အခြားသူများကို သတိပေးရန် အချို့ကို အပြစ်ပေးခြင်း
Vol. 60 Ch. 836
ယေးလ်ဆက်က သူ့ပါးစပ်မှ သွေးများကို သုတ်၍ ကြမ်းပြင်ပေါ်မှ ဖြည်းဖြည်းချင်း ထကာ ထန်ရှုအား အမျက်ချောင်းချောင်းထလျက် စိုက်ကြည့်လိုက်သည်။ သူ၏ အနိုင်မခံအရှုံးမပေးလိုသော အမူအရာက သူ့ပတ်ပတ်လည်ရှိ ထောင်သားများထံမှ အားပေးမှုကို တစ်ခဲနက် ရရှိသွားစေ၏။ သူတို့ကား ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်လိုသည်မှာ သိသာပေသည်။
တင်းမာခက်ထန်သော အမူအရာဖြင့် ဂီတဲက မဲ့ပြုံးပြုံးလိုက်၏။ “မင်း ငါတို့ကို ကယ်လာပြီး သစ္စာခံခိုင်းတာ အခုလို အရှက်ခွဲချင်လို့မလား”
“မင်းတို့ကို အရှက်ခွဲရမယ်ဟုတ်လား။ မင်းတို့က အရှက်ခွဲရလောက်တဲ့အထိ အဆင့်ရှိတယ် ထင်နေတာလား” ထန်ရှုက လှောင်ပြောင်ရယ်မောလိုက်သည်။ “မင်းတို့အသက်တွေက ငါ့လက်ထဲမှာတိုတာ မေ့မနေနဲ့ဦး။ ငါ့အတွေးလေးတစ်ချက်က မင်းတို့ စိတ်ဝိညာဉ်ကို တစ်သက်လုံး ပြန်၀င်စားလို့မရတော့တဲ့အထိ စိစိညက်ညက် ကြေသွားအောင် လုပ်နိုင်တယ်”
“မင်းက စွမ်းအားကြီးတယ်ဆိုတာ ငါ ၀န်ခံပါတယ်။ တစ္ဆေကို အညံ့ခံအောင် လုပ်နိုင်ခဲ့တာ လေးစားအားကျစရာပဲ” ဂီတဲက လေးပင်စွာ ပြောသည်။ “ငါ့အမြင်မှာ ဒီကမ္ဘာကြီးက ကြီးနိုင်ငယ်ညှင်းကမ္ဘာကြီးပဲ။ မင်းက ငါတို့ထက် သန်မာပြီး ထောင်ကနေကယ်ပေးခဲ့လို့ မင်းလက်အောက်မှာ အလုပ်လုပ်ပေးဖို့ ဆန္ဒရှိတယ်။ ဒါပေမဲ့ စောက်ဘ၀င်မြင့်မနေနဲ့ကွ။ မင်းနောက်လိုက်ပြီး မင်းအတွက် အလုပ်လုပ်ပေးဖို့ ကတိပေးခဲ့တာ။ နောက်ထပ်လှောင်အိမ်တစ်လုံးမှာ ချုပ်နှောင်ထားဖို့ ခွင့်ပြုခဲ့တာမဟုတ်ဘူး”
“ဟက်....” ထန်ရှုက နှာတစ်ချက်မှုတ်၍ သူစမစ်ဆူဘီရှီဓားအား ဝှေ့ရမ်းကာ ဂီတဲ၏နှလုံးသား၌ ချက်ချင်း ထိုးစိုက်လိုက်သည်။ ထန်ရှုက ဓားအား ဂီတဲ၏နောက်ကျောမှ ဆွဲထုတ်လိုက်ပြီးနောက် ကိုယ်ကို လှည့်၍ သူ၏ဦးခေါင်းအား တိခနဲ ဖြတ်လိုက်ရာ ခေါင်းမှာ ဘုတ်ခနဲ ပြုတ်ကျသွား၏။
“ဘာ....”
တစ္ဆေ၊ အမ်မိုစ့်နှင့်အမ်မိုစိုင်တို့ ညီအစ်ကို နှစ်ဦးကလွဲ၍ ကျန် ထောင်သား ၂၀၀ မှာ မျက်နှာများ ပျက်ယွင်းသွားကြ၏။ သူတို့မျက်နှာပေါ်ရှိ အပြုံးများမှာ အေးခဲသွားပြီး ခန္ဓာကိုယ်များမှာ တောင့်တင်းသွားလေသည်။ သူတို့မျက်လုံးများကား မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော်လည်း စိတ်အလိုမကျသောကြောင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်လိုက်သည့် ထန်ရှုနှင့် မယှဉ်နိုင်ချေ။ ထိုမြင်ကွင်းက သူတိုစိတ်ဝိညာဉ်များကိုပင် တုန်လှုပ်ခြောက်ခြားသွားစေ၏။
ထန်ရှုက သူ၏အကြည့်ကို ယေးလ်ဆက်ထံ ပြောင်းလိုက်ပြီး စိတ်မပါစွာ မေးလိုက်သည်။ “မင်း ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးမလဲ။ အသေခံမလား..အမိန့်နာခံမလား”
ယေးလ်ဆက်၏ဒေါသများမှာ ရုတ်ချည်း ပျောက်ကွယ်သွား၏။ ထန်ရှု၏ထိတ်လန့်ဖွယ်အင်အားကို သူ့မှာ အံ့ဩမှင်သက်ခဲ့ရပြီးဖြစ်သည်။ သို့သော် ယခုတွင် သူ၏ရက်စက်မှုကို မြင်လိုက်ရသောအခါ ပို၍ကြောက်ရွံ့သွားမိ၏။ သို့သော် လူအများ၏ရှေ့မှောက်တွင် မျက်နှာကို အထိုးခံခဲ့ရသည်အား လက်မခံနိုင်ချေ။
“ငါ မင်းရဲ့အမိန့်တွေကို နာခံနိုင်ပေမယ့် ငါတို့ကိုလည်း လေးစားသင့်တယ်။ ဒါအပြင် ငါတို့ကို ခေါ်လာဖို့ ဒုက္ခခံခဲ့ရတယ်မလား။ မင်း ငါတို့အားလုံးကို သတ်မှာမဟုတ်ပါဘူး”
ထန်ရှုက ပြုံး၍ ခေါင်းခါရမ်းလိုက်၏။ သူ၏လက်များက ချိပ်စည်းတစ်ခုကို ဖော်ဆောင်လိုက်ရာ ယေးလ်ဆက်၏ပတ်ပတ်လည်တွင် မီးတောက်များ ပေါ်လာသည်။ ယေးလ်ဆက်မှာ မမြင်ရသော ဓာတ်ဆီများဖြင့် လောင်းချခံထားရသည့်အလား မီးတောက်များက သူ့ကိုယ်ပေါ်တွင် တဟုန်းဟုန်း တောက်လောင်နေ၏။
“အားးးး”
မရှုမလှအော်သံတစ်သံက ယေးလ်ဆက်၏ပါးစပ်မှ ထွက်ပေါ်လာ၏။ သူ့မှာ ခုန်ဆွခုန်ဆွဖြင့် ရုန်းကန်နေသည်။ ကြမ်းပြင်ပေါ် လှဲချ၍ လူးလိမ့်လိုက်သော်လည်း မီးတောက်များက ပိုမိုအားကောင်းစွာ တောက်လောင်လာ၏။
ထန်ရှုက စီးကရက်တစ်လိပ်ကိုထုတ်၍ ယေးလ်ဆက်လက်မှ မီးစဖြင့် မီးညှိကာ နှစ်ရှိုက်ဖွာလိုက်သည်။ ထို့နောက် သူက လှောင်ပြုံးပြုံးလိုက်၏။ “မင်းက ငါ့ကို လေးစားမှုဆိုတဲ့ စကား ပြောရဲတယ်ပေါ့။ ရယ်စရာပဲကွာ။ မင်းက အလုပ်သမားစခန်း ၁၃၁၉ မှာ နှိပ်စက်ခံရပြီးတော့ အစောကြီးထဲက သေနေလောက်ပြီ။ ငါက မင်းကို ဒုတိယဘ၀ ပေးခဲ့တာဆိုတော့ ငါ့အမိန့်ကို နာခံရမယ်။ မင်းသိလား။ ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး။ ပုရွက်ဆိတ်တစ်ကောင်က လေးစားခံရသင့်လို့လား”
သူ၏စကားလုံးများက တလိပ်လိပ် ပျံလွင့်၍ လူတိုင်း၏နားထဲသို့ ၀င်ရောက်သွား၏။
ထိုအခိုက်အတန့်တွင် ကြည့်ရှုနေသော ထောင်သားအားလုံးမှာ ထန်ရှု၏ရက်စက်ကြမ်းကြုတ်မှုကြောင့် အံ့ဩမှင်သက်သွားကြသည်။ ထန်ရှု၏ လှောင်ပြောင်သော စကားလုံးများက သူတို့ကို ဒေါသူပုန် ထသွားစေ၏။ သို့ထိတိုင် မည်သူကမှ ပါးစပ်မဟရဲကြဘဲ ယေးလ်ဆက်တစ်ယောက် အရှင်လတ်လတ် ပြာကျသွားသည်ကိုသာ ကြည့်နေကြချေသည်။
ဝုန်...
လောင်းကစားခန်းမ၏တံခါးမှာ ပွင့်ထွက်သွားသဖြင့် လူတိုင်းက အပျက်အစီးများကို လှမ်းကြည့်လိုက်ကြ၏။
ယင်းကား ရွှဲရွှဲစိုနေသော ဂီလွန်တိုမာအား တရွတ်တိုက် ဆွဲခေါ်လာသည့် ရွှီကွေ့ပင်။ သူက ထန်ရှုအရှေ့သို့ ရောက်သည်နှင့် တရိုတသေ ပြောလိုက်သည်။ “ထွက်ပြေးသွားတဲ့ကောင်ကို ကျွန်တော်ဖမ်းလာပါတယ် သူဌေး”
ထို့နောက် ပြောပြီးနောက် သူက ဂီလွန်အား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
ထန်ရှုက ခပ်ဖွဖွ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကြမ်းပြင်ပေါ်မှ ထထိုင်လိုက်သော ဂီလွန်ကို ကြည့်ကာ ပြော၏။ “ငါမင်းကို ထောင်ထဲကနေ ကယ်ထုတ်ဖို့ စွမ်းအင်တွေအကုန်ခံပြီး ကြိုးစားခဲ့ရတယ်။ မင်းကလည်း ငါ့ကို သစ္စာခံခဲ့တယ်။ အခု ဘာလို့ ကိုယ့်စကားကိုယ် မတည်ဘဲ ထွက်ပြေးပြီးတော့ ငါ့ကို သစ္စာဖောက်ချင်ရတာလဲ”
ကြမ်းပြင်ပေါ်ရှိ ဂီတဲ၏အလောင်းက ဂီလွန်၏စိတ်နှလုံးကို တုန်လှုပ်သွားစေ၏။ သို့သော် သူက အံတင်းတင်းကြိတ်၍ ကိုယ့်သေတွင်းကိုယ်တူးလိုက်သည်။ “မင်း ငါ့ကို ကယ်ခဲ့တာမှန်ပေမယ့် လူတိုင်းမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတယ်။ ငါအလိုချင်ဆုံးက လွတ်လပ်မှုပဲ။ ဘယ်သူ့ရဲ့ပိတ်လှောင်ထိန်းချုပ်တာကိုမှ ငြိမ်ခံမှာမဟုတ်ဘူး။ ငါ မင်းကို တစ်ချိန်ကျရင် ကျေးဇူးပြန်ဆပ်မှာပါ။ ငါ့တစ်ဘ၀လုံးကိုတော့ မပေးနိုင်ဘူး”
ထန်ရှုမျက်နှာပေါ်ရှိ အပြုံးက ပို၍တောက်ပသွားသည်။ သူက ဂီလွန်၏ တည်ကြည်လေးနက်နေသော မျက်နှာကို ကြည့်၍ လက်ခုပ်တီးလိုက်၏။ “မဆိုးပါဘူး။ မင်းက တကယ် လွတ်လပ်မှုကို လိုအပ်နေတာပဲ”
ဂီလွန်မှာ စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် မေးလိုက်သည်။ “ဒါဆို ငါ့ကို လွှတ်ပေးမှာလား”
“ဒါပေါ့ ထန်ရှုက ခေါင်းညိတ်၍ ဖြေသည်။ “မင်းကို လွှတ်ပေးရုံတင် မကဘူး။ ငါကိုယ်တိုင် ကောင်းကင်ဘုံလို နေရာဆီပါ ပို့ပေးမယ်”
ဂီလွန်မှာ ၀မ်းမြောက်ပျော်ရွှင်သွားပြီး လူအုပ်ကြီး၏အရှေ့တွင် လောင်းကစားခန်းမတံခါးဘက်သို့ လှည့်ကာ ထွက်သွား၏။
ထန်ရှုက စီးကရက်ကို တစ်ချက်ခါလိုက်ပြီး ကြည်လင်ပြတ်သားစွာ ပြောလေသည်။ “ထောင်ကနေ ခေါ်လာခဲ့တဲ့ ထောင်သားတိုင်းရဲ့အသက်တွေက ငါ့လက်ထဲမှာလို့ ပြောခဲ့တယ်။ မင်းတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တားမြစ်ချိပ်စည်းတစ်ခု စီရင်ထားတာကိုလည်း ပြောပြခဲ့တယ်။ မင်းတို့ ဘယ်တော့မှ ပြန်ဝင်စားလို့မရအောင် မင်းတို့ရဲ့ဝိညာဉ်တွေကို အတွေးလေးတစ်ချက်နဲ့ ဖျက်ဆီးပစ်လို့ရတယ်ကွ”
ဝှစ်...
လေပြင်းတစ်ချက်က ရုတ်တရက် တိုက်ခတ်လာပြီး ထန်ရှုခန္ဓာကိုယ်အား မီတာ၀က်ခန့် မြင့်တက်သွားစေ၏။ သူက နောက်ကျောတွင် လက်ယှက်၍ အေးစက်စွာ အော်ဟစ်လိုက်သည်။ “သေစမ်း”
အပြင်သို့ ခပ်သုတ်သုတ်လျှောက်သွားနေသော ဂီလွန်၏ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး သူ့ပါးစပ်မှ သွေးများ အဆက်မပြတ် ပန်းထွက်လာ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှာ အသက်ကင်းမဲ့လျက် ကြမ်းပြင် လဲကျသွားတော့သည်။
အနီး၌ ထိုင်နေသော တစ္ဆေ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ သူက ဂီလွန်၏အလောင်းဘေးသို့ ဖြတ်ခနဲ သွားရောက်၍ နှာဖျား၌ သူ၏လက်ချောင်းကို တေ့လိုက်သည်။ မိနစ်၀က်ကြာသော် သူက ကြမ်းပြင်ပေါ်မှ ခက်ခက်ခဲခဲ ထရပ်၍ မိုအား၀ူတို့အဖွဲ့ကို အကဲခတ်ကာ လက်ယှက် အရိုအသေပေးလိုက်၏။ “တစ္ဆေ သူဌေးကို အမြဲတမ်း သစ္စာရှိပါ့မယ်”
သူက ဒီအတိုင်း သေသွားတာလား။
လောင်းကစားခန်းမအတွင်းရှိ ထောင်သား ၂၀၀ နီးပါးမှာ ဂီလွန်တိုမာ၏အလောင်းအား ထိတ်လန့်အံ့ဩစွာ ကြည့်နေကြ၏။ ဂီတဲအား ဓားဖြင့်ထိုးသတ်ခြင်းနှင့် ယေးလ်ဆက်အား အရှင်လတ်လတ် မီးရှို့သတ်ခဲ့ခြင်းတို့ကို သူတို့ ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။ သို့သော် ထန်ရှု၏အော်သံလေးတစ်ချက်ကြောင့် ဂီလွန်သေဆုံးသွားရခြင်းက သူတို့၏စိတ်ဝိညာဉ်များကို တုန်လှုပ်သွားစေ၏။
သူတို့၏အသက်များအား ထိန်းချုပ်ထားပြီး ချက်ချင်းသေစေနိုင်သည်ဟု သူ ပြောခဲ့သည်က အမှန်ပင်လော။
ထောင်သား ၂၀၀ နီးပါး၏အကြည့်များက လေထဲတွင် ဝဲနေသည့် ထန်ရှု အပေါ် ကျရောက်သွား၏။ သူတို့က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လက်ယှက်အရိုအသေပေးလိုက်ကြသော်လည်း အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့၏အသံများက ပြိုင်တူ ထွက်ပေါ်လာ၏။ “သူဌေးအပေါ်မှာ အမြဲတမ်း သစ္စာရှိပါ့မယ်”
ထန်ရှုက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မင်းတို့ ပါးစပ်ကနေ ကြိုက်သလောက် စကားလုံးလှလှလေးတွေ ပြောလို့ရတယ်။ ငါ့အတွက် အဓိပ္ပာယ်မရှိဘူး။ ငါ မြင်ချင်တာ မင်းတို့ရဲ့ အပြုအမူတွေပဲ။ မင်းတို့ ငါ့ကို သစ္စာဖောက်လည်း ဂရုမစိုက်ဘူး။ ကမ္ဘာကြီးရဲ့ ဘယ်နေရာကို ပြေးပြေး ငါ့အတွေးတစ်ချက်နဲ့ လှမ်းသတ်လို့ရတယ်”
“သူဌေး အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ” တစ္ဆေက မေးသည်။
“ခန္ဓာကိုယ်ပေါ်မှာ ချုပ်နှောင်ချိပ်စည်းစီရင်ထားလိုက်တာ။ အတိအကျဆိုရင်တော့ နှလုံးသားမှာပေါ့” ထန်ရှုက ရှင်းပြ၏။ “ဒါပေမယ့် မင်းက အားနည်းတဲ့အတွက် ထိန်းချုပ်ခံနေရတယ်ဆိုတာကို အာရုံမခံနိုင်ဘူး။ ငါကတော့ အလွယ်တကူ အာရုံခံလို့ရတယ်။ မင်းရဲ့ခွန်အား အဆပေါင်းများစွာ တိုးတက်လာတဲ့အချိန်အထိ စောင့်လိုက်။ အဲ့အချိန်ကျရင် မင်း အာရုံခံလို့ရပြီ”
ထောင်သားများ၏မျက်နှာအမူအရာများမှာ ကြောက်ရွံ့လွန်းသဖြင့် သွေးဆုတ်ဖြူဖျော့နေ၏။ သူတို့၏မျက်၀န်းများ၌လည်း အကြောက်တရားများ ပြည့်နှက်နေချေသည်။ ထိုအခိုက်အတန့်တွင် ထန်ရှု၏ဆန္ဒကို ဖီဆန်ပါက အသေဆိုးနှင့် သေကြရမည်ဖြစ်ကြောင်း နားလည်သွားကြလေပြီ။
သူတို့၏အမူအရာများကြောင့် ထန်ရှုမှာ ပို၍ပင် ကျေနပ်သွား၏။ သူသည် အသက်ကို အရေးမထားသော ထိုလူ ၃ ယောက်ကိုပင် ကျေးဇူးတင်သွားမိသည်။ ထိုသုံးယောက်ကြောင့်သာမဟုတ်လျှင် ဤလူယုတ်မာများ သူ့အမိန့်ကို နာခံလာအောင် လုပ်နိုင်မည်မဟုတ်ခဲ့ချေ။
သို့သော် အကျိုးအမြတ်မပေးဘဲ ဤသို့ ခြောက်လှန့်နေခြင်းက အလုပ်ဖြစ်မည်မဟုတ်ကြောင်း သူကောင်းကောင်းသိ၏။ ရော့ပတ္တမြား..ရော့နဂါး နည်းဖြင့်သာ သူတို့၏နှလုံးသားများကို အမှန်တကယ် အနိုင်ရနိုင်ပေလိမ့်မည်။
ထို့ကြောင့် ထန်ရှုသည် လူများအား ဝေ့ကြည့်လျက် ထပ်ပြောလိုက်၏။ “စိုးရိမ်ပူပန်နေစရာ မလိုဘူး။ ငါက အပြစ်မရှိတဲ့လူကို မသတ်သလို စိတ်ရှိတိုင်း သတ်ဖြတ်တတ်တဲ့ လူလည်း မဟုတ်ဘူး။ မင်းတို့ ငါ့အပေါ် သစ္စာရှိရင် အန္တရာယ်မကျရောက်စေမယ့်အပြင် ဆုပေးဦးမှာ။ မင်းတို့ယာယီနေရမယ့် နေရာတစ်ခုကို ရောက်ရင် အင်မော်တယ်ကျင့်ကြံနည်းတစ်စုံကို ပေးမယ်။ မင်းတို့ အလေးအနက်ထားပြီး လေ့ကျင့်သရွေ့ အနာဂတ်မှာ မင်းတို့ရဲ့ ခွန်အားတွေ တိုးတက်လာလိမ့်မယ်။ အခုထက် အဆပေါင်းထောင်နဲ့ချီပြီး တိုးတက်လာနိုင်တယ်”
ချန်းယန်မှာ တရုတ်လူမျိုးဖြစ်သော်လည်း မိဘများနှင့်အတူ နိုင်ငံရပ်ခြား၌သာ ကြီးပြင်းခဲ့ရသဖြင့် အင်မော်တယ်ကျင့်ကြံသူများအကြောင်းကို မကြားဖူးချေ။ ထို့ကြောင့် သူမက သတ္တိမွေး၍ ကျယ်လောင်စွာ မေးလိုက်၏။ “သူဌေး အင်မော်တယ်ကျင့်ကြံနည်းဆိုတာ ဘာတွေလဲဟင်။ ကျွန်မတို့က ဘယ်လို ကျင့်ကြံရမှာလဲ။ ပြီးတော့ သူဌေးပြောသလို အလေးအနက်ထားပြီး ကျင့်ကြံရင် အခုထက် အဆပေါင်းများစွာ ပိုသန်မာလာမှာလား”
“စိတ်ရှည်ရှည်ထားပါဦး။ ယာယီစခန်းကို ရောက်တာနဲ့ အင်မော်တယ်ကျင့်ကြံနည်းတွေနဲ့ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို ရှင်းပြမယ်” ထန်ရှုက ဖြေသည်။ “မင်း အခုအခြေအနေထက် အဆပေါင်းများစွာ သန်မာလာမလားဆိုတာကတော့ မင်းအပေါ် မူတည်တယ်”
“ကျွန်မ သေချာကြိုးစားပါ့မယ် သူဌေး” ချန်းယန်က ကျယ်လောင်စွာ ပြော၏။
ထန်ရှုသည် ဤကံကောင်းသောမိန်းကလေးကို အမြင်ကြည်ပြီး သူမကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ အားပေးစကားပြောပြီးနောက် သူသည် အတန်ကြာ စကားစမြည်ပြောကာ ထွက်ခွာသွား၏။ ကျင်းရှီနှင့် ကျန်လူများက အလောင်းနှစ်လောင်းနှင့် ကြမ်းပြင်ပေါ်ရှိ ပြာပုံကို ရှင်းလင်းလိုက်ကြသည်။
ဤအဖြစ်အပျက်မတိုင်ခင် ထန်ရှုသည် အစောင့်အားလုံးကို ထွက်သွားရန် အမိန့်ပေးထားခဲ့၏။ သူတို့မှာ ယခုတွင် ပြန်လည်ရောက်ရှိလာကြပြီး ထန်ရှုသည် အစောင့်များကို နှောင့်ယှက်ခြင်းမပြုရန် ထောင်သားများအား အမိန့်ပေးခဲ့သည်။ ထောင်သားများသည် ယခုတွင် အစောင့်များအား ကောင်းကောင်းမွန်မွန် ဆက်ဆံလာကြ၏။ သူတို့၏ဒေါသများကို ဖြေဖျောက်နိုင်ရန် ခပ်ချောချော စားပွဲထိုးလေးများအား အခန်းဆီ ခေါ်ဆောင်သွားရန် ကြံနေသောသူများပင်လျှင် ငြိမ်ကုပ်သွားကြသည်။
ကမ္ဘာပေါ်တွင် မိန်းမများ မရေမတွက်နိုင်အောင် ရှိသော်လည်း အသက်ကတော့ တစ်သက်သာ ရှိ၏။ သင်္ဘောပေါ်ရှိ ထိုစားပွဲထိုးမိန်းကလေးများကို စော်ကားမိပါက ထန်ရှုက သတ်လိမ့်မည်။ ရူးမိုက်လွန်းပြီး စွန့်စားရန် မထိုက်တန်ချေ။
မိုးသောက်ချိန် ရောက်သည့်အခါ သတင်းများက အစ္စရေးနိုင်ငံအား ငလျင်ကြီးများသဖွယ် ရိုက်ခတ်သွား၏။ နာရီပိုင်းအတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ဤအဖြစ်အပျက်ကို သိရှိသွားကြသည် - အလုပ်သမားစခန်း ၁၃၁၉ ၏ထောင်မှူးသည် အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်၍ မြေအောက်လူသတ်ပွဲများကို စီစဉ်ခဲ့ရာ ယခုတွင် ထောင်သား ၂၀၁ ယောက်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး မည်သည့်နေရာတွင်မှ ရှာမတွေ့ရချေ။