ပညာရှိတစ်ဦးက ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲ သိတယ်
Vol. 60 Ch. 829
ဆက်တန်ရှု၏ပြစ်မှုမှတ်တမ်းကို ကြားပြီးနောက် ထန်ရှု၏စိတ်၀င်စားမှုမှာ အနည်းငယ် မြင့်တက်လာ၏။ ဤလူ၏ပြစ်မှုမှတ်တမ်းက ပြစ်ဒဏ် နှစ်ပေါင်းရာအနည်းငယ် ခံယူရစေရန် လုံလောက်ပေသည်။
“သူ့ပြစ်ဒဏ်က ဘယ်နနှစ်လဲ” ထန်ရှုက ဆန်ဒါ၏စကားစကို ဖြတ်၍ ခပ်ဖျော့ဖျော့ပြုံးကာ မေး၏။
ဆန်ဒါက ဆက်တန်ရှုကို လှမ်းကြည့်၍ ပေါ့ပေါ့ပါးပါး ဖြေလေသည်။ “ပြစ်မှုတွေကကြီးတော့ နှစ်ပေါင်း ၂၆၀ အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်”
“သူက အတော်စိတ်၀င်စားစရာပဲ။ အခန်း ၁၈ မှာ နေဖို့ သင့်တော်တယ်လို့ ကျုပ်ထင်တယ်” ထန်ရှုက ပြုံး၍ ပြော၏။ “ထောင်မှူး။ စည်းကမ်းလေးကို နည်းနည်းကွေးပြီးတော့ သူ့ကို ကျုပ်နဲ့အတူ အခန်း ၁၈ မှာ ထားလိုက်ပါလား”
“ကောင်းပြီလေ။ သူ့ကိုလည်း အခန်း ၁၈ ဆီ ခေါ်သွားလိုက်” ဆန်ဒါက ခေါင်းညိတ်၏။ “အဲ့ဒီခွေးကောင် စည်းကျော်ရင် ရှင်းပစ်လိုက်”
ချက်ချင်းဆိုသလို ဆက်တန်ရှုအပါအ၀င် လူ ၁၃ ယောက်၏အကြည့်များက ထန်ရှုထံ ကျရောက်လာလေသည်။ သူတို့မှာ မည်သည်မှ မပြောနိုင်ချေ။ ဤလူကား ထောင်သားလော...ထောင်၏သူဌေးလော။ ယင်းထောင်သား၏စကားတစ်ခွန်းအတိုင်း ထောင်မှူးက လုပ်ဆောင်ပေးလေသည်။
ဆန်ဒါနှင့်အတူရှိသော ထောင်စောင့်အချို့မှာ သူ၏လူယုံများ ဖြစ်ကြ၏။ သူတို့၏အကြီးအကဲ အဘယ်ကြောင့် ထောင်သားတစ်ယောက်၏စကားကို နားထောင်နေကြောင်း နားမလည်ကြသော်လည်း သူတို့က ဆက်တန်ရှု၏လက်ထိပ်များကို ချက်ချင်း ဖြည်ပေး၍ ဆန်ဒါအနောက်မှ အပြင်သို့ လိုက်သွားရန် တွန်းပို့လိုက်သည်။
သူတို့သည် ဂိတ်များစွာ ရှိသော စင်္ကြံတစ်လျှောက် လျှောက်လာကြ၏။ စင်္ကြံတစ်လျှောက် လျှောက်လေလေ...လုံခြုံရေးတင်းကြပ်လေလေ ဖြစ်သည်။ သူတို့သည် စင်္ကြံတစ်၀က်သို့ ရောက်သောအခါ လေးထပ်သို့ စက်လှေကားဖြင့် တက်သွားပြီး အဆုံးရှိ မှောင်မည်းနေသော စင်္ကြံတစ်လျှောက် လျှောက်သွား၏။ ထို့နောက် ထောင်ခန်း ၁၈ ကို တွေ့ရှိသွားလေသည်။ အခန်း၏သံမဏိတံခါး ပွင့်သွားသောအခါ ထန်ရှုနှင့်ဆက်တန်ရှုတို့မှာ အတွင်းသို့ တွန်းပို့ခံလိုက်ရ၏။
“ဒါ အခု မင်းတို့နေရာ ဖြစ်သွားပြီ။ ငါ နေ့တိုင်း မင်းတို့ကို လာပြီး သင်ပေးမယ်” ဆန်ဒါက နက်နဲလျှို့ဝှက်သော အဓိပ္ပာယ်ပါသည့် စကားများကို ပြောလေသည်။ ထို့နောက် သူက ထန်ရှုကို လေးလေးနက်နက် ကြည့်ပြီးနောက် ထောင်စောင့်အား အခန်းအပြင်မှ သော့ခတ်ထားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
အခန်းအတွင်း၌ ထောင်သား ၄ ယောက်ပင် ရှိနေလေပြီ။ သို့သော် ထန်ရှုသည် အမျိုးသမီးတစ်ယောက်ပါ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ထိုအမျိုးသမီး၏ကြွက်သားများမှာ ကာယဗလမယ်များကဲ့သို့ အင်မတန် တုတ်ခိုင်တောင့်တင်းနေ၏။ သူမ၏ကြမ်းတမ်းသော မျက်နှာ၏ဘယ်ဘက်ပါးပေါ်တွင် အမာရွတ်ကြီးတစ်ခုရှိနေပြီး ၎င်းက သူမအား အဆိပ်ပြင်း ကင်းမြီးကောက်တစ်ကောင်နှင့် တူနေစေသည်။
ကျန်သုံးယောက်တွင် တစ်ယောက်က ပုပုတိုတို ဗလတောင့်တောင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ သူ၏ခန္ဓာကိုယ်တွင် တက်တူးများစွာရှိပြီး လက်မောင်းသုံးပုံနှစ်ပုံမှာ တက်တူးများဖြင့် ပြည့်နှက်နေ၏။
ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်လည်း ရှိ၏။ သူ၏ဆံပင်များမှာ ဖြူဖွေးနေပြီး သူ့ဘ၀၏နောက်ဆုံးအချိန်များသို့ ရောက်ရှိနေသယောင်ပင်။ သို့သော် သူ့လက်ထဲရှိ အလေးတုံးနှစ်ခုကား အနည်းဆုံး ၁၀ ကီလိုဂရမ်မျှရှိ၏။ ၎င်းတို့က အဆတ်အပြတ် ကွေးလိုက်၊ ဆန့်လိုက် ပြုနေသော သူ၏လက်များထဲတွင် ပေါ့ပါးနေသည့်အလားပင်။
နောက်ဆုံးတစ်ယောက်ကား နူးညံ့တည်ငြိမ်ဟန်ရှိသည့် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ချေသည်။ သူက ရွေအနားကွပ်မျက်မှန်ကို တပ်၍ အခန်းထောင့်တစ်နေရာတွင် ထိုင်ကာ စာအုပ်ဖတ်နေချေသည်။ ထန်ရှုနှင့် ဆက်တန်ရှု ၀င်လာသည်ကို မော့၍မကြည့်သလို မျက်တောင်ပင်မခတ်ချေ။
“စိတ်၀င်စားစရာပဲ။ ငါတို့အခန်းဆီ ထောင်သားနှစ်ယောက်တောင် ပို့ခံလိုက်ရတယ်။ ဒါက သမိုင်းမှာ ပထမဆုံးဖြစ်ရပ်ပဲ” နံရံကပ်အိပ်စင်ပေါ်၌ ထိုင်နေသော ဗလတောင့်တောင့်လူက မေးစေ့ကို ပွတ်ကာ ပြုံးလိုက်၏။
ထန်ရှုက ထိုလူလေးယောက်ကို အကဲခတ်ပြီးနောက် ဆက်တန်ရှုဘက်လှည့်ကာ ပြုံး၍ ပြောလိုက်သည်။ “အင်း ငါကြားဖူးထားတာတော့ အခန်းထဲ လူသစ်ရောက်လာရင် ထောင်သားဟောင်းတွေက ရိုက်နှက်ပြီး ကြိုဆိုကြတယ်တဲ့။ သူတို့ပုံတွေကို ကြည့်ရတာ မင်းတော့ ဒဏ်ရာဒဏ်ချက် အတော်များမယ့်ပုံပဲ ကိုယ့်လူရေ”
ဆက်တန်ရှုက ထန်ရှုအား ဒေါသတကြီး စိုက်ကြည့်၍ လက်သီးများဆုပ်လိုက်ရာ တဂျွတ်ဂျွတ်မြည်သံများပင် ထွက်ပေါ်လာ၏။ ထို့နောက် သူက ခက်ထန်စွာ ပြောလေသည်။ “ခွေးကောင် ငါတို့အရိုက်မခံရခင် မင်းကို အရင်ဆုံးမရတော့မယ်ထင်တယ်။ အဲ့စောက်ထောင်စောင့်တွေက မင်းကြောင့်မဟုတ်ရင် ငါ့ကို ဒီအခန်းဆီ လွှတ်မှာမဟုတ်ဘူး ခွေးမသားရဲ့”
ဖြန်း....
ထန်ရှုက ဆက်တန်ရှု၏စကားများကို တုံ့ပြန်သည့်အနေဖြင့် လက်မြှောက်ကာ သူ့ပါးအား ရိုက်ချလိုက်၏။ ထိုလူ မတုံ့ပြန်နိုင်ခင် သူ့ခန္ဓာကိုယ်အား မြှောက်၍ မီတာအနည်းငယ်ရှိအကွာရှိ ကုတင်ပေါ်သို့ ရိုက်ချကာ အေးအေးလူလူ ပြော၏။ “ငါ မင်းကို ဒီခေါ်လာတာ မင်းအတွက် ကောင်းတယ် ပြဿနာကောင်ရဲ့။ မင်း ဘာမှမသိဘဲ ငါ့ကို လာမဆဲနဲ့။ မင်းကို အမိန့်နာခံပြီး ရိုကျိုးသွားအောင် လုပ်ပေးလိုက်မယ်”
ထိုသို့ ပြောပြီးနောက် သူက တအံ့တဩ မျက်နှာများဖြင့် ကြည့်နေသော လူလေးယောက်ကို ပြောလိုက်၏။ “ကဲ ကျုပ်က ဒီမှာ လူသစ်ဆိုတော့ ရက်အနည်းငယ်လောက်တော့ ခင်ဗျားတို့အတွက် အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ ကျုပ်နာမည်က ရှု။ ခင်ဗျားလေးယောက်ကရော ကျုပ်ကို မိတ်ဆက်ပေးကြပါလား”
ထန်ရှုကိုကြည့်လိုက်သည့် ဗလတောင့်တောင့်လူ၏မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်တည်ကြည်နေ၏။ ဆက်တန်ရှုကို ရိုက်ချခဲ့သော ထန်ရှု၏အမြန်နှုန်းက သူ့အား အံ့အားသင့်သွားစေခဲ့သည်။ သူသည်လည်း ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်ပြီး ကျားတစ်ကောင်ကိုပင်လျှင် လက်ဗလာဖြင့် သတ်ခဲ့ဖူး၏။ ပိုလာ၀က်ဝံများကိုပင် အသေသတ်ခဲ့ဖူးပြီး သူ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသည့် ရန်သူအရေအတွက်မှာ ဆယ်ချီပေသည်။
သို့ထိတိုင် သူ့အရှေ့ရှိ အရှေ့တိုင်းသားလူငယ်မှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။
“ရှုတဲ့လား။ စိတ်၀င်စားစရာနာမည်ပဲ။ ပြီးတော့ မင်းက စွမ်းအားအရမ်းကြီးတယ်။ မင်း အမ်မလီကို အလဲထိုးနိုင်ရင် ငါတို့ရဲ့မိတ်ဆက်ပေးမှုနဲ့ ထိုက်တန်တယ်လို့ ယူဆပေးမယ်”
ကာယဗလမယ်နှင့်တူသော ထောင်သားအမျိုးသမီးက အေးစက်စက် နှာမှုတ်၍ မကျေနပ်စွာ ဝင်ပြော၏။ “နင်က စွမ်အားကြီးကျွမ်းကျင်သူတစ်ယောက်ကို တွေ့တာနဲ့ ကြောက်ဒူးတုန်သွားတာပဲလား ခတူ။ ငါ့ကို သူနဲ့တိုက်ဖို့ဖိအားပေးတယ်ဆိုတော့ ဘာလဲ စိတ်၀င်စားဖို့ကောင်းမယ် ထင်နေတာလား”
“အင်း ငါ့မှာ ကြောက်ဒူးတုန်လွန်းလို့ လဲကျတော့မတတ်ပဲ အမ်မလီရေ” ခတူက ပြုံး၍ ပြော၏။ “အဓိပ္ပာယ်မရှိတာတွေမပြောဘဲနဲ့ သူနဲ့သာ ကစားလိုက်စမ်းပါကွာ။ မင်းတို့နှစ်ယောက်မှာ ဘယ်သူက ကျန်ခဲ့ပြီး စကားပြောနိုင်မလဲ ကြည့်ကြတာပေါ့”
အမ်မလီက မျက်လုံးတစ်ချက်ဝေ့၍ ချက်ချင်း ထန်ရှုအား ချက်ချင်း ကြည့်လိုက်၏။ ထို့နောက် သူမ၏လက်ချောင်းကို ကွေး၍ ပြောလိုက်သည်။ “ဒီက မသာကောင်က ငါတို့ကို ကစားစေချင်တယ်တဲ့။ ဒါကြောင့် ငါလည်း သွေးပူလေ့ကျင့်ခန်းလေး လုပ်ရမှာပေါ့။ စိတ်ချပါ မင်းခြေထောက်တွေ မကျိုးစေရဘူး။ မင်းရဲ့လက်တွေကတော့....ငါ့စိတ်အခြေအနေအရပဲ”
“ကျုပ် ခင်ဗျားအားလုံးနဲ့ တိုက်ခိုက်ရမယ်ဆိုရင် ဟိုအဘိုးကြီးကဖြင့် အချိန်ကုန်ရကျိုးနပ်ဦးမယ်။ ခင်ဗျားကတော့ မေ့လိုက်တာကောင်းမယ်” ထန်ရှုက သာမန်ကာလျှံကာ အမူအရာဖြင့် ခေါင်းခါရမ်းလိုက်၏။
ဆံဖြူအဘိုးအိုကြီးက လေးနက်သော အဓိပ္ပာယ်များပါသည့် ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့် ပြုံးလိုက်၏။ “ကောင်လေး မင်းက ငါ့ကို တိုက်ချင်တယ်ပေါ့။ အဘိုးအိုကြီးကို အနိုင်ကျင့်မလို့လား”
“အင်း ဒီအားနည်းတဲ့လူတွေထက်စာရင် ခင်ဗျားကို အနိုင်ကျင့်တာ ပိုကောင်းတယ်မထင်ဘူးလား” ထန်ရှုက ပြုံးလိုက်သည်။
အမ်မလီမှာ ထိုစကားများကြောင့် အောင့်သက်သက် ဖြစ်သွားဟန်ပင်။ သူမက ဟိန်းဟောက်၍ ထန်ရှုထံ ပြေး၀င်သွား၏။ သူမ၏အရှိန်မှာ အင်မတန် မြန်ဆန်ပြီး သိုင်းပညာရှင်ကြီးနှင့်ပင် ယှဉ်နိုင်ချေသည်။ သူမ၏လက်သီးချက်က မျက်စိတစ်မှိတ်အတွင်း ထန်ရှုအရှေ့တွင် ပေါ်လာပြီး ထန်ရှုအား ထိုးသတ်ရန် ကြိုးစားလေ၏။
ဂျွတ်.....
ထန်ရှုက သူမ၏လက်သီးချက်အား ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ခပ်ဖွဖွလက်သီးတစ်ချက် ပစ်သွင်းလိုက်သော်လည်း ၎င်းက အမ်မလီ၏မျက်နှာကို ချက်ချင်း ကျိုးကြေသွားစေ၏။ အမ်မလီမှာ အော်ဟစ်လိုက်ရပြီး ခြောက်မီတာခန့် လွင့်ထွက်သွားရာ စာအုပ်ဖတ်နေသည့် လူငယ်၏ကုတင်အပေါ်သို့ ပစ်ကျသွားလေသည်။
ဆံဖြူအဘိုးကြီး၏သူငယ်အိမ်များမှာ ကျုံ့၀င်သွားပြီး သူ၏အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ သူက အသက်ပြင်းတစ်ချက် ရှုသွင်း၍ ထန်ရှုအား တည်ငြိမ် ကြည့်လိုက်လေသည်။ “မင်းက တကယ်ကို စွမ်းအားကြီးပါတယ်။ အမ်မလီကို တစ်ချက်ထဲနဲ့ အလဲမထိုးနိုင်တဲ့ငါက မင်းရဲ့ပြိုင်ဘက် ဖြစ်မလာနိုင်ဘူး။ ဟုတ်ပြီ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါ့မယ်။ မင်း ငါ့ကို ဘိုးအန်ဂျီ လို့ ခေါ်နိုင်ပါတယ်”
ဘိုးအန်ဂျီ။
ဤအခန်းအတွင်းရှိ ထောင်သားများအကြောင်း ဆန်ဒါပြောပြထားသည်က ထန်ရှု၏စိတ်ထဲတွင် ပြန်ပေါ်လာ၏။ ဘိုးအန်ဂျီသည် ပြင်းထန်လှသော စစ်ပွဲများ၊ မရေမတွက်နိုင်သော ကျည်ဆန်များကြားတွင် ရှင်သန်ခဲ့ဖူးသည် ကြောက်မက်ဖွယ် ကြေးစားစစ်သားတစ်ယောက်ဖြစ်ပေသည်။ ထိုသို့ကျော်ဖြတ်ခဲ့ရသည့်တိုင် သူသည် ဆယ်စုနှစ်များစွာ ရှင်သန်ခဲ့၏။ သူ သတ်ခဲ့သည့် လူအရေအတွက်မှာ ရာဂဏန်းရှိသည်ဟု ဆိုကြလေသည်။
“ခင်ဗျားက ရန်သူတွေနဲ့တိုက်ခိုက်ဖို့ အိုလွန်းနေတာ နှမြောစရာပဲ။ သူနာပြုစခန်းမှာပဲ အစောင့်လုပ်လို့ရတော့မယ်” ထန်ရှုက ဘိုးအန်ဂျီ နားမလည်သော စကားလုံးများကို ပြောလိုက်၏။ ထို့နောက် သူက လုံး၀မော့ကြည့်ခြင်းမရှိသော လူငယ်ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလေသည်။ “မင်းရဲ့ရုပ်ရည်အရ အာရှသားပဲဖြစ်ရမယ်။ ဘယ်နိုင်ငံကလဲ”
လူငယ်က မျက်မှန်ကို ကိုင်၍ ပထမဆုံးအကြိမ် ခေါင်းမော့လာ၏။ သူက ထန်ရှုက အနည်းငယ်ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီး ဖြေလေသည်။ “တရုတ်ကပါ။ နာမည်က ကျန့်ရှောင်ဟွာလို့ ခေါ်တယ်”
ကျန့်ရှောင်ဟွာ။
သူနှင့်ပက်သက်သည့် အချက်အလက်များက ထန်ရှု၏စိတ်ထဲတွင် ပေါ်လာ၏။ ဤလူကား အင်တာနက်ပေါ်တွင် ကြောက်စရာအကောင်းဆုံး ဗိုင်းရပ် “ပင့်ကူ” ကို တီထွင်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ယောက်ပင်။ ၎င်းဗိုင်းရပ်သည် ဥရောပနိုင်ငံအချို့ရှိ အင်တာနက်ကွန်ရက်များကို လေးရက်တိတိ ရပ်တန့်သွားစေခဲ့ပြီး ဒေါ်လာဘီလီယံများစွာ ဆုံးရှုံးစေခဲ့လေသည်။ သူတစ်ယောက်တည်းဖြင့် လူ ၂၉ ယောက်ကို သတ်ခဲ့ပြီး လူအယောက် ၁၄၀ ဒဏ်ရာရသွားစေခဲ့သည့် အဆောက်အဦး ၁၆ ခုကို ဖျက်ဆီးခဲ့ရာ သူ့တွင် အထူးစွမ်းရည်များ ရှိလိမ့်မည်ဟုလည်း ဖော်ပြထား၏။
“မင်းရဲ့ အထူးစွမ်းရည်တွေကို ပြလို့ရမလား ကျန့်ရှောင်ဟွာ” ထန်ရှုက တရုတ်စကားဖြင့် မေးလိုက်သည်။
ကျန့်ရှောင်ဟွာ၏မျက်နှာပေါ်တွင် မသင်္ကာသော အမူအရာများ ပေါ်လာ၏။ သူက စာအုပ်ကို ချလိုက်ပြီး နံရံအား မှီကာ ထန်ရှုကို ကြည့်၍ ပြောလေသည်။ “မင်းကရော တရုတ်လူမျိုးပဲလား”
“ဟုတ်တယ်” ထန်ရှုက ခေါင်းညိတ်လိုက်၏။
“ငါ့မှာ အထူးစွမ်းရည်တွေရှိတာ ဘယ်လိုသိတာလဲ” ကျန့်ရှောင်ဟွာက သိလိုစိတ်ပြင်းပျစွာ မေးသည်။
“ဒီထောင်တစ်ခုလုံးမှာ ထောင်သား ၁၂၆၀ ယောက်ရှိပြီးတော့ မင်းအပါအ၀င် သူတို့အားလုံးရဲ့ ပြစ်မှုမှတ်တမ်းတွေကို ငါ ဖတ်ထားတယ်”
ကျန့်ရှောင်ဟွာ၏မျက်နှာမှာ ခံစားချက်ကင်းမဲ့သွားပြီး သူက မေးပြန်သည်။ “ထောင်သားတွေရဲ့ မှတ်တမ်းတွေက ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်နေသင့်တာ။ ဒီထောင်ရဲ့ထိပ်တန်းအရာရှိတွေအပြင် မှတ်တမ်းကို ကြည့်နိုင်တဲ့လူ နည်းနည်းပဲ ရှိတာမလား။ ငါ အရင်က ကွန်ပျုတာကွန်ရက်တွေကို ဟက်ပြီးတော့ ထောင်သားတွေရဲ့မှတ်တမ်းကို ၀င်ကြည့်ဖူးတယ်။ မင်းရော ကွန်ပျူတာကွန်ရက်တွေကို ကျွမ်းကျင်တဲ့ ဟက်ကာပဲလား”
“ငါက ဟက်ကာလဲမဟုတ်ဘူး။ ကွန်ပျူတာကွန်ရက်လည်း မကျွမ်းကျင်ဘူး” ထန်ရှုက ခေါင်းခါလိုက်သည်။ “မင်းက ထူးချွန်ပြီး ဒီမှာ နေနေရတာ နှမြောဖို့ကောင်းလွန်းတယ်။ မင်း ထောင်ထဲက ထွက်နိုင်ရင် ငါ မင်းကို ပြောပြရင် ပြောပြမှာပေါ့”
ထိုသို့ပြောပြီးနောက် ကျန့်ရှောင်ဟွာသည် အထူးစွမ်းရည်ကို ပြသမည်မဟုတ်ကြောင်း ထန်ရှု သဘောပေါက်လိုက်သဖြင့် သူ့အား လျစ်လျူရှုလိုက်သည်။ ထို့နောက် သူက ဆက်တန်ရှုအား လှည့်ကြည့်၍ လှောင်ပြုံးပြုံးလိုက်၏။ “အဲ့မှာပဲ ငြိမ်ငြိမ်နေပြီး ငါ့ကို လာမဆွနဲ့။ မဟုတ်ရင် ဒီလေးယောက်က မင်းကို ပညာပြလိမ့်မယ်”
“ငါ့အဘွားပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။ ပညာရှိတစ်ယောက်က ဘယ်အချိန်မှာ နောက်ဆုတ်ပေးရမလဲသိတယ်တဲ့” ဆက်တန်ရှုက ချေပပြီးနောက် ဘေးတစ်နေရာတွင် ထိုင်ကာ လက်များကို အကြောဆန့်လိုက်၏။
ထန်ရှုက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အခန်းရှေ့သို့ လျှောက်သွားလေသည်။ ထို့နောက် သူက အခန်းတံခါးကို အားကုန် ကန်လိုက်ရာ ထောင်စောင့်နှစ်ယောက်က စက္ကန့်အပိုင်းအတွင်း အပြေးအလွှား ရောက်လာ၏။ တစ်ယောက်က သူ၏လျှပ်စစ်ရိုက်တံဖြင့် သံမဏိပြတင်းပေါက်အား ရိုက်ကာ အော်ဟစ်လိုက်သည်။ “ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်နေစမ်း”
“ငါ ရှေ့ခန်းက ထောင်သားတွေကို တွေ့ချင်တယ်” ထန်ရှုက ပြော၏။
“ဘာဖြစ်တယ်”
အပြင်ရှိ ထောင်စောင့်နှစ်ယောက်မှာ အံ့အားသင့်သွားပြီး ထန်ရှုအား စိတ်မနှံ့သည့်အလား ကြည့်နေကြ၏။ သူတို့သာမဟုတ်။ အခန်း ၁၈ အတွင်းရှိ ထောင်သားဟောင်းများလည်း သူ့ကို အရူးတစ်ယောက်နှယ် ကြည့်နေကြချေသည်။
‘ဒီလူ သေချင်နေတာလား’
သူတို့၏စိတ်ထဲတွင် တူညီသော အတွေးတစ်ခုက ဖြတ်ပြေးသွား၏။ ရှေ့ရှိ အခန်းမှာ ထောင်သားတစ်ယောက်တည်းသာရှိသည့် အခန်း ၁ ဖြစ်ကြောင်း ထောင်ရှိလူတိုင်း သိကြလေသည်။ ထိုလူကာ နတ်ဆိုးအလား ကြောက်မက်ဖွယ်ကောင်းသည့်....တစ္ဆေပင်။
ယခုအချိန်ထိ မည်သူမှ ထိုအခန်းထဲ မ၀င်ရဲချေ။ ၀င်သွားသူတိုင်း အလောင်းဘ၀သို့ ရောက်သွားကြစမြဲပင်။