ရော့ပတ္တမြား ရော့နဂါး
Vol. 60 Ch. 831
တစ္ဆေသည် သူ့ကိုယ်သူ ကမ္ဘာ့အသန်မာဆုံးလူသားဟု မည်သည့်အခါတွင်မှ မှတ်ယူမထားခဲ့ချေ။ သူ၏ဆယ်စုနှစ်တစ်ခုကြာ လုပ်ကြံသတ်ဖြတ်ရေးအလုပ်တွင် သန်မာသော ရန်သူများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး.....ထွက်ပြေးခဲ့ရသည့် တချို့တစ်၀က်ပင် ရှိချေသည်။ သို့သော် ဤအရှေ့တိုင်းသား ချောချောမောမော လူငယ်၏ခွန်အားမှာ သူ့ကို ကြက်သီးတဖြန်းဖြန်း ထသွားစေပြီး စိတ်နှလုံးတုန်လှုပ်ခြောက်ခြားသွားစေ၏။
‘သူက သန်မာလွန်းတယ်”
အမ်မိုစ့်နှင့်အမ်မိုစိုင်တို့ ညီအစ်ကိုနှစ်ယောက် ပိုင်ဆိုင်ထားသည့် ခွန်အားကို သူကောင်းကောင်းသိပေသည်။ ထိုနှစ်ယောက်အား ထန်ရှုကဲ့သို့ အလွယ်တကူ အနိုင်ယူရန်မှာ သူ့အတွက် မဖြစ်နိုင်ချေ။
ရုတ်တရက် အမ်မိုစ့်နှင့် အမ်မိုစိုင်တို့ ညီအစ်ကိုနှစ်ယောက်ကို ထိုးနှက်နေသည့် ထန်ရှုက တစ္ဆေဘက်သို့ လှည့်ကာ မေး၏။ “ဒီလိုရိုက်နေတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်လား”
“တကယ်ကို အဓိပ္ပာယ်မရှိဘူးလို့ထင်တယ်” တစ္ဆေက မျက်လုံးမှေးစင်း၍ ကြည့်ကာ ဖြေသည်။
ထန်ရှုက ပြုံး၍ သူ၏လက်များကို မျက်စိရှေ့သို့ မြှောက်လိုက်သည်။ ထို့နောက် လက်ဖဝါးများကို ဖြန့်လိုက်ရာ တလက်လက် တောက်ပနေသော အပြာရောင်ခရစ်စတယ်နှစ်ခုက အပေါ်တွင် ပေါ်လာ၏။ ထန်ရှုက ၎င်း အပြာရောင်ခရစ်စတယ်များအား သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်သဖြင့် အမ်မို့စ်နှင့်အမ်မိုစိုင်တို့မှာ စိတ်များလေးပင်လာသည်ကို ခံစားလိုက်ရလေသည်။
“အားးးးးးးး”
လိပ်ပြာလွင့်မတတ် အော်သံများက ပဲ့တင်ထပ်သွားသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်များကား တောင့်တင်းသွား၏။ ရုတ်တရက် သူတို့မှာ ကြမ်းပြင်ပေါ်တွင် ကောက်ကွေးလူးလိမ့်၍ ပြင်းထန်စွာ အကြောဆွဲလာကြသည်။ သူတို့၏မျက်နှာအမူအရာများမှာ ရှုံ့တွနေပြီး နဖူးပေါ်တွင် သွေးကြောစိမ်းများ ထောင်နေ၏။ သူတို့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများမှာ ချက်ချင်း မငြိမ်မသက် ဖြစ်လာကြလေသည်။ ထိုမရှုမလှနာကျင်မှုက အသက်ရှင်ရသည်ထက် သေဆုံးသွားသည်က ပို၍ကောင်းလိမ့်မည်ဟု ပထမဆုံးအကြိမ် ခံစားသွားမိစေသည်။
ထန်ရှုက တစ္ဆေကို ကြည့်၍ ခပ်ဖွဖွ ပြုံးကာ ဆို၏။ “ငါ ဒီကို ရောက်လာပြီဆိုတော့ မင်းတို့မှတ်ထားရမှာ တစ်ခုပဲရှိတယ်။ ငါ့အမိန့်ကို နာခံရင် ကောင်းစားမယ်။ ငါ့ကို ဆန့်ကျင်ရင်တော့ ပျောက်ကွယ်သွားရလိ့မယ်။ ဒီထောင်ထဲမှာ နေတာ ဒါမှမဟုတ် အပြင်မှာ လျှောက်သွားနေတာထက်စာရင် ငါနဲ့လိုက်ခဲ့တာ ကောင်းလိမ့်မယ်”
တစ္ဆေက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်၏။ သို့သော် သူ့မျက်နှာပေါ်ရှိ တုန်လှုပ်ခြောက်ခြားမှုတို့က အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပြောလေသည်။ “ငါ ထင်တာမှန်ရင် မင်းက တရုတ်လူမျိုးပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။ မင်းတို့ရဲ့ ယဉ်ကျေးမှုကို လေ့လာခဲ့တုန်းက စာကြောင်းတစ်ကြောင်းကို ဖတ်ခဲ့ဖူးတယ်။ လူတွေက တစ်နေရာကို ရောက်နေပေမယ့် အခြားတစ်နေရာကို တောင့်တနေမိတတ်တယ်တဲ့။ ငါ စကားပုံကို တလွဲမကောက်မိဖို့ မျှော်လင့်ရမှာပဲ။ ဒါနဲ့ မင်း ဒီပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ။ တခြားလူတွေကို သတိပေးဖို့ အပြစ်ပေးလိုက်တာမလား။ ကံဆိုးစွာနဲ့ ငါ့ပေါ်မှာတော့ အလုပ်မဖြစ်ဘူး။ ငါ မင်းကို အနိုင်မယူနိုင်ရင်တောင် မင်း ငါ့ကို ထွက်မပြေးနိုင်အောင် တားနိုင်မှာ မဟုတ်ဘူး”
“မင်းက မင်းရဲ့စွမ်းရည်တွေကို အရမ်းအထင်ကြီးနေတာ သိရဲ့လား” ထန်ရှုက ပြောရင်း လက်ကိုဝှေ့ကာ ကျောက်စိမ်းပုလင်းတစ်လုံးအား ထုတ်လိုက်၏။ “မင်းမှာ အတောင်ပံတွေ ရှိရင်တောင် ငါ့လက်ထဲကနေ ထွက်မပြေးနိုင်ဘူး။ မင်း မယုံရင် စမ်းကြည့်လိုက်”
“ဒါဆို မင်းကို အခွင့်အရေးပေးမယ်။ မင်း ငါ့ကိုဖမ်းနိုင်ရင် မင်းနောက်လိုက်ပြီးတော့ မင်းလက်အောက်မှာ အလုပ်လုပ်ပေးမယ်” တစ္ဆေက လှောင်ပြုံးပြုံးကာ ဆို၏။
ထိုသို့ ပြောပြီးနောက် သူ၏လက်သည် လျှပ်စီးအမြန်နှုန်းဖြင့် စတီးတံခါးကို ချိုးဖျက်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်က လျှပ်စီးတန်းတစ်ခုအလား ရှေ့သို့ ပြေးထွက်သွား၏။
“စိတ်ဝိညာဉ်နေရာချခြင်း”
ထန်ရှုက ချိပ်စည်းတစ်ခုကို အသက်သွင်းလိုက်ရာ ဝိုးတဝါးစွမ်းအင်များက တစ္ဆေ၏နောက်ကျောသို့ ချက်ချင်း ပြေး၀င်သွားသည်။ တံခါးမှ ထွက်ခွာတော့မည့် သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွား၏။ တစ်ချိန်တည်းမှာပင် ထန်ရှုသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ အစီအရင်ချပ်များကို ထုတ်လိုက်ပြီး တစ္ဆေကို ပိတ်လှောင်ရန် လေးထောင့်အစီအရင်ကို စီရင်လိုက်၏။
“ချိုးဖျက်စမ်း”
တစ္ဆေက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏အသားအရောင်မှာ ဒေါသကြောင့် နီရဲနေ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များက တဆတ်ဆတ် တုန်ခါလာပြီး အထူးစွမ်းအင်များကို ကွဲအက်လာစေကာ တောင့်တင်းနေသော ခန္ဓာကိုယ်အား ပုံမှန်ဖြစ်သွားစေ၏။ သူက စိတ်ထဲမှ ရယ်လိုက်ပြီး တံခါးထံ တဟုန်ထိုး ပြေးသွားပြန်သည်။
ဘန်း...
မမြင်ရသော စွမ်းအင်ဒိုင်းတစ်ဒိုင်းက သူ့လမ်းကို ပိတ်လိုက်၏။ သူ့ခန္ဓာကိုယ်မှာ ဆောင့်တွန်းခံလိုက်သဖြင့် စွမ်းအင်ဒိုင်းမှာ လှုပ်ခါ၍ အနည်းငယ် တုန်ရီသွားသည်။ သို့ထိတိုင် သူ၏နောက်ကျောသည် စွမ်းအင်ဒိုင်းတစ်ခုကို ထပ်မံထိမိ၍ ပြန်ကန်ထွက်ကာ သူ့မှာ ကြမ်းပြင်ပေါ် မှောက်ကျသွား၏။
“အဲ့ဒါ ဘာကြီးလဲ”
သူ့နှလုံးသားအတွင်းရှိ မာနနှင့် ကိုယ့်ကိုကိုယ် ကျေနပ်အားရမှုတို့မှာ ခါးသီးအေးစက်လှသော ရေဖြင့် ဆေးကြောခံလိုက်ရလေပြီ။ သူ မျက်စိတစ်မှိတ်အတွင်း ကြမ်းပြင်ပေါ်မှ ကုန်းထလိုက်ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်၏။
“အစီအရင်ပုံစံပဲ” ထန်ရှုက တည်ငြိမ်စွာ ဖြေသည်။
“မင်းက တရုတ်လူမျိုး ကျင့်ကြံသူ....တာအိုကျင့်ကြံသူလား” တစ္ဆေက စိတ်ရှုပ်ထွေးလျက် အံ့အားသင့်စွာ ပြော၏။ “ငါတော့ သေတာပဲ။ ဘာလို့ မင်းလို သိက္ခာရှိကျင့်ကြံသူတစ်ယောက်က ဒီလိုအရေးမပါတာတွေ လုပ်နေရတာလဲ။ မင်း ဘာကြောင့် ဒီထောင်ကို လာခဲ့ရတာလဲ”
“မင်း သိချင်ရင် ငါ ပြောလို့ရတယ်” ထန်ရှုက ခပ်ဖွဖွ ပြုံး၍ ပြောသည်။ “ဒါပေမယ့် မင်းသိသွားတာနဲ့ ထွက်ပြေးလို့မရတော့သလို ဘယ်ကိုမှ သွားခွင့်မရှိတော့ဘူး။ မင်း ငါ့ဆီမှာ အညံ့ခံရင် အသက်ရှင်ရမယ်။ ငါ့ကို အာခံရင်တော့ အသေဆိုးနဲ့ သေရလိမ့်မယ်”
တစ္ဆေက ဆုံးဖြတ်ရန် ခက်ခဲနေသည့်အလား လက်သီးများကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ တခဏကြာမှ သူက အော်လိုက်သည်။ “ငါ့ကို ပြောပြပါ”
“ငါ ကျင့်ကြံသူစစ်တပ်တစ်ခု တည်ထောင်ချင်တယ်။ ဒါကြောင့်မလို့ ရန်သူတပ်တွေကို ဦးဆောင်ချေမှုန်းနိုင်တဲ့ ခွန်အားကြီးလူတွေ လိုအပ်နေတယ်။ အလုပ်သမားစခန်း ၁၃၁၉ ကို ငါလာရတဲ့အကြောင်းအရင်းက ထောင်သားအများကြီး၀ယ်ဖို့ပဲ။ အမှိုက်တွေကို ပြန်သုံးဖို့ ဆိုပါတော့” ထန်ရှုက ပြုံး၍ ပြော၏။
“ငါက လုံး၀အမှိုက်မဟုတ်ဘူး” တစ္ဆေသည် ထန်ရှု၏ရည်မှန်းချက်ကြောင့် အံ့ဩထိတ်လန့်သွားသော်လည်း ဒေါသတကြီး ရေရွတ်လိုက်၏။
“မင်းက ငါ့မျက်လုံးထဲမှာ အမှိုက်ထက် မပိုဘူး” ထန်ရှုက လှောင်ပြောင်လိုက်သည်။ “မင်းက စွမ်းရည်နှစ်မျိုးဒြပ်စင်ပညာရှင် ဖြစ်တာနဲ့ ကြေးစားလူသတ်သမားလောကမှာ နံပါတ် ၁ ဖြစ်လာမယ်ထင်မနေနဲ့။ ငါ့မျက်လုံးထဲမှာ မင်းက ပိုးဟပ်တစ်ကောင်ပဲ။ မင်းကို ပုရွက်တစ်ကောင်ကို လက်နဲ့ဖိသတ်သလို သတ်ပစ်လို့ရတယ်။ ပြီးတော့ နောက်တစ်ခု ပြောပြဦးမယ်။ ငါနဲ့အတူပါလာတဲ့ ငါ့နောက်လိုက်တွေက မင်းထက်အစွမ်းထက်တယ်။ ငါကိုယ်တိုင် မသတ်ရင်တောင် သူတို့က မင်းကို အသာလေး ရှင်းပစ်လိုက်လိမ့်မယ်”
“သူတို့ကရော ကျင့်ကြံသူတွေပဲလား” တစ္ဆေက မေးသည်။
“ဟုတ်တယ်” ထန်ရှုက ဖြေ၏။
တစ္ဆေမှာ ဆွံ့အသွားပြီး သူ့မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် သူက ကြမ်းပြင်တွင် တဆတ်ဆတ် တုန်ရီနေသော အမ်မိုစ့်နှင့်အမ်မိုစိုင်တို့ကို ကြည့်၍ မျှော်လင့်ချက်မဲ့စွာ ပြောလိုက်၏။ “ငါ မင်းနောက်လိုက်ဖို့ သဘောတူတယ်။ ဒါပေမဲ့ တရုတ်ဧကရာဇ်တစ်ပါးက သူ့စစ်သားတွေကို အငတ်မထားဘူးတဲ့။ မင်းက ငါ့ကို ဘယ်လိုအကျိုးအမြတ်တွေ ပေးမှာလဲ”
ထန်ရှုလက်ထဲရှိ ကျောက်စိမ်းပုလင်းက လေးထောင့်အစီအရင်အတွင်း ချက်ချင်း ၀င်ရောက်သွားပြီး တစ္ဆေအရှေ့၌ မျောလွင့်နေ၏။ ထန်ရှုက ဖြည်းညင်းစွာ ပြောသည်။ “အထဲမှာ ဆေးလုံးနှစ်လုံးရှိတယ်။ မင်း တစ်လုံးပဲသောက်ရင်တောင် မင်းရဲ့ခွန်အားကို တိုးလာစေလိမ့်မယ်။ အင်း အဲ့ဒီဆေးလုံးတွေ မသောက်ခင် အရင်ဆုံး အင်မော်တယ်ကျင့်ကြံနည်းတွေကို သင်ရဦးမှာပေါ့။ ဒါပေမဲ့ ငါ မင်းကိုအင်မော်တယ်ကျင့်ကြံနည်းတစ်စုံ သင်ပေးပြီး အင်မော်တယ်ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲပေးမယ်”
“ငါလည်း အင်မော်တယ်ကျင့်ကြံသူဖြစ်လာနိုင်တယ်လား” တစ္ဆေက မယုံကြည်နိုင်သော အကြည့်များဖြင့် ထန်ရှုကို ကြောင်အအ စိုက်ကြည့်ကာ မေး၏။
“ငါ့အမြင်မှာ မဖြစ်နိုင်တာမရှိဘူး” ထန်ရှုက ခေါင်းညိတ်၍ ဆက်ပြောသည်။ “မင်း အင်မော်တယ်ကျင့်ကြံသူတစ်ယောက်ဖြစ်လာတာနဲ့ ဆေးလုံးတွေရဲ့အကူအညီနဲ့ ကြိုစားကျင့်ကြံလိုက်ရင် မင်းအခုအခြေအနေထက် အဆ သန်း ၁၀၀ လောက် သာလွန်သွားလိမ့်မယ်”
“ငါ သဘောတူတယ်” တစ္ဆေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူသည် ဤနေရာတွင် ထောင်သားတစ်ယောက်ဖြစ်သော်လည်း ထောင်အတွင်းရှိ သူ၏ဖြစ်တည်မှုမှာ အလွန်ထူးကဲ၏။ ထိပ်ဆုံးအရာရှိပင်လျှင် သူ့ကို ရန်မစရဲချေ။ ထို့ကြောင့် သူ၏အပြစ်ရှိစိတ်ကြောင့်သာမဟုတ်လျှင် ဤထောင်မှ အချိန်မရွေးထွက်ခွာသွားနိုင်သည်။ သူ ဤနေရာ၌ ပိတ်မိမနေလျှင်ပင် ဤကမ္ဘာပေါ်၌ သူ့အား အမိဖမ်းနိုင်သည့်လူအချို့သာ ရှိ၏။
ထို့ကြောင့် သူသည် ဒေါသကြီးပြီး မည်သည်ကိုမှ မကြောက်ရွံ့ခြင်းပင်။ သို့ထိတိုင် ဤသို့ အထူးခံစားခွင့်များက သူ့ကို အူမြူးနေစေ၏။
သူ့၌ ငွေပြတ်သည်ဟူ၍ မရှိခဲ့သလို ဂုဏ်သတင်းလည်း မလျော့ကျခဲ့ပေ။ သူအလိုရှိပါက စိတ်ကြိုက်သုံးစွဲနိုင်ပြီး သူနှင့်ပေါင်းဖက်လိုသည့် အမျိုးသမီးများစွာလည်း ရှိ၏။ သို့သော် ယနေ့တွင် ပို၍သန်မာလိုစိတ်များက သူ၏နှလုံးသားတွင် ကြီးစိုးသွားလေပြီ။ အကျပ်ကိုင်ခံခဲ့ရသော်လည်း သူ့အတွက် အခွင့်အလမ်းကောင်းတစ်ခု ပြန်လည်ရရှိခဲ့၏။
“ငါ...ငါတို့လည်း သဘောတူတယ်”
ကြမ်းပြင်ပေါ်၌ အကြောဆွဲနေဆဲဖြစ်နေသာ အမ်မိုစ့်က အာခေါင်ခြစ်၍ ပြောလေသည်။ အမ်မိုစိုင်မှာ စကားမပြောနိုင်သော်လည်း သဘောတူရန် ရွေးချယ်ခဲ့၏။
ထန်ရှုက ပြုံးလိုက်ပြီး လက်ဝှေ့ရမ်း၍ အပြာရောင်ခရစ်စတယ်များအား ရုတ်သိမ်းလိုက်၏။ ညီအစ်ကိုနှစ်ယောက် သက်သာ၍ တည်ငြိမ်သွားသောအခါတွင် သူက လေးထောင့်အစီအရင်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ထိုင်ခုံတွင် ထိုင်၍ ပြော၏။ “မင်းတို့အားလုံးရဲ့ အချက်အလက်တွေကို ငါ ဖတ်ပြီးပြီ။ မင်းတို့က အလုပ်သမားစခန်း ၁၃၁၉ ရဲ့ အသန်မာဆုံးထောင်သားတွေပဲ။ ဒါပေမဲ့ ငါက ကျင့်ကြံသူစစ်တပ်ကို တည်ထောင်ချင်တဲ့အတွက် လူအများကြီးလိုတယ်။ တဲလ်အဗစ်ကို လာရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်က အတော်အသင့်အားကောင်းတဲ့ ထောင်သား အနည်းဆုံး ၁၀၀ ကို ခေါ်သွားဖို့ပဲ”
“၁၀၀ ကျော်တောင်လား” တစ္ဆေက တအံ့တဩ ရေရွတ်လိုက်၏။ “မင်းက ထောင်ဖောက်မလို့လား”
“မဟုတ်ပါဘူး။ တချို့ကိစ္စတွေက အကြမ်းနည်းသုံးစရာမလိုဘဲ ငွေနဲ့ဖြေရှင်းလို့ရတယ်လို့ ငါ ယုံကြည်တယ်” ထန်ရှုက ခေါင်းခါရမ်းလိုက်၏။ “ပြီးတော့ ငါ ဒီကိုရောက်နေတာ အရမ်းလျှို့ဝှက်တဲ့ကိစ္စပဲ။ အပြင်လူတွေကို မသိစေချင်ဘူး။ ဒါကြောင့် မင်းတို့ကို ပိုက်ဆံပေးပြီး ၀ယ်သွားမှာပဲ”
“အဲ့ဒါမဖြစ်နိုင်ဘူး” တစ္ဆေက ခေါင်းခါ၍ ပြောသည်။ “အော်ဂတ်စတီနိုက ငွေကို အသက်နီးပါး တန်ဖိုးထားရင်တောင် တစ်ချိန်ထဲမှာ အဲ့ဒီလောက် ထောင်သားအများကြီး ရောင်းရဲမှာမဟုတ်ဘူး”
“သူမလုပ်ရဲပေမယ့် ဂုစ့်ဂေးလ်နှင့် ဆန်ဒါကတော့ လုပ်ရဲတယ်” ထန်ရှုက သရော်ပြုံးပြုံးလိုက်သည်။ “ထောင်သားတွေရောင်းတဲ့ ပြစ်မှုကို အော်ဂတ်စတီနိုပေါ် ပုံချလိုက်ရင် ဆန်ဒါရဲ့ရာထူးတိုးသွားပြီးတော့ သူနဲ့ဂုစ့်ဂေးလ်လည်း ငွေအများကြီး ရသွားလိမ့်မယ်”
“ဒါ မင်းရဲ့အစီအစဉ်လား” တစ္ဆေက မျက်လုံးများ ကျဉ်းမြောင်းလျက် မေးသည်။
“ဟုတ်တယ်” ထန်ရှုက ခေါင်းညိတ်၏။
“အော်ဂတ်စတီနိုအနားမှာ ငါ သိရသလောက် စွမ်းရည်အသုံးပြုသူတွေ အများကြီးရှိတယ်” တစ္ဆေက ခေါင်းခါရမ်းလျက် ပြောသည်။ “သူကိုယ်တိုင်ကလည်း အတော်လေး စွမ်းအားကြီးတယ်။ ငါ့ထက် နည်းနည်းတော့ အားနည်းပေမယ့် သူနဲ့ရင်ဆိုင်နိုင်တဲ့လူ သိပ်မများဘူး။ မင်း အရင်ဆုံး အဲ့ဒီအော်ဂတ်စတီနိုကို သတ်မှဖြစ်မယ်။ ဒါပေမဲ့ ငါက မင်းနဲ့ပူးပေါင်းလိုက်ပြီဆိုတော့ သူ့အနားက စွမ်းရည်အသုံးပြုသူတွေကို ငါ ရှင်းထုတ်ပေးမယ်”
“သူက အတော်လေး သန်မာတဲ့လူဆိုတော့ ငါ မင်းကို ကူညီဖို့ လူနှစ်ယောက် လွှတ်ပေးမယ်” ထန်ရှုက ပုံမှန်သာပြော၏။ “ငါတို့ရဲ့ နောက်ထပ်လှုပ်ရှားမှုကတော့ ငါ ဒီထောင်ထဲမှာ နေပြီး ၀ယ်သင့်တဲ့ ထောင်သားတွေကို တိတ်တဆိတ် ရွေးဖို့ပဲ။ မင်းတို့အကြံပေးချင်တာ ဒါမှမဟုတ် ညွှန်းပေးချင်တဲ့လူတွေရှိရင် ငါ့ကို ပြောလို့ရတယ်”
“ဟုတ်ပြီ” တစ္ဆေက ခေါင်းညိတ်လိုက်၏။
အမ်မိုစ့်နှင့်အမ်မိုစိုင်တို့ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ သူတို့မှာ လူမဆန်စွာ နှိပ်စက်ခံခဲ့ရပြီး ဒဏ်ရာများရထားကြလေရာ အော်ဂတ်စတီနိုအနားရှိ စွမ်းရည်အသုံးပြုသူများကို ရှင်းလင်းရာ၌ ကူညီရန် ၀င်မပြောခဲ့ကြချေ။
ထန်ရှုက အသက်ဖြည့်ဆေးလုံးနှစ်လုံးကို ထုတ်၍ ညီအစ်ကိုနှစ်ယောက်ထံ ပစ်ပေးလိုက်သည်။ “ဒါကို သောက်လိုက်ရင် မင်းတို့ ဒဏ်ရာတွေ အချိန်တိုအတွင်း သက်သာလာလိမ့်မယ်။ ပြီးတော့ မင်းတို့ နောက်ထပ်ဆေးလုံးတစ်လုံးဆီလည်း ပေးဦးမယ်။ ဒါပေမဲ့ အဲ့ဆေးလုံးတွေကို ငါ့ဆီက အင်မော်တယ်ကျင့်ကြံနည်းတွေကို သင်ပြီးတော့မှ သောက်ရမယ်”
“ကျေးဇူးပါ.....”
“ဒီနေ့ကစပြီး ငါ့ကို သူဌေးလို့ ခေါ်တော့” ထန်ရှုက ပြော၏။
“ကျေးဇူးပါ သူဌေး” ညီအစ်ကိုနှစ်ယောက်က ထပ်မံ ပြောလိုက်သည်။
ထန်ရှုက ခပ်ဖွဖွ ပြုံးနေ၏။ သို့သော် သူသည် ထိုသုံးယောက်အား ဤသို့ လက်ခံရန် စိတ်မအေးချေ။ ထို့ကြောင့် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ကန့်သတ်ချိပ်စည်းတစ်ခု စီရင်၍ သူတို့၏အသက်များကို ထိန်းချုပ်ထားလိုက်သည်။
ယခုအချိန်တွင် ထောင်သားရာကျော်သည် အခန်း ၁ မှ အသံများကို ကြားခဲ့ပြီးဖြစ်၏။ သူတို့သည် အခန်းတွင်းမှ နတ်ဆိုးအား ရန်စရဲသည့်သူရှိကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်နေကြသော်လည်း မည်သူကမှ လာရောက်မကြည့်ရှုကြပေ။
သို့သော် မျက်နှာချင်းဆိုင်အခန်း ၁၈ အတွင်းရှိ ထောင်သားများကတော့ အခန်းတွင်းသို့ ထန်ရှု၀င်သွားကြောင်း သိကြ၏။ သို့သော် အော်သံများက ထန်ရှုဆီမှ မဟုတ်ဘဲ အခန်း ၂ မှ ညီအစ်ကိုနှစ်ယောက်ထံမှ ဖြစ်ကြောင်း သိရသဖြင့် အလွန်တရာ အံ့ဩမှင်သက်နေကြလေသည်။