← Chapters

အားလုံးက အာရုံအပြောင်းအလဲ အပန်းဖြေစရာလေး တစ်ခုတော့ လိုအပ်တယ်

Vol. 3 Ch. 38

အားလုံးက အာရုံအပြောင်းအလဲ အပန်းဖြေစရာလေး တစ်ခုတော့ လိုအပ်တယ်

Vol. 3 Ch. 38

အခန်း (၃၈)  :  အားလုံးက အာရုံအပြောင်းအလဲ အပန်းဖြေစရာလေး တစ်ခုတော့ လိုအပ်တယ်

ဝမ်ဝေ့ မြေအောက်ခန်းထဲ ဝင်သွားပြီးနောက် သိပ်မကြာခင်တွင် ထျန်းဝေ့တောင်ထိပ်ပေါ်တွင် တစ်ယောက်ယောက် ပေါ်လာကာ ဂိုဏ်းချုပ်ဝမ်ထျန်းအား သတင်းတင်ပြလိုက်သည်။

ကျောက်စိမ်းပေလွှာအမျိုးမျိုးကို ဖတ်ရှုနေသည့် ဝမ်ထျန်းက ရုတ်ချည်းဆိုသလို ဗလာကျင်းနေသည့် လေဟာနယ်ထဲ ခေါင်းပင် မော့မကြည့်ဘဲ မေးလိုက်သည်  “ အရိပ် … ဒီနေ့ ဘာကိစ္စတင်ပြစရာ ရှိလို့လဲ ”

အရိပ်က အသံခပ်ဩဩဖြင့် ဖြေလိုက်သည်  “ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က သခင်ငယ်လေး အကျဉ်းသားတွေ ထားရှိတဲ့ မြေအောက်ခန်းထဲ ဝင်သွားပါတယ်။ ပြီးတော့ သူ့ဝတ်ရုံမှာ သွေးတွေပေပွပြီး ပြန်ထွက်သွားပါတယ် ”

အရိပ်စကားများကို ကြားပြီးနောက် ဝမ်ထျန်းက ထိုစကားများ ဆိုလိုရင်းကို တန်းနားလည်လိုက်သည်။ သူက ခေါင်းမော့ကြည့်ကာ ဝမ်မိသားစုရှိရာ တောင်ထိပ်ဆီ လှမ်းကြည့်လိုက်သည်။

သူ့အမြင်က မိုင်ထောင်ချီ ထိုးဖောက်သွားပြီးနောက် အစီအရင်များစွာကို ဖြတ်သန်းကာ သူ့သားကို မြင်လိုက်ရသည်။

ဤတစ်ကြိမ် ဝမ်ထျန်းက သူ့သားခန္ဓာကိုယ်တွင် သွေးအပြည့် ဖြစ်နေပြီး အစေခံများအား ချိုးရေပြင်ဆင်ထားခိုင်းကာ စောင့်နေသည်ကို မြင်လိုက်ရသည်။ ဝမ်ထျန်းက သူ့သား၏ စိတ်အခြေအနေမှာ မကောင်းကြောင်း သိလိုက်၏။

ဝမ်ဝေ့ကို စစ်ဆေးပြီးနောက် ဂိုဏ်းချုပ်ဝမ်ထျန်းက သက်ပြင်းချလိုက်သည်။ ဒီနှစ်တွေမှာ ဝမ်ထျန်းက သူ့သားသည် သာမန်လူများနှင့် အတော်လေး ကွဲပြားနေကြောင်း သတိပြုမိခဲ့၏။

နှစ်များစွာ လေ့လာစောင့်ကြည့်မှုအရ သူ့သားဖြစ်သူ၏ နဂိုသဘာဝသည် ဒီကမ္ဘာရှိ အခြားလူအားလုံးနှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း သိလာခဲ့ရသည်။

သူ့သား၏ နဂိုစိတ်သဘာဝက လူသားအားလုံး တန်းတူ ဖြစ်ကြောင်း သဘောတရားကို ဆုပ်ကိုင်ထားသည်။ ပို၍ အရေးကြီးသည်က သတ်ဖြတ်ခြင်းကို မှားယွင်းသည်ဟု မှတ်ယူထားလေ၏။

ဝမ်ထျန်းက သူ့သားဖြစ်သူအကြောင်း သတိပြုမိသွားသည့်အခါ အင်မတန် စိုးရိမ်လာမိသည်။ ကျင့်ကြံသူများ အုပ်စိုးရာ ဒီလောကကြီးထဲ၌ ထိုအတွေးအမြင်များက အန္တရာယ်များရုံမှအပ ဘာမှမဟုတ်ပေ။

မြစ်နှင့် တောင်တန်းများကို ဖျက်ဆီးကာ ကြယ်တာရာများကို ကောက်ယူနိုင်သည့် နှစ်တစ်သိန်းလောက် သက်တမ်းရှိနိုင်သော ကျင့်ကြံသူတစ်ယောက်က သာမန်သေမျိုးတစ်ယောက်နှင့် ညီမည်လား။

ထို့အပြင် ဒီလိုမျိုး အားကောင်းကောင်း အင်အားမျိုး ရှိထားခြင်းဖြင့် ဘယ်ကျင့်ကြံသူက သူတို့ကို ထိန်းချုပ်ထားဖို့ စည်းမျဉ်းများရှိခြင်းကို ခွင့်ပြုမည်နည်း။

မသတ်ဖို့အတွက်လား …

ဤသည်ကို ဝမ်ထျန်း အစိုးရိမ်ဆုံး ဖြစ်၏။ သူ့သားက ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းဖို့ ဆုံးဖြတ်ထားသူ ဖြစ်ရာ အသွေးအသားအပုံလိုက်ကို မည်သို့မကြုံတွေ့ရဘဲ နေမည်နည်း။

သတ်ဖြတ်ရာတွင် ဆုံးဖြတ်ချက် ပြတ်သားခြင်းက မဟာဧကရာဇ်တိုင်းအတွက် အခြေခံကျသည့် လိုအပ်ချက်တစ်ခု ဖြစ်ပေသည်။ ဤသည်မှာ ဝမ်ဝေ့ အမြဲတမ်း လိုအပ်နေသည့်အရာ ဖြစ်၏။

ဝမ်ထျန်းက မျှော်နန်းဆောင် စစ်ဆေးမှုထဲ ကြုံတွေ့ခံစားပြီးနောက် ဒီအခြေအနေက အကောင်းဘက် ပြောင်းလဲလာကြောင်း ယုံကြည်ထားသည်။ သို့သော် သူ့သား ပထမဆုံးအကြိမ် လူသတ်ပြီးနောက် တုံ့ပြန်မှုအရ သူ့ပင်မစိတ်သဘောထားသည် သူ့ထဲ နက်နက်ရှိုင်းရှိုင်း စွဲကပ်နေပုံပေါ်သည်။

သို့သော်လည်း ယခု ဂိုဏ်းချုပ်ဝမ်ထျန်း သူ့သားအကြောင်း စိုးရိမ်နေဖို့ မလိုတော့ပေ။ ဝမ်ဝေ့၏အပြုအမူမှ သူ့သားသည်လည်း ဒီပြဿနာကို သတိပြုမိကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူ့ဘာသာ ဖြေရှင်းဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ ဝမ်ထျန်းအနေနှင့် ဘာမှဝင်ပါစရာ မလိုပေ။

ဝမ်ထျန်းက အတွေးများစွာ တွေးမိလိုက်ပြီးနောက် အရိပ်အား ဂိုဏ်း၏ ကိစ္စအရပ်ရပ်ကို စောင့်ကြည့်ထားခိုင်းလိုက်သည်။

………….

သိပ်မကြာခင် ခုနှစ်ရက် ကုန်ဆုံးသွားလေသည်။

ယခင်ရက်ပိုင်းအတွင်း ဝမ်ဝေ့က ညဘက် အိပ်မက်ဆိုးများ မက်ခဲ့သည်။ ထိုအိပ်မက်ဆိုးများအတွင်း သူက သူ သတ်ခဲ့သည့် အကျဉ်းသားများ မျက်နှာကို အမြဲ မြင်တွေ့နေရသည်။ သူတို့က တတ်နိုင်သမျှ နည်းလမ်းအစုံဖြင့် သူ့အား အမဲလိုက်ကာ နှိပ်စက်ကြသည်။

သို့သော်လည်း သူက နောက်ရက်၌ အကျဉ်းသားများစွာကို ထပ်သတ်ခဲ့သည်။ သူ့အိပ်မက်ဆိုများက မည်မျှဆိုးရွားနေစေကာမူ၊ သူက တစ်ခါသတ်ပြီးတိုင်း မည်မျှမသက်မသာ ဖြစ်စေကာမူ တစ်ရက်မှာ အနည်းဆုံးတော့ အသက်တစ်သက်ကို သတ်သည်။

ဝမ်ဝေ့က တစ်ယောက်ယောက်ကို သတ်ဖြတ်ဖို့က သူ့အတွက် သာမန်ရိုးကျကိစ္စလို ဖြစ်လာကြောင်း သိလိုက်သည်။ သူက မည်သို့အသားကျရမည်ကို သင်ယူခဲ့သည်။

ယနေ့ ဝမ်ဝေ့က သူ့မိခင်နှင့်အတူ ညစာစားခဲ့သည်။ သူက စားနေရင်း သူမနှင့် စကားပြောနေသည်။ သို့သော်လည်း ယုယန်က သူမသားသည် အာရုံမစိုက်နေကြောင်း ပြောနိုင်လေသည်။

သူမက သူသားဖြတ်ကျော်ခဲ့ရသည်များကို ခင်ပွန်းဖြစ်သူထံမှ သိထားပြီးလေပြီ။ ထို့အပြင် သူမကလည်း အခုတလော သားဖြစ်သူ အိပ်မက်ဆိုးများ ဆက်တိုက်မက်နေကြောင်း သတိပြုမိ၏။ ဒီကိစ္စနှင့် ပတ်သက်လာလျှင် သူမက ကူညီပေးနိုင်သည့် အရာတချို့ ရှိလေသည်။ သူမက သူမအပိုင်းကို လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်၏။

ယုယန်က သူမသားကို အသာလှုပ်ကာ မေးလိုက်သည်  “ဝေ့အာ … အမေပြောတာ နားထောင်နေရဲ့လား ”

ဝမ်ဝေ့က သတိလက်လွတ်ဖြစ်နေရာမှ အသိပြန်ဝင်လာကာ တောင်းပန်လိုက်သည်  “ မေမေ ကျွန်တော် တောင်းပန်ပါတယ်။ နည်းနည်းအာရုံလွတ်သွားတယ်။ မေမေက ဘာပြောနေတာလဲ ”

“ အမေနဲ့ သား အဖေ ဘယ်လိုတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပေါ့ ”

“ ဟုတ်သားပဲ … အမေတို့နှစ်ယောက်ကြား ဘယ်လိုဖြစ်ခဲ့တာလဲ ”

ယုယန်က ချောင်းအသာဟန့်ကာ ဇာတ်ကြောင်းတစ်ခုလုံးအား ထူးထူးဆန်းဆန်း ဆွဲဆောင်မှုအပြည့်ဖြင့် ပြောပြလိုက်သည်။ သူမက ပြောနေရင်း သူမစကားတချို့တွင် မသိမသာ လေသံ အတက်အကျလေး ပါဝင်နေသည်။

“ အမေနဲ့ သားရဲ့ အဖေတို့က အမေတို့မျိုးဆက်ရဲ့ အတောက်ပဆုံး ကောင်းကင်ရွေးချယ်ခံတွေပေါ့။ အမေတို့က အသင်္ချေအင်ပါယာကမ္ဘာက ပါရမီရှင်လို့ ခေါ်တဲ့ ကျင့်ကြံသူအများကြီးကို ရင်ဆိုင်အနိုင်ပိုင်းခဲ့ရတယ်။ မင်း အဖေနဲ့တောင် အကြိမ်အများကြီး တိုက်ခိုက်ဖူးကြတယ် … ”

“ဒါနဲ့ ဘယ်လိုလုပ် တိုက်ကြတာလဲ … ဘယ်သူက အနိုင်ရတာလဲ” ဝမ်ဝေ့က စိတ်ဝင်တစား မေးလိုက်သည်။

ယုယန်က ဖြေလိုက်သည်  “ သား သိတဲ့အတိုင်း အမေက ယုမျိုးနွယ်ကလူ။ အမေတို့ မိသားစုမှာ မဟာဧကရာဇ်တစ်ပါးပဲ ရှိခဲ့ဖူးတာ။ အဲဒါကြောင့် အမေကို မိသားစုရဲ့ နောက်ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အမေတို့မျိုးဆက်ရဲ့ ကောင်းကင်ရွေးချယ်ခံတွေအတွက် တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေးခဲ့ကြတယ်။ အဲဒါကြောင့်ပဲ သား အဖေနဲ့ အမေတို့က အကြိမ်အများကြီး တိုက်ခိုက်ခဲ့ကြတာပေါ့ ”

“ဘယ်သူ အနိုင်ရပြီး ဘယ်သူရှုံးသွားလဲ “

ယုယန်က ပြောနေရင်း ခဏရပ်လိုက်ကာ သူမမျက်နှာအထက် အနည်းငယ် နီရဲလာသည်။ ထို့နောက် သူမက ဆက်ပြောပြလိုက်၏။

“သား အဖေက အဲတုန်းက တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ပဲ။ သူက ကြီးကျယ်ခမ်းနားတဲ့ အမြင်တွေ ပါဝင်နေတဲ့  အပြီးတိုင်ပိုင်းဖြတ်ခြင်း ဓားကျမ်းကို ဖန်တီးခဲ့တယ်။ အမေ သူ့ကို ထိပ်တိုက်ရင်ဆိုင်တဲ့နေရာမှာ တစ်ခါမှ အနိုင်မရခဲ့ဘူး”

ဝမ်ဝေ့က ချက်ချင်း ပြန်ပြောလိုက်သည်  “ထိပ်တိုက်ရင်ဆိုင်တာတဲ့လား။ အဲဆို အမေက သူ့ကို ဉာဏ်နီဉာဏ်နက်သုံးပြီး တခြားနည်းလမ်းတွေနဲ့း အနိုင်ရခဲ့တာလား ”

ထိုစကားကို ကြားကာ ယုယန်၏ မျက်နှာက ရှက်ရွံ့၍ နီရဲလာကာ ဝမ်ဝေ့ကျောကို အသာရိုက်လိုက်ရင်း   “ဉာဏ်နီဉာဏ်နက် နည်းလမ်းဆိုတာ ဘာလဲ။ ဧကရာဇ်လမ်းစဉ်မှာ အနိုင်ရသူက ဘယ်လိုနည်းနဲ့ အနိုင်ရရ အနိုင်ရသူပဲ ”

သူ့အမေ၏ ဆူပူမှုကို ကြားကာ ဝမ်ဝေ့က ခြောက်ကပ်ကပ် ရယ်လိုက်ပြီး မငြင်းခုန်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ချက်ချင်း ခေါင်းစဉ်လွဲကာ မေးလိုက်သည်။

“ အမေတို့က ရန်သူတွေဆိုရင် ဘယ်လိုလုပ် ချစ်သွားကြတာလဲ ”

ယုယန်က သားဖြစ်သူ၏ မေးခွန်းကို ကြားသည့်အခါ တိတ်တဆိတ် ပြုံးလိုက်မိသည်။

ဝမ်ဝေ့ကိုယ်တိုင်ပင် ဒီစကားဝိုင်းတစ်လျှောက်လုံး စိတ်ပျံ့လွှင့်ခြင်းမျိုး မရှိကြောင်း သတိမထားမိပေ။ သူက ယခင်ခုနှစ်ရက်အတွင်း ကြုံတွေ့ခံစားရသည့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေပါ မေ့လျော့သွားလေသည်။

အကြောင်းအရင်းမှာ ယုယန်က စိတ်ညို့ပညာကို တိတ်တဆိတ် ထုတ်သုံးထားပြီး ဝမ်ဝေ့အား စိတ်ပျံ့လွှင့်ခြင်း မရှိဘဲ သူမစကားများအပေါ်သာ အာရုံစိုက်နိုင်အောင် လုပ်ထား၍ ဖြစ်သည်။ ထိုနည်းစနစ်က ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့် ရောက်ရှိပြီးနောက် ရိုးရှင်းလှသည့် ဝိညာဉ်နည်းစနစ်လေး ဖြစ်၏။

သဘာဝလွန်နှင့် အံ့ဖွယ်ခန္ဓာကိုယ် နယ်ပယ်အဆင့်မှ ကျင့်ကြံသူများလည်း လုပ်နိုင်ကြသည်။ သို့သော်လည်း ဒီလိုမျိုး မပြောင်မြောက်လှပေ။

ယုယန်က ဆက်ပြောပြနေသည်။

“အမေတို့က မြောက်ပိုင်း လိပ်နက်ကုန်းမြေမှာရှိတဲ့ တားမြစ်နယ်မြေခြောက်ခုထဲက သွေးမြေဆီ သွားတုန်း ချစ်သွားကြတာ ”

“ မေမေ ခဏလေးနေပါဦး … တားမြစ်နယ်မြေတွေက မရဏနယ်မြေ မဟုတ်ဘူးလား။ ဝင်သွားသူတိုင်း သေမှာဆို … မဟာဧကရာဇ်တောင် ခြွင်းချက်မရှိဘူးဆို ”

ယုယန်က သူ့အား အသာရိုက်လိုက်ကာ  “ စကားကို ဖြတ်မပြောနဲ့လေ။ တားမြစ်နယ်မြေတွေက မဟာဧကရာဇ်တွေအတွက်တောင် အန္တရာယ်များတယ်ဆိုတာ မှန်ပေမဲ့ အဲဒါက အတွင်းပိုင်းတစ်ခုတည်းလေ။ သတ်မှတ်ချိန်ရောက်ရင် တားမြစ်နယ်မြေတွေက ပွင့်လာပြီးတော့ ကျင့်ကြံသူတွေက သူတို့အခွင့်အရေးကို သွားရှာတတ်ကြတယ်။

သား အဖေနဲ့ အမေလည်း အတူတူပဲ။ ကံဆိုးတာက ပြင်ဘက်ပိုင်းမှာ အန္တရာယ်တွေ ပြည့်နေတာပဲ။ တချို့ကျင့်ကြံသူလောက်ပဲ ကြိုးစားပြီး အသက်ရှင်ရက် ထွက်လာနိုင်ကြတာ။ သား အဖေကို အဲဒီမှာတွေ့ခဲ့တာ … အမေတို့ကို သွေးအဇူရာတွေ အဝိုင်းခံထားရတယ်။

အသက်ရှင်ရက်ထွက်နိုင်ဖို့ အမေတို့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြတာ။ အကြိမ်များစွာ တိုက်ခိုက်နေတုန်း အမေတို့ တစ်ယောက်အသက် တစ်ယောက် ကယ်ခဲ့တာ မနည်းဘူး။ ကြာလာတော့ အမေတို့ကြားမှာ မိတ်ဆွေထက်ပိုတဲ့ ဆက်နွယ်မှုတစ်ခု ဖြစ်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ချစ်ကျွမ်းဝင်သွားကြတယ် …  ”

ဝမ်ဝေ့က သူ့မိဘတွေ၏ အချစ်ဇာတ်လမ်းကို နားထောင်နေရင်း စိတ်ဝင်စားလာမိသည်။ သို့သော်လည်း သူက ကိစ္စများသည် သူ့အမေ ပြောသလို မရိုးရှင်းကြောင်း သိထား၏။ နှစ်ယောက်လုံးက သူတို့မိသားစုများ၏ အိပ်မက်နှင့် မျှော်လင့်ချက်ကို သယ်ဆောင်ထားရသူများ ဖြစ်ပေသည်။ အချစ်အတွက်ဖြင့် မည်သို့အလွယ်တကူ လက်လျော့နိုင်မည်နည်း။

ထိုမေးခွန်းကို စဉ်းစားမိပြီးနောက် သူက သူ့အမေကို တန်းမေးလိုက်သည်။ ယုယန်က ပြန်လည်အောက်မေ့သည့် အမူအရာမျိုး ပန်ဆင်ထားပြီး တုံ့ပြန်လိုက်၏  “ မိသားစုတွေ အမေတို့ ဆက်ဆံရေးကြား ဝင်မနှောင့်ယှက်ဖို့ အမေတို့တွေ ကောင်းကင်အာဏာတိုက်ပွဲ အတွက် အကောင်းဆုံး ကြိုးစားပါ့မယ်လို့ ကောင်းကင်တာအို ကျိန်ဆိုမှု လုပ်ခဲ့ကြတယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာလာ အမေတို့အချစ်ကို မပြောင်းလဲနိုင်သလို မသက်ရောက်နိုင်ဘူး။

ဒါပေမဲ့ သား သိတဲ့အတိုင်း ကိစ္စတွေက စီစဉ်ထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။ အမေတို့မျိုးဆက်က အတော်လေး ကံဆိုးတယ်။ ဒါပေမဲ့ အကောင်းဆုံးလည်း ဖြစ်သွားတယ်။ အမေတို့ မိသားစုက အခုပျော်ပျော်ရွင်ရွှင် နေနေရပြီလေ။ ပြီးတော့ သားတစ်ယောက်လုံး ရှိထားသေးတယ် ”

ထိုအရာကို ပြောပြီးနောက် ယုယန်က ဝမ်ဝေ့ ခေါင်းကို အသာပွတ်သပ်လိုက်သောကြောင့် သူက နည်းနည်းရှက်သွားလေသည်။ သူ့အမေက သူ့ခေါင်းကို ပွတ်သပ်ရတာ ကြိုက်နှက်သက်၏။

ဝမ်ဝေ့က အမေလက်ထဲမှ ရုန်းဖို့ ကြိုးစားလိုက်စဉ် ယုယန်က ဝမ်ဝေ့၏ နွားနို့ခွက်ထဲ ဆေးတစ်လုံး ခြေမွှထည့်လိုက်သည်။

ထို့နောက် သူမက ပြောလိုက်သည်  “ကောင်းပြီ … ဘာမှရှက်နေစရာ မလိုဘူး။ အမေက သားအမေပဲလေ။ သား ကလေးတုန်းက အနှီးလဲပေးလာတာ ရေတောင် မရေနိုင်တော့ဘူး။ တစ်ရက် သား မဟာဧကရာဇ် ဖြစ်သွားရင်တောင် အဲဒီအချက်က မပြောင်းလဲဘူး။ သွားသွား အစာကုန်အောင်စားပြီး နို့သောက်တော့  ”

ဝမ်ဝေ့က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း အမေ၏ အမိန့်အတိုင်း လုပ်လိုက်သည်။ သူက စားသောက်ပြီးနောက် နို့ပါ သောက်လိုက်သည်။ အကြောင်းအရင်းတချို့ကြောင့် သူက နို့သည် ယခင်နှင့် မတူသလို ခံစားမိလိုက်၏။

သူက သုံးလသားကတည်းက ဒီနို့ကို သောက်လာခြင်း ဖြစ်ရာ အရသာကို မှတ်မိနေလေပြီ။

ဒီနို့ကို သူတော်စင်အဆင့် သက်တံရောင်နွားဆီမှ ထုတ်ယူထားခြင်း ဖြစ်ပြီး ခန္ဓာကိုယ် အားဖြည့်ဖို့အတွက် အလွန်အားကောင်းလေသည်။ ကျင့်ကြံဖို့အတွက်လည်း အခြေခံခိုင်မာစေသည်။

သက်တံရောင်နွားမှာ တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့ဂိုဏ်းသားများကို ပြုစုပျိုးထောင်ရန် နှစ်သန်းချီကြာ မွေးမြူထားသော သိမ်မွေ့သည့် နတ်ဆိုးမျိုးနွယ်မှ ဖြစ်သည်။ ဝမ်ဝေ့လို လူတချို့သာ သူတော်စင်အဆင့် နွားကို ရရှိနိုင်ကြသည်။

ဝမ်ဝေ့က နွားနို့ဆက်သောက်နေရင်း သူက အတွေးလွန်နေကြောင်း တွေးလိုက်မိသည်။ နွားနို့က အရမ်းအရသာရှိနေဆဲ ဖြစ်ကာ ယခင်ဘဝတုန်းက သောက်ဖူးသည့် နွားနို့များထက် ပိုကောင်းပေသည်။

အစေခံတချို့က အရသာပိုကောင်းသွားအောင် ပါဝင်ပစ္စည်းတချို့ ထည့်ထားပုံရသည်။ ထိုအကြောင်းကို တွေးမိပြီး ဘေးဖယ်ထားလိုက်တော့သည်။

ဝမ်ဝေ့က စားသောက်ပြီးနောက် သူ့အခန်းဆီ ပြန်သွားကာ ရေချိုးပြီး အနားယူဖို့ ပြင်လိုက်သည်။

ရေချိုးပြီးနောက် သိပ်မကြာခင် ဝမ်ဝေ့တစ်ယောက် သူ့ဘဝတွင် အကောင်းဆုံး အိပ်စက်မှုကို ရသွားခဲ့သည်။ သူက အိပ်မက်ဆိုး မမက်တော့သလို အတွေးများလည်း မရှိတော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။

……

ထိုညနက်ပိုင်း၌ ဝမ်ထျန်းက ဂိုဏ်းကိစ္စများ ဖြေရှင်းပြီးနောက် အိမ်ပြန်ရောက်လာသည်။ သူက ဇနီးဖြစ်သူကို မြင်လိုက်သည့်အခါ ချက်ချင်း မေးလိုက်သည်  “ ရှင်မ လုပ်လိုက်ပြီလား။ သူ့ကို စိတ်နှလုံးသက်သာ ဆေးလုံးကို ပေးလိုက်ပြီလား ”

ယုယန်က သူ့အား ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည် “ဒါပေါ့ … ကျွန်မရဲ့ စွမ်းရည်ကို သံသယဖြစ်နေတာလား “

ဝမ်ထျန်းက ချက်ချင်းဆိုသလို ဦးနှောက်ခြောက်သွားလေသည်။

သူ့ဇနီးလေးရဲ့ ရန်လိုစိတ်က ဘယ်ကနေ ရောက်လာတာလဲ ..

သူက တစ်ခုခုများ အမှားလုပ်မိလားဟု စတင်တွေးလာမိသည်။

သူက ဘာမှမတွေးမိပေ။ သူ့စိတ်ထဲ ပေါ်လာသည့် တစ်ခုတည်းသောအရာမှာ မဟာအကြီးအကဲယန်းမိန်သာ ဖြစ်၏။ သို့သော်လည်း သူ့သား မွေးဖွားလာပြီးကတည်းက သူမနှင့် ဝေးဝေးနေခဲ့သည်။ သူတို့ တွေ့ဆုံသည့် တစ်ခုတည်းသောအချိန်မှာ ဂိုဏ်းအစည်းအဝေးများတွင်သာ ဖြစ်၏။

သူက ပြဿနာကို စဉ်းစားနေမည့်အစား တိုက်ရိုက်သာ မေးလိုက်သည်  “ ဘာလို့ ဒေါသထွက်နေရတာလဲကွာ ”

ယုယန်က ဒေါသတကြီးဖြင့် ဖြေလိုက်သည်  “သူတော်စင်အဆင့် ဉာဏ်အလင်းပွင့်ဆေးလုံးက ပိုကောင်းရဲ့သားနဲ့ ကျွန်မတို့ သားလေးကို ကောင်းကင်အဆင့် စိတ်နှလုံးသက်သာဆေးလုံး ဘာလို့ တိုက်ရတာလဲ နားမလည်ဘူး။ ဝမ်ထျန်း … ရှင့်ကို ပြောလိုက်မယ်။ ရှင်တို့ တာအိုအခွင့်အလမ်းဂိုဏ်းက ဝေ့အာကို ကောင်းကောင်းမဆက်ဆံနိုင်ရင် ကျွန်မတို့ ယုမိသားစုက ဒီထက် ကောင်းကောင်းလုပ်ပေးနိုင်တယ် ”

သူ့ဇနီးဖြစ်သူ၏ စကားကို ကြားပြီး ဝမ်ထျန်း၏ နှုတ်ခမ်းထောင့်တို့ အသာတွန့်ချိုးသွားလေသည်။ ကောင်းကင်အဆင့် ဆေးလုံးကို လေဟာနယ်ပြိုပျက်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများ အသုံးပြုကြလေသည်။ တစ်လုံးချင်းစီက အဖိုးတန်လွန်း၍ လူများစွာအား တိုက်ပွဲ ဖြစ်သွားစေနိုင်သည်။

စိတ်နှလုံးသက်သာဆေးလုံးက ကျင့်ကြံသူများကို စိတ်ဗလာအခြေအနေထဲ ဝင်ကာ စည်းမျဉ်းများကို ပိုမိုနားလည်စေပြီး ထိန်းချုပ်စေနိုင်ဖို့ ကူညီပေးနိုင်ကြောင်း မညွှန်းဆိုရသေးပေ။ ထိုဆေးလုံး၏ တန်ဖိုးက စိတ်ကူးကြည့်၍ပင် မရပေ။

တကယ်တော့ ကျင့်ကြံသူများ အလွယ်တကူ မရစေရန်အတွက် ကမ္ဘာတစ်ဝှမ်း ထိုဆေးလုံးဖြန့်ဖြူးမှုကို ထိန်းချုပ်ထားသည့် အင်အားစုရှိသောကြောင့် ဈေးကွက်သေးလှသည်။

ယခု ထိုအဖိုးတန်ဆေးလုံးကို ကလေးတစ်ယောက် အိပ်မက်ဆိုးမက်ခြင်းကို ကာကွယ်ပေးဖို့ အသုံးပြုခဲ့သော်လည်း သူ့ဇနီးလေးက မကျေနပ်သေးဘဲ ပို၍ အဖိုးတန်တာ လိုချင်နေသည်။

ဉာဏ်အလင်းပွင့်ဆေးလုံးကလည်း စိတ်နှလုံးသက်သာ ဆေးလုံးနှင့် သက်ရောက်မှု တူ၏။ သို့သော် ပြင်းအားက အဆများစွာ ပိုပြင်းထန်သောကြောင့် သူတော်စင်နယ်ပယ်အဆင့် ကျင့်ကြံသူမျိုးအတွက် သက်ရောက်မှု ကောင်းလေသည်။

ထိုဆေးလုံး၏ အဖိုးတန်မှုကို စိတ်ကူးကြည့်နိုင်သည်။ တကယ်တော့ ဝမ်ထျန်းက ထိုဆေးလုံးဖြင့် ကျင့်ကြံခဲ့ခြင်း ဖြစ်၏။ ဂိုဏ်းရှိ မဟာအကြီးအကဲများနှင့် အကြီးအကဲများလည်း အတူတူသာ ဖြစ်သည်။

ဒါက ကလေးတစ်ယောက်ရဲ့ အိပ်မက်ဆိုးကို ကုသပေးဖို့အတွက် ဘယ်လိုသုံးနိုင်မှာလဲ …

တာအိုအခွင့်အလမ်းဂိုဏ်းက ဒီလိုဆေးလုံးမျိုး မပြတ်လပ်နေသော်လည်း ပေါများနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ဝမ်ထျန်းက သူ့ဘာသာ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ညင်ညင်သာသာလေး ပြောလိုက်သည်  “ရှင်မ … သူတော်စင်အဆင့် ဆေးလုံးက ဝေ့အာအတွက် အားကောင်းလွန်းနေတယ်လေကွာ။ ကူညီမဲ့အစား ထိခိုက်အောင် လုပ်မိလိမ့်မယ် ”

ယုယန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီး  “ ရှင် ကြိုက်တာသာ ပြော … ဒါပေမဲ့ ရှင်က ရှင့်သားကို ပေါပေါပဲပဲ သုံးတယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားလို့ မရဘူး။ ဒီနေ့ ရှင် ကျွန်မတို့ အိပ်ခန်းကို လာအိပ်စရာ မလိုဘူး။ ရှင့်ဘာသာ ကျင့်ကြံရေးခန်းထဲ တရားထိုင်နေ ”

ထိုသို့ပြောပြီးနောက် ယုယန်က လှည့်ပင်မကြည့်ဘဲ ထွက်သွားတော့သည်။

ဝမ်ထျန်းက သူ့ဇနီးထွက်သွားသည်ကိုသာ ကြည့်နေပြီး တွေးလိုက်မိသည်  “ ဒီနေ့ညတော့ ငါ မအိပ်ရတော့ဘူးပဲ … တရားသွားထိုင်တာပဲ ကောင်းပါတယ်လေ ”

သိပ်မကြာခင် ဝမ်ထျန်းက ဆန့်ကျင်ဘက်သို့ ထွက်သွားလိုက်သည်။

All Chapters