← Chapters

လူယုတ်မာများ၏ ဆိုးသွမ်းသောင်းကျန်းမှု

Vol. 60 Ch. 835

လူယုတ်မာများ၏ ဆိုးသွမ်းသောင်းကျန်းမှု

Vol. 60 Ch. 835

လူတိုင်း၌ ကိုယ်ပိုင်အခွင့်အလမ်းများရှိကြပြီး တစ်စုံတစ်ယောက်ကသာ ထိုအခွင့်အရေးကို အမိအရယူနိုင်လျှင် တစ်ချက်တည်းနှင့် ကောင်းကင်အထိ ‌တက်ရောက်သွားနိုင်၏။ သို့ထိတိုင် သူ၏ထောင်သားများ ၀ယ်ယူလိုက်သည့် လုပ်ရပ်က ချန်းယန်အတွက် ဤမျှ အခွင့်အရေးကြီး ဖြစ်သွားစေလိမ့်မည်ဟု ထန်ရှုထင်မထားခဲ့ချေ။

ထောင်မှ လွတ်မြောက်၍ အင်မော်တယ်ဖြစ်နိုင်မည့် လမ်းကြောင်းပေါ် ရောက်ရှိနိုင်ခဲ့သည်။

ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးနောက် ထန်ရှုသည် ချန်းယန်၏ဘဝတစ်၀က်ကောင်းစားရန် ပထမဘ၀တစ်၀က်၌ တွေ့ကြုံခဲ့ရသည့် ကြမ်းတမ်းလှသော ကံကြမ္မာကြောင့် စိတ်ထဲတွင် ၀မ်းနည်းသွားမိ၏။ သူ ချန်းယန်၏မှတ်တမ်းကို မဖတ်ရသေးသော်လည်း အလုပ်သမား ၁၃၁၉ တွင် ရှိနေခြင်းက သူမသည် ထူးချွန်သန်မာသော ရာဇ၀တ်သားတစ်ယောက် ဖြစ်ကြောင်း ညွှန်ပြနေပေသည်။

‘တကယ်ကို တိုက်ဆိုင်မှုဆိုတော့ သူ့ကို နေခွင့်ပြုလိုက်ပါမယ်လေ’

ထန်ရှုက သူမကိုယ်ပေါ်တွင် ချိပ်စည်းတစ်ခု စီရင်လိုက်ပြီး ဆိတ်ဆိတ် နေလိုက်၏။

ယခုတွင် ချန်းယန်မှာ အိပ်မက်မက်နေသည့်အလား ခံစားနေရလေသည်။ သူမသည် ထောင်အတွင်းမှ ကြက်ကန်းဆန်အိုးတိုးကာ လွတ်မြောက်ခဲ့ပြီးနောက် ယခုတွင် ထန်ရှု၏လက်အောက်ငယ်သား ဖြစ်လာခဲ့၏။ ရုတ်တရက် သူမ ပိုင်ဆိုင်ရမည့် အနာဂတ်ဘ၀ကို မစောင့်နိုင်တော့ချေ။

ပေါ်တူရာဆိပ်ကမ်း။

ခရီးသည်သင်္ဘောတစ်စီးသည် ဆိပ်ကမ်းတွင် ကျောက်ချထား၏။ မီးမောင်းများက ပတ်၀န်းကျင်ကို နေ့အလင်းရောင်အလား အလင်းပေး‌ထားသော်လည်း ဆိပ်ကမ်းတစ်ခုလုံး၌ လူတစ်ယောက်မှ မရှိချေ။ ရဲရှီစန်းနှင့်ဟဲ့ဝူယ တို့က သင်္ဘောလက်ရန်းတွင် ‌ဘေးချင်းယှဉ်လျက် ရပ်ကာ လမ်းမကို လှမ်းကြည့်နေကြ၏။

“သူတို့ လာ‌နေပြီ”

အဝေးရှိ နီးကပ်လာသော ကားမီးများကို ကြည့်ရင်း အမြင်အာရုံအလွန်ကောင်းသည့် သူတို့နှစ်ယောက်က ခုန်ထွက်ကာ သောင်ပြင်ဆီ ပျံသန်းသွားလိုက်ကြသည်။ သူတို့အရှေ့၌ ကားများရပ်တန့်သွားပြီး SUV အတွင်းမှ ထန်ရှုထွက်လာသည်ကို မြင်သောအခါ သူတို့က နှုတ်ဆက်လိုက်ကြ၏။ “သူဌေး”

ထန်ရှုက ခေါင်းညိတ်၍ မေးသည်။ “အားလုံး စီစဉ်ပြီးပြီလား”

“အကုန်စီစဉ်ပြီးပါပြီ။ သင်္ဘောသားတွေရော အစောင့်တွေရာ သင်္ဘောပေါ်မှာ နေရာယူပြီးသွားပါပြီ။ အချိန်မရွေး ရွက်လွှင့်နိုင်ပါတယ်” ရဲရှီစန်းက ပြောသည်။

“အလောမကြီးနဲ့။ ကျင်းရှီတို့အဖွဲ့ အခုထိ ပြန်မရောက်သေးဘူး။ သူတို့ ပြန်လာရင် ရွက်လွှင့်ကြမယ်” ထန်ရှုက ပြောသည်။ “ပြီးတော့ ငါတို့ ထောင်က ၀ယ်လာတဲ့ ထောင်သားတွေကို နေရာချပေးပြီး အရင်ဆုံး သင်္ဘောပေါ်မှာ စောင့်ခိုင်းထားလိုက်”

“အမိန့်အတိုင်းပါ”

အားစိုက်မထုတ်လိုက်ရဘဲ ထောင်သား ၂၀၀ သည် ဘတ်စ်ကားများပေါ်မှ ဆင်းလာကြ၏။ သူတို့၏မျက်လုံးများမှာ သင်္ဘောကို မြင်သည်နှင့် ၀င်းလက်တောက်ပသွားကာ အလျင်အမြန် ပြေးသွားကြ၏။ ထောင်မှ လွတ်မြောက်လာခြင်းက အချို့လူများအတွက် ကောင်းကင်ဘုံသို့ ရောက်သွားသည်နှင့် တူညီလေရာ ဤသို့ဇိမ်ခံသင်္ဘောမျိုးကို အလွန်အမင်း ကကြိုက်နှစ်သက်ကြလေသည်။

ထန်ရှုကတော့ ထိုခုန်ပေါက်အူမြူးနေသော ထောင်သားများ၏ပျော်ရွှင်မှုကို မခံစားရသလို အစီအစဉ်မကျဘဲ ဟိုဟိုသည်သည်ပြေးလွှားနေခြင်းကိုလည်း ဂရုမစိုက်ချေ။ ဤသည်ကား သူတို့ လွတ်လွတ်လပ်လပ် ပြေးလွှားနိုင်မည့် နောက်ဆုံးအကြိမ်ဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ လူသူမဲ့ကျွန်းသို့ ရောက်၍ လူမဆန်စွာ လေ့ကျင့်ခိုင်းလိုက်လျှင် ထိုထောင်သားများသည် ပြေးလွှားရန်ကိုပင် ငြင်းဆိုလာကြလိမ့်မည်။

နာရီ၀က်ကြာပြီးနောက် လူတိုင်း သင်္ဘောပေါ်တွင် နေရာယူလိုက်၏။ ထောင်မှ ခေါ်ယူခံခဲ့ရသော ‌ထောင်သားတိုင်းသည် ကိုယ်ပိုင်အခန်းတစ်ခန်းကိုသာမက ဝိုင်၊ အစားအစာနှင့် သစ်သီး၀လံများကိုလည်း ဝေစုအလိုက်ရရှိကြသည်။ သင်္ဘော၌ ဧည့်သည်များအတွက် ဆောက်လုပ်ထားသော လောင်းကစားခန်းတစ်ခန်းပါရှိလေရာ လူတိုင်းသည် ‌ထိုအခန်းထဲသို့ ရောက်ရှိသွားကြ၏။ သူတို့တစ်ယောက်စီတိုင်း၌ ထောင်ကျနေသည့်တိုင် ကိုယ်ပိုင်မီးခံသေတ္တာငယ်တစ်ခုစီ ရှိခဲ့လေရာ သူတို့က ကြွယ်၀မှုများကို ထုတ်၍ အကြွေးကတ်များအား တိုကင်ပြားအဖြစ် သုံးလိုက်ကြသည်။

သင်္ဘောတစ်စီးလုံးရှိ ထောင်သားများမှာ ယခုတွင် မင်းမူဗိုလ်ကျလိုသောစိတ်များဖြင့် ထင်ရာစိုင်းနေကြရာ သင်္ဘောသားများနှင့် သင်္ဘောစောင့်များပင်လျှင် အထူးဂရုပြု ရှောင်တိမ်းသွားကြရလေသည်။

သင်္ဘော၏ပဲ့ပိုင်း၌ ထန်ရှုသည် တစ္ဆေ၊ ကျင်းရှီနှင့် ရွှဲ့ရှတို့သုံးဦးကို စောင့်နေ၏။ အချိန်များ ကုန်ဆုံးသွားပြီး နာရီလက်တံမှာ ၄ နာရီ ၃၀ မိနစ်သို့ ရောက်ရှိသွားစဉ် အဝေးမှ ပုံရိပ်သုံးခုက လျှပ်စီးအလား ပြေးလာ၏။ အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် သူတို့သည် ထန်ရှုရှေ့မှောက်သို့ ရောက်လာကြသည်။

“အကုန်ပြီးသွားပြီ သူဌေး” ကျင်းရှီက လက်သီးဆုပ်၍ ပြော၏။

“အော်ဂတ်စတီနို သေသွားပြီလား” ထန်ရှုက မေးသည်။

“သူ ဒီနိုင်ငံကရဲတွေ ပစ်သတ်တာခံလိုက်ရပြီ။ ပြီးတော့ ထောင်သားတွေကို လိုက်ပို့ပေးတဲ့ ထောင်စောင့်တွေကလည်း ကျွန်တော်တို့ဆီက ထွက်သွားပြီးတော့ ‌တိုက်ပွဲမှာ သေသွားပြီ။ ဒါကြောင့် သူဌေးစိတ်ချထားလို့ရပါတယ်။ ကျွန်တော်တို့တောင် ၀င်သတ်လိုက်သေးတယ်။ သူတို့ထဲ တချို့ မသေရင်တောင်မှ ဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူး”

ထန်ရှုက ခေါင်းညိတ်၍ သူ့နောက်ရှိ မိုအားဝူအား ပြောလိုက်သည်။ “သွားကြစို့။ ဒီနိုင်ငံရေပိုင်နက်ကနေ မြန်နိုင်သမျှမြန်မြန် ထွက်သွားကြမယ်။ ငါတို့ ကြားလွတ်ပင်လယ်ပြင်ကို ရောက်တာနဲ့ ယာယီစခန်းချလို့ရအောင် လူသူမဲ့ကျွန်းတစ်ကျွန်းကို ရှာရမယ်။ မသွေးထားတဲ့ ကျောက်စိမ်းရိုင်းဆိုတာ အလကားပဲ။ ထောင်က ထွက်လာတဲ့ ဒီထောင်သားတွေကို နာနာလေး ပုံသွင်းပေးရမယ်”

“မင်း သူတို့ကို ဘယ်လို လေ့ကျင့်ပေးမှာလဲ” တစ္ဆေက မေး၏။

“မင်းကလွဲပြီး ကျန်တဲ့လူတွေက လူမဆန်တဲ့လေ့ကျင့်ရေးမျိုးနဲ့ လေ့ကျင့်ရမယ်” ထန်ရှုက သူ့ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ဖြေသည်။

“ငါတို့ ထောင်ကနေ ခေါ်လာခဲ့တဲ့ ထောင်သား ၂၀၀ မှာ လေ့ကျင့်ရေးပြီးရင် ၁၀၀ လောက်ပဲ ကျန်ခဲ့လိမ့်မယ်”

အဖြေကြောင့် တစ္ဆေမှာ စိတ်ထဲတွင် ကြက်သီးမွေးညင်းများ ထသွားပြီး ဆွံ့အသွား၏။

.........

သင်္ဘောအတွင်း၌။

ဂီလွန်တိုနာသည် ကုတင်ပေါ်တွင် ထိုင်၍ ပြတင်းပေါက်မှတဆင့် ကမ်းရိုးတန်းများကို ကြည့်နေ၏။ သူ၏ကြီးမား‌သောပြစ်မှုများကြောင့် နှစ်ပေါင်း ၁၈၀ အထိ ပြစ်ဒဏ်ချမှတ်ခံခဲ့ရလေသည်။ သူသည် ထောင်ထဲ၌သာ သေဆုံးသွားလိမ့်မည်ဟုသာ မှတ်ယူထားခဲ့ပြီး အပြင်လောက၌ နေထိုင်ရန် အခွင့်အရေးရလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

သူသည် မည်သူမဆိုထက် လွတ်လပ်မှုကို တမ်းတမက်မော၏။

သူသည် ယခု ထောင်တွင်းမှ ကယ်တင်ခံခဲ့ရလေပြီ။ ထန်ရှုက သူ၏ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားသည်ဟု ပြောသော်လည်း သူ ၎င်းကို အယုံအကြည်မရှိချေ။ သူသည် “ငါသည်သာ ငါ့ကံတရား၏ပဲ့ကိုင်ရှင်၊ ဘုရားတောင်မှ ငါ့ကံတရားကို မခြယ်လှယ်နိုင်ဘူး” ဆိုသော ဆိုရိုးစကားကို အခိုင်အမာယုံကြည်၏။ ချုပ်နှောင်ခံရခြင်းက သူအမုန်းဆုံးအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူသည် ထောင်မှ လွတ်မြောက်သည်နှင့် ထွက်ပြေးရန် အကြံအစည်အား စဉ်းစားထားပြီးဖြစ်၏။ ထန်ရှု၌ ကမ္ဘာကြီးကို ဖုံးအုပ်ထားနိုင်သော လက်များ၊ ခြေများ ရှိလျှင်ပင် ကမ္ဘာကြီးသည် ကျယ်ပြောလွန်းပေသည်။ သူ၏ဖြစ်တည်မှုကို ဖုံးကွယ်၍ သိုသိုသိပ်သိပ် နေပါက လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။

‘ငါ လွတ်မြောက်ရမယ်’

ဂီလွန်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းကာ ကုတင်ပေါ်မှ ထလိုက်သည်။ သူက တံခါးဖွင့်၍ ကုန်းပတ်ပေါ်သို့ ထွက်လိုက်၏။ ဟိုဟိုသည်သည် ကြည့်ပြီးနောက် သူသည် လူများကို ရှောင်တိမ်းရင်း သင်္ဘောပဲ့ပိုင်းသို့ ရောက်ရှိသွားသည်။

“ဟားဟား..မင်းက ဂီလွန်တိုမာကို သစ္စာခံခိုင်းချင်တယ်ပေါ့လေ။ ဟက် အိပ်မက်ဆက်မက်နေလိုက်။ ငါ့ကို အမိန့်ပေးနိုင်တဲ့လူက ဒီကမ္ဘာမှာ အခုထိ မမွေးသေးဘူးကွ”

ဂီလွန်က ရယ်လျက် သင်္ဘောပေါ်မှ ခုန်ချသွား၏။ ပြုတ်ကျနေစဉ် သူ၏လက်ဖဝါးသည် သင်္ဘောကိုယ်ထည်ရှိ ချိန်းကြိုးကို လှမ်းဆွဲကာ ရေပြင်တွင် အလွယ်တကူ လျှောစီးသွားလေသည်။

ညအမှောင်၏ဖုံးအုပ်ပေးမှုဖြင့် ဂီလွန်သည် ပင်လယ်ပြင်အတွင်းသို့ ခုန်ချကာ မီတာ ၁၀၀ အား အသက်တစ်ရှိုက်အတွင်း မရပ်မနား ကူးခတ်သွား၏။ ထို့မှသာ သူသည် မှောင်မည်းနေသော နေရာသို့ ရောက်ရှိသွားလေသည်။ သို့ထိတိုင် သူ့မှာ စိတ်‌မလျှော့ရဲသေးဘဲ အသံမထွက်အောင် ဂရုစိုက်၍ ခပ်ဝေးဝေးသို့ ကူးခတ်သွားပြန်၏။

ဝှစ် ဝှစ်။

သို့သော် ဂီလွန် ယခုလေးတင် ခုန်ချသွားခဲ့သော ပဲ့ပိုင်းတွင် ဝိုးတဝါး ပုံရိပ်နှစ်ခု ပေါ်လာသည်။ ရွှီကွေ့နှင့် ရဲရှီစန်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြ၏။

“အင်း သူဌေးခန့်မှန်းတာ မှန်နေတာပဲ။ တချို့လူတွေက သူဌေးရဲ့‌စကားတွေကို ကြောက်အောင်ပြောတယ်ပဲ ထင်နေကြတာ။ သူတို့က ထိန်းချုပ်မခံချင်တဲ့အတွက် သင်္ဘောထွက်မယ့် အချိန်ကို အသုံးချပြီး ထွက်ပြေးကြလိမ့်မယ်။ ကဲ ရေက မင်းရဲ့ကမ္ဘာမလား ရွှီကွေ့။ ဆိုတော့ သူ့ကို ပြန်ခေါ်၊ မခေါ်က မင်းအပေါ်မှာ မူတည်တယ်” ရဲရှီစန်းက ပြုံးလိုက်၏။

ရွှီကွေ့က ဘ၀င်ခိုက်စွာ ပြုံးသည်။ ထို့နောက် သူ၏ပုံရိပ်က ဂီလွန်တိုမာ ထွက်ပြေးနေသည့် ရေမျက်နှာပြင်ထဲသို့ အမြောက်တစ်စင်းအလား ခုန်ချသွား၏။ သူက မီတာ ၁၀၀ သာ ကွာဝေးသော ဂီလွန်တိုမာနောက်သို့ အမှီလိုက်ရန် ဒိုင်ဗင်ပင် ထိုးလိုက်သေးချေသည်။

....

ထန်ရှုက သင်္ဘောတွင်းသို့ ရောက်ရှိသည်နှင့် လောင်းကစားခန်းမသို့ ချက်ချင်း ဦးတည်သွား၏။ ထောင်သားအချို့က သူ့ကို အရိုအသေပေးကြသော်လည်း ၀တ်ကျေတမ်းကျေသာ ဖြစ်ချေသည်။ ထန်ရှုကို လေးစား၍ မဟုတ်ဘဲ သူ၏ကြောက်မက်ဖွယ်အင်အားကြောင့်သာ ထိုသို့အရိုအ‌သေပေးလိုက်ကြခြင်းပင်။

‘စိတ်၀င်စားစရာပဲ’

ထန်ရှုသည် ၎င်းကို သတိထားမိသော်လည်း အတည်မယူခဲ့ချေ။ ရက်စက်ကြမ်းကြုတ်၍ လက်ပေါက်ကပ်သော ရာဇ၀တ်သားများကို ထိန်းချုပ်ရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း သူကြိုသိထားပြီး ဖြစ်၏။ သူက ဘားအနီးသို့ လျှောက်သွား၍ ဖြူလျော့လျော့ စားပွဲထိုးအား ဝိုင်နီတစ်ခွက် မှာလိုက်သည်။ သူက ၎င်းကို တစ်ငုံသောက်၍ သူက အာဏာအရှိဆုံးဖြစ်ကြောင်းကို မည်သို့ပြရမည်လဲ စဉ်းစားနေ၏။

မကြာမီ ရဲရှီစန်းက ထန်ရှုအနားသို့ အပြေးလာ၍ တီးတိုးပြောလိုက်သည်။ “သူဌေး ထောင်သားတစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားလို့ ရွှီကွေ့ လိုက်ဖမ်းနေပါတယ်။ သူ မကြာခင် ပြန်ခေါ်လာပါလိမ့်မယ်”

“ပိုတောင် စိတ်၀င်စားစရာ ကောင်းသွားပြီ”

ထူးဆန်းသော အပြုံးတစ်ခုက ထန်ရှု၏ချောမောသော မျက်နှာထက်တွင် ပေါ်လာပြီး သူက ဝိုင်များကို သွန်လိုက်၏။ သူက ဖန်ခွက်ကို ကြမ်းပြင်ပေါ် ပစ်ချကာ အော်လိုက်သည်။ “အကုန်လုံးကို ဒီမှာ ချက်ချင်း လူစုခိုင်းလိုက်။ မင်းတို့ကို ၁၀ မိနစ်အချိန်ပေးမယ်။ ၁၀ မိနစ်အတွင်း ရောက်မလာတဲ့လူတွေက ငါတို့နဲ့အတူ ထွက်သွားဖို့ မထိုက်တန်ဘူး”

“အမိန့်အတိုင်းပါ”

မိုအားဝူနှင့် ကျန်လေးယောက်က လောင်းကစားခန်းမအတွင်းမှ အလျင်အမြန် ပျောက်ကွယ်သွားလေသည်။

အချိန်ကား တရွေ့ရွေ့ ကုန်‌ဆုံး‌နေပြီး ရာဇ၀တ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။ တစ္ဆေမပါ၀င်ဘဲ လူ ၂၀၀ မှ ၁၉၅ ယောက်သည် အချိန်ပြည့်လုဆဲဆဲ အချိန်တွင် ရောက်ရှိနေကြလေသည်။

“စက္ကန့် ၂၀ ကျန်သေးတယ်...”

ထန်ရှုက ဘားကောင်တာတွင် ထိုင်နေပြီး သူ့လက်ထဲတွင် မစ်ဆူဘီရှီဓားတစ်လက်က ပေါ်လာ၏။

“ငါ့လမ်းကနေ ဖယ်စမ်း”

ရိုင်းစိုင်းခက်ထန်သည့် အသံတစ်သံက လောင်းကစားခန်းမထဲတွင် ပေါ်ထွက်လာပြီး ချန်းယန်မှာ ဒယိမ်းဒယိုင် ၀င်လာ၏။ သူမ၏ ခြေလှမ်းများ တည်ငြိမ်သွားသည့်အချိန်တွင် သူမက ဘေးရှိ ဗလတောင့်တောင့်လူကို မျက်‌စောင်းထိုးကြည့်လိုက်၏။ ထိုလူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အမာရွတ်များ၊ တက်တူးများဖြင့် ပြည့်နှက်နေပြီး အ၀တ်ဗလာနှင့် ဖြစ်သည်။

“တံခါးပိတ်လိုက်” ဆယ်မိနစ်ပြည့်သွားသဖြင့် ထန်ရှုက အော်ဟစ်လိုက်သည်။

လောင်းကစားခန်းမတံခါး ပိတ်သွားသည်နှင့် ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်၏။ သူက ၎င်းကို သင်္ဘောတစ်လျှောက် လွမ်းခြုံသွားစေရာ ရောက်မလာသည့် လူ ၃ ယောက်ကို အာရုံခံမိသဖြင့် ချက်ချင်း အော်ဟစ်လိုက်သည်။ “အားဝူ ယေးလ်ဆက်နဲ့ ဂီတဲကို ဒီကို ခေါ်လာခဲ့စမ်း”

“ဟုတ်ကဲ့”

မိုအားဝူသည် ယေးလ်ဆက်နှင့် ဂီတဲတို့အား စိတ်ထဲမှ‌ နောက်ဆုံးနှုတ်ဆက်စကားဆိုလိုက်ပြီး အလျင်အမြန် ထွက်ခွာသွား၏။ မိနစ်အနည်းငယ်ကြာသော် သူသည် ထိုလူနှစ်ယောက်အား လည်ပင်းမှကိုင်၍ ထာ၀ရခန်းမအတွင်းသို့ တရွတ်တိုက် ဆွဲခေါ်လာသည်။ ထို့နောက် သူက ထန်ရှုရပ်နေသည့် ဘားကောင်တာအရှေ့တွင် ပစ်ချလိုက်၏။ “ခွေးမသား မင်းသာ အလစ်မတိုက်ရင် မင်းအဖေက မင်းဖင်ကို အသာလေး ဆောင့်ကန်နိုင်တယ်ကွ”

ယေးလ်ဆက်မှာ သူ၏ဒေါသကြောင့် အလုပ်သမားစခန်း ၁၃၁၉ တွင် လူ့ဂွစာအဖြစ် ကျော်ကြား၏။ ပြဿနာရှာရသည်ကား သူအကြိုက်ဆုံးအလုပ်ဖြစ်ချေသည်။ သို့သော် သူ၏အံ့မခန်းလိလိ အင်အားကြောင့် လူအချို့သာ သူနှင့်တိုက်ခိုက်ရဲကြ၏။

မိုအားဝူ၏မျက်နှာအမူအရာမှာ အေးစက်သွားသည်။ သူက ယေးလ်ဆက်အရှေ့သို့ ပြေးသွားပြီး လျှပ်စီးတမျှ အမြန်နှုန်းဖြင့် သူ့မျက်နှာကို ကန်လိုက်၏။ ထိုအခိုက်အတန့်မှာပင် သူ၏လက်ထဲ၌ ဓားမြှောင်တစ်လက် ပေါ်လာပြီး ယေးလ်ဆက်၏ပခုံးနှစ်ဖက်အား အလျင်အမြန် ထိုးချလိုက်ရာ သွေးများပန်းထွက်၍ အပေါက်နှစ်ပေါက် ဖြစ်ပေါ်သွားလေသည်။

“ခွေးကောင်.....”

ဘုန်း....

ယေးလ်ဆက် ဆဲဆိုလိုက်သည်နှင် မိုအားဝူက သူ၏ပါးစပ်ကို ရိုက်ချလိုက်သည်။ သူ၏သွားများမှာ သန်မာခိုင်ခံ့သော်လည်း အတော်များများမှာ ကျိုးကြေသွား၏။

“ဒူးထောက်စမ်း”

ဘားကောင်တာ၌ ခြေထောက်ချိတ်လျက် ထိုင်နေသော ထန်ရှုက ယေးလ်ဆက်အား ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် အေးစက်စွာ စိုက်ကြည့်နေလေသည်။ ဤရာဇ၀တ်သားများအား သူ မည်မျှတုန်လှုပ်ခြောက်ခြားစရာကောင်းကြောင်း သင်ကြားပြသရန် စိတ်ပိုင်းဖြတ်ထား၏။

All Chapters