ချစ်တီးထံမှ ငွေညစ်ခြင်း
Vol. 60 Ch. 833
အော်ဂတ်စတီနို နိုးလာစဉ် အခန်းမှာ ခြောက်ခြားဖွယ်ကောင်းစွာ ငြိမ်သက်နေ၏။ သို့သော် သူ၏လည်ပင်း၌ ကျောချမ်းဖွယ်အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ သူ၏သူငယ်အိမ်များ ကျုံ့၀င်သွားလေသည်။ သူ့တစ်ကိုယ်လုံးရှိ မွှေးညင်းများ ထောင်သွား၏။
‘ဘာတွေဖြစ်နေတာလဲ’
သူ နိုးလာသည့်တစ်နေ့တွင် သူ့လည်ပင်းအား ဓားနှင့်ထောက်ထားခံရလိမ့်မည်ဟု မြင်ယောင်ခဲ့ဖူး၏။ သို့သော် ထောင်အတွင်းရှိ သူ၏ကိုယ်ပိုင်နားနေခန်းအတွင်း၌ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် သူ့လက်အောက်ရှိ သစ္စာရှိလူယုံများနှင့် ထောင်၏မြင့်မားသော လုံခြုံရေးစနစ်ကြောင့် ဤနေရာတွင် ဘေးကင်းလုံခြုံမှုကို ခံစားရလေသည်။
အော်ဂတ်စတီနို၏မျက်လုံးများက ပြတင်းပေါက်မှ မှိန်ပျပျ ၀င်လာနေသော အလင်းရောင်ထံ ရောက်ရှိသွား၏။ ကြမ်းပြင်ပေါ်တွင် အလောင်းများ.....သူ့သစ္စာရှိနောက်လိုက်များ၏ အလောင်းများကို မြင်နေရချေသည်။
တစ္ဆေက အော်ဂတ်စတီနို၏ပါးကို ပုတ်ကာ ပြုံးလိုက်၏။ “ဟယ်လို ဆရာထောင်မှူးရေ။ အင်း ကျုပ်တော့ ထောင်ထဲမှာ မနေချင်တော့ဘူး သိလား။ ကျုပ် ထွက်ပြေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပေမယ့် ခင်ဗျားကိုယ်တိုင် ကျုပ်ကို လိုက်ပို့တာ ကောင်းမယ်ထင်တယ်။ ခင်ဗျား မသေချင်ရင် အ၀တ်အစား လဲလိုက်တာဘယ်လိုလဲ”
အော်ဂတ်စတီနို၏နှလုံးသားမှာ အေးစိမ့်သွား၏။ တစ္ဆေ၏မျက်နှာကို ထင်ထင်ရှားရှား မြင်လိုက်ရသည့်အခါ သူ့မှာ ရေခဲများပြည့်နေသည့် တွင်းနက်ကြီးထဲ ပြုတ်ကျသွားသည့်အလား ခံစားလိုက်ရသည်။ အလုပ်သမားစခန်း ၁၃၁၉ တစ်ခုလုံးတွင် သူအကြောက်ဆုံးလူတစ်ယောက်သာ ရှိဟ။ ယင်းကား ဤနတ်ဆိုး ’တစ္ဆေ’ပင်။ မှန်ပါသည်။ သူသည် နတ်ဆိုးကိုယ်တိုင်ထက်ပင် ပို၍ နတ်ဆိုးဆန်၏။
“မင်းက ငါ့ကို လိုက်ပို့စေချင်တယ်ဆိုရပါတယ်။ ငါ့လူတွေကို သတ်ဖို့အထိ လိုအပ်လို့လား”
သူသည် အခြေအနေကို နားလည်သော်လည်း တစ္ဆေ၏ရည်ရွယ်ချက်အစစ်အမှန်ကို သိချင်မိ၏။ တစ္ဆေအား အပြင်သို့ လိုက်ပို့ပြီးနောက် သူ အသတ်ခံရမည်ကို စိုးရိမ်နေမိ၏။ တစ္ဆေသည် ရဲတင်း၍ အလွန်တရာ ရိုင်းစိုင်းသော လူဖြစ်ပြီး သူ မလုပ်ရဲသည့်အရာမရှိချေ။
“ကျုပ် အာရုံနောက်စရာတွေ မကြိုက်တာ ခင်ဗျား သိပါတယ်။ ခင်ဗျားလူတွေက ရှုပ်လို့” တစ္ဆေက လှောင်ပြောင်ရယ်မောလိုက်၏။ “ပြီးတော့ ကျုပ်ရဲဘော် နှစ်ယောက်လည်း ရှိသေးတယ်။ ကျုပ်က အလွယ်တကူ ထွက်သွားလို့ရပေမယ့် သူတို့အတွက်က ခင်ဗျားကူညီမှ ဖြစ်မှာ”
အော်ဂတ်စတီနို၏တစ်ကိုယ်လုံးကို အကြောက်တရားများ ဖုံးလွှမ်းသွားသဖြင့် သူ့မှာ သွေးဆုတ်ဖြူလျော့သွား၏။ အပြင်လူများက သူ့ကို ငွေမက်သည့် လောဘကြီးသူအဖြစ် သိထားကြသော်လည်း သူသည် အမှန်တကယ်တွင် ထက်မြက်၍ ဉာဏ်ပြေးသော မြေခွေးအိုကြီးဖြစ်သည်။ တစ္ဆေသာ ရှင်းမပြခဲ့ပါက သူ့အတွက် အသက်ရှင်နိုင်သည့်အခွင့်အရေးမှာ ဆံချည်မျှင်တစ်မျှင်ခန့် ရှိ၏။ ဤနတ်ဆိုး ရှင်းပြနေသည့် အကြောင်းအရင်းတစ်ခုသာ ရှိချေသည်။ တစ္ဆေ၏ထွက်သွားလိုသည့် ဆန္ဒနောက်ကွယ်တွင် ပိုမိုနက်နဲသော အကြောင်းပြချက်များရှိနေ၏။
“ငါက အသက်ရှင်ချင်ရုံပါကွာ”
ကျင်ရှီက အော်ဂတ်စတီနိုအရှေ့သို့ လျှောက်လာသည်။ သူက သံမဏိလက်သည်းကဲ့သို့ လက်ဖြင့် အော်ဂတ်စတီနို၏လည်ပင်းကို ဆွဲကိုင်လိုက်ပြီး ခက်ထန်စွာ ပြောလေသည်။ “ခင်ဗျား အသက်ရှင်ချင်ရင် ကျုပ်တို့နဲ့ ပူးပေါင်းပြီး ခိုင်းတဲ့အတိုင်းလုပ်။ ခင်ဗျားသိလား။ ခင်ဗျားကို သတ်လိုက်လို့ ကျုပ်တို့အတွက် ဘာမှ ထိခိုက်မသွားဘူး။ ဒါပေမဲ့ ကျုပ်တို့ကို အကျိုးအမြတ် ဒါမှမဟုတ် ငွေလွှဲပေးမယ်ဆိုရင်တော့ ခင်ဗျားအသက်ရှင်နိုင်မယ်”
“ကောင်းပါပြီ..ကောင်းပါပြီ ငါ ပေးပါ့မယ်” အော်ဂတ်စတီနိုက စဉ်းစားခြင်းပင်မပြုဘဲ ပြန်ဖြေ၏။
တစ္ဆေ၏မျက်ခုံးများမှာ တွန့်ချိုးသွားသည်။ ကျင်ရှီနှင့် ရွှဲ့ရှအပေါ် အထင်အမြင်သေးသွားမိ၏။ ထန်ရှု၏လူများသည် ဤမျှ လောဘကြီးလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ကျင်ရီမှာ တစ္ဆေ၏အတွေးများကို မသိပေ။ သူက အော်ဂတ်စတီနို၏ခါးကို ဓားဖြင့်ထောက်၍ အေးစက်စွာ ပြော၏။ “သေချာမှတ်ထား။ ပိုက်ဆံများလေလေ ခင်ဗျားအသက်ရှင်နိုင်လေပဲ”
တစ္ဆေက ရွဲ့စောင်းခြင်းလည်းမရှိ ပေါ့ပါးဟန်လည်း မပါသော လေသံဖြင့် ၀င်ပြောသည်။ “ကျင်ရှီ သူက ပိုက်ဆံကို အသက်လို တန်ဖိုးထားတာ။ မင်း တစ်ခုခု အမှားမဖြစ်ချင်ရင် အချိန်မဆွဲတာကောင်းမယ်။ ပြီးတော့ မင်းလိုချင်ရင် ပိုက်ဆံကို အလွယ်တကူ ရှာလို့ရနေတာပဲမဟုတ်လား”
“မင်းမှာ ပိုက်ဆံပြတ်မနေဘူးထင်တယ်” ကျင်ရှီက ပြုံး၍ ပြော၏။
“အေး” တစ္ဆေက ဖြေသည်။
“ကဲ ဒါဆို ဘောစိရေ ဒီလူ့ဆီရတဲ့ငွေကို ငါနဲ့ ရွှဲ့ရှပဲခွဲယူလိုက်မယ်။ ငါတို့က ကုန်းကောက်စရာမရှိအောင် မွဲတေနေတာကွ” ကျင်းရှီက ပြုံးလျက်ပင် ဆက်ပြော၏။
တစ္ဆေသည် ကျင်းရှီကို လျစ်လျူရှုလိုက်သည်။ ကျင်းရှီနှင့် ရွဲ့ရှတို့သည် အော်ဂတ်စတီနိုထံမှ အပြင်းအထန် ငွေညစ်လိုကြောင်း သိလိုက်ရ၏။ သူ၏ပုံရိပ်က အခန်းတွင်းမှ ဖြတ်ခနဲ ပျောက်ကွယ်သွားလေသည်။
ဆယ်မိနစ်ကြာသော် အော်ဂတ်စတီနိုသည် ကျင်းရှီ၏ဘဏ်အကောင့်ထဲသို့ ဒေါ်လာသန်း ၁၀၀ လွှဲပြောင်းပေးလိုက်၏။ ထို့နောက် ကျင်းရှီနှင့် ရွဲ့ရှတို့က သူ့အား ဓားစာခံအဖြစ် ခေါ်ဆောင်၍ အောက်သို့ ဆင်းလာကြသည်။ ထို့နောက် ကားမောင်းရန် ထောင်စောင့်တစ်ယောက်အား ခေါ်စေ၏။ သူတို့လေးယောက်သည် ကျည်ကာကားတစ်စီးဖြင့် ထောင်အတွင်းမှ ထွက်ခွာသွားကြသည်။
အလုပ်သမားစခန်း ၁၃၁၉ ထံမှ နှစ်ကီလိုမီတာခန့်အကွာတွင် ထန်ရှုသည် ကားအတွင်း၌ ထိုင်၍ ထွက်လာသောကားအား ကြည့်နေ၏။ ထို့နောက် သူက ပြောသည်။ “သွားကြတော့ အောင်မြင်မှုက မင်းတို့အပေါ်မှာ မူတည်တယ်”
ထိုသို့ပြောပြီးနောက် သူက ကားအဝေးသို့ ရောက်သွားသည်အထိ ကြည့်နေလိုက်သည်။ ထို့နောက် သူက ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်၏။ “အားဝူ ကားတွေကို ဒီကို ယူလာခဲ့”
“ဟုတ်ကဲ့ နှစ်မိနစ်အတွင်း ရောက်ပါမယ်” မိုအားဝူ၏အသံက ဖုန်းအတွင်းမှ ထွက်ပေါ်လာသည်။
နှစ်မိနစ်ကြာသော် SUV နှစ်စီးဦးဆောင်လာသော ခရီးသည်ကားနှစ်စီးက ထန်ရှုထံ ချဉ်းကပ်လာ၏။ ကားများ ရပ်သွားသည့်အခါ မိုအားဝူက အရင်ထွက်လာ၍ လေးလေးစားစား ပြောလေသည်။ “ဘယ်အချိန်မှာ သူတို့ထွက်လာနိုင်မလဲ သူဌေး”
ထန်ရှုက မျက်လုံးများ ကျဉ်းမြောင်း၍ ဖြေသည်။ “အများဆုံး နာရီဝက်ပဲ။ အဲ့ဒီထက်ပိုသွားရင် တစ်ခုခု လွဲမှားသွားလို့ပဲ။ ဒါနဲ့ သင်္ဘောက ထွက်ခွာဖို့ အဆင်သင့်ဖြစ်ပြီလား”
“ပေါ်တူရာဆိပ်ကမ်းမှာ ကျောက်ချပြီး စောင့်နေပါတယ်” မိုအားဝူက ခေါင်းညိတ်၍ ပြောသည်။ “လေးနာရီကြာရင် ထွက်ခွာမယ့် ကျွန်တော်တို့ ငှားထားတဲ့ ခရီးသည်သင်္ဘောပါ။ အစက ခရီးသည်တွေအများကြီးရှိပေမယ့် ကျွန်တော်တို့ ငှားလိုက်တဲ့အတွက် ကျွန်တော်တို့လူတွေပဲ တင်ပေးမှာပါ”
ထန်ရှုက စိတ်ကျေနပ်စွာ ခေါင်းညိတ်၍ ပြော၏။” အပြန်လမ်းကို မင်း တာ၀န်ယူလိုက်။ ငါ ဘယ်လို အတားအဆီးမျိုးကိုမှ မတွေ့ချင်ဘူး”
“စိတ်ချပါ သူဌေး” မိုအားဝူက ယုံကြည်ချက်ရှိစွာ ဖြေသည်။ “ခရီးသည်သင်္ဘောနဲ့ ပက်သက်တဲ့ လုပ်ရိုးလုပ်စဉ်တွေအကုန်လုံးကို ဖြေရှင်းပြီးပါပြီ။ သင်္ဘောပိုင်ရှင်သူဌေးက အတော်ကျွမ်းကျင်တဲ့လူဆိုတော့ အမှားမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သင်္ဘော ဒီနိုင်ငံကနေ ထွက်ခွာတာနဲ့ တခြားဖြေရှင်းရမှာတွေကိုတော့ စိုးရိမ်မိပါတယ်”
“ဂျီပီအက်ကို သုံးပြီး အနီးတစ်ဝိုက်ပင်လယ်ထဲက လူသူမရှိတဲ့ကျွန်းကို ရှာလိုက်” ထန်ရှုက ပြောသည်။ “ငါတို့ ဒီထောင်သားတွေကို ယောက်သွားကျွန်းဆီ ခေါ်မသွားခင် လေ့ကျင့်ပေးရမယ်”
“ဟုတ်ကဲ့”
စကားဆုံးသော် သူက မီတာဒါဇင်အနည်းငယ်ကျော်ရှိ ကျည်ကာကားဆီ တန်းတန်းမတ်မတ် လျှောက်သွား၏။ သူက တံခါးကိုဖွင့်၍ အော်ဂတ်စတီနိုကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အစီအစဉ်အတိုင်းလုပ် အမှားမရှိစေနဲ့”
ထိုအချိန်တွင် အော်ဂတ်စတီနိုမျက်နှာပေါ်ရှိ ကြောက်ရွံ့ထိတ်လန့်မှုမှာ ပို၍ ထင်ရှားလာ၏။ အဖြစ်အပျက်များမှာ တစ္ဆေ ထောင်မှ ထွက်ပြေးသည်ထက် ပို၍ကြီးမားကြောင်း သဘောပေါက်သွားလေသည်။ အထူးသဖြင့် မီတာအနည်းငယ်အကွာတွင် ရပ်ထားသော ဘတ်စ်ကားများကို တွေ့လိုက်ရသည့်အတွက်ပင်။ အကြံအစည်ကြီးတစ်ခု ဤနေရာတွင် ကျိန်းသေ ဖြစ်ပျက်နေလေပြီ။
“ငါ့အသက်ကို ချမ်းသာပေးပါ။ ငါ မင်းတို့ကို ပိုက်ဆံပေးပြီးပြီလေ”
ထန်ရှုက ကျင်းရှီအား မျက်မှောင်ကြုတ်၍ မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။
“ကျွန်တော်တို့ မွဲနေလို့ပါ သူဌေးရာ” ကျင်းရှီက ရယ်လျက် ဖြေ၏။ “ဒီလူဆီကနေ သန်း ၁၀၀ ယူထားတယ်။ ဒါပေမဲ့ ပြန်ရောက်ရင် သူဌေးကို လွှဲပေးပါ့မယ်”
ထန်ရှုက တဟားဟားရယ်မောကာ ပြော၏။ “ငွေကို အသက်လောက် တန်ဖိုးထားတဲ့လူဆီကနေ ငွေညစ်တယ်ပေါ့။ မင်းတို့က တော်တော် ဉာဏ်များတာပဲ။ ပိုက်ဆံက ထားလိုက်ပါ။ ကျန်တဲ့လူတွေနဲ့ ခွဲယူလိုက်”
ကျင်းရှီက ပို၍ ပြုံးဖြီးလိုက်ပြီး အမွမ်းတင်လိုက်၏။ “တကယ်ကို သူဌေးက အကောင်းဆုံးပဲ”
“ဖားမနေပါနဲ့ကွာ” ထန်ရှုက ပြုံး၍ ခပ်ငေါ့ငေါ့ ပြောကာ လှည့်ထွက်သွားလေသည်။
အော်ဂတ်စတီနိုသည် ထန်ရှုက ဤလူများကြားတွင် အရေးပါဆုံးဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် လှမ်းအော်လိုက်၏။ “ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါကွာ။ တောင်းပန်ပါတယ်။ မင်းတို့ မလုံလောက်ရင် ငါ ငွေ ထပ်ပေးနိုင်ပါတယ်”
ထန်ရှုမှာ တုံ့ခနဲ ရပ်တန့်သွားသည်။ သူက လှည့်၍ ပြုံးကာ ပြော၏။ “ဘာက ပိုအရေးကြီးတယ်ထင်လဲ။ လူလား ငွေလား”
“လူ” အော်ဂတ်စတီနိုသည် ထန်ရှု၏ဆိုလိုရင်းကို နားမလည်သော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။
“ခင်ဗျားက လူတွေက ပိုအရေးကြီးတယ်ပြောတယ်နော်။ ဆိုတော့ ခင်ဗျားရဲ့အသက်နဲ့ ထောင်သား ၂၀၀ ကို လဲလိုက်။ အရှုံးမရှိဘူးလို့တော့ ထင်တာပဲ” ထန်ရှုက ပြုံး၍ ပြော၏။ “ခင်ဗျားသိလား ငွေဆိုတာ ရုန်းကန်မှ ရနိုင်တာ။ ဒါပေမဲ့ အရည်အချင်းရှိတဲ့လူတွေကို ဆုံးရှုံးရတာက ပိုပြီး နစ်နာတယ်မထင်ဘူးလား အော်ဂတ်စတီနို”
“ မင်း... မင်းက ထောင်ဖောက်မလို့လား” အော်ဂတ်စတီနိုက ကျယ်လောင်စွာ ရေရွတ်လိုက်သည်။
“ခင်ဗျားသိလား ထောင်ဖောက်တာက ကျုပ်တို့စွမ်းအင်တွေ အလဟဿဖြစ်စေတယ်ဗျ” ထန်ရှုက ခေါင်းခါရမ်းလျက် ပြောသည်။ “ခင်ဗျားရဲ့ လက်ထောက်က ကျုပ်ကို ဒေါ်လာ သန်း ၄၀၀ နဲ့ ထောင်သားအယောက် ၂၀၀ ရောင်းလိုက်တယ်။ ကျုပ်ကတော့ ကောင်းတဲ့အပေးအယူလို့ မြင်တယ်။ ခင်ဗျားကတော့ စတေးခံ ဖြစ်လာရတော့မယ်”
ချက်ချင်းဆိုသလို ထန်ရှုက ကျင်းရှီကို အမူအရာပြ၍ အော်ဂတ်စတီနို၏ပါးစပ်အား တိတ်ဖြင့် ကပ်စေလိုက်သည်။ သူ၏တောင်းဆိုခယမှုများအား လျစ်လျူရှုထားလိုက်ကြလေသည်။
......
ထောင်အတွင်း၌။
ထောင်စောင့်များက ထောင်သားများ ထွက်လာနိုင်ရန် အခန်းတစ်ခန်းပြီး တစ်ခန်းအား တံခါးဖွင့်ပေးနေ၏။ သူတို့က စကားမဟသော်လည်း သူတို့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များက သူတို့၏ခံစားချက်များကို ဖော်ပြနေလေသည်။ သူတို့က ထောင်စောင့်များနောက်မှလိုက်၍ စင်္ကြံတစ်လျှောက် ထွက်သွားကြ၏။ မကြာမီ ထောင်သား ၁၉၉ ယောက်မှာ စူးစမ်းနေသော ထောင်စောင့်များ၏အကြည့်အောက်တွင် အပြင်သို့ ရောက်ရှိသွားကြ၏။
“ဟေ့ စတိဗ် ဘာတွေဖြစ်နေတာလဲ” ထောင်အတွင်းမှ ရဲတစ်ယောက်က မေးသည်။ သူသည် မိန်းကလေးထောင်သားအခန်းထဲမှ ထွက်လာပြီး သူ၏ခါးပတ်အား ပြင်၀တ်နေ၏။ သူက ထောင်သားများစွာဖြင့် ထွက်လာသော ထောင်စောင့်များကို ကြည့်နေလေသည်။
ထောင်စောင့်၏အမူအရာမှာ အတန်ငယ် ပြောင်းလဲသွားသော်လည်း သူက စိတ်ထိန်း၍ ဖြေ၏။ “ထောင်မှူးက သူတို့ကို အပြင်မှာ လုပ်ခိုင်းစရာရှိလို့ အပြင်ကို ထုတ်ခိုင်းလိုက်တာ။ အခု ထောင်မှူးကိုယ်တိုင် အပြင်မှာ စောင့်နေတယ်”
ရဲက နားမလည်နိုင်သော အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်၏။ “ဒါပေမဲ့ ဒီထောင်သားတွေက ရာဇဝတ်သားတွေလေ။ သူတို့ကို ထုတ်ပေးလိုက်ရင် ပြဿနာအကြီးအကျယ် တက်သွားလိမ့်မယ်။ ဟုတ်ပြီ မင်းတို့ကို ကူညီဖို့ ငါ အဖွဲ့နှစ်ဖွဲ့ လွှတ်လိုက်မယ်”
ဇွက်....
မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများနှင့် ဗလတောင့်တောင့် အိန္ဒိယဥရောပအနွယ်၀င် ပါးသိုင်းမွေးဆိုသူက သူ၏ခါးမှ သံတစ်ချောင်းထုတ်ကာ ရဲ၏လည်ပင်းတွင် ထိုးစိုက်လိုက်၏။ ထို့နောက် ထိုရဲ ထွက်ခွာလာခဲ့သည့် အခန်းတံခါးကို ချိုးဖျက်ကာ ပစ်ချလိုက်လေသည်။
“ကျစ် ကျစ်....သူက မိန်းကလေးထောင်သားနဲ့ အိပ်ခဲ့တာပဲ။ ငါ တဏှာရူးတစ်ကောင်ကို သတ်လိုက်တာလား။ ကွာ...ဒီကောင်မလေးမှာ ဒဏ်ရာတွေလည်း ရထားတယ်ဟ” ပါးသိုင်းမွေးက ထောင့်တစ်နေရာ၌ ခွေနေသော မိန်းကလေးကို ကြည့်ကာ မသိုးမသန့် ပြုံးလိုက်၏။
မိန်းကလေးမှာ အာရှနွယ်၀င်ဖြစ်ပြီး သွယ်လျှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ အင်မတန် လှပချေသည်။ သူမကို အဓမ္မပြုကျင့်ခဲ့သော ရဲသား၏အခြေအနေကို မြင်သည်နှင့် သူမ၏မျက်နှာလေးမှာ ရုတ်ချည်း ပြောင်းလဲသွား၏။ သူမ၏ခန္ဓာကိုယ်ကိုပင် ဖုံးကွယ်မနေတော့ပဲ ကုတင်ပေါ်မှ ပြေးဆင်းလိုက်သည်။ ထို့နောက် ထိုင်ခုံတစ်ခုအား ဆွဲယူကာ သေပြီးသားရဲ၏ဦးခေါင်းကို ရိုက်ချလိုက်၏။
စက္ကန့်ပိုင်းအတွင်း ရဲ၏ဦးခေါင်းမှာ စိစိညက်ညက် ကြေသွားလေသည်။
အခြားထောင်သားများအတူ ထွက်မသွားသေးဘဲ ပါးသိုင်းမွေးက တံခါးတွင် မှီကာ ပြုံးရင်း ပြော၏။ “တကယ်ပဲ ဒီက ထောင်သားတွေအားလုံးက အထိမခံရွှေပန်းကန်တွေပဲ။ မင်းလို ကောင်မလေးတောင်မှ ရက်စက်ပြီး အကြင်နာမဲ့တယ်။ မဆိုးဘူး ကလေးမ။ ဒီချီးတွင်းထဲကနေ ငါတို့နဲ့အတူ ထွက်သွားချင်လား”
မိန်းကလေးက မော့ကြည့်၏။ သူမက သွေးများ၊ ဦးနှောက်အပိုင်းအစများဖြင့် ပေရေနေသော မျက်နှာကိုပင် မသုတ်ဘဲ တည့်တိုး မေးမြန်းလိုက်သည်။ “ဒီနေရာကနေ ထွက်သွားမယ်ဆိုတာ.....ထွက်ပြေးမယ်လို့ ပြောတာလား”