← Chapters

အားအကြီးဆုံးသူပဲ ရှင်သန်မယ့် ကစားပွဲ

Vol. 60 Ch. 837

အားအကြီးဆုံးသူပဲ ရှင်သန်မယ့် ကစားပွဲ

Vol. 60 Ch. 837

ပင်လယ်ကျယ်ကြီးအတွင်း၌ လူသူမရှိသော ကျွန်းတစ်ကျွန်းအား မြင်လိုက်ရသည်။ ကျွန်းကား စုစုပေါင်းဧရိယာ (၁၀) ကီလိုမီတာပင် မပြည့်၊ တောင်တောင်များလည်း အုံဆိုင်းလျက်။ အမြင့်ဆုံးတောင်ထပ်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၀၀) ခန့် မြင့်မားပြီး ပူစပ်စပ်ရာသီဥတုကြောင့် တစ်နှစ်ပတ်လုံး ချုံနွယ်ပိတ်ပေါင်း ထူထပ်နေသည်။

“ကျွန်းကို ကပ်မယ်ဟေ့”

ခရီးသည်သင်္ဘော ကမ်းစပ်၌ ကျောက်ချပြီးနောက် ထန်ရှုသည် တအံ့တဩ အားကျစွာ ကြည့်နေသော ထောင်သားများ၏မျက်စိရှေ့မှာတင် ကျွန်းပေါ် ဦးဆောင်ပျံသန်းသွား၏။ ထို့နောက် မိုအားဝူနှင့် ကျန်ရှိသူများက ထပ်ကြပ်မကွာလိုက်လာပြီး ကျွန်းပေါ်၌ တန်းစီနေရာယူလိုက်သည်။ ထောင်သားများမှာတော့ ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ကမ်းစပ်ကို ကရောသောပါး သွားနေကြသည်။

ထန်ရှုသည် လက်နှစ်ဖက်ကျောနောက်ပစ်လျက် လေပေါ်၌ ရပ်ပြီး ခပ်ဩဩအသံဖြင့် ပြော၏။ “အားဝူ၊ မင်းရဲ့ ဆယ့်တစ်ယောက်အဖွဲ့ကို ဖွဲ့ဖို့ ငါ အချိန်နှစ်ရက်ပေးမယ်။ သူတို့ စည်းကမ်းနဲ့အညီ အပိုးကျိုးနေတာ ငါ မြင်ချင်တယ်။ အေး မင်း အမိန့်ကို မနာခံရဲတဲ့လူရှိရင်လည်း ခေါင်းရှုပ်ခံမနေနဲ့။ ဘယ်သူတွေလဲသာ ငါ့ကို ပြောလိုက်။ ဒီနေရာမှာ ကိစ္စတုံးသွားအောင် ငါ လုပ်ပေးမယ်”

ဤနေရာတွင် အဖွဲ့တစ်ဖွဲ့ကို ထန်ရှု ရှင်းပစ်လိုကြောင်း မိုအားဝူ သဘောပေါက်သည့်အတွက် ကျယ်လောင်စွာ အော်သည်။ “သူဌေး အထူးတပ်သားတွေလို သူတို့ကို တောက်လျှောက်မောင်းစေချင်လား၊  တစ်ခါတလေတော့ သူတို့ စိတ်တိုင်းကျ ‌လေ့ကျင့်ပေးချင်လား”

ထန်ရှုက မိုအားဝူ တက်ကြွနေသည်ကို မြင်လျှင် ပြန်အော်သည်။ “ထန်ရှုရဲ့လူတွေအားလုံးက ထူးချွန်တဲ့စစ်သည်တော်တွေ အမြဲဖြစ်ခဲ့သလို၊ အမြဲဖြစ်နေလိမ့်မယ်။ တောတွင်းဥပဒေကို မင်းတို့ အားလုံး သိတယ်မလား..... အားနည်းသူဆိုတာ အားကြီးသူအတွက် အစာထက် မပိုဘူး။ ဒါက အားအကြီးဆုံးသူပဲ ရှင်သန်မယ့် ကစားပွဲ။ ပြီးတော့ အခု ငါ မင်းတို့ကို ဖုံးကွယ်ထားမနေတော့ဘူး။ သေသွားတဲ့သုံးယောက်ကို ဖယ်လိုက်ရင် ၁၉၇ ယောက် ကျန်သေးတယ်။ ဒါပေမဲ့ ဒီကျွန်းကနေ ငါနဲ့အတူ ခေါ်သွားမယ့် လူအရေအတွက် ၁၅၀ ထက်ပိုမှာမဟုတ်ဘူး။ နောက်တစ်မျိုးပြောရရင် ငါ့လေ့ကျင့်ရေးတွေနဲ့ အသားမကျတဲ့လူတွေ များနေရင်တော့ ဒီလူသူမဲ့ကျွန်းကနေ အသက်ရှင်လျက် ထွက်ခွာနိုင်မယ့် အရေအတွက်က အလွန်ဆုံးအယောက်တစ်ရာပဲ ဖြစ်မယ်”

ခပ်ထွားထွားလူမည်းတစ်ယောက်က ကမန်းကတမ်း မေးသည်။ “ဘယ်လိုအချက်တွေနဲ့ ထုတ်ပယ်မှာလဲ သိချင်ပါတယ် သူဌေး”

“မေးခွန်းကောင်းပဲ” ထန်ရှုက ကျေနပ်စွာ ပြောသည်။

“ဘယ်လိုအချက်တွေနဲ့ ထုတ်ပယ်မှာလဲဆိုတာက ရှင်းရှင်းလေးပဲ။ အမိန့်မနာခံတဲ့လူ၊ အချောင်ခိုတဲ့လူ၊ အချင်းချင်းသတ်တဲ့လူ၊ ထွက်ပြေးဖို့ကြိုးစားတဲ့လူ...အားလုံးထုတ်ပယ်ခံရမယ်”

“နောက်ဆုံးအဆင့်အတွက်ကရော သူဌေး” ထိုလူမည်းကပင် ထပ်မေးသည်။ “တစ်ယောက်ချင်းရဲ့ တိုက်ခိုက်နိုင်တဲ့ခွန်အားအရ ဆုံးဖြတ်မှာလား”

“တိုက်ခိုက်နိုင်တဲ့ခွန်အားနဲ့ ဆုံးဖြတ်တာက အင်မတန် ပေါ့ရွှတ်လွန်းတယ်။ မင်းတို့ကြားမှာ ခွန်အားပိုကြီးတဲ့သူနဲ့ ခွန်အားပိုနည်းတဲ့သူတွေ ရှိနေတယ်မဟုတ်လား” ထန်ရှုသည် အထင်သေးစွာ ဆို၏။ “ငါမှတ်မိတာ မှန်ရင် မင်းတို့ထဲက တချို့က သာမန်လူတွေဆိုပေမယ့် ခွန်အားအရာကလွဲရင် တခြားကဏ္ဍတွေမှာ အတော်လေးထူးချွန်ကြတယ်။ ဒီခွန်အားတစ်ခုတည်းအပေါ်သာ မူတည်ပြီး ထုတ်ပယ်မယ်ဆို အဲဒီလိုလူတော်တွေကို မလေးစားရာရောက်တာပေါ့”

ဤအခိုက်အတန့်တွင် ထန်ရှုဆိုလိုသည်ကို လူတိုင်း နားလည်သွားကြ၍ ထန်ရှုပြောသည့် စည်းကမ်းလေးချက်ကို မြဲမြံစွာ မှတ်သားလိုက်ကြပြီး ကျယ်လောင်စွာ သဘောတူလိုက်ကြသည်။

ထို့နောက် ထန်ရှုက တစ္ဆေကို ကြည့်ကာ အေးအေးလူလူ ပြောသည်။ “မင်း လေ့ကျင့်ရေးဆင်းစရာ မလိုလူး။ ငါနဲ့အတူ ကျွန်းကို လျှောက်ပတ်ကြည့်ရအောင်။ ငါတို့ခြေရာလက်ရာတွေကို ဖုံးကွယ်ဖို့ အစီအရင်တစ်ခု ချရလိမ့်မယ်”

အစီအရင်တဲ့လား

တစ္ဆေ တုန်ရီသွားသည်။ ဤအစီအရင်ဆိုသော စကားလုံးကို ဒဏ္ဍာရီများတွင် ကြားခဲ့ဖူးသလို၊ ၎င်း၏စွမ်းအားကိုလည်း သူ မြင်တွေ့ခဲ့ဖူးသည်။ သူ ထောင်ကျနေတုန်းက ထန်ရှုသည် သူ့ကို ချုပ်ဖို့ အစီအရင်တစ်ခု သုံးခဲ့သည်မဟုတ်ပါလော။

နှစ်ရက်ကြာသော်

ထန်ရှုကား တစ်ကျွန်းလုံးကို အစီအရင်တစ်ခုဖြင့် ဖုံးထားခဲ့ပြီးလေပြီ။ ကျွန်းသည် အပြင်မှကြည့်လျှင် လူသူကင်းမဲ့နေပုံ‌ပေါ်လိမ့်မည်။ အတွင်းကို မြင်တွေ့ရမည်မဟုတ်ပေ။ တစ္ဆေမှာ မြင်ယောင်မှားအစီအရင်ကို မြင်တွေ့ပြီးနောက် တအံ့တဩဖြစ်ကျန်ခဲ့၏။ အစီအရင်အရာ၌ ထန်ရှု၏အသိအမြင်နှင့် ကျွမ်းကျင်မှုက သူ့ကို ထန်ရှုအပေါ် ပို၍လေးစားမိစေသည်။ ကျင့်စဉ်ဆိုသည့်အရာများကို ကျင့်ကြံဖို့ သူ မစောင့်နိုင်တော့သလို၊ လျှို့ဝှက်ဆန်းကြယ်အစွမ်းများကို ပိုင်ဆိုင်ဖို့လည်း သူ မအောင့်နိုင်တော့ပေ။

“မဆိုးဘူးဟ”

ထန်ရှုသည် တစ္ဆေနှင့်အတူ လူအုပ်ကြီး၏အရှေ့ ပြန်ရောက်လာသောအခါ စနစ်တကျ တန်းစီနေသောလူတန်းငါးတန်းကို မြင်လျှင် ကျေနပ်သွားပုံပေါ်၏။ စည်းမဲ့ကမ်းမဲ့ ရိုင်းစိုင်းရက်စက်သော ဤထောင်သားများကား ပူးပေါင်းဆောင်ရွက်တတ်ဟန်တူသည်။ သူတို့သည် အသက်ဖြင့် ခြိမ်းခြောက်ခံထားရ၍ ကြိုးကြိုးစားစား လေ့ကျင့်ကြ၏။ မိုအားဝူနှင့် ကျန်ရှိသူများပင် ထန်ရှု၏သဘောအတိုင်း ဤလူများအား အကြောမှတ်နှင့် မရီဒျာန်များအကြောင်း သင်ကြားခြင်းပြီးဆုံးသွားခဲ့သည်။

ကျင့်ကြံနည်းအား သင်ကြားပို့ချခြင်းသည် လွယ်ကူရိုးရှင်းသော်လည်း လူအရေအတွက်များသည့်အတွက် ထန်ရှုမှာ လူတိုင်းစေ့သိရှိသွားအောင် ရက်ပေါင်းများစွာ အချိန်ယူလိုက်ရသေးသည်။

ကမ်း‌ခြေထက်၌

ထန်ရှုသည် လေတွင်ပျံဝဲ၍ အော်နေ၏။ “သင်ပေးသင့်တာတွေ မင်းတို့ကို သင်ပေးပြီးပြီ။ ဘယ်လိုအစွမ်းအစတွေ မင်းတို့မှာ ရှိခဲ့ရှိခဲ့ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ စဦးပိုင်းချီသန့်စင်အဆင့်ကို ရောက်တဲ့ ပထမဆုံးဆယ်ယောက်ကို ဒီဆေးလုံး ဆုချမယ်။ မှတ်ထား ဆယ်ယောက်တည်းနော်။ ဒါကြောင့် ကြိုးစားကြ”

ဆယ်ယောက်တည်းတဲ့လား

လူတိုင်း စိတ်အားတက်ကြွလာကြပြီး စိတ်ပိုင်းဖြတ်ထားသောဟန်ပန်ကို သူတို့၏မျက်ဝန်းများ၌ မြင်ရနိုင်သည်။ ထန်ရှုလို အစွမ်းထက်လာပြီး လေပေါ်တွင် ပျံနိုင်ဖို့က သူတို့တောင့်တနေသော အရာပင်။ သူတို့သည် ထိပ်ဆုံးဆယ်ယောက်ဖြစ်လာဖို့ ရေကုန်ရေခမ်း ကျင့်ကြံအားထုတ်ရန် တိတ်တဆိတ် စိတ်ပိုင်းဖြတ်လိုက်ကြ၏။

နောက်ရက်များတွင် လေ့ကျင့်ရေးများမှာ အတိုင်းထက်အလွန် ခက်ခဲကြမ်းတမ်းလာ၏။ ထန်ရှုက စွမ်းအင်စီးကြောင်းကို လေ့လာဖို့ လူတိုင်းအား နေ့စဉ်နာရီပိုင်းမျှ အချိန်ပေးသော်လည်း များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးများတွင်သာ အချိန်ကုန်တတ်လေသည်။

ဆယ်ရက်ကြာသည့်အခါ နေ့စဉ်ရက်ဆက် ကျွဲလိုနွားလိုအမောင်းခံရခြင်းက ဤလူများအား စိတ်ရောကိုယ်ပါ ချုံးချုံးကျလာစေသည်။ တချို့ဆို မခံနိုင်တော့၍ ထွက်ပြေးဖို့ ကြိုးစားကြရာ ထန်ရှုက သူတို့ကို သွေးအေးအေး ကွပ်မျက်ပစ်လေသည်။

ရက်နှစ်ဆယ်ကြာသည့်အခါ အသက်ရှင်နေသေးသူများသည် လူမဆန်သောလေ့ကျင့်ရေးနှင့် တဖြည်းဖြည်း အသားကျလာခဲ့၏။ ‌လေ့ကျင့်ခန်းပမာဏက နှစ်ရက်ကြာတိုင်း တိုးလာနေသည့်တိုင် သူတို့က ဇွဲရှိရှိ တောင့်ခံနိုင်ခဲ့ကြသည်။

၃၀ ရက်နေ့မြောက်၌ တစ္ဆေမှလွဲ၍ ၁၈၂ ယောက်သာ ကျန်တော့သည့်တိုင် သူတို့အားလုံးသည် တစ်လအတွင်းတည်းနှင့် ငရဲလေ့ကျင့်မှုကြောင့် ထောင့်ကျိုးအောင် ပုံသွင်းခံလိုက်ကြရ၏။ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်လာလျှင်ပင် ယခင်နှင့်မတူတော့ပေ။

ကံဆိုးစွာနှင့် လူငါးယောက်သာ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်စီးကြောင်းကို ခံစား၍ ကျင့်ကြံခြင်းနည်းနှင့် သဟဇာတဖြစ်အောင် ချီစီးကြောင်းအား ထိန်းချုပ်လှည့်ပတ်ကာ စဦးပိုင်းချီသန့်စင်ခြင်းအဆင့်သို့ ရောက်သေးလေသည်။ ဤငါးယောက်က တစ္ဆေ၊ အမ်မို့စ်၊ အမ်မိုစိုင်၊ ကျန့်ရှောင်ဟွာနှင့် နောက်ဆုံးတစ်ယောက်တော့ ထန်ရှုပင် အံ့ဩမိသော ချန်းယန်ပင်။

“ငါ သင်ပေးထားတဲ့ ကျင့်ကြံနည်းအတိုင်း မရီဒျန်တွေထဲ ချီစီးကြောင်းကို မင်း ထိန်းချုပ်နိုင်တာ သေချာပြီလား” ထန်ရှုသည် ချောင်ကျသွားသော ချန်းယန်၏မျက်နှာကို ကြည့်ကာ မေး၏။

“သေချာပါတယ်” ချန်းယန်က ပြန်ဖြေသည်။

ထန်ရှုက အတန်ကြာတိတ်ဆိတ်သွားပြီးနောက် မေးပြန်သည်။ “ကျင့်ကြံနည်းနဲ့ ဆင်တူတဲ့ တခြားနည်းလမ်းတွေကိုရော မင်း စမ်းကြည့်ခဲ့ဖူးလား”

“ချိကုန်းကို ထည့်တွက်လို့ရလား” ချန်းယန်က မေးသည်။

ချန်းယန် ဘာကြောင့် စဦးပိုင်းချီသန့်စင်ခြင်းအဆင့်သို့ တက်သွားခဲ့သလဲ ထန်ရှု ချက်ချင်း နားလည်သွားသည်။ ထုတ်လုပ်နိုင်သည့် စွမ်းအင်၏ အရည်အသွေးနှင့်အဆင့်က လွန်စွာနိမ့်ကျသည်မှလွဲ၍ ချိကုန်းကျင့်စဉ်လည်း ကျင့်ကြံခြင်းနည်းတစ်နည်းဖြစ်၏။ ၎င်းက ချန်းယန်အတွက် အခြေခံဖြစ်လာခဲ့သည်။ ကျင့်ကြံခဲ့သော ချီကို အစစ်အမှန်အဆီအနှစ်အဖြစ် ပြောင်းလဲလိုက်ပြီး ၎င်းကို ထိန်းချုပ်ပုံထိန်းချုပ်နည်းနှင့် ရင်းနှီးလာသည့်အခါ ချန်းယန်သည် စဦးပိုင်းချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့၏။

ဝှစ်

အရိပ်တစ်ခုက လျှပ်စီးလို အပြေးလာနေပြီး အသက်ရှိုက်စာအနည်းငယ်အတွင်း ထန်ရှုအရှေ့၌ ရပ်သည်။ ၎င်းက ရွှီကွေ့ဖြစ်ပြီး လေးစားရိုသေစွာ အစီရင်ခံသည်။

“ဒီလစောင့်ကြည့်မှုနဲ့ပတ်သက်ပြီး အစီရင်ခံပါတယ် သူဌေး။ ကျွန်တော်တို့ရဲ့ ကောင်းကင်ထက်ကနေ တိုက်လေယာဉ် ၆၆ စင်း၊ စစ်ရဟတ်ယာဉ် ၁၂၂ စင်း ဖြတ်သွားခဲ့ပြီး အနီးနားက ရေလက်ကြားတွေမှာ ဒုံးကျည်တပ်ခရူဇာသင်္ဘော ၅၂ စင်း၊ စစ်သင်္ဘော ၂၃ စင်းတို့ အသွားအပြန် ၁၄ ခေါက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရင်တစ်ပတ်မှာတော့ စစ်သင်္ဘော ၂ စင်း ဖြတ်သွားတာပဲ တွေ့ရပါတယ်ဗျ။ တိုက်လေယာဉ်ရော၊ စစ်ရဟတ်ယာဉ်ရော မတွေ့ခဲ့ရပါဘူး”

“ဆက်စောင့်ကြည့်ထား” ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် ပြောသည်။ “နောက်တစ်ပတ်ကျ ဒီနေရာက ခွာမယ်။ အားဝူကိုလည်း ငါ့ဆီလွှတ်လိုက်။ သူ့ကို မေးစရာတစ်ခုရှိလို့”

“အမိန့်အတိုင်းပါ သူဌေး” ရွှီကွေ့က အမိန့်ကို လက်ခံပြီးနောက် ထန်ရှုအရှေ့မှ ပျောက်ကွယ်သွားသည်။

မိနစ်အနည်းငယ်ကြာသော် မိုအားဝူသည် အနက်ရောင်ယူနီဖောင်းဖြင့် ထန်ရှုအရှေ့၌ လျင်မြန်စွာ ပေါ်လာ၏။ သူက ထန်ရှုအမေးကို မစောင့်ဘဲ လေးလေးစားစား တင်ပြလေသည်။ “သူဌေး ကျွန်တော်တို့ အပြင်အဆက်အသွယ်တွေကနေတစ်ဆင့် နိုင်ငံအမျိုးမျိုးရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေကို ရှာပြီးပါပြီ။ အစ္စရေးမှာရှိတဲ့ ထောင်ရဲ့အခြေအနေကိုလည်း ကျွန်တော်တို့ သိထားတယ်”

“ပြော” ထန်ရှုက ပြောသည်။

“တစ်လကျော်လောက် ရှာဖွေပြီးတဲ့နောက် နိုင်ငံအသီးသီးရဲ့ ယာယီထောက်လှမ်းတပ်ဖွဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ခေါ်ခံခဲ့ရတယ်။ အစ္စရေးနဲ့ အနီးနားနိုင်ငံတွေပဲ ကျွန်တော်တို့ကို ရှာရင်း ကျန်ခဲ့တော့တယ်ဆိုပေမယ့် ... တစ်ဖွဲ့ဖွဲ့နဲ့ ဆုံနိုင်ခြေ ရှိသေးတော့ အခုအချိန်ထွက်သွားရင် နည်းနည်းဒုက္ခများဦးမယ်ထင်တယ်”

မိုအားဝူက ပြောသည်။ “ပြီးတော့ ကျွန်တော်တို့အစီအစဉ်က ပျက်သွားသလိုပဲဗျ။ ထောင်ရဲ့ လက်ထောက်ထောင်မှူးက ထောင်မှူးအဖြစ် ရာထူးတိုးသွားရုံတင်မကဘဲ အလုပ်သမားစခန်း ၁၃၁၉ ကိုလည်း ရွှေ့ပြောင်းခံလိုက်ရသလို နိုင်ငံအသီးသီးရဲ့ စစ်ဆေးရေးအရာရှိတွေရဲ့ စစ်မေးတာ ခံနေရတုန်းပဲ။ ဂု့စ်ဂေးလ်ဆီက သတင်းလည်း ရတယ်ဗျ။ မြေအောက်ဂိုဏ်းတွေကို အစိုးရက ရှင်းလင်းရေးတွေ လုပ်နေတာကြောင့် သူ့လူတွေ အထိနာနေတယ်လို့ ပြောတယ်။ သူ့ကို တဲလ်အဗစ်မြေအောက်လောကရဲ့  ဖခင်ကြီးဖြစ်လာအောင် လုပ်ပေးမယ့် အစီအစဉ်ကို ကျွန်တော်တို့ အသက်ရှူချောင်တဲ့အချိန်အထိ ဆွဲထားရမှာ ကျွန်တော် စိုးရိမ်မယ်။ သူက အသေးစိတ်လည်း ပြောပါဦးတဲ့”

ထန်ရှုက စိတ်မဝင်စားသလို ခေါင်းခါကာ ပြောသည်။ “သူ့ကို နှစ်ဝက်လောက် ဇာတ်မြှုပ်နေဖို့ ပြောလိုက်။ ခြောက်လနေရင် ကူဖို့ လူလွှတ်ပေးမယ်။ ပြီးတော့ သူ့ကို အသေးစိတ်ပြောစရာအကြောင်းလည်း မရှိဘူး”

“နားလည်ပါပြီ” မိုအားဝူက ပြောသည်။

“ငါ့အမိန့်ကို ဆက်ဖြန့်လိုက်။ ဒီမှာ နောက်တစ်ပတ် နေမယ်။ ပြီးရင် ချက်ချင်း ထွက်ခွာကြမယ်” ထန်ရှုက နောက်တစ်ခေါက် ပြောလိုက်သည်။

မိုအားဝူမှာ ချီတုံချတုံဖြစ်သွားသော်လည်း ပြောလိုက်သေး၏။ “ကျွန်တာ်တို့ရဲ့ သင်္ဘောဆီက သတင်းတစ်ခုလည်း ရထားတယ် သူဌေး။ ရိက္ခာလည်း ကုန်ခါနီး၊ သင်္ဘောလည်း ဆီပြတ်တော့မယ်တဲ့”

“ဘယ်လို” ထန်ရှုသည် မျက်မှောင်ကြုတ်ကာ မေး၏။ “ငါတို့ကမ်းကပ်ကတည်းက သင်္ဘောဆီက ရိက္ခာတွေကို တစ်ခါမှမစားခဲ့ဖူးလေ။ ဘယ်လိုလုပ် ဒီလောက်အကုန်မြန်နိုင်မှာတုန်း။ သင်္ဘောပေါ်မှာ သင်္ဘောသားနဲ့ အစောင့်ပေါင်းလို့မှ အယောက်နှစ်ဆယ်ပဲ ရှိတာမဟုတ်လား။ ရိက္ခာက သူတို့အတွက် လပိုင်းလောက်တော့ ခံသင့်ပါတယ်”

“ကျွန်တော်လည်း အဲဒီအကြောင်း မေးထားတယ် သူဌေး” မိုအားဝူသည် အားတင်းပြုံးကာ ပြော၏။ “ရိက္ခာတွေက ရာသီဥတုပူလွန်းတာရယ်၊ စိုထိုင်းလွန်းတာရယ်ကြောင့် အလေအလွင့်ဖြစ်ကုန်တာလို့ပြောတယ်”

ရာသီဥတုကြောင့်တဲ့လား

ထန်ရှုသည် အံ့အားသင့်သွားပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ ဤအကြောင်ရင်းကို သူ မျက်စိသျှမ်းခဲ့မိသည်။ ထိုကိစ္စကို အတန်ကြာစဉ်းစားပြီးနောက် သူက ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်လေသည်။ “သွား ကပ္ပတိန်ကို သွားပြောချည်။ ငါတို့က ကျွန်းပေါ်မှာ အမဲလိုက်မယ်၊ သူတို့ကတော့ တစ်ပတ်စာစားဖို့ ငါးသာရှာလိုက်လို့။ လူတိုင်းအတွက် လဝက်စာတော့ သေချာပေါက်ရမှာပါ”

“ဟုတ်ကဲ့” မိုအားဝူက ပြန်ဖြေသည်။

နောက်ဆုံးခုနစ်ရက်သည် လူတိုင်းအတွက် လေ့ကျင့်ရေးအဆုံးသတ်ဖြစ်၏။ မိုအားဝူအဖွဲ့၏ ဦးဆောင်မှုညွှန်ကြားမှုအောက်တွင် လူငါးယောက်တစ်ဖွဲ့ဆီ ခွဲကာ ကျွန်းပေါ်၌ အမဲလိုက်ကြသည်။ ကျွန်းသည် သေးငယ်သော်ငြား တောရိုင်းကောင်များတော့ ပေါများ၏။ ယခုရက်ပိုင်း သူတို့စားခဲ့သမျှမှာ သားကောင်များဖြစ်သော်လည်း အရေအတွက်ကား မလျော့သေးပေ။

နောက်ဆုံးတော့ ခုနစ်ရက်မြောက်နေ့တွင် သင်္ဘောမှ သားငါးလုံလုံလောက်လောက် ရပြီဆိုသော သတင်းရောက်လာ၏။ သူတို့သာ မပုပ်မသိုးအောင် စီမံထားနိုင်လျှင် နောက်လဝက်အထိတော့ လောက်လိမ့်မည်။

ထန်ရှုသည် သတင်းရသည်နှင့် အမဲလိုက်နေသည်ကို ရပ်၍ သင်္ဘောဆီပြန်လာဖို့ အမိန့်ပေးလိုက်၏။ သူလည်း ဤခုနစ်ရက်အတွင်း တောရိုင်းတိရစ္ဆာန်အတော်များများအား တိုးတိုးတိတ်တိတ် အမဲလိုက်၏။ အကုန်လုံး သူ၏သိုလှောင်လက်စွပ်ထဲ၌ သိုသိုသပ်သပ် သိမ်းခံထားရလေသည်။ သင်္ဘောပေါ်၌ သိုလှောင်ထားသော အသားများ ရက်အနည်းငယ်ကြာလျှင် ပုပ်သိုးသွားလျှင်တောင်မှ လူတိုင်း အချိန်တစ်ခုအထိ လုံလုံလောက်လောက်စားနိုင်မည့်ပမာဏက သိုလှောင်လက်စွပ်အတွင်းတွင် ရှိနေလိမ့်မည်။

All Chapters