ငါ လိုအပ်နေတာကို ကောင်းကင်ဆီကနေ ယူမယ်
Vol. 3 Ch. 40
အခန်း (၄၀) : ငါ လိုအပ်နေတာကို ကောင်းကင်ဆီကနေ ယူမယ်
ဝမ်ကျူက ထျန်းဝေ့တောင်ထိပ်ဆီ ရောက်လာပြီးနောက် သခင်ငယ်လေးက ဂိုဏ်းချုပ်ဆီ ပြောခိုင်းထားသည့် စကားကို တဆင့်ပြန်ပြောပြလိုက်သည်။ ထို့နောက် သူမက ရိုရိုကျိုးကျိုး ဦးညွှတ်ကာ ထွက်သွားလိုက်သည်။ တချို့ကိစ္စများက သူမ ဝင်ပါနိုင်သည့်အရာများ မဟုတ်ပေ။ သူမ နည်းနည်းသိလေလေ သူမအတွက် ပိုကောင်းလေလေ ဖြစ်၏။ သူမက ဒီအကြံအစည်၌ အစိတ်အပိုင်းအသေးလေးသာ ပါဝင်လေသည်။ နည်းလည်း မနည်းသလို များလည်း မများပေ။
ဝမ်ထျန်း သူ့သားဖြစ်သူ၏ သတင်းစကားကို လက်ခံလိုက်ရသည့်အချိန် ခဏတာ အံ့အားသင့်သွားမိသည်။ သူက သူ့သားသည် စစ်မှန်သည့် စွမ်းအားရှင် ဖြစ်လာစေမည့် အတားအဆီးကြီးကို ကျော်ဖြတ်ခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည်။
ဝမ်ထျန်းက ကျေကျေနပ်နပ် ရေရွတ်လိုက်သည် “ ကောင်းတယ် ကောင်းတယ် … သနားသက်ညှာနေတာတွေ လုံလောက်ပြီ။ တစ်ရက် ထိပ်ဆုံးမှာ ရပ်တည်ချင်ရင် လူမြောက်များစွာရဲ့ အရိုးကို နင်းဖြတ်သွားရမှာပဲ ”
ထို့နောက် သူက အဆောင်စာရွက်မှတဆင့် အကြီးအကဲများနှင့် မဟာအကြီးအကဲများဆီ လှမ်းအကြောင်းကြားလိုက်သည်။ သို့သော်လည်း လူတိုင်း ထိုသတင်းကို ရလိုက်ကြခြင်း မဟုတ်ပေ။ တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း အလျို့ဝှက်ဆုံး နေရာ၌ အစည်းအဝေး ကျင်းပနေကြသည်။ ဝမ်ဝေ့နှင့် တချို့အကြီးအကဲချုပ်များပင် တက်ရောက်လာကြသည်။
သုံးရက်ကြာပြီးနောက် ဝမ်ကျူက ဟန်လီ နေရာယူထားသည့် နံပါတ်တစ် အပြိုင်အမွေခံသားတော် တောင်ထိပ်ဆီ သွားခဲ့သည်။
ထိုတောင်ထိပ်၌ ဝိညာဉ်စွမ်းအားများက ပေါများလှသည်။ အပင်များကလည်း အရိုင်းဆန်ဆန် ပေါက်ရောက်နေကြသော်လည်း ထူးထူးဆန်းဆန်း လှပနေသည်။ အမြင့်က မြင့်မားသော်လည်း ရာသီဥတုက နွေးထွေးကာ နွေဦးအဆုံး နွေရောက်ခါစလိုမျိုး နေရောင်ဖြာကျနေသည်။
တောင်ထိပ်ရှိ ဝေယျာဝစ္စများနှင့် ဟန်လီ၏ နေ့စဉ်ဘဝကို တာဝန်ယူဆောင်ရွက်ပေးနေကြသော အစေခံများစွာလည်း ရှိပေသည်။
တောင်ပေါ်တွင် သီးသန့်သစ်သားဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းအိမ်တော်တစ်ခု ရှိနေသည်။ သို့သော်လည်း နေရာအများစု၌ နေရောင်ဖြာကျနေသည့် လေထုနှင့် မတူညီစွာ အိမ်တော်က မှုန်မှိုင်းမှိုင်းဖြစ်သလို ဒါမှမဟုတ် ရာသီဥတု မကောင်းသည့် အခြေအနေမျိုး ရှိနေသည်။
အိမ်တော်အနောက်ဘက်၌ မိုးကြိုးများ စုဝေးနေသည့် တိမ်မည်းကြီး ရှိနေသည်။ မိုးကြိုးက အမှန်တကယ် အားကောင်းလှသောကြောင့် အစေခံတချို့သာ ထိုနေရာနား သွားနိုင်ကြသည်။
မိုးကြိုးချက်အလယ်၌ ဟန်လီ လေ့ကျင့်နေလေသည်။ ကောင်းကင်မိုးကြိုး ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသူတစ်ဦးအနေနှင့် မိုးကြိုးစွမ်းအားက သူ့အတွက် မိတ်ဆွေတစ်ယောက်လို ဖြစ်၏။ သူ့ကျင့်ကြံဆင့်အတွက် အလွန်အကျိုးရှိလေသည်။
ဝမ်ကျူ အိမ်တော်အတွင်း ဝင်ရောက်ပြီးနောက် အမျိုးသား အစေခံတစ်ယောက်က နှုတ်ဆက်လိုက်သည်။ သူက အိမ်တော်၏ ကြီးကြပ်ရေးမှုးဖြစ်ပြီး အစေခံခေါင်းဆောင်နှင့် ရာထူးတူပေသည်။
ဝမ်ကျူက သူမ လာရောက်သည့် ရည်ရွယ်ချက်အကြောင်း ပြောလိုက်သည့်အခါ ကြီးကြပ်ရေးမှူးက ဟန်လီကို သွားအကြောင်းကြားပေးသည်။
ဟန်လီက သခင်ငယ်လေး၏ အစေခံခေါင်းဆောင်က သူ့အား လာရှာသည်ဟု ကြားလိုက်ရစဉ် နည်းနည်း အံ့ဩမိသွားသည်။ အကြောင်းမှာ သူက ဝမ်ဝေ့နှင့် ပတ်သက်မှုမျိုး မရှိဖူးပေ။
ထို့နောက် သူက ကြီးကြပ်ရေးမှူးကို ပြောလိုက်သည် “ သူမကို အထဲခေါ်လိုက်ပါ … ဒီအထိ ရောက်လာတဲ့ ရည်ရွယ်ချက်ကို သိချင်တယ် ”
သိပ်မကြာခင် ဝမ်ကျူက ဟန်လီ လေ့ကျင့်နေသည့်နေရာဆီ ရောက်လာကာ ကိုယ်တိုင် နှုတ်ဆက်လိုက်သည်။
ဝမ်ကျူ၏ ဟန်လီအပေါ် ပထမဆုံးအမြင်မှာ သူက အလွန်ရန်လိုခြင်း ဖြစ်၏။ သူ့မျက်ဝန်းအတွင်း မိုးကြိုးတလက်လက် ဖြစ်နေသည်။ သူက မင်းသာတစ်ခုခု အမှားလုပ်မိလျှင် ကောင်းကင်ဘုံက မင်းကို အပြစ်ပေးလိမ့်မည်ဟူသော ခံစားချက်မျိုး ပေးစွမ်းသည်။
ဝမ်ကျူက ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ပြီးနောက် “မင်္ဂလာပါ သခင်လေးဟန်လီ ”
“အင်း ” ဟန်လီက တည့်တိုးသာ မေးလိုက်သည် “ အိမ်တော်ကို ဘာကိစ္စနဲ့များ ရောက်လာတာလဲ ”
“ ကျွန်မရဲ့ သခင်ငယ်လေးက သခင်လေးဟန်လီကို အဖန်ရည်သောက်ပြီး အရေးကြီးတဲ့ကိစ္စတချို့ ဆွေးနွေးရအောင် ဖိတ်ကြားခိုင်းလိုက်လို့ပါ ”
“ အိုး … အရေးကြီးကိစ္စက ဘာများဖြစ်မလဲ ” ဟန်လီက တအံ့တဩ မေးလိုက်သည်။
“ သခင်လေး … ကျွန်မလို နိမ့်ကျတဲ့ အစေခံလေးက သခင်ငယ်လေး ဆွေးနွေးချင်နေတဲ့ အရေးကြီးကိစ္စမျိုးကို ဘယ်လိုလုပ်သိပါ့မလဲရှင်” ဝမ်ကျူက စိတ်ခံစားချက် အပြောင်းအလဲမရှိ ဖြေလိုက်သည်။
ဟန်လီက သူမ စကားများကို မယုံပေ။ သူက ဝမ်ကျူသည် ဝမ်ဝေ့အတွက် သတင်းအချက်အလက် တာဝန်ယူပေးထားရကြောင်း သိလေသည်။ သူမက အသေးစိတ်ကို သေချာမသိလျှင်ပင် အနည်းအပါးတော့ သိနေလိမ့်မည်။
ဟန်လီက ထိုဖိတ်ကြားချက်သည် ဆွေးနွေးရုံမျှ မဟုတ်ကြောင်း သိလိုက်သည်။ မဟာအကြီးအကဲလုံပေါ်၏ တိုက်ရိုက်တပည့်တစ်ယောက်အနေနှင့် သူက ဂိုဏ်းအမှုထမ်းအဖွဲ့တွင် ပါဝင်လေသည်။ သခင်ငယ်လေးကတော့ ဝမ်မိသားစုမှ ဖြစ်၏။
အင်အားစုများက အမြဲလိုလို ယှဉ်ပြိုင်ကာ တိုက်ခိုက်လာသည်မှာ နှစ်များစွာ ကြာမြင့်လှလေပြီ။ ယခု သူက သူ့ပြိုင်ဖက်ဆီမှ ဖော်ဖော်ရွေရွေ ဖိတ်ကြားချက် ရောက်လာလေရာ ကိစ္စများက ဆွေးနွေးရုံလောက် မည်သို့ရိုးရှင်းမည်နည်း။
သူက ခဏတာစဉ်းစားလိုက်ပြီးနောက် သခင်ငယ်လေး ဘာစီစဉ်ထားကြောင်း သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ကျင့်ကြံဆင့်နှင့် နောက်ခံအဖြစ် သူ့ဆရာရှိနေလေရာ သွားရောက်လည်ပတ်စဉ်အတွင်း ဘာမှမဖြစ်နိုင်လောက်ဟု ယုံကြည်ထားသည်။
သူက မသွားခင် သေချာပြင်ဆင်မှု လုပ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ဝမ်ကျူကို ပြောလိုက်သည် “ ကောင်းပြီလေ။ အဖန်ရည် ဆွေးနွေးပွဲဆီ လိုက်ခဲ့ပါ့မယ်။ ဒါပေမဲ့ မသွားခင် ပြင်ဆင်ချိန်လေး ပေးပါဦး ”
ဝမ်ကျူက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့အား တိတ်တဆိတ် စောင့်နေလိုက်သည်။
ဟန်လီက လျို့ဝှက်အခန်းထဲ ဝင်ကာ အသက်ပြင်းပြင်းရှုပြီး သူ့အခြေအနေကို ထိန်းညှိလိုက်သည်။ ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲမှ မှော်ပစ္စည်းအားလုံးကို စစ်ဆေးလိုက်ပြီး မသွားခင် သူ့ဆရာ မဟာအကြီးအကဲလုံပေါ်အား သူ သွားမည့်အကြောင်း အဆောင်ဖြင့် လှမ်းအကြောင်းကြားလိုက်သည်။
ဟန်လီက ပြင်ဆင်မှုများ လုပ်ပြီးနောက် ဝမ်ကျူနောက်မှ လိုက်ကာ ဝမ်မိသားစုရှိရာ တောင်ထိပ်ဆီ ရောက်လာသည်။ ဝမ်ဝေ့က သူတို့အား လတ်လတ်ဆတ်ဆိတ် ကျိုချက်ထားသည့် အဖန်ရည်ဖြင့် စောင့်ကြိုနေလေသည်။
ထိုစဉ် ဟန်လီ တောင်မှထွက်သွားပြီး မိနစ်ပိုင်းအကြာတွင် သူ့ဆရာဖြစ်သူ မဟာအကြီးအကဲလုံပေါ်က သူ့တပည့်ဆီမှ အကြောင်းကြားစာကို ရလိုက်သည်။
လုံပေါ်က အကြောင်းကြားစာကို ရစဉ် တရားထိုင်နေခြင်း ဖြစ်၏။ သူက အရင်ဆုံး ဝမ်ဝေ့သည် အဘယ်ကြောင့် သူ့တပည့်နှင့် တွေ့လိုကြောင်း အတော်လေး နားမလည်ဖြစ်သွားလေသည်။
ထို့နောက် သူက သခင်ငယ်လေး၏ ကြင်နာမှုကြောင့် ပစ်ပယ်ထားခဲ့သည့် လျို့ဝှက်အစီအစဉ်အကြောင်း ပြန်အမှတ်ရသွားသည်။ သူ့တပည့်အတွက် ဆိုးဆိုးရွားရွား ဖြစ်စေနိုင်သောကြောင့် သူက ထိုအစီအစဉ်အား အဆန့်ကျင်ဆုံး ဖြစ်ခဲ့သည်။
ထိုအရာကို တွေးမိပြီး လုံပေါ်က အစီအရင်ကို ချက်ချင်းဖွင့်ကာ သူ့ကျင့်ကြံရေးခန်းထဲမှ ထွက်လာလိုက်ပြီး ဝမ်မိသားစုရှိရာ တောင်ထိပ်ဆီ ဦးတည်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူ တောင်မှ ထွက်လာသည်နှင့် အားကောင်းသည့် အရှိန်အဝါတချို့က သူ့အား ဆက်မသွားနိုင်အောင် တားဆီးထားကြသည်။
မဟာအကြီးအကဲလုံပေါ်က ဒေါသထွက်လာပြီး တိမ်ထဲအထိ ပျံသန်းသွားလိုက်သည့်အခါ သူ့အား ရပ်တန့်ရန် အကြီးအကဲတချို့အား ဦးဆောင်လာသည့် မဟာအကြီးအကဲ ယန်းမိန်နှင့် လီကျန်းကို မြင်လိုက်ရသည်။
လုံပေါ်က ထိုအုပ်စုအား မြင်လိုက်ရသည့်အခါ သူ့တပည့်အား မထိခိုက်အောင် မတားဆီးနိုင်တော့မှန်း သိလိုက်ရ၍ ပိုဒေါသထွက်လာသည်။
လုံပေါ်က သူတို့အား ဒေါသတကြီး မေးလိုက်သည် “ယန်းမိန်၊ လီကျန်း … ငါတို့ အဲဒီအစီအစဉ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားကြပြီ မဟုတ်ဘူးလား။ အခု ဘာလို့ဒီလို လုပ်နေရတာလဲ ”
မဟာအကြီးအကဲ ယန်းမိန်က ပြန်ဖြေလိုက်သည် “သခင်ငယ်လေးက စိတ်ပြောင်းသွားပြီ။ အစီအစဉ်ကို ဆက်လုပ်လိမ့်မယ် ”
“ အဲဆို ငါ့တပည့်ကရော ” လုံပေါ်က ဒေါသထွက်စွာ ထပ်မေးလိုက်သည်။
“ ဂိုဏ်းအနာဂတ်အတွက် စတေးမှုတချို့တော့ လိုအပ်တာပဲလေ။ တာအိုအခွင့်အလမ်းဂိုဏ်းက မဟာဧကရာဇ် မရှိတာ ကြာလှပြီ။ တကယ်လို့ ဧကရာဇ်ကိုးပါး ကျိန်စာကို မဖယ်ရှားနိုင်ရင် ငါတို့ကို စောင့်နေတဲ့ တစ်ခုတည်းသောအရာက ရှောင်ရှားမရတဲ့ ဂိုဏ်းကျဆင်းမှုပဲ …
အားအကောင်းဆုံးဂိုဏ်းဆိုတဲ့ ငါတို့အဆင့်အတန်းပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်။ ပြီးတော့ ဂိုဏ်းရဲ့ ချီကံကောင်းမှုလည်း စတင်ကျဆင်းလာလိမ့်မယ်။ မင်းတပည့်ကို စတေးပြီး သခင်ငယ်လေးရဲ့ တာအိုကို သက်သေပြနိုင်အောင် လုပ်ပေးနိုင်ရင် သူက ဂိုဏ်းကောင်းကျိုးအတွက် နစ်နာမှုအကြီးကြီး လုပ်ကို လုပ်ရမှာပဲ”
လီကျန်း၏ ရက်စက်လှသည့် အဖြေကို ကြားကာ လုံပေါ်က တိတ်ဆိတ်သွားလေသည်။ သူလည်း လီကျန်းပြောသည်က အမှန်ဖြစ်ကြောင်း သိလေသည်။ အကယ်၍ သူသာ သူတို့နေရာဆိုလျှင်လည်း တူညီသော ရွေးချယ်မှုကို လုပ်မိပေလိမ့်မည်။
သို့သော် ယခုတွင် သူ့အင်အားစုက စတေးရသောကြောင့် သိပ်မလိုလားပေ။
လုံပေါ်က ချက်ချင်း လက်မလျော့သွားပေ။ သူက နေရာတစ်ခုအား လှမ်းကြည့်လိုက်ကာ “ မင်းတို့တွေ ဘာမှမလုပ်ဘဲ နေနေကြတာလား။ သူတို့က ငါတို့ဘက်ကို ဒီလိုမျိုး စတေးလိုက်တာကို ထိုင်ကြည့်နေကြတာလား ”
ယခု လုံပေါ်အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ သူ့အမှုထမ်းအင်အားစုဘက်မှ လူများကို ဖိတ်ကာ သူ့တပည့်ဆီ ဘာကပ်ဘေးမှ မဖြစ်လာအောင် ကာကွယ်ဖို့ ဖြစ်၏။
လုံပေါ် စကားအပြီးတွင် အဝေးတစ်နေရာမှ လေဟာနယ်ထဲ သက်ပြင်းချသံ ပြန့်လွှင့်လာသည်။
“ လုံပေါ် … မင်း ဘယ်လိုခံစားနေရတယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ အခု ဝင်ပါရမဲ့ အချိန် မဟုတ်ဘူး။ အကြီးအကဲချုပ်တွေတောင် အစီအစဉ်အတိုင်းလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ။ မင်း တားနိုင်တာ ဘာမှမရှိတော့ဘူး။
ပြီးတော့ ဂိုဏ်းက မင်းတပည့်ကို သေချာလျော်ကြေးပေးဖို့ ကျိန်ဆိုထားတယ်။ သူ အများကြီး မဆုံးရှုံးပါဘူး ”
လုံပေါ်က သူနှင့် ဘက်တူအင်အားစုမှ လူများသည် သူ့ဘက်မပါကြောင်း မြင်သည့်အခါ ပိုဒေါသထွက်လာသည်။
သူက မဟာအကြီးအကဲ ယန်းမိန်နှင့် လီကျန်းတို့အား ကြည့်လိုက်ပြီးနောက် သူ့အပေါင်းအပါများကိုလည်း ကြည့်လိုက်သည်။ ထို့နောက် သူက သူ့တောင်ဆီ ပြန်သွားတော့သည်။ သူက အနာဂတ်အတွက် အစီအစဉ်ချကာ သူ့တပည့်ကို ကူညီပေးဖို့ နည်းလမ်း ရှာပေးရမည်။
အမှုထမ်းအင်အားစုမှ တခြားလူများက ဂိုဏ်းကောင်းကျိုးအတွက် လက်လျော့ထားကြသော်လည်း သူကတော့ သူ့ရည်ရွယ်ချက်ကို ဖြေဖျောက်လိုက်ဖို့ စိတ်မလျော့သေးပေ။