ငါ လိုအပ်တာ ကောင်းကင်ဆီကနေ ယူမယ်
Vol. 3 Ch. 42
အခန်း (၄၂) : ငါ လိုအပ်တာ ကောင်းကင်ဆီကနေ ယူမယ်
လျို့ဝှက်ခန်းထဲ၌ ဟန်လီ၏ ခန္ဓာကိုယ်မှ ကြမ်းပြင်အထိ သွေးများစီးကျကာ သတိမေ့မြောနေသည်။ သူ့အခြေအနေမှာ မကောင်းလှပေ။ သူ့အရေပြားကို ခေါင်းမှ ခြေဖျားအထိ ဒေါင်လိုက် ဟက်တပ်ခွဲထားသည်။ သူ့အတွင်းအင်္ဂါများနှင့် အရိုးများကိုလည်း အပြင်ထုတ်ပြထားလေသည်။ သူ အသက်ရှင်ရက်ရှိနေသည့် အကြောင်းအရင်းမှာ သူ့အဆုတ်အား အောက်ဆီဂျင် ဖြည့်ပေးထား၍ ဖြစ်သည်။
ဟန်လီ အသက်ရှုလိုက်တိုင်း သင်္ကေတမြောက်များစွာဖြင့် ပြုလုပ်ထားသည့် အစီအရင်များစွာက လင်းလက်သွားကြသည်။ ထိုအစီအရင်များက ဟန်လီ ခန္ဓာကိုယ်၏ အတက်အကျအားလုံးကို မှတ်တမ်းတင်ပေးထားခြင်း ဖြစ်သည်။
သူ့အသက်ရှုနှုန်းမှ ကျင့်ကြံဆင့်အထိ၊ သူ့ကြွက်သားမှ သွေးအထိ၊ သူ့အံ့ဖွယ်အသိစိတ်မှ ဝိညာဉ်အတက်အကျအထိ ပါဝင်၏။
မစစ်ဆေးသည့် အစိတ်အပိုင်းဟူ၍ မရှိပေ။
ဟန်လီဘေးရှိ ကုတင်ပေါ်တွင် နေမင်းထက် ပိုတောက်ပစွာ လင်းလက်နေသည့် သွေးစက် သုံးစက်ရှိနေသည်။
ထိုသွေးသုံးစက်က ဟန်လီ၏ အရင်းအမြစ်သွေးစက်များ ဖြစ်ပေသည်။ တစ်စက်ချင်းစီက စွမ်းအားပမာဏ အမြောက်အများ ပါဝင်နေပြီး အားကောင်းသည့် ဆေးလုံးများပင် ဖော်စပ်၍ ရလေသည်။
ယခု အစီအရင်ခန်းမဆောင်၏ မဟာအကြီးအကဲ ယန်းကျီက ထိုသွေးသုံးစက်ကို စိတ်ဝင်တစား လေ့လာနေသည်။
သူက သန့်စင်ရေးခန်းမဆောင်၏ မဟာအကြီးအကဲ ဝမ်ဖူကို ပြောလိုက်သည် “ ကျုပ် အရင်းအမြစ်သွေးထဲက စည်းမျဉ်းအပိုင်းအစကို တွေ့ပြီ။ သခင်ငယ်လေး ပြောတာ မှန်တယ်။ ခင်ဗျားတို့ရော ဘယ်လိုလဲ။ တစ်ခုခု တွေ့ကြပြီလား ”
မဟာအကြီးအကဲဝမ်ဖူက ပြန်ဖြေလိုက်သည် “ ကျုပ်နဲ့ အကြီးအကဲလီကျန်းကတော့ သူ့ဝိညာဉ်ထဲက စည်းမျဉ်းအပိုင်းအစ ရှာတွေ့သွားပြီ ”
ဆေးဝါးခန်းမဆောင်ကို တာဝန်ယူထားရသော မဟာအကြီးအကဲ လီကျန်းက “ ဟန်လီက အခုမှ အံ့ဖွယ်ခန္ဓာနယ်ပယ်အဆင့်ရဲ့ ထိပ်ဆုံးမှာပဲ ရှိသေးတယ်။ ဒါပေမဲ့ သူက လေဟာနယ်ပြိုပျက်ခြင်း နယ်ပယ်အဆင့်က ကျင့်ကြံသူတွေလိုမျိုး စည်းမျဉ်းစွမ်းအားတချို့ကို ဆုပ်ကိုင်ထားနိုင်ပြီ။ တမူထူးရုပ်ခန္ဓာတွေနဲ့ လူတွေက အစောပိုင်း ကျင့်ကြံဆင့်တွေမှာ ပုံမှန်မဟုတ်တာ မဆန်းတော့ပါဘူး ”
အဆောင်လက်ဖွဲ့ ခန်းမဆောင်၏ မဟာအကြီးအကဲချင်းဟွာက လူလတ်အရွယ် မိန်းမလှတစ်ယောက် ဖြစ်၏။ သူမက ကြီးကြပ်ပေးနေသည့် အကြီးအကဲချုပ်နှစ်ယောက်အား မေးလိုက်သည် “ အကြီးအကဲချုပ်တို့ ကျွန်မတို့ လေ့လာနေတုန်း တစ်ခုခု လွတ်သွားတာမျိုး ရှိလားရှင့် ”
အကြီးအကဲချုပ်တစ်ယောက်က ပြန်ဖြေလိုက်သည် “ အရာအားလုံးကို သေချာမှတ်တမ်းတင်ထားပြီးတော့ ငါတို့နှစ်ယောက်လည်း သေချာကြည့်ထားတယ်။ မင်းတို့ လုပ်ဖို့လိုအပ်တာက သခင်ငယ်လေးကို သတင်းသွားပို့ရုံပဲ ”
“ ကျွန်တော်တို့ ဟန်လီကို ဘယ်လိုလုပ်ကြမလဲ ” မဟာအကြီးအကဲဝမ်ဖူက မေးလိုက်သည်။ သခင်ငယ်လေးက သူ့တူလေးအဖြစ် မှတ်ယူလို့ ရသောကြောင့် ဂိုဏ်းအတွင်း ရန်သူ မထားစေချင်ပေ။ သူက ဟန်လီကို သေစေချင်၏။
အမှုထမ်းအင်အားစုဘက်မှ မဟာအကြီးအကဲချင်းဟွာက ချက်ချင်း ပြောလိုက်သည် “သခင်ငယ်လေး ပြောတာတော့ ဟန်လီကို နဂိုအတိုင်း ပြန်ထားပေးလိုက်တဲ့။ အခုကစပြီး ဟန်လီက သူ့အရင်အင်အားထက် ၈၀ ရာခိုင်နှုန်းလောက် အားနည်းသွားလိမ့်မယ်။ ပြီးတော့ သခင်ငယ်လေးက သူ့ကို ကမ္ဘာဦးဝိညာဉ်နယ်ပယ်အဆင့် တက်လှမ်းနိုင်အောင်လို့ စိတ်နတ်ဆိုး ဆေးလုံး ဆုချခိုင်းထားသေးတယ် ”
“သခင်ငယ်လေးက ဘာလို့ သူ့ကို အသက်ရှင်ရက်ထားတာပါ့လိမ့် … ပြီးတော့ လျော်ကြေးလည်း ပေးနေသေးတယ် ” မဟာအကြီးအကဲလီကျန်းက မေးလိုက်သည်။
မဟာအကြီးအကဲ ချင်းဟွာက ဖြေလိုက်၏ “ မဟုတ်သေးဘူး။ သခင်ငယ်လေး ပြောတာတော့ ဟန်လီက နောင်မှာတန်ဖိုးရှိနေသေးတယ်တဲ့။ ဘာတန်ဖိုးလဲဆိုတာတော့ ကျွန်မလည်း မသိဘူး ”
“ကောင်းပြီလေ ” မဟာအကြီးအကဲယန်းကျီက ဖြေလိုက်သည် “သခင်ငယ်လေးက သူ့ကို ချမ်းသာပေးလိုက်မှတော့ ဒီအတိုင်းပဲ ထားကြတာပေါ့။ ဒါပေမဲ့ သူနဲ့ လုံပေါ်ကို တစ်ချိန်လုံး စောင့်ကြည့်နေသင့်တယ် ”
အားလုံးက သူမစကားကို သဘောတူကြသည်။ အထူးသဖြင့် အကြီးအကဲချုပ်နှစ်ဦး ဖြစ်၏။ အင်အားစုခွဲများက ဂိုဏ်းကောင်းကျိုးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်နေသည်ကို မြင်ရသည့်အခါ သူတို့မျိုးဆက်သည် ပိုမိုအောင်မြင်လာမည့် ဆက်ခံသူများ ရှိလာလိမ့်မည် ဖြစ်ကြောင်း သိလိုက်ကြသည်။
ဂိုဏ်းအနာဂတ်က ဦးတည်ချက်မှန် သွားနေလေပြီ။
နာရီတချို့ကြာမြင့်ပြီးနောက် အားနည်းနေသည့် ခန္ဓာကိုယ်နှင့် မှတ်ဉာဏ်တချို့ ပျောက်ဆုံးနေသော ဟန်လီကို သူ့တောင်ဆီ ပြန်ပို့လိုက်ကြသည်။ သူ နိုးလာသည့်အခါ တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိသော်လည်း ဘာမှန်းသေချာမသိပေ။
သူ့ဆရာဖြစ်သူပင် အကြောင်းအရင်းမှန်ကို ပြောပြလိုလျှင်ပင် မပြောရဲပေ။ မဟာအကြီးအကဲလုံပေါ်က သူ့တပည့် ယခုအထိ အသက်ရှင်နေရသည့် အဓိက အကြောင်းအရင်းတစ်ချက်ကို သိထားလေသည်။ ဤသည်မှာ ဘာမှမသိ၍ ဖြစ်၏။
အကယ်၍ သူသာ အကြောင်းအရင်းမှန်ကို သိသွားပြီး ရန်ငြိုးထားမိလျှင် သေခြင်းတရားကသာ စောင့်ကြိုနေပေမည်။ ထို့ကြောင့် သူက သူ့တပည့်သည် ကျင့်ကြံနေစဉ်အတွင်း မှားယွင်းသွားကြောင်းသာ ပြောပြထားပြီး နည်းလမ်းရှာကာ ကုသပြင်ဆင်ပေးမည်ဟု ကတိပေးထားလိုက်သည်။
ထိုစဉ် ဝမ်မိသားစု စံအိမ်တော်၌ …
ဝမ်ဝေ့က မဟာအကြီးအကဲများနှင့် အကြီးအကဲချုပ်များဆီမှ တမူထူးရုပ်ခန္ဓာ သုံးသပ်ချက်ရလဒ်များကို ဖတ်ရှုနေသည်။ သူ့အတွေးများက မှန်ကန်နေလေ၏။ တမူထူးရုပ်ခန္ဓာနှင့် မွေးဖွားလာကြသူများက သူတို့ မွေးဖွားလာကတည်းက ကောင်းကင်မှ စည်းမျဉ်းအပိုင်းအစတချို့ဖြင့် ကောင်းချီးပေးခံထားရသည်။
အဆင့် ၁ ဟွင်သွမ်းရုပ်ခန္ဓာကို ဟွင်သွမ်းစည်းမျဉ်း အပိုင်းအစဖြင့် ကောင်းချီးပေးထားပြီး အဆင့် ၂ အကြမ်းခံပုဆိန် ရုပ်ခန္ဓာကိုတော့ ခွန်အားစည်းမျဉ်း အပိုင်းအစဖြင့် ကောင်းချီးပေးထားလေသည်။
အဆင့် ၃ ချီယွီလျိုချင် ရုပ်ခန္ဓာကို စိတ်ခံစားချက် ခုနှစ်သွယ်နှင့် စိတ်ဆန္ဒ ခြောက်မျိုး စည်းမျဉ်းအပိုင်းအစဖြင့် ကောင်းချီးပေးထားသည်။
ဝမ်ဝေ့က သူသာ စည်းမျဉ်းအရင်းအမြစ်ကို ရပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်တွင် သွတ်သွင်းနိုင်သရွေ့ သူသည်လည်း တမူထူးရုပ်ခန္ဓာ ရလာပေလိမ့်မည်။
သို့သော်လည်း လုပ်ငန်းစဉ်က ပြောရသလောက် မရိုးရှင်းပေ။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က အချိန်အတော်ကြာ ပြင်ဆင်ထားခဲံပြီး ထိုကြိုးပမ်းအားထုတ်မှုအတွက် လုံလုံလောက်လောက် ပြင်ဆင်ထားခဲ့သည်။
အရာအားလုံး စီစဉ်ထားသည့်အတိုင်း ဖြစ်စေရန် လုံလောက်သည့် ပြင်ဆင်မှုက အမြဲတမ်း လိုအပ်လေသည်။
ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်ခုကို စဉ်းစားမိသွားသည်။ အကယ်၍ သူသာ ထိပ်တန်းအဆင့် ရုပ်ခန္ဓာသုံးမျိုးထဲမှ အချက်အလက်လုံလုံလောက်လောက် ရခဲ့လျှင် သူ့အစီအစဉ်က ပို၍ ဘေးကင်းသွားသလို အောင်မြင်နိုင်ခြေလည်း ပိုမြင့်လာနိုင်သည်။
သို့သော်လည်း ပြဿနာကား ထိုရုပ်ခန္ဓာပိုင်ရှင်သုံးယောက်အား ကောင်းကောင်းခွဲစိတ်နိုင်ဖို့ အခွင့်အရေးမရနိုင်ပေ။
နံပါတ် ၁ ရုပ်ခန္ဓာပိုင်ရှင်က အဆင့်နိမ့်အလွှာတွင် ပုန်းအောင်းနေသည်။ အဆင့် ၃ ရုပ်ခန္ဓာပိုင်ရှင်သည်လည်း အရှေ့ပိုင်း နဂါးပြာကုန်းမြေ၌ ပုန်းအောင်းနေလေသည်။
ရရှိနိုင်သည့် တစ်ဦးတည်းသောလူမှာ တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ကုန်းမြေတစ်ခုတည်း တည်ရှိပြီး အဆင့် ၂ ရုပ်ခန္ဓာပိုင်ရှင် ဖြစ်သည့် မဟာကျိုးတော်ဝင်တိုင်းပြည်မှ အိမ်ရှေ့စံသာ ဖြစ်၏။
သို့သော်လည်း ဝမ်ဝေ့က သူ ဘယ်မှာရှိနေမှန်း သိနေလျှင်ပင် ဘာမှတတ်နိုင်တာ မရှိပေ။ အားကောင်းသည့်ရုပ်ခန္ဓာနှင့် မွေးဖွားလာသူ တစ်ဦးအနေနှင့် အိမ်ရှေ့စံက ဒီမျိုးဆက် ကောင်းကင်အလိုဆန္ဒအတွက် ပါဝင်ယှဉ်ပြိုင်သူ သေချာပေါက် ဖြစ်လာလိမ့်မည်။
ဒီလိုမျိုး ကောင်းကင်ရွေးချယ်ခံတွင် ဝမ်ဝေ့လိုမျိုး သူ့အား ၂၄ နာရီ စောင့်ကြပ်ကာကွယ်ပေးမည့် အထွတ်အထိပ်နယ်ပယ်အဆင့် ပညာရှင်တစ်ဦး သေချာပေါက် ရှိလိမ့်မည်။
ထို့အပြင် မဟာကျိုးတော်ဝင်တိုင်းပြည်က မဟာဧကရာဇ်သုံးယောက် မွေးထုတ်ပေးနိုင်သည့် အင်အားကြီး တိုင်းပြည် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့ကို အလွယ်တကူ သွားရှုပ်၍ မရပေ။
ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်း၏ သခင်ငယ်လေး ဖြစ်သော်လည်း သူ့အာဏာကို တလွဲသုံးပြီး ကမ္ဘာအနှံ့ ရန်သူများ မဖန်တီးလိုပေ။
ထိုအခြေအနေများ ဖြစ်နေသော်လည်း ဝမ်ဝေ့က လက်မလျော့လိုက်ပေ။ သူ လုပ်ဖို့ လိုအပ်သည်ကား အချိန်မှန်၊ နေရာမှန်နှင့် အခြေအနေမှန်ကို စောင့်ဆိုင်းရန်သာ ဖြစ်၏။
ဝမ်ဝေ့က ထိုအချိန်မှန်သည် တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ကြောင်း သိထားသည်။
ဤသည်မှာ နောက်လေးနှစ်ကြာမြင့်ပြီးနောက် ဝိညာဉ်ခရီးလမ်းတွင် ဖြစ်၏။ ထိုနေရာက ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်ပေသည်။ ယခု ဝမ်ဝေ့အတွက် သူ့သားကောင်အား ထောင်ချောက်ထဲ မျှားခေါ်ဖို့ ငါးစာကောင်းကောင်းသာ လိုသည်။