← Chapters

ဖရိုဖရဲ မတော်တဆမှုမှ အခွင့်ကောင်းယူခြင်း

Vol. 60 Ch. 834

ဖရိုဖရဲ မတော်တဆမှုမှ အခွင့်ကောင်းယူခြင်း

Vol. 60 Ch. 834

ပါးသိုင်း‌မွေးသည် ထန်ရှု၏အတိုက်ခိုက်စွမ်းရည်ကို တွေ့မြင်ခဲ့ရသဖြင့် သူ့တွင် ထောင်လွှားတတ်သော အကျင့်စရိုက် ရှိသည့်တိုင် ထန်ရှုလက်အောက်တွင် အညံ့ခံခဲ့၏။ ထို့ကြောင့် ဤမှောင်မည်းသော‌ ထောင်ထဲ‌တွင် ပိတ်မိနေသည်ထက် ထန်ရှုနောက်မှ အပြင်လောကသို့ လိုက်ခွင့်ရခြင်းက ကံကောင်းသည်ဟု ယူဆမိလေသည်။ သူက နှိပ်စက်ခံထားရ‌သော မိန်းကလေးထောင်သားကို ကြည့်ကာ ပြုံး၍ ပြော၏။ “မင်း ငါတို့နဲ့ ပက်ပင်းတိုးတာ ‌ကံကောင်းတာပဲ။ ဒါပေမဲ့ ငါတို့ ဒီနေ့ည ငါတို့ မတွေ့ခဲ့ဖူးသလို မင်းကို ထွက်သွားလို့ရတယ်ဆိုပြီး ပြောခဲ့တဲ့ လူက ငါမဟုတ်ဘူး။ အဲ့ဒီလို မှတ်ထား ဟုတ်ပြီလား”

ထိုသို့ပြောပြီးနောက် သူက မိန်းကလေးထောင်သားအား ဂရုမစိုက်တော့ဘဲ အပြင်သို့ အလောတကြီး ထွက်နေသည့် လူအုပ်ကြား ၀င်ရောက်ကာ ပျောက်ကွယ်သွားလေသည်။

မိန်းကလေးထောင်သား၏အမည်မှာ ချန်းယန်ဖြစ်ပြီး သူမသည် ရက်စက်ကြမ်းကြုတ်သူတစ်ဦးဖြစ်၏။ သူမသည် ကလေးဘ၀တည်းက မိဘနှစ်ပါးနှင့်အတူ နိုင်ငံရပ်ခြား‌တွင် နေထိုင်ခဲ့သည်။ သူမ အရွယ်မရောက်ခင် မိဘနှစ်ပါးအား ဆုံးရှုံးခဲ့ရပြီး ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ခံစားခဲ့ရ၏။ ထို့နောက် မှောင်ခိုအင်အားတစ်စု၏ မွေးစားခြင်းခံခဲ့ရပြီး မည်သူကိုမဆို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်နိုင်သူတစ်ယောက်အဖြစ် လေ့ကျင့်ခြင်းခံခဲ့ရလေသည်။

ကံဆိုးစွာနှင့် သူမနှင့်ဆက်နွယ်‌နေသော မှောင်ခိုအင်အားစုကို အစိုးရက ဖျက်သိမ်းလိုက်ပြီး သူမမှာ နိုင်ငံတကာမှ အလိုရှိသော ၀ရမ်းပြေးတစ်ယောက် ဖြစ်သဖြင့် ထောင်ကျသွားခဲ့၏။ အလုပ်သမားစခန်း ၁၃၁၉ သို့ရောက်ရှိသည့်အခါ ထောင်မှာ အမျိုးသမီးသီးသန့်ထောင်မဟုတ်ဘဲ အမျိုးသား၊ အမျိုးသမီး ရောနှောနေသည့် ငရဲတွင်းတစ်ခုဖြစ်ကြောင်း သိခဲ့ရသည်။

သူမသည် လုပ်နိုင်စွမ်းရှိသော်လည်း မသန်မာလှချေ။ ထို့ပြင် သူမ၏ရုပ်ရည်သွင်ပြင်ကြောင့် ထောင်သားများ၏တဏှာရူးအကြည့်များ၊ နှောင့်ယှက်မှုများကို ၄ နှစ်ဆက်တိုက်ခံခဲ့ရ၏။ သူမကို ကာကွယ်ပေး‌ခဲ့သော သူမတို့အခန်းမှ အသက် ၇၀ ကျော် အဘိုးကြောင့်သာ မဟုတ်လျှင် သူမ သေသည်အထိ နှိပ်စက်ခံခဲ့ရမည်မှာ အသေအချာပင်။ သို့ထိတိုင် ထိုအဘိုးကြီးသည် ထောင်မှ ရဲအရာရှိ၏ ခြိမ်းခြောက်မှုများကို မကာကွယ်နိုင်ခဲ့ပေ။ သူမမှာ ထိုပြဿနာကို‌ ဖြေရှင်းရန် နည်းလမ်းမရှိသဖြင့် ရဲများ၏ အကြိမ်ကြိမ် နှောင့်ယှက်စော်ကားမှုများကို ခံခဲ့ရလေသည်။

ချန်းယန်က စင်္ကြံမှ လူတန်းကြီးကို ကြည့်လိုက်၏။ သူမ ချက်ချင်း အ၀တ်၀တ်၍ မျက်နှာပေါ်မှ သွေးများအား သုတ်ကာ အခန်းတွင်းမှ ထွက်လာခဲ့သည်။ အပြင်သို့ ထွက်နေကြသူများမှာ ထောင်အတွင်း၌ အင်မတန် သန်မာသောလူများဖြစ်သဖြင့် သူမမှာ အံ့အားသင့်သွားလေသည်။

‘ဒီမှာ ဘာတွေဖြစ်သွားတာလဲ’

သူမစိတ်ထဲတွင် မတင်မကျ ဖြစ်နေမိသော်လည်း လူအုပ်နှင့်အတူ အပြင်သို့ ထွက်ရန် လျှောက်သွားလိုက်၏။ စောင့်ကြပ်နေသော ထောင်စောင့်ဒါဇင်ကျော်က မတားဆီးသည့်အပြင် ဂိတ်အပြင်သို့ ချောချောမွေ့မွေ့ ထွက်သွားနိုင်အောင် ကူညီပေးနေကြသဖြင့် သူမမှာ အံ့အားသင့်သွားရပြန်သည်။

“ဂိတ်တံခါး ဖွင့်လိုက်”

ထောင်သားဆယ်ယောက်ကျော်ကို ဦးဆောင်လာသော ရဲအရာရှိတစ်ယောက်က ဂိတ်၌ စောင့်ကြပ်နေသော ထောင်စောင့်များကို ကြည့်၍ အော်ဟစ်လိုက်သည်။ ထို့နောက် ထွက်ခွင့်အတုအား လှမ်းပေးလိုက်၏။

“ဒီလောက်လူတွေအများကြီးနဲ့ ဘယ်သွားမလို့လဲ ကိုယ့်လူ” အစောင့်တာ၀န်ကျသော ထောင်စောင့် မျက်နှာပျက်လျက် အလျင်အမြန် မေးသည်။

“ထောင်မှူးရဲ့အမိန့်ပဲ။ မြေအောက်ထိုးသတ်ပွဲကို ပို့ခိုင်းတာ။ ဘာဖြစ်လို့လဲ။ ထောင်မှူးအော်ဂတ်စတီနိုရဲ့အမိန့်ကို အာခံချင်တာလား။ ဒါမှမဟုတ် သူ ပိုက်ဆံရတာကို မနာလိုဖြစ်နေတာလား”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူးဗျာ။ ဂိတ်ဖွင့်ပြီး သွားခွင့်ပေးလိုက်ဟေ့”

လျှပ်စစ်သံမဏိဂိတ်တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်သွားပြီး ထောင်သားများစွာက အလျင်အမြန် ထွက်သွားကြ၏။ လူအုပ်ကြီးမှာ ဂိတ်၀အပြင်သို့ ခြေချလိုက်သည်နှင့် သူတို့၏မျက်နှာများတွင် ဝမ်းမြောက်မှုတို့က အတိုင်းသား ပေါ်လွင်လာကြပြီး ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားကြသည်။ ချန်းယန်သည် လူအုပ်ကြားထဲတွင် ပါ၀င်၏။ သူမ ဤထောင်မှ ထွက်သွားနိုင်မည့်နေ့ရက် ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမ၏မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် နီရဲနေပြီး အရှေ့သို့ ခပ်သုတ်သုတ် လျှောက်လိုက်၏။

ချန်းယန်ကို အံ့အားသင့်သွားစေသည့် အရာတစ်ခု ရှိသေး၏။ ထောင်မှ လွတ်မြောက်လာသည့် ထောင်သားတိုင်းသည် အရှေ့ရှိ လမ်းမကြီးပေါ်သို့ ဦးတည်သွားနေကြ၏။ လူစုခွဲ၍ လမ်းကြောင်းပြောင်းသွားသူ တစ်ယောက်မှ မရှိချေ။

“ဟေ့ ငါတို့ ဘယ်ကို သွားနေတာလဲ” ချန်းယန်က သူမ အရှေ့တွင် လျှောက်နေသော ထောင်သားတစ်ဦးနောက်သို့ အမှီလိုက်၍ မေးလိုက်၏။

မိန်းကလေးထောင်သားက သူမအား အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်ပြီးနောက် ပြုံးလိုက်၏။ “နင် ဘယ်သွားရမလဲ မသိဘူးလား။ သူဌေးက ပြောပြထားတယ်မဟုတ်လား”

သူဌေးတဲ့လား....

ချန်းယန်မှာ ကြောင်အသွားသည်။ သူမ ထို သူဌေးဆိုသူကို အဘယ်သို့ သိမည်နည်း။  ဤလူအုပ်တွင်း၌ လိုက်ပါလာနိုင်ခြင်းကလည်း ပါးသိုင်းမွေးဆိုသူ၏ပြောစကားကြောင့်ပင်။ တခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူမက အလျင်အမြန် ဖြေ၏။ “သူဌေးက ငါ့ကို အပြင်ကို ထွက်သွားဖို့ပဲ ပြောခဲ့တာ။ သူက ဘယ်ကို‌သွားရမလဲ ပြောမသွားဘူး။ ဒါပေမဲ့ နင်ကတော့ ဘယ်ကိုသွားရမလဲ သိတဲ့ပုံပဲ”

မိန်းကလေးထောင်သားက အရှိန်တင်၍ ပြေးလိုက်ပြီး အလျင်အမြန် ပြော၏။ “သူဌေးက ပြောမပြရင် မမေးနဲ့။ လူတိုင်းသွားတဲ့နောက်ကိုသာလိုက် ငါတို့ကို အပြင်မှာ လူတစ်ချို့က လာကူညီပေးလိမ့်မယ်”

“ငါတို့ကို ကူညီပေးမယ့်လူတွေလား’

ချန်းယန်၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ မိန်းကလေးထောင်သားက ဆက်လက်စကားပြောလိုစိတ်မရှိကြောင်း သိလိုက်ရသဖြင့် သူမသည် သိလိုစိတ်များကို မြိုသိပ်ထားလိုက်၏။ သူမအတွက် ဤထောင်မှ လွတ်မြောက်ရေးကသာ အရေးကြီးပေသည်။ ထောင်အတွင်း၌ နေရသည်ကို တောင့်ခံနိုင်စွမ်းမရှိတော့ချေ။

“ဟမ်”

ထောင်ဂိတ်၀မှ ၂ ကီလိုမီတာခန့်တွင် SUV နှစ်စီးနှင့် ဘတ်စ်ကားလေးစီး ရပ်ထားသည်ကို ညအလင်းရောင်၏အကူအညီဖြင့် သူမ မြင်လိုက်ရ၏။

ထန်ရှုက နောက်ကျောတွင် လက်ယှက်၍ ပြေးလာနေသော ထောင်စောင့် ဒါဇင်ကျော်နှင့် ထောင်သား ၂၀၀ ခန့်ကို ကြည့်နေ၏။ ထောင်စောင့်အနားရောက်လာသောအခါ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်၍ ပြောသည်။ “မင်းတို့ တာ၀န် အောင်မြင်သွားပြီ။ လက်ထောက်ထောင်မှူးက ဘာဆက်လုပ်ရမလဲ ပြောပြလိမ့်မယ်။ ဒါကိုယူသွားပါ။ ပူးပေါင်းတဲ့အတွက် ကျေးဇူးတင်တယ်။ အထဲမှာ ကျေးဇူးတင်တဲ့ အမှတ်အသားအဖြစ် ဒေါ်လာ ၁၀ သန်းပါတယ်”

ထောင်စောင့်၏မျက်နှာတွင် ဝမ်းမြောက်ပျော်ရွှင်မှုတို့က ဖြတ်ပြေးသွား၏။ သူက ထန်ရှုအား တရိုတသေ အလေးပြုလိုက်ပြီး လက်ဆွဲအိတ်ကိုယူကာ အခြားထောင်စောင့် ဆယ်‌ယောက်ကျော်နှင့်အတူ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားလေသည်။

“သူဌေး”

ပြစ်မှုကြီးမားသည့် ထောင်သား ၂၀၀ က ရိုသေလေးစားမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ထန်ရှုအရှေ့တွင် စုရပ်လိုက်ကြသည်။ သူတို့သည် ထန်ရှု၏‌နောက်ကြောင်းကို မသိရသော်လည်း သိထားသည် အချက်နှစ်ချက်ရှိ၏။ သူတို့၏အနာဂတ်သူဌေးမှာ အင်မတန် သန်မာပြီး သူတစ်ပါးကို လှည့်စားရာ၌ ပရိယာယ်ကြွယ်သော လူတစ်ယောက်ဖြစ်ပေသည်။

ထိုသို့မဟုတ်လျှင် မည်သူက ကမ္ဘာ့အကြမ်းတမ်းအပြင်းထန်ဆုံး အလုပ်သမားစခန်း ၁၃၁၉ မှ ထောင်သား ၂၀၀ ကို ၀ယ်ယူရဲမည်နည်း။ မည်ကရော ထိုသူ ထောင်သား ၂၀၀ ကို ၀ယ်ယူနိုင်မည်နည်း။

သူတို့မှာ တစ်ချိန်က လူဆိုးများ ဖြစ်ခဲ့ဖူးသော်လည်း သူတို့သည် ထက်မြက်သူများ ဖြစ်ကြသည်။ ယနေ့တွင် သူတို့အ၀ယ်ခံလိုက်ရပြီး ၎င်းက နိုင်ငံတကာတွင် အကြီးအကျယ် အုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်ကို ကောင်းကောင်းသိကြ၏။

ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်၍ အော်လိုက်သည်။ “ပထမဆုံးအနေနဲ့ ထောင်ကနေ အသက်ရှင်လျက် ထွက်လာနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ပြီးတော့ ခင်ဗျားတို့ ပိုင်ဆိုင်ရတော့မယ့် စိတ်လှုပ်ရှားပျော်ရွှင်စရာ ဘ၀သစ်အတွက်လည်း ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျုပ်တစ်ယောက်တည်းကသာ ခင်ဗျားတို့ အနာဂတ်မှာ အသက်ရှင်နိုင်မယ့် အကြောင်းပြချက်တစ်ခုဆိုတာ မှတ်ထားကြပါ။ ဟုတ်ပြီ အားလုံးပဲညစီစီရီရီ ဘတ်စ်ကားထဲ တစ်ယောက်စီ၀င်ကြ။ ကျုပ်တို့ အသင့်ပြင်ထားတဲ့ သင်္ဘောဆီ မကြာခင် ထွက်ခွာကြမယ်”

မိုအားဝူက ရှေ့သို့ ခြေနှစ်လှမ်းတိုး၍ အသံဩကြီးဖြင့် ပြောလိုက်၏။ “၄ဖွဲ့ခွဲပြီး ကိုယ့်ဘတ်စ်ကားထဲကိုယ်၀င်ကြ”

မိနစ်အနည်းငယ်ကြာပြီးနောက် ထောင်သားအားလုံးမှာ ဘတ်စ်ကားပေါ်တွင် နေရာယူပြီးသွားကြ၏။ ထန်ရှု SUV တစ်စီးထဲတွင် ထိုင်နေစဉ် မိုအားဝူက ကားတံခါးအနီးသို့ လာ၍ တီးတိုးပြောသည်။ “မထင်မှတ်ထားတာတစ်ခု ဖြစ်သွားတယ် သူဌေး”

“ဘာဖြစ်သွားလို့လဲ” ထန်ရှုက မျက်မှောင်အနည်းငယ်ကြုတ်လျက် မေး၏။

“တစ္ဆေက ကျင်းရှီ၊ ရွှဲ့ရှတို့နဲ့အတူ တာ၀န်လုပ်နေတဲ့အတွက် ဒီမှာ မရှိပါဘူး။ ကျွန်တော်တို့ တစ္ဆေကို ဖယ်ပြီးတော့ ရေမယ်ဆိုရင် ၁၉၉ ယောက်ရှိရမှာပါ” မိုအားဝူက ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ ရေလိုက်တော့ လူ‌အရေအတွက်က တစ္ဆေမပါ‌တာတောင် အယောက် ၂၀၀ ရှိနေတယ်”

“တစ်ယောက် ပိုနေတာပေါ့” ထန်ရှု၏မျက်နှာအမူအရာက မှန်းဆမရနိုင်ချေ။

“ဟုတ်ကဲ့။ ကျွန်တော်တို့ တစ်ယောက် ပိုရထားပါတယ်” မိုအားဝူက ဖြေ၏။

“လူအချို့ခေါ်ပြီးတော့ စာရင်းနဲ့ တိုက်စစ်လိုက် အားဝူ” ထန်ရှုက ပြုံး၍ ပြောသည်။ “အဲ့ဒီလူပိုကို ရှာပြီး ငါ့ဆီ ခေါ်လာခဲ့”

“နားလည်ပါပြီ”

ကားက အဝေးသို့ ထွက်သွားသည်အခါ မိုအားဝူက ကားတစ်စီးပေါ် တက်၍ အခြားအဖွဲ့၀င်များနှင့်အတူ ဘတ်စ်ကား‌လေးစီးပေါ်ရှိ လူစာရင်းအား စတင်၍ စစ်ဆေးတော့သည်။

တတိယဘတ်စ်ကားပေါ်တွင်။

ချန်းယန်မှာ ဘေးတစ်ဖက်တစ်ချက်၌ အမျိုးသမီးထောင်သား နှစ်ဦးနှင့်အတူ နောက်ဆုံးခုံတန်းတွင် ထိုင်ရင်း ခြေမကိုင်လက်မကိုင်မိ ဖြစ်နေ၏။ သူမဘေးရှိ အမျိုးသမီးနှစ်ယောက်မှာ အလုပ်သမားစခန်း ၁၃၁၉ တစ်ခုလုံးတွင် ရက်စက်ကြမ်းကြုတ်၍ အညှာအတာမဲ့သူများအဖြစ် နာမည်ကျော်သူများဖြစ်ရာ သူမ ကောင်းကောင်းသိလေသည်။ ထိုအမျိုးသမီးထဲမှ တစ်ယောက်သည် လူမည်းအမျိုးသားတစ်ယောက်ကို ခါးမှ နှစ်ပိုင်းဆွဲဖြဲခဲ့သောကြောင့် ပြစ်ဒဏ် ၂၁၈ နှစ် တိုးသွားခဲ့သည်ကိုပင် တွေ့ခဲ့ဖူး၏။

သို့သော် ၎င်းက သူမ မတင်မကျဖြစ်နေရသည့် အဓိကအကြောင်းအရင်း မဟုတ်ပေ။ သူမ မြင်ခဲ့ရသည့် လူငယ်သည် အင်မတန် စွမ်းအားကြီးသူတစ်ယောက် ဖြစ်နေသည့်အတွက် စိတ်ပူနေခြင်းဖြစ်၏။ သူမမှာ ဤအခြေအနေအတွင်းသို့ မတော်တဆ ရောက်လာခြင်းက ကောင်းချီးလော ကပ်ဘေးလော မသိတော့ချေ။

‘မကောင်းတော့ဘူး’

စာရင်းစာရွက်တစ်ခုကို ကိုင်၍ ကားပေါ် တက်လာပြီး လူများ လိုက်ရေကာ နံပါတ်များကို မေးနေသော ဗလတောင့်တောင့် လူနှစ်ယောက်ကို မြင်လိုက်ရသည့်အခါ သူမ၏အသားအရောင်မှာ ဖြူဖတ်ဖြူရော်ဖြစ်သွား၏။

‘ငါ ဘာလုပ်ရမလဲ’

ချန်းယန်၏စိတ်အခြေအနေမှာ ဖရိုဖရဲ ဖြစ်နေရှာသည်။ သူမသည် ကားပြတင်းပေါက်မှ ခုန်ထွက်၍ ထွက်ပြေးလိုက်ချင်သော်လည်း အခြားထောင်သားများက သူမကို ထွက်ပြေးခွင့်ပြေးမည်မဟုတ်ချေ။ သူမမှာ လျှပ်တစ်ပျက်အတွင်း အဖမ်းခံလိုက်ရပြီး နေရာတွင် အသတ်ခံရမည်မှာ အသေအချာပင်။

စာရင်းကိုင်ထားသော ဟဲ့ရှောင်က ဆက်လက်ရေတွက်လာပြီး နောက်ဆုံးခုံတန်းသို့ ရောက်လာ၏။ သူက အမျိုးသမီးထောင်သား ၅ ယောက်ကို စိုက်ကြည့်လိုက်ပြီး ခပ်ဩဩ‌ လေသံဖြင့် မေး‌လေသည်။ “မင်းတို့ရဲ့ နာမည်နဲ့ ထောင်သားအမှတ်တွေကို ပြော”

“အိုင်ဗီကိုဒီ ၀၀၀၁၁၈၄”

“ကန်ဒီ ၀၀၀၀၆၃၄”

ချန်းယန်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ ပြောလိုက်၏။ “ချန်းယန် ၀၀၀၀၄၆၀”

“ခဏနေဦး”

ဟဲ့ရှောင်က စာရင်းကို အကြိမ်ကြိမ်အခါခါ စစ်ကြည့်လိုက်သော်လည်း ချန်းယန်၏နာမည်ကို ရှာမတွေ့ချေ။ သူ၏စူးရှသော မျက်လုံးများက ချန်းယန်အား စိုက်ကြည့်လိုက်ပြီး သူက ဩရှစွာ ပြော၏။ “မင်း ဘယ်ကနေ ရောက်လာတာလဲ။ မင်းနာမည်က ၀ယ်ခဲ့တဲ့ ထောင်သားစာရင်းမှာမပါဘူး”

ချန်းယန်က အရဲစွန့်ကာ ဖြေလိုက်၏။ “စင်္ကြံကနေ ထွက်လာတဲ့ ထောင်သားတွေအများကြီးကို တွေ့တာနဲ့ ကျွန်မလည်း အခန်းထဲကနေထွက်ပြီး လိုက်လာခဲ့တာပါ။ ဒါပေမဲ့ ကျွန်မလည်း စိတ်ရှုပ်‌နေတာ။ ဘယ်လောက်တောင် တုံးအပြီး ရူးမိုက်လို့ ဒီနေရာကို ရောက်လာရတာလဲ”

“မင်း ဘာဖြစ်တယ်”

ဟဲ့ရှောင်မှာ ကြောင်အသွားပြီး သူ့ပတ်ပတ်လည်ရှိ ထောင်သားများကလည်း ချန်းယန်ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ဟဲ့ရှောင်က စိတ်ပြန်ထိန်းလိုက်ပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်၏။ “ငါနဲ့လိုက်ခဲ့စမ်း”

“ဘယ်ကိုလဲ” ချန်းယန်က အလျင်အမြန်‌ မေးသည်။

“သူဌေးနဲ့တွေ့ဖို့” ဟဲ့ရှောင်က ခက်ထန်စွာ ပြော၏။

သူက ဖုန်းတစ်ချက်ခေါ်လိုက်ရာ ရှေ့ဆုံးရှိ SUV နှစ်စီးက ရပ်တန့်သွားသည်။ ထို့နောက် ဟဲ့ရှောင်က ချန်းယန်ကို ထန်ရှုရှိသည့် SUV ပြတင်းပေါက်အနားသို့ ခေါ်သွားကာ တရိုတသေ အစီအရင်ခံလိုက်၏။ “သူဌေး ပြောတဲ့လူကို ခေါ်လာပါပြီ”

ထန်ရှုက ချန်းယန်ကို ကြည့်၍ ပေါ့ပေါ့ပါးပါး ပြောလေသည်။ “ကားပေါ်တက်”

ချန်းယန်က ပူပန်စိတ်များအပြည့်ဖြင့် ကား၏အ

အခြားတစ်ဖက်သို့ လျှောက်သွားလိုက်၏။ သူမက ကားတံခါးဖွင့်၍ ထန်ရှုဘေး၌ ၀င်ထိုင်လိုက်သော်လည်း စကားစ‌မပြောချေ။ သူမမှာ နေမထိထိုင်မသာဖြစ်နေပြီး ထန်ရှုမှ ရုတ်တရက် တိုက်ခိုက်လာမည်စိုးသောကြောင့် သတိကြီးကြီးကပ်ထားလေသည်။

ယာဉ်တန်းကြီးက ထပ်မံ၍ မောင်းနှင်သွားကြ၏။

ထန်ရှုက သူ့အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ၍ ခပ်ပြင်းပြင်း နှစ်ရှိုက်ဖွာလိုက်သည်။ ထို့နောက် သူက အငွေ့များကို မှုတ်ထုတ်၍ ဖြည်းညင်းစွာ ပြော၏။ “မင်း ငါ့ကို ရှင်းပြသင့်တယ်မထင်ဘူးလား”

ချန်းယန်၏နှုတ်ခမ်းသားများ တဆတ်ဆတ် တုန်ရီလာပြီး သူမက ခေါင်းခါရမ်းကာ ပြောလိုက်သည်။ “အမ်....ဟို....ကျွန်မလည်း ဘယ်လိုရှင်းပြရမလဲ မသိဘူး။ ကျွန်မ ဒီကို ဘယ်လိုရောက်လာလဲဆိုတာ ကိုယ့်ဘာသာတောင် နားမလည်တော့ပါဘူး”

All Chapters