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ရန်ကျောက်ကဲက ဖြည်းညင်းသော လေသံဖြင့်...

“ နေသူတော်စင်ဂိုဏ်း မရှိတော့ဘူး ၊ ဟွမ်ရှုနဲ့ ဟွမ်ကျိလည်း ငါ သတ်လိုက်လို့ သေသွားပြီ ၊ အခု မင်းအလှည့်ပဲ...”

ဟွမ်ကွမ်လီ ပခုံးနှစ်ဖက်လုံး ဆတ်ခနဲ တုန်ခါသွားသည်။ သူက လက်သီးတစ်ဖက်မြှောက်လိုက်ပြီး ရန်ကျောက်ကဲထံ ထိုးစိုက်ချလိုက်၏။

မိုးမြေတစ်ခွင်လုံး လွှမ်းခြုံသွားသော ရွှေရောင်နေခြည်အလင်းတန်းများထွက်ပေါ်လာပြီး စွမ်းအားက အလွန်တရာ ပူပြင်းတောက်လောင်လွန်းသည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ရန်ကျောက်ကဲနှင့် ဟွမ်ကွမ်လီကြားသို့ ချက်ချင်းရာက်ရှိလာပြီး ဂဠုန်နဂါးလှံရှည်ကို ဝှေ့ယမ်းကာ ဟွမ်ကွမ်လီ၏ လက်သီးချက်ကို ထိန်းချုပ်လိုက်သည်။

ဟွမ်ကွမ်လီက သူ့အရှေ့မှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တည်ငြိမ်အေးဆေးစွာပင်ကြည့်လိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်တော့ ကူရာကယ်ရာမဲ့စွာ ခံစားနေရသည်။

သူ ‌စောစီးစွာ နောက်ဆုတ်သွားချင်သည့်တိုင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူသွားမည့်လမ်းကို ပိတ်ဆို့ထားပြီး သူ့အရှေ့မှလူသည် သူ့ထက် အဆပေါင်းများစွာလျှင်မြန်ကြောင်း သဘောပေါက်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား စတင်လှုပ်ရှားလိုက်သည်နှင့် ရန်ကျောက်ကဲအား ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ရန် အခွင့်အရေးမရှိတော့ကြောင်း ဟွမ်ကွမ်လီ အသေအချာ နားလည်သွားသည်။

ယေဘူယျဆိုရသော် သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူ (၂)ဦး ထိပ်တိုက်တွေ့ကြသည်ဆိုလျှင် တစ်ဖက်က တစ်စုံတစ်ယောက်ကိုကာကွယ်ရန် အာရုံစိုက်နေပါက အားသာချက် လျော့နည်းသွားမည်ဖြစ်သည်။ သို့ပေသိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ အလွန်တရာလျှင်မြန်ပြီး အားနည်းချက် လုံးဝမရှိကြောင်း ထင်မှတ်ရသည်။

စွမ်းအားမြင့်မားသူများက အားနည်းသောတိုက်ကွက်များကို အသုံးမပြုကြပေ။

နေသူတော်စင်ဂိုဏ်းတွင် ထိပ်တန်းအဆင့် သိုင်းပညာတစ်ရပ်ဖြစ်သည့် “နေမင်းခုန်ပျံ” သိုင်းပညာ ပိုင်ဆိုင်ထားသည်။

ဟွမ်ကွမ်လီက ထိုသိုင်းပညာကို ထုတ်ဖော်အသုံးပြုလိုက်ရာ သူ့သဏ္ဌန်က ကောင်းကင်တစ်ခွင် ဖြတ်ကျော်ပျံသန်းသွားသည့် နေဝန်းကြီးအလား ထင်မှတ်ရသည်။ သို့သော် သူ ရင်ဆိုင်နေရသူက ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားဖြစ်နေလေရာ မည်သို့မှ မယှဉ်သာခဲ့ပေ။

အလွန်တရာ လျှင်မြန်ပါသည်ဆိုသော ကောင်းကင်မိုးကြိုးခန်းမမှ ခန်းမသခင် ‘ချန်လီ’ သည်ပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် မယှဉ်နိုင်ခဲ့ပေ။ ထို့ကြောင့် ဟွမ်ကွမ်လီအတွက် ကြေကွဲစရာသာ ရှိတော့သည်။

ထို့သို့သော စွမ်းအားမြှင့်ပြိုင်ဘက်ကို ရင်ဆိုင်ရပါက အဆုံးထိတိုကခိုက်ရန်သာရှိပြီး ပြန်လည်ဆုတ်ခွာရန် မဖြစ်နိုင်တော့ပေ။

သို့ပေသိ တိုက်ကွက်တစ်ကွက် ရင်ဆိုင်လိုက်ရုံဖြင့် ဟွမ်ကွမ်လီ၏စိတ် အောက်ဆုံးအထိ နစ်မြုပ်ကျဆင်းသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အလွန်လျှင်မြန်ရုံသာမက စွမ်းအားလည်းမြင့်မားလွန်း၏။ ပြင်းထန်သောလက်သီးချက်များက ဟွမ်ကွမ်လီကို ထိတ်လန့်တုန်လှုပ်စေရုံသာက စကားမပြောနိုင်လောက်အောင် ဖြစ်ရသည်။

ထို့ပြင် ဟွမ်ကွမ်လီက လက်နက်မဲ့ဖြစ်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ဂဠုန်နဂါးလှံရှည်’ ကို ကိုင်ဆောင်ထားသည်။

ဟွမ်ကွမ်လီမှာ ထွက်ပြေးချင်သော်လည်း ပြေးမရသလို ဆက်လက်တိုက်ခိုက်ရန်လည်း မဖြစ်နိုင်တော့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏စွမ်းအားက ရန်တိမှလွဲပြီး ကျန်သိုင်းသူတော်စင်များအားလုံးထက် သာလွန်သည်။

ဟွမ်ကွမ်လီသည် အမြဲတမ်း သဘောထားတင်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်သော ကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်သည့်တိုင် ယခုတော့ ရန်တိနှင့် ရန်ကျောက်ကဲကိုကြည့်ရင်း အသက်ရှူမဝ ဖြစ်လာသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ တံခါးပိတ်ကျင့်ကြံခြင်း အောင်မြင်ခဲ့ပြီး သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုအချိန်က သူကိုယ်တိုင် ဘုန်းတန်ခိုးကြီးမားလွန်းသည်သာမက အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “မဟာနေမင်းတိုင်းတာခြင်းပေတံ” သည်လည်း လက်ထဲတွင် ရှိနေခဲ့ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် “လောကပထမ” အဖြစ် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ဟွမ်ကွမ်လီက ဝါဒတောင်ကို တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုတိုက်ပွဲက သူ့ဦးခေါင်းကို ကျောက်ဆောင်နှင့်ရိုက်မိသကဲ့သို့ဖြစ်မည်ကို မည်သူသိနိုင်မည်နည်း။

ထိုတိုက်ပွဲတွင် ယွမ်ကျန်းဖုန်းက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ကို ဖြတ်ကျော်ကာ သိုင်းသူတော်စင်ဖြစ်လာခဲ့ပြီး ဟွမ်ကွမ်လီနှင့် နေသူတော်စင်ဂိုဏ်းတို့က မဟာနေမင်းတိုင်းတာခြင်းပေတံကို ဆုံးရှုံးခဲ့ရသည်။

အောင်ပွဲအရုဏ်ဦးရောင်နီကို တွေ့မြင်ရသည်ထင်မှတ်ရသော်လည်း အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်သာ။

အချိန် (၂)နှစ်ခန့်ကြာပြီးနောက် ယွမ်ကျန်းဖုန်း၏တပည့် ရန်တိက သိုင်းသူတော်စင်အဆင့်သို့ တက်ရောက်ခဲ့သည်။

ရန်တိ သိုင်းသူတော်စင်ဖြစ်လာသည်နှင့် သိုင်းသူတော်စင် ဒုတိယအဆင့်ရှိသော ဟွမ်ကွမ်လီထက် သာလွန်ခဲ့သည်။ ထို့ကြောင့် သတိမမူမိခင်မှာပင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည့်အလား ခံစားခဲ့ရသည်။

သူနှင့် နေသူတော်စင်ဂိုဏ်းမှာ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ချောက်ကမ်းပါးအစွန်းမှ တွန်းချခံရတော့မည့်အလား ဖြစ်ရသည်။ နောက်ဆုံး မီးတောက်မိစ္ဆာများနှင့် ငရဲကိုးထပ်တိုက်ပွဲ တစ်ပြိုင်နက်တည်းဖြစ်ပွားခဲ့ပြီး နေသူတော်စင်ဂိုဏ်းအတွက် အခွင့်အရေး ပြန်လည်ရရှိခဲ့သည်။

သို့သော် ဟွမ်ကွမ်လီ အရှေ့ပင်လယ်စည်းတံဆိပ်မှ လွတ်မြောက်ရန် ကြိုးစားသည့်အခါ ရန်တိထက်အသက်ငယ်ရွယ်ပြီး စွမ်းအားကြီးမားသော လူငယ်လေး ‘ရန်ကျောက်ကဲ’ က သူ့ကို တားဆီးခဲ့သည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် သူ၏လက်ထဲမှ ‘ဂဠုန်နဂါးလှံရှည်’ ကိုကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

ထို့နောက် အဖျက်စွမ်းအားများရောယှက်နေသည့် အင်အားကြီးမားသော လက်သီးချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုလက်သီးချက်၌ ကမ္ဘာပေါ်မှအလင်းရောင်များအားလုံးကို စုစည်းထားပြီး ထွန်းလင်းတောက်ပသော မီးပြင်းဖိုကြီးတစ်ခုအလား ထင်မှတ်ရသည်။

ထိုအခိုက်အတန့်တွင် ဟွမ်ကွမ်လီက စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။

ရန်ကျောက်ကဲ ကွမ်းမင်ဂိုဏ်းအကြောင်း သိရှိနေခြင်းမှာ သူတို့ နေသူတော်စင်ဂိုဏ်းမှ သတင်းပေါက်ကြားခြင်းလည်း ဖြစ်နိုင်သလို ၊ ဝါဒတောင်သည်လည်း ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာအကြောင်းကို သိရှိသည်ဖြစ်ရာ အခြား သတင်းရင်းမြစ်မှ ကြားသိခြင်းလည်း ဖြစ်နိုင်၏။

ထိုသို့ဆိုလျှင်တော့ အခြေအနေက ထင်သလောက်မဆိုးဟု ပြောရမည်။

သူ့ရှေ့မှလူငယ်က စကားကြီးစကားကျယ်များ ပြောနေခြင်းလည်း ဖြစ်နိုင်၏။ ရန်ကျောက်ကဲနှင့် ဝါဒတောင်၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ကွမ်းမင်ဂိုဏ်းမှ ဆင်းသက်လာသူများကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

“ရန်တိ” အရှေ့ပင်လယ်တွင် ပိတ်မိနေခြင်းမရှိဘဲ ရန်တိနှင့် ရန်ကျောက်ကဲ လက်တွဲတိုက်ခိုက်လျှင်ပင် ကွမ်းမင်ဂိုဏ်းမှဆင်းသက်လာသော သိုင်းသူတော်စင် တတိယအဆင့် တန်ခိုးစွမ်းအားရှင်နှစ်ယောက်ကို တိုက်ခိုက်အနိုင်ယူရန် ဝါဒတောင်အနေဖြင့် ခက်ခဲပေလိမ့်မည်။

ထိုအတွေးဖြင့် ဟွမ်ကွမ်လီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

ရန်ကျောက်ကဲက ဟွမ်ကွမ်လီနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတိုက်ခိုက်နေသည်ကို တိတ်တဆိတ် အကဲခတ်နေသည်။ ထို့နောက် ဟွမ်ကွမ်လီစိတ်ထဲမှအတွေးများကို သိရှိသည့်အလား စကားတစ်လုံးချင်း ဆိုလာသည်။

“တိန့်စန်း... ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင် စတုတ္ထအဆင့်”

“စွန်းဟောက်... ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင် တတိယအဆင့်”

“လျိုဖုန်း... ကွမ်းမင်ဂိုဏ်းက ဧည့်သည်တော် ၊ သိုင်းသူတော်စင် တတိယအဆင့်”

“ယန်ကျန်းဟွာ... ကွမ်းမင်ဂိုဏ်းက သိုင်းသူတော်စင် ဒုတိယအဆင့်”

“ကျင်းကျယ် ... ကွမ်းမင်ဂိုဏ်းက ဧည့်သည်တော် ၊ သိုင်းသူတော်စင် ဒုတိယအဆင့်”

ရန်ကျောက်ကဲ နှုတ်ဖျားမှ ရေရွတ်လိုက်သောနာမည်များကိုနားထောင်ရင်း ဟွမ်ကွမ်လီစိတ်ထဲ တုန်လှုပ်သွားသည်။ သူသည်ပင် တိန့်စန်းနှင် စွန်းဟောက်တို့၏ အမည်များကိုသာ ကြားဖူးပြီး အခြားသူများကို သိရှိခြင်း မရှိပေ။

ရန်ကျောက်ကဲပုံစံက လိမ်ပြောနေသည်နှင့်မတူလေရာ ဟွမ်ကွမ်လီ မျက်ဝန်းများ တုန်လှုပ်သွားသည်။

ရန်ကျောက်ကဲက...

“အဲဒီလူတွေက အထက်ဘုံကမ္ဘာ ကွမ်းမင်ဂိုဏ်းက ငါတို့အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဆင်းသက်လာတဲ့သူတွေပဲ”

ဘေးမှနားထောင်နေသည့် စုန့်ဝူလျန်မှာ အာခေါင်များခြောက်လာပြီး အဘိုးအို’မော့’ ကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရန်ကျောက်ကဲက ဟွမ်ကွမ်လီကို မျက်ခုံးတစ်ချက်ပင့်ကာကြည့်ရင်း...

“သူတို့အကုန်လုံးကို ငါသတ်ပစ်လိုက်ပြီ”

“မင်းတို့ ‘ဟွမ်’ အိမ်တော် မျိုးဆက် (၃)ဆက်လည်း ငရဲသွားတဲ့လမ်းမှာ မင်းကို စောင့်နေလောက်ပြီ ၊ ဒီတော့ မင်းလည်းလွတ်မယ်မထင်နဲ့”

စောစောက ရင်ထဲလေးလံသလို ခံစားနေရသော စုန့်ဝူလျန်မှာ အခုတော့ ခေါင်းများပင် မူးဝေလာရသည်။ အဘိုးအို’မော့’ ကတော့ ရန်ကျောက်ကဲကို ပြူးကျယ်သည့်မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။

သူတို့၏ ထိတ်လန့်တုန်လှုပ်နေသောအကြည့်များအောက်မှာပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဟွမ်ကွမ်လီကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများက နေဝင်ချိန်အလင်းတန်းများ လေထုထဲဖြာလင်းနေသည့်အလား တောက်ပသွားပြီး ကြွေကျနေသော မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်ခုလုံး နီရဲသောသွေးများ ဖြာကျလွှမ်းခြုံသွား၏။

ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဂဠုန်နဂါးလှံရှည်သည် ဟွမ်ကွမ်လီ၏ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားသည်။

ဟွမ်ကွမ်လီ၏မျက်နှာက စိတ်ပျက်အားလျော့မှုများဖြင့် ပြည့်နေသည်။

နောက်ဆုံးစွမ်းအားဖြင့် သူက ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး ရင်ဝတွင်စိုက်ဝင်နေသော “ဂဠုန်နဂါးလှံရှည်” ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ကျန်လက်တစ်ဖက်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ရိုက်ချလိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဟွမ်ကွမ်လီ၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် တည်ငြိမ်စွာ ထိန်းထားလိုက်သည်။

ထို့နောက် “ဂဠုန်နဂါးလှံရှည်”ကို ဟွမ်ကွမ်လီ၏ ခန္ဓာကိုယ်ထဲသို့ စောင့်ပြီးထိုးချလိုက်ရာ ပြင်းထန်သောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

All Chapters