← Chapters

ငါ လိုအပ်တာ ကောင်းကင်ဆီကနေ ယူမယ်

Vol. 3 Ch. 39

ငါ လိုအပ်တာ ကောင်းကင်ဆီကနေ ယူမယ်

Vol. 3 Ch. 39

အခန်း (၃၉)  :  ငါ လိုအပ်တာ ကောင်းကင်ဆီကနေ ယူမယ်

တစ်ညလုံး ကောင်းကောင်းအိပ်စက် အနားယူပြီးနောက် ဝမ်ဝေ့က အားအင်အပြည့်ဖြင့် နိုးထလာသည်။ သူက အိပ်မက်ဆိုးလည်း မမက်တော့သလို သူ သတ်ထားသည့် လူများဆီမှ အမဲလိုက်ခြင်းလည်း မခံရတော့ဘဲ အေးချမ်းစွာ အိပ်စက်နိုင်ခဲ့သည်။

နိုးလာပြီးနောက် ဝမ်ဝေ့က လွန်ခဲ့သည့် ခုနှစ်ရက်အကြောင်း ပြန်စဉ်းစားနေမိသည်။

သူက သူ့ကိုယ်သူ မေးလိုက်၏  “ သတ်ဖြတ်ခြင်းက ဘာလို့ မှားနေတာလဲ။ သတ်ဖို့ ပြင်းပြင်းထန်ထန် မုန်းတီးနေခဲ့တာ ဘာကြောင့်လဲ ”

ဝမ်ဝေ့အတွက် မှန်ခြင်းမှားခြင်း ကျင့်ဝတ်သဘောတရားမျိုးက သူ့လွတ်မြောက်မှု လမ်းစဉ်နှင့် မကိုက်ညီနေပေ။

အမြင့်ဆုံး အနေအထားကို ရောက်ချင်သူတစ်ဦးအတွက် လူမသတ်ဘဲ နေတဲ့ အချုပ်အနှောင်မျိုးရဲ့ ထိန်းချုပ်မှုကို ခံမည်လား။

ဝမ်ဝေ့အတွက် ခေတ်သစ်လူသားတစ်ယောက်အနေနှင့် သတ်ဖြတ်ခြင်းသည် အရှုပ်အထွေးများကို ဖြေရှင်းထိန်းချုပ်နိုင်မည့် နည်းလမ်း မဟုတ်ကြောင်း စိတ်ထဲ အမြစ်တွယ်နေသည်။

ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက် သတ်ဖြတ်ခြင်းက ပုံမှန်အပြုအမူသာ ဖြစ်ခဲ့သည်။ တောရိုင်းထဲ အသက်ရှင်အောင် ကြိုးစားခဲ့သော ဘိုးဘေးများဖြစ်စေ သို့မဟုတ် မင်းဆက်သမိုင်းကြောင်းတစ်လျှောက်လုံးတွင်လည်း သတ်ဖြတ်ခြင်းက သူတို့ကို သူတို့ ကာကွယ်သည့်နည်းလမ်း ဖြစ်ရုံသာမက သူတို့၏ သာလွန်သည့် အဆင့်အတန်းကို ပြသဖို့အတွက်လည်း ဖြစ်ခဲ့သည်။

ခေတ်သစ်ရောက်မှသာ သတ်ဖြတ်ခြင်းကို မှားယွင်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် အစိုးရက ပညာရေးနှင့် စည်းမျဉ်း ဥပဒေများဖြင့် ထိန်းချုပ်ထားလိုက်ပြီး သတ်ဖြတ်ခြင်းကို မှားယွင်းသည်ဟု ယုံကြည်လာအောင် လုပ်ခဲ့သည်။

အနှောင်အဖွဲ့ကင်းကာ လွတ်လပ်မှုကို ဆန္ဒပြင်းပြသူတစ်ဦးအနေနှင့် ဝမ်ဝေ့က ဘယ်တော့မှ ချုပ်နှောင်ခံမည် မဟုတ်သလို သူ့အပေါ် အနှောင်အဖွဲ့များလည်း ထားမည် မဟုတ်ပေ။ အထူးသဖြင့် သူ့စိတ်နှင့် တွေးခေါ်ပိုင်းဆိုင်ရာတွင် ဖြစ်၏။ သူ ထားသင့်သည့် အနှောင်အဖွဲ့ အတားအဆီးများက သူကိုယ်တိုင် လိုလိုလားလား ထားသည့်အရာများသာ ဖြစ်ရမည်။

ထိုအရာကို သဘောပေါက်ပြီးနောက် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို စိတ်မှ တစ်စုံတစ်ခု လွတ်မြောက်သွားသလို ခံစားလိုက်ရပြီး သူ့အတွေးတို့မှာလည်း ပိုမို ရှင်းလင်းလာသည်။ သူက သူ့ဝိညာဉ်သည် နူးညံ့သိမ်မွေ့သွားပြီး သူ့အတွေးများလည်း ယခင်ထက် ပိုမိုအသက်ဝင်တက်ကြွလာကြောင်း ခံစားမိလိုက်သည်။

သူ နားမလည်ခဲ့သည့်အရာများလည်း ပိုရှင်းလင်းလာခဲ့သည်။ အကြောက်တရားများနှင့် မပြတ်မသား အတွေးများကလည်း ပိုမိုထင်ရှားလာသောကြောင့် သူက ထိုအတွေးများ ဘယ်မှ ရောက်လာသည်ကို သိကာ ထိန်းချုပ်နိုင်သွားသည်။

အရှင်းဆုံးပြောရလျှင် ဝမ်ဝေ့က သူ့ကိုယ်သူ ပိုမိုနားလည်လာပြီး သူ့စိတ်ခံစားချက်နှင့် စိတ်ကို ပိုမို ထိန်းချုပ်လာနိုင်သည်။

သူ့အတွေးများအပြီးတွင် သူ့အကြောက်တရားအားလုံးနှင့် စိုးရိမ်ပူပင်မှုအားလုံး ပျောက်ကွယ်သွားပြီး ယခုမှစ၍ သူက ပိုမို ပြတ်သားလာတော့မည်။

ဝမ်ဝေ့က ယခုအချိန်မှစ၍ အိပ်မက်ဆိုး မက်တော့မည် မဟုတ်ကြောင်း သိလိုက်သည်။ သူ့ရည်ရွယ်ချက်ဖြစ်သည့် အနှောင်အဖွဲ့ကင်းကာ လွတ်လပ်မှုတို့ဖြင့် တစ်လှမ်းပိုနီးကပ်လာလေပြီ။

သူ့စိတ်ထဲမှ နှောင်ကြိုးများကို ဖယ်ရှားပြီးနောက် ဝမ်ဝေ့က သူ့ယခင်အခြေအနေမှာ မှားယွင်းနေခဲ့ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သတ်ဖြတ်ခြင်းကို ဆန့်ကျင်ရေးနှင့် ပတ်သက်ပြီး သူ့တုံ့ပြန်မှုက သိပ်အားမကောင်းခဲ့ပေ။ သူက ခေတ်သစ်လူသား တစ်ယောက် ဖြစ်သော်လည်း အခြေအနေတွေက ခုနှစ်ရက်တိုင်တိုင် အိပ်မက်ဆိုး မက်လောက်အောက်အထိ မရောက်သင့်ပေ။

သူ့အသားကျနိုင်စွမ်းက အတော်အတန် အားကောင်းလှသည်။ အထူးသဖြင့် မျှော်နန်းဆောင် စစ်ဆေးမှုအတွင်း များစွာကြုံတွေ့ပြီးသည့်နောက်တွင် ဖြစ်သည်။

သူ့အခြေအနေက စိတ်နှလုံးသား စမ်းသပ်ချက် သို့မဟုတ် စိတ်တွင်းနတ်ဆိုးတို့ဖြင့် ရင်ဆိုင်ခဲ့ရသည့် လူများနှင့် သွားတူနေသည်။ သို့သော်လည်း စိတ်နှလုံးသား စမ်းသပ်ချက်ဟူသည့် အရာမှာ ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့် ကျင့်ကြံသူများသာ ကြုံတွေ့ရလေ့ရှိသည်။ သူ့လိုမျိုး သေမျိုးတစ်ယောက်ထံ မည်သို့ဖြစ်နိုင်မည်နည်း။ ကိစ္စများက မြင်ရသလောက် မရိုးရှင်းပေ။

ဝမ်ဝေ့က အဖြစ်အပျက်ကို မှတ်သားထားလိုက်ပြီး သူ အားလပ်ချိန်ရလာမှ စာကြည့်တိုက်ထဲတွင် အဖြေရှာဖို့ ဆုံးဖြတ်ထားသည်။ ယခု သူက ပိုအရေးကြီးသည့်အရာများ လုပ်စရာ ရှိနေသည်။

သူ့စိတ်အခြေအနေ တိုးတက်လာပြီးနောက် ဝမ်ဝေ့က ကုတင်ပေါ်မှ ထကာ အစေခံတစ်ယောက်အား သူ့မနက်ခင်းအစီအစဉ်အတွက် ပြင်ဆင်ခိုင်းလိုက်သည်။

ထို့နောက် သူက အစေခံခေါင်းဆောင် ဝမ်ကျူကို အခန်းထဲ ဆင့်ခေါ်လိုက်သည်။

ဝမ်ကျူ အခန်းထဲ ရောက်လာသည့်အခါ သခင်ငယ်လေးက အခင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရ၏။

ဝမ်ကျူက သခင်ငယ်လေးသည် တစ်ခုခု ထူးခြားနေကြောင်း တန်းသတိထားမိလိုက်သည်။ အရင်အပတ်တုန်းက ဝမ်ကျူသည် သခင်ငယ်လေး၏ အခြေအနေမှာ မကောင်းဘဲ အိပ်ရေးပျက်တာများပြီး အမြဲတမ်းလိုလို မျက်တွင်းဟောက်ပက် ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

ဝမ်ကျူက ကူညီပေးဖို့ လုပ်ခဲ့သော်လည်း ဂိုဏ်းချုပ်ကတော်က ဒီကိစ္စကို ပါဝင်မပတ်သက်ရန် သတိပေးခဲ့သည်။ ထို့ကြောင့် သူမက ဘာမှမေးခွန်းမထုတ်ဘဲ ပြောသည့်အတိုင်းသာ လုပ်ခဲ့ရသည်။

သို့သော်လည်း ယနေ့တွင် ဝမ်ကျူက သခင်ငယ်လေးတွင် မျက်တွင်းညိုနေတာမျိုး မရှိတော့သည်ကို သတိထားမိလိုက်သည်။ ဤသည်က အကြီးမားဆုံး အပြောင်းအလဲ မဟုတ်သေးပေ။

သခင်ငယ်လေး မျက်ဝန်း၌ ယခင်က မတွေ့ခဲ့ဖူးသည့် အေးစက်မှု၊ မထူးမခြားနားမှုနှင့် ပြတ်သားမှုတို့ကို မြင်တွေ့လိုက်ရသည်။ သူမက ထိုကိစ္စကြောင့် အထိတ်တလန့် ဖြစ်သွားလေသည်။ သခင်ငယ်လေးက အချိန်တိုလေးအတွင်း အများကြီး ပြောင်းလဲသွားခဲ့သည်။

ပုံမှန်အခြေအနေအောက်၌ ဝမ်ကျူအနေနှင့် ဝမ်ဝေ့၏ ပြောင်းလဲမှုကို သတိထားမိဖို့ ခက်ခဲလှသည်။ အကြောင်းမှာ သူက အမြဲတမ်းလိုလို စိတ်ခံစားချက်ကို ဖုံးကွယ်ကာ တည်တည်ငြိမ်ငြိမ်နေတတ်၍ ဖြစ်သည်။

သို့သော် ယခု သူ့စိတ်အခြေအနေ ပြောင်းလဲခါစ ဖြစ်သောကြောင့် အသားမကျသေးပေ။ ထို့အပြင် ဝမ်ဝေ့က တစ်ချိန်လုံး  စိတ်ခံစားချက်ကို ဖုံးကွယ်ကာ ခပ်တည်တည် မျက်နှာထားမျိုး မလုပ်ဖို့ ဆုံးဖြတ်ထားသည်။ ဤသည်မှာ သူ့လွတ်မြောက်မှု သဘောတရားနှင့် မကိုက်ညီပေ။

အကယ်၍ သူ စိတ်ခံစားချက်ကို ပြသလိုလျှင် ပြသလိုက်မည်။ သူ ဆန္ဒမရှိသရွေ့ တမင်ဖုံးကွယ်ထားစရာ မလိုပေ။ သူက ဘယ်သူ့ကိုမှ သက်သေ◌ပြနေဖို့ မလိုသလို ဖုံးကွယ်ထားဖို့လည်း မလိုချေ။

ဝမ်ကျူကို မြင်ပြီး ဝမ်ဝေ့က အရင်တစ်ပတ် သတင်းအကြောင်းအရာများအား မေးလိုက်သည်။ သူ စိတ်အခြေအနေဆိုးကတည်းက တစ်ပတ်လုံးလုံး ဘာသတင်းမှ နားမထောင်ခဲ့ပေ။

သူမ သတင်းများကို နားထောင်ပြီး ဘာမှအရေးကြီးတာ မရှိကြောင်း သတိပြုမိပြီးသည့်နောက် သူ့အလုပ်သာ ပြောလိုက်သည်။

“ ဝမ်ကျူ … ဒီရက်ပိုင်း ကျွန်တော် မရှိတုန်း ကောင်းကောင်းလုပ်ခဲ့တယ်”

ဝမ်ကျူက ဦးညွှတ်ကာ  “ သခင်ငယ်လေး ကျေးဇူးပါရှင့်။ ဝမ်ကျူက သူ့အလုပ်သူ ကောင်းကောင်းလုပ်ရုံလေးပါ ”

ဝမ်ဝေ့က ခေါင်းအသာညိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်  “ အခု လှုပ်ရှားရမဲ့ အချိန်ပဲ။ နောက်သုံးရက်နေရင် ဟန်လီနဲ့ တွေ့ဖို့ ဖိတ်ပြီးတော့ အရင်အစီအစဉ်အတိုင်း ဆက်လုပ်မယ်လို့ အဖေကို ပြောလိုက်ပါ ”

ထိုစကားများပြောလိုက်ပြီးနောက် ဝမ်ဝေ့၏ အကြည့်ထဲ အေးစက်ကာ ရက်စက်သည့် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ထို့နောက် အလျှင်အမြန် ပျောက်ကွယ်သွားကြ၏။

ဝမ်ဝေ့၏ စကားကို ကြားကာ ဝမ်ကျူက အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ လေ့ကျင့်ထားသူတစ်ဦးအနေနှင့် သူမအတွက် အပြောင်းအလဲကြီး ဖြစ်၏။ ဝမ်ကျူက ဝမ်ဝေ့နှင့် အချိန်အများဆုံး ကုန်ဆုံးခဲ့သည့်သူဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူမက သူ့အကြောင်း ကောင်းကောင်းသိထား၏။

သူ့အလေ့အကျင့်နှင့် အကြိုက်တွေအထိ၊ သူ့လျို့ဝှက်လုပ်ဆောင်မှုများပါ သိထားလေသည်။

ထို့ကြောင့် သူမက သူ့လျို့ဝှက်ချက်များစွာကို သိထားသူ ဖြစ်၏။

နံပါတ်တစ် အပြိုင်အမွေခံသားတော် ဟန်လီနှင့် ပတ်သက်သည့် လျို့ဝှက်အစီအစဉ်လည်း အပါအဝင် ဖြစ်၏။

သူမက သခင်ငယ်လေးအနေနှင့် ထိုအစီအစဉ်ကို လက်လျော့ခဲ့သည်မှာ ဟန်လီအတွက် အများကြီး ထိခိုက်စေနိုင်သောကြောင့် ဖြစ်မှန်း သိပေသည်။ သခင်ငယ်လေးက ဂိုဏ်းတူမှ လူများကို မထိခိုက်စေလိုခဲ့ပေ။

သို့သော်လည်း သခင်ငယ်လေးက စိတ်ပြောင်းသွားပြီး အစီအစဉ်ကို ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမက ဘယ်လိုလုပ် မအံ့ဩဘဲ နေမည်နည်း။

သတင်းအချက်အလက်ပိုင်းဆိုင်ရာ လူတစ်ယောက်အနေနှင့် သူမအနေနှင့် တွေ့ဖူးသည့် လူများအကြောင်း စာရင်းပြုစုထားပြီး သူတို့၏ အပြုအမူများကို ဆုံးဖြတ်နိုင်ရန်အတွက် သူတို့၏ အလေ့အကျင့်နှင့် သဘောထားကို ခွဲခြားမှတ်သားထားသည်။

ထို့ကြောင့် သူမက သခင်ငယ်လေးအတွက်လည်း အတူတူ ဖြစ်၏။ သူ့အပြုအမူများကို သုံးသပ်ဖို့ မဟုတ်ဘဲ သူ့ကို ကောင်းကောင်းနားလည်ပြီး ခစားနိုင်ရန် ဖြစ်၏။

သူမက ဝမ်ဝေ့သည် မည်သူ့ကိုမှ မနာကျင်စေလိုသည့် သိမ်မွေ့နူးညံ့သည့် လူတစ်ယောက် ဖြစ်ကြောင်း သိထားသည့် လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။

သို့သော်လည်း ယခုကိစ္စများက ပြောင်းလဲလာလေပြီ။

သခင်ငယ်လေးသည် အရင်ကလို ညင်သာသည့်သူ မဟုတ်တော့ပေ။ ယခု သူက ပိုမိုရက်စက်ကာ ပြတ်သားလာသည်။

“ ဒါက အကောင်းဆုံးပဲ ဖြစ်မှာပါလေ ” ဝမ်ကျူက အခန်းထဲမှ ထွက်လာပြီး ထျန်းဝေ့တောင်ထိပ်ဆီ ဂိုဏ်းချုပ်ထံ သတင်းလာပို့ဖို့ ဦးတည်ရင်း စဉ်းစားလိုက်သည်။

All Chapters