အာဏာနှင့် ကြွယ်၀မှုအတွက် ရာထူးတိုးခြင်း
Vol. 60 Ch. 827
ဂုစ့်ဂေးလ်သည် ရန်သွားမစသင့်သော လူအတော်များများနှင့် တွေ့ခဲ့ဖူးသော်လည်း ထိုလူများကို ဆံခြည်မျှင်တစ်စမျှသာ ကြောက်ရွံ့ခဲ့ဖူးသည်။ သို့သော် ယခုတွင်မူ သူ့မှာ ကြက်သီးတဖြန်းဖြန်း ထသွားပြီး သူ၏စူးစမ်းလိုစိတ်မှာလည်း ပျောက်ချင်းမလှပျောက်ကွယ်သွားရ၏။
‘မဟူရာကလပ်’
ထိုနာမည်ကား အကျော်ဇေယျပင်။ ကြောက်မက်ဖွယ်ကောင်းသော အာဏာနှင့်လွှမ်းမိုးမှုကို ပိုင်ဆိုင်ထားသည့် အထင်ကရ အဖွဲ့တစ်ဖွဲ့ ဖြစ်ချေသည်။ မိုအား၀ူ၏စကားအသွားအလာအရ သူ၏သူဌေးသည် မဟူရာကလပ်ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်ကြောင်း သူအလွယ်တကူ ကောက်ချက်ချနိုင်၏။
ဂုစ့်ဂေးလ်သည် သူ၏ခံစားချက်များကို အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ ပြုံးကာ ထိန်းချုပ်လိုက်သည်။ ယင်းအပြုံးကား ဟက်ဟက်ပက်ပက် မရှိလှသော်လည်း သူ၏နားလည်မှုကို ဖော်ပြနေ၏။ “ကဲပါ...အဆင်မပြေဘူးဆိုလည်း မေ့ထားလိုက်ကြတာပေါ့။ ဒါနဲ့ ငါ နားမလည်တာ တစ်ခုရှိတယ်။ မင်းရဲ့သူဌေးက ငါနဲ့ ဘာလို့ တွေ့ချင်ရတာလဲ။ မင်း အရင်တစ်ခါလို.....အလုပ်သမားစခန်း ၁၃၁၉ က ထောင်သားတွေ လိုချင်လို့လား”
“မလောပါနဲ့...အေးဆေးပါ့ ဂုစ့်ရာ” မိုအားဝူက ပြောသည်။ “ငါ့သူဌေးနဲ့ တွေ့တဲ့အထိ စောင့်ပါဦး။ အဲ့အခါကျ သူ့ရည်ရွယ်ချက်ကို မင်းသိရမှာပေါ့”
မိနစ်အနည်းငယ်ကြာပြီးနောက် မိုအားဝူသည် ဂုစ့်ဂေးလ်အား ထန်ရှုရှိရာ အခန်းသို့ ခေါ်လာ၏။ ဂုစ့်ဂေးလ်သည် ထန်ရှုမည်မျှ ငယ်ကြောင်းတွေ့လိုက်ရသောအခါ အံ့အားသင့်သွားသော်လည်း သူက တရိုတသေပင် နှုတ်ဆက်လိုက်သည်။ “သူဌေးထန်။ ကျုပ်ကို စကားစမြည်ပြောဖို့ ခေါ်တာတော့ မဟုတ်ဘူးမလား။ ကျေးဇူးပြုပြီး ကျုပ် လုပ်ပေးနိုင်တာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျုပ်လုပ်နိုင်တဲ့အတိုင်းအတာထဲမှာ ရှိသရွေ့ ကျုပ် ဘယ်တော့မှ ငြင်းမှာ မဟုတ်ပါဘူး”
“ဟုတ်ပြီ။ ခင်ဗျား အလုပ်သမား ၁၃၁၉ အကြောင်း ဘယ်လောက်သိထားသလဲ” ထန်ရှုက မေးသည်။ “ပြီးတော့ အဲ့ဒီထောင်ရဲ့ ထိပ်ဆုံးအရာရှိနဲ့ရော ရင်းနှီးသလား”
“သူဌေးထန် ကျုပ်လည်း တစ်ခါက အလုပ်သမားစခန်း ၁၃၁၉ မှာ ထိန်းသိမ်းခံခဲ့ရတယ်ဆိုတာ ဝူဆီက ကြားပြီးလောက်ပါပြီ” ဂုစ့်ဂေးလ်က ခေါင်းညိတ်၍ ပြော၏။ “ကံကောင်းစွာနဲ့ ထိန်းသိမ်းမခံရခင်တုန်းက အတော်လေး စုဆောင်းနိုင်ခဲ့လို့ လွတ်လပ်မှုကို ၀ယ်ယူနိုင်ခဲ့တယ်။ ဒါကြောင့် အထဲကအခြေအနေကို တော်တော်သိထားပါတယ်။ အော်ဂတ်စတီနိုနဲ့တော့ သူ့ရဲ့ လျှို့ဝှက်မြေအောက်လူသတ်ပွဲတွေနဲ့ ပက်သက်ပြီး အပေးအယူလုပ်ခဲ့ဖူးတယ်”
“အဲ့ဒါအမှန်ဆိုရင် ကျုပ်နဲ့ လုပ်ငန်းစပ်တူလုပ်ဖို့ရော ဘယ်လိုသဘောရသလဲ” ထန်ရှုက စိတ်ကျေနပ်စွာ ပြော၏။ “ဘယ်လိုလုပ်ငန်းမျိုးလဲ” ဂုစ့်ဂေးလ်က မေးသည်။
“ကျုပ် ခင်ဗျားရဲ့အလုပ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ပေးမယ်။ ကျုပ်ကို အလုပ်သမားစခန်း ၁၃၁၉ ကနေ ထောင်သားတချို့ ၀ယ်ပေး။ ပြီးတော့ ကျုပ်ကိုလည်း အထဲမှာ တစ်ပတ်လောက်နေနိုင်အောင် စီစဉ်ပေးပါ။ ပြီးရင် ကျုပ်၀ယ်မယ့် ထောင်သားစာရင်းကို ခင်ဗျားကို ပေးမယ်”
“သူဌေးထန်က ထောင်သားအုပ်လိုက်၀ယ်ချင်တာလား။ တစ်ယောက်တည်းမဟုတ်ဘဲနဲ့လေ” ဂုစ့်ဂေးလ်မှာ အံ့ဩမှင်သက်သွား၏။
“ထောင်သားတစ်ယောက်တည်း ၀ယ်ချင်တာဆိုရင် အဝေးက ကျုပ်ကိုယ်တိုင် လာစရာမလိုဘူး” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောသည်။ “၁၀၀ ထက် မနည်းတဲ့ ထောင်သားတွေ ၀ယ်ချင်တယ်”
“အဲ့ဒါ မဖြစ်နိုင်ဘူး” ဂုစ့်ဂေးလ်က အံ့အားသင့်စွာ ပြောလိုက်၏ “အော်ဂတ်စတီနိုက အလုပ်သမားစခန်း ၁၃၁၉ ရဲ့ ထိပ်ဆုံးအရာရှိဆိုပေမယ့် အဲ့လောက်များတဲ့ ရာဇ၀တ်သားတွေကို ရောင်းရဲမှာမဟုတ်ဘူး။ ၁၀၀ မပြောနဲ့...တစ်ဒါဇင်လောက်တောင် ရောင်းရဲမှာမဟုတ်ဘူး”
ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးသည်။ “သူ့ရဲ့ရာထူးက လုံလောက်လား။ ဒါမှမဟုတ် သူက တစ်ယောက်ယောက်ရဲ့ စောင့်ကြည့်အုပ်ချုပ်မှုအောက်မှာ ရှိနေတာလား”
“အော်ဂတ်စတီနိုအတွက် သူ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ထောင်သားတစ်ဒါဇင်လောက် ရောင်းတာက ပြဿနာမရှိဘူး....အဓိကပြဿနာက အလုပ်သမားစခန်း ၁၃၁၉ မှာ ထိန်းသိမ်းခံထားရတဲ့ ထောင်သားတွေက အရမ်းဆိုးလွန်းတယ်။ သူတို့ကို ဆယ်နဲ့ချီ လွှတ်ပေးလိုက်ရင် လူ့အဖွဲ့အစည်းကို ထိခိုက်လာလိမ့်မယ်။ အော်ဂတ်စတီနိုက ငွေကို အသက်တမျှ ကိုးကွယ်ပေမယ့် ကိုယ့်သေတွင်းတော့ ကိုယ်တူးမှာ မဟုတ်ဘူး”
“ဒါဆို ခင်ဗျား ဆိုလိုတာက...သူက ထောင်သားအများကြီး မရောင်းရဲဘူးပေါ့” ထန်ရှုက ပြောသည်။ “ရောင်းလိုက်တဲ့ ထောင်သားတွေက အပြင်မှာ သောင်းကျန်းပြီး သူ့ဒုက္ခရောက်မှာ ကြောက်လို့ပေါ့”
“မှန်ပါတယ်” ဂုစ့်ဂေးလ်က ဖြေ၏။
ထန်ရှုက မျက်မှောင်ကြုတ်လျက် တိတ်တဆိတ် စဉ်းစားလိုက်၏။ ဂုစ့်ဂေးလ်ပြောသည်ကား မှန်ပေသည်။ သူကိုယ်တိုင်သာ အလုပ်သမားစခန်း ၁၃၁၉ ၏ ထိပ်ဆုံးအရာရှိဖြစ်ခဲ့လျှင် သူကိုယ်တိုင်လည်း ငွေအတွက်နှင့် ထိုမျှ အန္တရာယ်ယူမည်မဟုတ်ချေ။
သို့သော် သူ မကြိုးစားလျှင် သူ ဤသို့ လာခဲ့ရသည်က အလဟဿဖြစ်သွားမည် မဟုတ်လော။ သို့မဟုတ် ထိုအန္တရာယ်များသော အန္တရာယ်ကို အကောင်အထည်ဖော် ရမည်လော....ထိုထောင်သားများ ထွက်ပြေးနိုင်ရန် အထိကရိုဏ်း ဖြစ်ပေါ်စေရမည်။
“ကျွန်တော့်မှာ အကြံရှိတယ် သူဌေး” ကျင်းရှီက ရုတ်တရက် ထပြောသည်။
“ရှိတယ်လား။ ပြောပါဦး” ထန်ရှုမှာ အံ့အားသင့်သွား၏။
ကျင်းရှီ၏မျက်လုံးများ အေးစက်စွာ တောက်ပသွားပြီး သူက အလေးအနက် ပြောလေသည်။ “အော်ဂတ်စတီနိုက ကျွန်တော်တို့ကို ထောင်သားအများကြီး မရောင်းမှာ သေချာသလောက်ပဲ။ ကျွန်တော်တို့ စခန်းရဲ့ ဒုတိယတာ၀န်ခံကို ဆက်သွယ်သင့်တယ်။ သူက ကျွန်တော်တို့ကို ထောင်သားအများကြီး ရောင်းပေးမယ်ဆိုရင် ကျွန်တော်တို့က အော်ဂတ်စတီနိုကို ဖြုတ်ချပေးမယ်။ ထောင်ထဲက ဂေဟစနစ်ရဲ့ ထိပ်ဆုံးမှာ ထိုင်ချင်တယ်ဆိုရင်တော့ သူကိုင်တိုယ် ကြိုးစားရမှာပေါ့”
“မဆိုးဘူး” ထန်ရှုက လက်ခုပ်တီး၍ စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။ “အကြံကောင်းတယ်။ ဒုတိယလူက အရူးမဟုတ်ရင် ငါတို့နဲ့ ပူးပေါင်းမှာပဲ။ ဂုစ့်ဂေးလ် အလုပ်သမားစခန်း ၁၃၁၉ ရဲ့ ဒုတိယတာ၀န်ခံက ဘယ်သူလဲ”
ဂုစ့်ဂေးလ် တခဏ စဉ်းစားလိုက်သည်။ “ဆန်ဒါပါ”
“ကျုပ်တို့ လျှို့ဝှက်တွေ့ဆုံလို့ရအောင် ခင်ဗျားမှာ ဆက်သွယ်ပေးနိုင်မယ့် နည်းလမ်းရှိလား” ထန်ရှုက မေး၏။
“ကျုပ်က အော်ဂတ်စတီနိုရဲ့ VIP တွေမှာ ပါတော့ ဆန်ဒါက မျက်နှာလိုမျက်နှာရ လုပ်မှာပဲ” ဂုစ့်ဂေးလ်က ခေါင်းညိတ်သည်။ “သူဌေးထန်...သူဌေးမှာ အော်ဂတ်စတီနိုကို ရှင်းပစ်နိုင်တဲ့ ငွေနဲ့ အရင်းအမြစ် တကယ်ရှိရင် ဆန်ဒါက သဘောတူလိမ့်မယ်.....ဒါပေမဲ့”
“ဒါပေမဲ့ ဘာဖြစ်လဲ” ထန်ရှုက မျက်မှောင်ကြုတ်လျက် မေး၏။
“ဒါပေမဲ့ ကျွန်တော်တို့ အပေးအယူကို ပြောင်းလဲလို့ရမလား” ဂု့စ်ဂေးလ်က အလေးအနက် ပြောသည်။ “ကျုပ် သူဌေးရဲ့ငွေကို မလိုချင်ဘူး။ ကျုပ်နဲ့ ပြဿနာလေးတစ်ခုကို ကူညီပေးစေချင်တယ်”
“ပြောပါ။ ခင်ဗျားမှာ ဘာပြဿနာ ရှိနေတာလဲ” ထန်ရှုက မေး၏။
“သူဌေးရဲ့ အကြံအစည် အောင်မြင်သွားရင် လူလေးယောက်ကို သတ်ပေးစေချင်တယ်” ဂုစ့်ဂေးလ်က ပြောသည်။ “တဲလ်အဗစ်ရဲ့ ဂိုဏ်းခေါင်းဆောင်တွေက အတော်လေး အင်အားကြီးလွန်းတယ်”
ထန်ရှုက သူ၏တောင်းဆိုမှုကို ချက်ချင်း မဖြေဘဲ ထိုအစား ခပ်ဖွဖွ ပြုံးကာ မေး၏။ “ခင်ဗျား တဲလ်အဗစ် မြေအောက်လောကရဲ့ ဖခင်ကြီး ဒါမှမဟုတ် ကင်းပင်(King pin) ဖြစ်လာအောင် ကျုပ်တို့က တခြားဂိုဏ်းခေါင်းဆောင်လေးယောက်ကို သတ်ပေးရမယ်ပေါ့”
“ဟုတ်တယ်။ အဲ့ဒီလေးယောက် မရှိတော့ရင် သူတို့လက်အောက်ကလူတွေက ပြဿနာရှာလာလိမ့်မယ်။ ခေါင်းဆောင်ရာထူးအတွက် အတွင်းပဋိပက္ခတွေ ဖြစ်လာမှာ အသေအချာပဲ။ သူတို့ အသေခံတိုက်ကြရင် ကျုပ် လှုပ်ရှားရမယ့်အချိန် ရောက်လာလိမ့်မယ်။ သူတို့သေသွားတာနဲ့ တဲလ်အဗစ်မြေအောက်လောကရဲ့ ဖခင်ဖြစ်နိုင်လာနိုင်မယ်လို့ ကျုပ် ၇၀-၈၀ ရာခိုင်နှုန်းအထိ ယုံကြည်ချက်ရှိတယ်”
“ကောင်းပြီ။ သဘောတူတယ်” ထန်ရှုက ခေါင်းညိတ်၏။
ထန်ရှု အလျင်အမြန် သဘောတူလိုက်ခြင်းက ဂုစ့်ဂေးလ် မျှော်လင့်ထားသည့်အရာမဟုတ်ပေ။ ထို့ကြောင့် သူက စိတ်လှုပ်ရှားစွာ ချက်ချင်းပြော၏။ “ဒါဆို ကျုပ် ဆန်ဒါကို ဆက်သွယ်လိုက်ပါ့မယ်။ အချိန်နေရာကို သတ်မှတ်ပြီးတာနဲ့ သူဌေးကို ကျုပ်ကိုယ်တိုင် လာပြောပါ့မယ်”
“ဟုတ်ပြီ”
ထန်ရှုက ဂုစ့်ဂေးလ်ထွက်သွားသည်ကို ကြည့်ပြီးနောက် သူက ကျင်းရှီကို လက်ဝှေ့ရမ်းပြလိုက်သည်။ “သူ့နောက်လိုက်သွားပြီးတော့ သူ့လုပ်ရပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေ။ ငါတို့နောက်ကျော ဓားနဲ့ထိုးဖို့ ကြံတာ၊ ငါတို့အကြောင်းဖော်ဖို့ ကြိုးစားတာတွေ့တာနဲ့ ချက်ချင်း သတ်ပစ်လိုက်”
“နားလည်ပါပြီ” ကျင်းရှီက ခေါင်းညိတ်၍ တိတ်တဆိတ် ထွက်ခွာသွားသည်။
.........
အလုပ်သမားစခန်း ၁၃၁၉။
ထောင်၏မြောက်ဘက်အကျဆုံးနေရာတွင် အောက်ဆုံးထပ်၌ ကျယ်၀န်းသော ခန်းမတစ်ခုပါရှိသည့် ခြောက်ထပ်အဆောက်အဦးတစ်ခု ရှိလေသည်။ တိုက်ပွဲခုံမြင့် သို့မဟုတ် လက်ဝှေ့ကြိုးဝိုင်းတစ်ခုအား ခန်းမအတွင်းတွင် တပ်ဆင်ထား၏။ ထိုးသတ်သူနှစ်ယောက်သည် လက်ဝှေ့ဘောင်းဘီများ ၀တ်ဆင်၍ ကြိုးဝိုင်းထဲတွင် အပြင်းအထန် လုံးထွေးသတ်ပုတ်နေကြ၏။ လူရာပေါင်းများစွာက ပတ်ပတ်လည်တွင် ကြည့်ရှုနေကြလေသည်
“တပ်မှူး အော်ဂတ်စတီနို။ ဖိုင်နယ်မှာ ဘယ်သူနိုင်မယ်ထင်လဲ”
အနောက်တိုင်း၀တ်စုံနှင့် တောက်ပြောင်နေသော ဖိနပ်များကို ၀တ်ဆင်ထားသည့် နိုင်ငံခြားသားတစ်ယောက်ကမေးသည်။ သူသည် သက်တောင့်သက်သာဟန်ပန်ဖြင့် ဆေးလိပ်သောက်လျက်ရှိပြီး စကားပြောနေစဉ် ဆေးလိပ်ငွေ့များအား မှုတ်ထုတ်လိုက်၏။
အလုပ်သမားစခန်း ၁၃၁၉ ၏ထိပ်ဆုံးအရာရှိ အော်ဂတ်စတီနိုက မျက်နှာချိုသွေးလျက် ပြုံးကာ ပြော၏။ “မစ္စတာ နီ၀က်ခ်။ နံပါတ် ၆ အသားကြိတ်စက်နဲ့ နံပါတ် ၃ သန်းနတို့စ် တို့က ကျုပ်တို့ထောင်မှာ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူတွေပါ။ အသားကြိတ်စက်က ပြိုင်ပွဲ ၄ ပွဲမှာ ၄ ပွဲလုံး နိုင်ထားပေမယ့် သန်းနတို့စ်ကလည်း ပြိုင်ပွဲ ၆ ပွဲမှာ ၅ပွဲနိုင် ၁ ပွဲသရေကျထားပါတယ်။ သူတို့ တိုက်ပွဲကနေ ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်လာမလဲဆိုတာ ကျုပ်မပြောတတ်တော့ဘူး”
(သန်းနတို့စ်ဆိုတာ ဂရိစစ်နတ်ဘုရားနာမည်ပါ)
နီ၀က်ခ်က သန်းနုတို့စ်ကို ညွှန်ပြ၍ ဖြည်းဖြည်းချင်း ပြော၏။ “ကျုပ်တော့ သန်းနတို့စ်က နောက်ဆုံးအနိုင်ရသူဖြစ်လာမယ်ထင်တယ်။ သူက အခုထိ သူ့ရဲ့အကောင်းဆုံးလက်နက်ကို ထုတ်မသုံးရသေးသလို သူ့ရဲ့ပြိုင်ဘက်ကလည်း သူ့ကို ဖိအားမပေးနိုင်သေးဘူး။ အသားကြိတ်စက်က စွမ်းအားကြီးပေမယ့် နည်းနည်း နှေးကွေးလွန်းတယ်မထင်ဘူးလား”
အော်ဂတ်စတီနိုက တွေးတွေးဆဆဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး ပြော၏။ “ခင်များပြောတာမှန်မယ်ထင်တယ် မစ္စတာနီ၀က်ခ်။ ကျုပ်လည်း သူနောက်ဆုံးပြိုင်ပွဲကို နိုင်ပါစေလို့ မျှော်လင့်တယ်။ မဟုတ်ရင် ကျုပ် လောင်းထားတဲ့ပိုက်ဆံတွေ ရှုံးသွားလိမ့်မယ်ဗျ”
နီ၀က်ခ်သည် အစ္စရေးနိုင်ငံအတွင်း လမ်းကြောင်းအမျိုးမျိုးမှ လက်နက်မှောင်ခိုရောင်းချခြင်းကို ချုပ်ကိုင်ထားသည့် လက်နက်ကုန်သည်ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။ ကောလဟာလများအရ သူသည် နိုင်ငံအတွင်းခေါင်းဆောင်များနှင့် အတော်ရင်းနှီး၏။ အော်ဂတ်စတီနို အလုပ်သမားစခန်း ၁၃၁၉ ၏ထိပ်ဆုံးအရာရှိဖြစ်လာစေရန် ငွေပုံအော၍ ကူညီပေးခဲ့သော နောက်ကွယ်မှ အဓိကထောက်ခံသူတစ်ယောက်လည်း ဖြစ်ချေသည်။
“ကျွမ်းကျင်သူတွေကြားက တိုက်ပွဲတွေမှာ တစ်ချက်လေးလျစ်လျူရှုမိတာနဲ့ အသက်သေသွားလိမ့်မယ်။ ဒါ့အပြင် တိုက်ပွဲအခြေအနေက ခပ်မြန်မြန် ပြောင်းလဲနေတယ်။ အခုအချိန် ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်တော့ဘူး” နီ၀က်ခ်က ခေါင်းညိတ်၏။
ရုတ်တရက် အော်ဂတ်စတီနိုဘေးရှိ ထိုင်ခုံ၌ ထိုင်နေသော ဆန်ဒါသည် သူ၏ဖုန်းကို ထုတ်ကြည့်လိုက်ရာ စခရင်ပေါ်ရှိ ခေါ်သူအမည်ကြောင့် အံ့အားသင့်သွား၏။ ခေါ်ဆိုသူမှာ တဲလ်အဗစ်၏အင်အားအကြီးဆုံး ဂိုဏ်းခေါင်းဆောင် ဂုစ့်ဂေးလ်ပင်။
‘သူ ဘာလိုချင်လို့လဲ’
ဆန်ဒါမှာ ဂုစ့်ဂေးလ်နှင့် စကားမပြောချင်သော်လည်း ယခုအချိန်တွင် မဖြစ်နိုင်တော့ပေ။ သူက အော်ဂတ်စတီနိုကို အလျင်အမြန် တစ်ချက်ကြည့်၍ ကြည့်ရှုစင်မှ ထကာ အပြင်သို့ ပြေးထွက်သွား၏။ သူက လူရှင်းသော တစ်နေရာသို့ ရောက်မှသာ ဖုန်းဖြေလိုက်လေသည်။ “ဂုစ့်ဂေးလ် ခင်ဗျားက အော်ဂတ်စတီနိုကို ရှာသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ကျုပ်ကို ခေါ်နေတာလဲ”
“မင်းရဲ့ ရာထူးတိုးအတွက်ပဲ။ အာဏာနဲ့ ကြွယ်၀မှုကို ပိုင်ဆိုင်ထားတာ ကောင်းတယ်လို့ မထင်ဘူးလား။ ဘယ်လိုလဲ စိတ်၀င်စားလား” ဂုစ့်ဂေးလ်၏အသံအား ဖုန်းထဲမှ ကြားရနိုင်၏။
“ဆောရီး။ ခင်ဗျားပြောတာ ကျုပ်နားမလည်ဘူး” ဆန်ဒါက မျက်မှောင်ကြုတ်လျက် ဖြေသည်။
“မင်း အခုချိန်မှာ နားလည်ဖို့မလိုသေးဘူး။ မင်း ငါနဲ့ ပူးပေါင်းရမှာကိုပဲ မှတ်ထား။ မင်း အလုပ်သမားစခန်း ၁၃၁၉ ရဲ့ ထိပ်ဆုံးအရာရှိဖြစ်လာရုံတင်မကဘူး...ငွေအတော်များများလည်း ရလာနိုင်တယ်” ဂုစ့်ဂေးလ်က ပြုံးလျက် ပြော၏။ “မနက်ဖြန်နေ့လည်ကျရင် မင်း လူတစ်ယောက်နဲ့တွေ့ဖို့ အချိန်နဲ့နေရာကို ငါစီစဉ်ပေးမယ်”