ထိုးဝှေ့တိုက်ခိုက်ခြင်းမှ ခင်မင်မှုမွေးဖွားလာခြင်း
Vol. 60 Ch. 828
ဆန်ဒါ ဖုန်းကို ကိုင်ထားစဉ် သူ၏မျက်လုံးများမှာ တလက်လက် တောက်ပသွား၏။ ဂုစ့်ဂေးလ်၏ဖြစ်တည်မှုကို သိပြီး ရက်စက်ကြမ်းကြုတ်သည့် ဂိုဏ်းခေါင်းဆောင်ကို အယုံအကြည်မရှိလှသော်လည်း ဂုစ့်ဂေးလ်၏စကားလုံးများက သူ့ကို စိတ်၀င်စားသွားစေသည်။
သူ ငွေကို ခုံမင်သော်လည်း အလုပ်သမားစခန်း ၁၃၁၉၏ ထိပ်ဆုံးရာထူးကို ပို၍မက်မော၏။ ထောင်၏ထိပ်ဆုံးလူဖြစ်လာခြင်းက သူ၏အိတ်ထောင်တွင်းသို့ ငွေများအဆက်မပြတ် ၀င်လာစေမည်ဖြစ်ကြောင်း ကောင်းကောင်းသိလေသည်။
“ကျုပ် သွားမယ်” အသေအချာ စဉ်းစားပြီးနောက် ဆန်ဒါသည် ဂုစ့်ဂေးလ်အား အဖြေပေးလိုက်၏။
နောက်တစ်နေ့ နေ့လည်တွင်။
ဘတ်ယန်ရှိ ဝေးလံသော ရပ်ကွက်တစ်ခုအတွင်း မထင်ရှားသော ကဖေးတစ်ခု၌ ဆန်ဒါသည် သူ့ထက် အရင်ရောက်နေသော ဂုစ့်ဂေးလ်အား တွေ့လိုက်ရ၏။ သူ့နောက်တွင် နှစ်ရှည်ကြာ လိုက်ပါမြဲဖြစ်သော လူယုံနှစ်ယောက်အား တစ်နေရာသို့ ရှောင်စေပြီး ဆန်ဒါသည် ဂုစ့်ဂေးလ်အရှေ့တွင် ၀င်ထိုင်လိုက်သည်။ သူက စီးကရက်တစ်လိပ်ကို မီးညှိ၍ မေး၏။ “မစ္စတာဂေးလ် ကျုပ်က ပွင့်ပွင့်လင်းလင်းလူတစ်ယောက်ပါ။ ပြီးတော့ ရင်းနှီးတဲ့လူတွေနဲ့ပဲအလုပ်လုပ်ရတာ ကြိုက်တယ်။ ခင်ဗျား ကျုပ်ကို ဘာအတွက်ကြောင့် တွေ့ချင်ရတာလဲ”
“စိတ်မပူပါနဲ့ ထောင်မှူးဆန်ဒါ။ ငါ မင်းကို တွေ့ချင်ရတဲ့ အကြောင်းပြချက်ကောင်း ရှိပါတယ်” ဂုစ့်ဂေးလ်က ပြုံးလျက် ပြော၏။ “ဒါပေမဲ့ မင်းနဲ့ ဒီနေ့တွေ့ချင်တဲ့လူက ငါမဟုတ်ဘူး။ ငါက မင်းနဲ့သူကြားက ကြားခံလူသက်သက်ပဲ”
“အဲ့ဒီလူက” ဆန်ဒါက အနည်းငယ်မျက်မှောင်ကြုတ်လျက် မေး၏။
“ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက မင်းလိုချင်တာကို သူပေးနိုင်တယ်” ဂုစ့်ဂေးလ်က ခေါင်းခါရမ်းလျက် ပြောသည်။ “ဥပမာ အာဏာနဲ့ ကြွယ်၀မှုပေါ့”
ဆန်ဒါမှာ တိတ်ဆိတ်သွားသော်လည်း သူ၏သိလိုစိတ်မှာ ပို၍ပြင်းပျလာ၏။ ထိုလူက မည်သူနည်း။ သူ၏ရည်မှန်းချက်နှင့် အသုံး၀င်မှုတို့ကရော အဘယ်နည်း။ သူသည် ဤတစ်ခေါက် ထွက်လာကတည်းက အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။ သူတို့တောင်းဆိုချက်က အင်မတန် များပြားလွန်းလျှင် ယာယီသာ သဘောတူညီမှုပြုရန် ဆုံးဖြတ်ထားခဲ့၏။ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့လျှင် ကဖေးမှ ထွက်သွားနိုင်ပေသည်။
“ကျုပ် နောက်မကျဘူးမလား” ထန်ရှုက ရောက်လာသည်နှင့် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်၏။
ဂုစ့်ဂေးလ်က ချက်ချင်း ထရပ်၍ မိတ်ဆက်ပေးလိုက်သည်။ “နောက်မကျပါဘူး သူဌေးထန်။ အလုပ်သမားစခန်း ၁၃၁၉ ရဲ့ လက်ထောက်ထောင်မှူး မစ္စတာဆန်ဒါနဲ့ မိတ်ဆက်ပေးပါရစေ။ မစ္စတာဆန်ဒါ ဒါက မင်းနဲ့ ပူးပေါင်းအလုပ်လုပ်လိုတဲ့ မစ္စတာထန်ပါ”
ထန်ရှုက ဆန်ဒါနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ထိုင်ရန် အမူအရာပြလိုက်သည်။ သူက ဂုစ့်ဂေးလ်ဘေးတွင် ထိုင်ကာ ပြုံး၍ ဆို၏။ “ထောင်မှူးဆန်ဒါ ခင်ဗျားကို ကျုပ်ဘာကြောင့် တွေ့ချင်ရသလဲ သိချင်နေမှာပေါ့။ ရိုးရိုးလေးပါ။ ကျုပ် ခင်ဗျားနဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်”
ဆန်ဒါက မျက်လုံးများ တလက်လက် တောက်ပနေသည့် အရှေ့တိုင်းသားလူငယ်ကို ကြည့်ကာ မေးလေသည်။ “ဘယ်လို အပေးအယူမျိုးလဲ”
ထန်ရှုက အလောတကြီး မဖြေပေ..ထိုအစား လက်မြှောက်၍ အမူအရာပြလိုက်ရာ မိုအားဝူက လက်ဆွဲအိတ်တစ်လုံးကို ဆွဲ၍ လျှောက်လာ၏။ ထို့နောက် သူက လက်ဆွဲအိတ်ကို စားပွဲပေါ်တင်၍ ဖွင့်ကာ အမေရိကန်ဒေါ်လာအထပ်လိုက်ကို ပြသလိုက်၏။
“အထဲမှာ ဒေါ်လာတစ်သန်းရှိပါတယ် ထောင်မှူးဆန်ဒါ။ ကျုပ်တို့ ဒီနေ့ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ခင်ဗျားအပိုင်ပဲ။ ပထမဆုံး တွေ့ခဲ့အနေနဲ့ပေးတဲ့လက်ဆောင်လို့ မှတ်လိုက်ပါ”
ဆန်ဒါ၏မျက်နှာအမူအရာမှ ပြောင်းလဲသွား၏။ သူ့တွင် ဒေါ်လာ ၁၀ သန်းထက်ပိုသော ပိုင်ဆိုင်မှုများ ရှိသဖြင့် ဒေါ်လာတစ်သန်းသည် သူ့အတွက် မပြောပလောက်ပေ။ မည်သို့ဆိုစေ သူသည် ထန်ရှုအား အထင်ကြီးသွားမိ၏။ သူစကားပြောတော့မည့်အချိန် အမှတ်တမဲ့ မိုအားဝူကို လှမ်းကြည့်လိုက်မိသည်။
“မဖြစ်နိုင်ဘူး” ဆန်ဒါမှာ မျက်လုံးများ တောက်ပလျက် ဆိုဖာပေါ်မှ ရုတ်တက် ထရပ်လိုက်သည်။ သူ့မှာ မိုအားဝူကို ကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်နေ၏။
“ကျုပ်တို့မတွေ့ရတာ အတော်ကြာပြီမဟုတ်လား ထောင်မှူးဆန်ဒါ” မိုအားဝူက ပြုံး၍ ပြောသည်။ “ခင်ဗျားရဲ့ ဒဏ်ရာတွေရော အဆင်ပြေရဲ့လား။ သေခြင်းနတ်ဘုရားက ခင်ဗျားကို သဘောကျလို့ ခေါ်သွားပြီထင်နေတာ”
ဆန်ဒါက မိုအားဝူကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်ပြီး သူ့ထံမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ ပျံ့ထွက်လာလေသည်။ “မင်းထင်တာမှားသွားပြီ။ သေခြင်းနတ်ဘုရားက ငါ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ ငါ့ရဲ့ကံကောင်းမှုကြောင့် ဒီနေ့အထိ အသက်ရှင်နေတာ။ ဒါပေမဲ့ မင်း ငါ့ရဲ့ဘယ်ဘက်ရင်အုံကို အဆက်မပြတ် ထိုးခဲ့တဲ့ ဓားမြှောင်ကို အခုအထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ ငါ့နှလုံးသားက အခြားသူတွေထက် နေရာနည်းနည်း လွဲမနေခဲ့ရင် အဲ့အချိန်တည်းက ငါ သေသွားလောက်ပြီ”
“ကျုပ်တို့လည်း အသက်ရှင်ဖို့ ကြိုးစားနေခဲ့တာ။ အဲ့အချိန်တွေတုန်းက သေမင်းနှုတ်ခမ်း၀မှာ ရှင်သန်ခဲ့ရပြီး ခင်ဗျားတို့က ကျုပ်တို့ရန်သူတွေလေ” မိုအားဝူက ပြုံး၍ ပြော၏။ “ဒါပေမဲ့ အခု ကျုပ်တို့သူဌေးက ခင်ဗျားနဲ့အပေးအယူလုပ်ချင်တယ်ဆိုတော့ ရန်သူတွေမဟုတ်တော့ပါဘူး။ ကျုပ်တော့ ကမ္ဘာပေါ်မှာ အရှုပ်အထွေး၊ ပဋိပက္ခတွေအကုန်လုံးက အကျိုးအမြတ်အတွက်ပဲဆိုတဲ့စကားကို ယုံတယ်။ ကမ္ဘာပေါ်မှာ တစ်သက်တာရန်သူဆိုတာမရှိပါဘူး။ ထပ်တလဲလဲ စိတ်၀င်စားမှုတွေပဲရှိတယ်မထင်ဘူးလား”
“ငါအခု အသိချင်ဆုံးက အကျိုးအမြတ်ဘယ်လောက်ရမလဲ ဆိုတာပဲ” ဆန်ဒါက ခပ်ဩဩ ပြော၏။
ထန်ရှုက မိုအားဝူအား စောင့်ဆိုင်းရန် လက်ဝှေ့ရမ်းပြပြီး ပြုံး၍ ပြောသည်။ “အားဝူနဲ့ ထောင်မှူးဆန်ဒါမှာ သမိုင်းကြောင်းလေးတွေ ရှိခဲ့မယ်လို့ ကျုပ်ထင်မထားဘူးဗျာ။ ကဲပါ...လက်သီးလေးဖလှယ်လိုက်မှ ရင်းနှီးလာကြတာ မဟုတ်ဘူးလား။ ခင်ဗျားရမယ့် အကျိုးအမြတ်ကတော့ ခင်ဗျား ဘယ်လောက်သတ္တိရှိမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”
“ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်းပြောပါ” ဆန်ဒါက တဖန် ပြန်ထိုင်၍ ပြော၏။
“မရဘူး။ အခု ကျုပ်ပြောနိုင်တာက ခင်ဗျား သတ္တိရှိသရွေ့ ကျုပ်တို့အပေးအယူက ဒေါ်လာသန်းပေါင်းရာချီ ဖြစ်သွားနိုင်တယ်ဆိုတာပဲ”
အမေရိကန် ဒေါ်လာသန်းရာပေါင်းများစွာ...
ဆန်ဒါမှာ ရင်တဒိန်းဒိန်း ခုန်လာပြီး သူ့မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်တို့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ငါးစက္ကန့်ကျော်ကြာပြီးနောက် သူက ပါးစပ်နားရွက်ချိတ်မတက် ပြုံးကာ ပြောလေသည်။ “မစ္စတာထန် မဟုတ်လား။ ကျုပ်တို့ရဲ့ ပူးပေါင်းမှုအကြောင်း ပြောပြပါဦး”
“ကျုပ် အလုပ်သမားစခန်း ၁၃၁၉ ကနေ ထောင်သားတွေ ၀ယ်ချင်တယ်။ ပြောရရင် အတော်များများ ပမာဏပေါ့” ထန်ရှုက ပြော၏။ “အရေအတွက်ကတော့.....အင်း...ကျုပ် ဝယ်ချင်တဲ့ ပမာဏက အနည်းဆုံး ဂဏန်း ၃ လုံးရှိတယ်”
“လူရာပေါင်းများစွာလား”
ဆန်ဒါ၏သူငယ်အိမ်များ ကျုံ့၀င်သွား၏။ သူ၏နှလုံးသားတွင် ပြင်းထန်လှသော မိုးသက်မုန်တိုင်းများ အသက်၀င်လာပြီး သူ၏မျက်လုံးများ၌ အကြောက်တရားများ ပြည့်နှက်သွားက သူက ထန်ရှုကို စိုက်ကြည့်လိုက်သည်။ အလုပ်သမားစခန်း ၁၃၁၉ မှ ထောင်သားတစ်ယောက်ချင်းစီမှ ရက်စက်ကောက်ကျစ်၍ ဆိုးရွားလွန်းသော ဗီလိန်များ ဖြစ်ကြလေသည်။ ဤလူငယ်လေးက အဘယ်ကြောင့် ထောင်သားများစွာ ၀ယ်ယူချင်ကြရသနည်း။အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ထူထောင်ရန်လော။
“ငါ...” ဆန်ဒါ မည်သို့ပြန်ဖြေရမလဲ မသိချေ။ တကယ်တမ်း မဖြေရဲခြင်းဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ ငွေကား ကောင်းသောအရာတစ်ခုဖြစ်ချေသည်။ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကား သူ့အတွက် အံ့မခန်းလိလိ ပမာဏတစ်ခုဖြစ်၏။ သို့ထိတိုင် ၎င်းတို့ကို သူ အသက်ရှင်နေမှ သုံးစွဲနိုင်မည်မဟုတ်ပါလော။
ဆန်ဒါ၏မျက်နှာအမူအရာကို အကဲခတ်၍ ထန်ရှုသည် သူ့အတွေးများကို ပြောနိုင်၏။ သူ၏ချောမောလှသော မျက်နှာပေါ်တွင် နှစ်လိုဖွယ်အပြုံးတစ်ခု ပေါ်လာလေသည်။ “ခင်ဗျား ကြောက်နေမယ်ဆိုတာ ကျုပ် သိပါတယ် ထောင်မှူးဆန်ဒါ။ ဒါပေမဲ့ ထောင်သားတွေရောင်းတာက ခင်ဗျားကို အလုပ်ရှုပ်စေပေမယ့် အလုပ်သမားစခန်း ၁၃၁၉ ရဲ့ ထိပ်ဆုံးအရာရှိတစ်ဦး ဖြစ်လာစေလိမ့်မယ်။ ဆိုတော့ အဲ့ဒီလိုရလဒ်မျိုးကို ဘယ်လိုသဘောရသလဲ”
ဆန်ဒါ၏မျက်လုံးများ ၀င်းလက်သွားပြီး သူက ထပ်မံမေးလိုက်၏။ “မင်းမှာ အဲ့လိုလုပ်နိုင်စွမ်း ရှိသလား”
“ကျုပ်တို့ အပေးအယူ မစခင် အော်ဂတ်စတီနိုကို ပြန်ပေးဆွဲဖို့ ကျုပ် လူတစ်ယောက် လွှတ်လိုက်မယ်” ထန်ရှုက ပြုံးလျက်သာ ပြော၏။ “ပြီးရင် ခင်ဗျား သူ့နာမည်ကို သုံးပြီး ကျုပ်နဲ့ အလဲအလှယ်လုပ်။ ငွေလွှဲပြီးတာနဲ့ ချက်ချင်း အစိုးအရကို အကြောင်းကြား။ ပြီးရင် အော်ဂတ်စတီနိုကို ဖမ်းဆီးပြီး ပုံပြောင်းပြီးတော့ ၀ရမ်းပြေးဖြစ်အောင် ကျုပ် လူလွှတ်ပြီး ခိုင်းလိုက်မယ်။ အော်ဂတ်စတီနိုက တိုက်ပွဲထဲမှာ သေသွားရလိမ့်မယ်။ သေလူက ဘာမှမပြောနိုင်ဘူးလေ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သက်သေရော အစအနေရော ကျန်ခဲ့မှာမဟုတ်ဘူး”
“အော်ဂတ်စတီနိုကို အပြစ်ပုံချပြီး လည်စင်းခံခိုင်းတာပေါ့”
ဆန်ဒါ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ဖြတ်ပြေးသွား၏။ သူ များများတွေးလေ...သူ၏မျက်လုံးများက တောက်ပလေပင်။ အချိန်အတော်ကြာပြီးနောက် သူ၏နောက်ဆုံးစိုးရိမ်စိတ်ကို ထုတ်ပြောလေသည်။ “မင်းမှာ အဲ့လိုလုပ်နိုင်စွမ်းရှိတယ်လို့ ငါဘယ်လိုယုံရမလဲ။ အော်ဂတ်စတီနိုက ငွေမက်ပေမယ့် သူ့အသက်ကို အရေးအထားဆုံးပဲ။ အပြင်သွားတိုင်း ဘေးကင်းစေဖို့ ကျွမ်းကျင်သူတချို့ကို အမြဲခေါ်သွားတာ”
ထန်ရှုက အနီးရှိ မိုအားဝူကို လက်ညှိုးထိုးပြ၍ ပြုံးကာ ကာပြော၏။ “ကျုပ် ဒီတစ်ခေါက် ဘတ်ယန်ကိုလာတာ မိုအားဝူနဲ့ယှဉ်နိုင်တဲ့ ကျွမ်းကျင်သူတွေနဲ့အတူ ဆိုရင်ကော။ ခင်ဗျား ဘယ်လိုထင်သလဲ။ ကျုပ် လုပ်နိုင်မှာလား”
“အဲ့ခွေးကောင်ပေါ့လေ...ဟမ်” ဆန်ဒါက တိတ်တဆိတ် ဆဲရေးလိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့ အဲ့ဒီနောက်လိုက်က အတော်လေး သန်မာတယ်။ ငါ သူနဲ့တိုက်ဖူးတဲ့အတွက် သူ့ခွန်အားကို သိခဲ့တယ်”
“ကောင်းပြီလေ။ ဒါဆို အစီအစဉ်ကောင်းလေး ဆွဲကြတာပေါ့...” ထန်ရှုက ပြုံး၍ ဆို၏။
......
အချိန်သည် မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ကုန်ဆုံးသွားချေသည်။
အလုပ်သမားစခန်း ၁၃၁၉ အတွင်း၌ အော်ဂတ်စတီနိုသည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်ကာ ရွှေအိုရောင်ဆံပင်နှင့် မိန်းမလှလေးကို ကြည့်နေချေသည်။ ဆန်ဒါက ဖိုင်တစ်ဖိုင်ယူလာ၍ သူ့အရှေ့တွင် ချလိုက်၏။
အော်ဂတ်စတီနိုက ဖိုင်ကို လှမ်းယူကာ သာမန်ကာလျှံကာ ကြည့်လိုက်သည်။ ထို့နောက် ဖောင်တိန်တစ်ချောင်းယူ၍ လက်မှတ်ထိုးလိုက်၏။ ပြီးနောက် ဖိုင်အား ဆန်ဒါထံ ပစ်ပေး၍ ပြောလေသည်။ “စုစုပေါင်း ၁၃ ယောက်။ မင်း သူတို့အားလုံးကို တာ၀န်ယူလိုက်။ အရင်ဆုံး သူတို့အခြေအနေကို စစ်ဆေးဦး။ မသင်္ကာစရာတွေ့ရင် ချက်ချင်း ငါ့ကို အကြောင်းကြား”
“ချက်ချင်း လုပ်လိုက်ပါ့မယ်” ဆန်ဒါက ခေါင်းညိတ်သည်။
အော်ဂတ်စတီနိုက ဆန်ဒါကို တား၍ အံဆွဲတစ်ခုကို ဆွဲ့ဖွင့်ကာ အတွင်းမှ ငွေအုပ်နှစ်အုပ်ကို ယူလိုက်၏။ သူက ၎င်းတို့အား ဆန်ဒါဆီ ပေးကာ ပြော၏။ “ဒီ ဒေါ်လာ ၂၀၀၀၀ ကို ငါတို့လူတွေကို ခွဲပေးပြီး ကောင်းကောင်းလုပ်ဖို့ ပြောလိုက်။ မင်းဝေစုကတော့ မင်းအကောင့်ထဲကို လွှဲပြီးပြီ”
ဆန်ဒါက ပြုံးကာ ခေါင်းညိတ်၍ ရုံးခန်းအတွင်းမှ ထွက်လာခဲ့သည်။ သူ၏မျက်နှာကြီးမှာ အပြင်သို့ ရောက်သည်နှင့် မည်းမှောင်သွား၏။ သူ့ဝေစုရတိုင်း အများဆုံး ဒေါ်လာ ၅၀၀၀၀ သာ။ ဒေါ်လာ ထောင်သောင်းမက သန်းချီ၍ ရသော အော်ဂတ်စတီနိုနှင့် ယှဉ်၍ပင် မရချေ။
ဤငွေပမာဏက....သူတောင်းစားတစ်ယောက်ကို ပေးသည့် ငွေပမာဏမျှသာရှိသည် မဟုတ်ပါလော။
ဆန်ဒါက စိတ်တွင်းမှ ဆဲရေးတိုင်းထွာ၍ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အိတ်ကပ်အတွင်းမှ ဖောင်တိန်တစ်ချောင်းကို ထုတ်၍ ထောင်သား ၁၃ ယောက်စာရင်းတွင် နာမည်တစ်ခု ရေးလိုက်၏.....ရစ်ချက်။
၁၀ မိနစ်ကြာပြီးနောက် သူသည် ထောင်သား ၁၄ ယောက်ကို ပို့ဆောင်ခဲ့သော အခန်းအတွင်း ရောက်ရှိလာ၏။ သံမဏိတံတိုင်း၌ ထို ၁၄ ယောက် နှိပ်စက်ခံနေရသည်အား ကြည့်ရှုနေလေသည်။ သူ၏အကြည့်က ထန်ရှုအပေါ် ကျရောက်သွားပြီး သူက ဘေးရှိ အစောင့်အရာရှိအား ပြောလိုက်၏။ “ဒီရစ်ချက်ကို ခေါ်ပြီး အခန်း ၁၈ မှာ ထည့်ထားလိုက်။ ကျန်တဲ့လူတွေကိုတော့ နောက်ဆုံးခန်းတွေမှာ ထားမယ်”
ထောင်စောင့်က ထန်ရှု၏လက်ထိပ်များကို ချက်ချင်း ဖြုတ်ပေး၍ အခန်းတွင်းမှ ခေါ်ဆောင်သွားလေသည်။
ထောင်သား ၁၃ ယောက်အတွင်းမှ လူမည်းလူငယ်တစ်ယောက်က အော်ဟစ်၏။ “ဟေ့လူ။ ဘာလို့ သူ့ကို အခန်း ၁၈ မှာ ထားတာလဲ။ သူ့ဆီကနေ ပိုက်ဆံ လိုချင်လို့လား။ ဘယ်လောက်လဲ။ ဒေါ်လာ ၁၀၀၀၀ လား ၁၀၀၀၀၀လား။ ကျုပ်မှာလည်း ပိုက်ဆံရှိတယ်။ သူနဲ့အတူ အခန်း ၀၀၀၁၈ မှာ ထားပေး”
“စောက်ပါးစပ်ပိတ်ထားစမ်း အသားမည်းကောင်” ဆန်ဒါက ဒေါသတကြီး အော်လိုက်၏။ “အခန်း ၁၈ ထောင်သားတွေက နှစ် ၂၀၀ ကျော်လောက် ပြစ်ဒဏ်ကျနေတဲ့လူတွေကွ။ မင်း မြန်မြန်သေချင်ရင် ငါ ပို့ပေးမယ်”
“အ....” လူမည်းလူငယ်မှာ ပင့်သက်ရှိုက်၍ ချက်ချင်း ငြိမ်ကျသွားတော့သည်။
ထန်ရှုက ရပ်၍ ထိုလူငယ်အား ကြည့်ကာ ရုတ်တရက် မေးလိုက်၏။ “ကိုယ့်လူ မင်း ဘာပြစ်မှုများ ကျူးလွန်ထားတာလဲ”
“မင်း စောက်ပူမပါဘူး” လူငယ်က တောင့်တောင့်ကြီး ရပ်နေလျက် ဆဲဆိုလိုက်သည်။
“သူ့ပြစ်မှုတွေအကြောင်း ကျုပ်ကို ပြောပြပါ” ထန်ရှုက ဆန်ဒါကို ကြည့်၏။
ဆန်ဒါက စာရွက်ကိုမြှောက်၍ ဖတ်လိုက်သည်။ “ဆက်တန်ရှု စတိုးဆိုင် ၁၆ ဆိုင်ကို မီးရှို့ဖျက်ဆီးပြီးတော့ လူ ၉ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်။ လက်၀တ်ရတနာဆိုင်တွေကို ဓားပြတိုက်တယ်။ ဓားပြတိုက်ရင်းနဲ့ လူ ၃ ယောက်ကို သတ်ခဲ့ပြီး ၄ ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်...ထောင်ကနေ နှစ်ကြိမ်တိတိ ဖောက်ထွက်ခဲ့တယ်....”