ချင်းလင်စီရင်စာ၏အချမ်းသာဆုံးလူ
Vol. 60 Ch. 839
ရက်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် ကျင်းမန်ကျွန်းသို့ ပြန်လာကာ တစ္ဆေ ထာ၀ရခန်းမအဖွဲ့၀င် ဖြစ်လာစေရန် စီစဉ်ပေးခဲ့၏။ ဂူယန်အာကို ရက်အနည်းငယ်ကြာ အဖော်ပြုပေးပြီးနောက်တွင် သူသည် မိုအားဝူတို့အဖွဲ့ကို ခေါ်ကာ ချင်ချန်းတောင်သို့ အလျင်အမြန် ထွက်လာခဲ့သည်။ ထွက်မသွားခင် သူသည် လုံ့ကျန့်လင်းကို ဆက်သွယ်ခဲ့သော်လည်း ရလဒ်က စိတ်ပျက်စရာကောင်းခဲ့သည်။ လုံ့ကျန့်လင်းသည် ချင်ချန်းတောင်သို့ သွား၍ ၀မ်ထောင်၏အစအနကို လိုက်ရှာခဲ့သော်ဘည်း ၀မ်ထောင်သည် သူ့ကို ရှောင်တိမ်းနေခဲ့၏။
ပိုးနီပန်းမှာ သွေးစုစည်းဆေးလုံး ဖော်စပ်ရန်အတွက် အကောင်းဆုံးပါ၀င်ပစ္စည်းဖြစ်သည်။ ၎င်း၌ လိုက်လျောညီထွေဖြစ်မှုရှိပြီး စွမ်းအင်ကိုဖြိုခွဲရန်အတွက် အထူးအာနိသင်ပါရှိ၏။ အင်မော်တယ်ကျင့်ကြံသူများ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားကို ကောင်းမွန်စွာ တိုးတက်စေနိုင်သည့် ဂုဏ်သတ္တိနှစ်ခုဖြစ်ချေသည်။
ထန်ရှု၏ကြယ်များဖြင့်ဖွဲ့စည်းအပ်သော ခန္ဓာကိုယ်အတွက် ချီနှင့်သွေးလည်ပတ်ခြင်းအဆင့်ကို ရောက်ရှိရန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် သူသာ ထိုအဆင့်သို့ ရောက်ရှိသွားလျှင် အခြေတည်ဝိညာဉ်အဆင့်မှ သာမန်ကျင့်ကြံသူများနှင့် တန်းတူဖြစ်သွားပေလိမ့်မည်။
အလောတကြီး ထွက်ခွာပြီးနောက် ထန်ရှုနှင့်မိုအားဝူတို့အဖွဲ့သည် ချင်းချန်တောင်သို့ ရောက်ရှိသွား၏။ အတိအကျပြောရလျှင် တောင်ခြေရှိ ရိုးရာအငွေ့အသက်များ ပြည့်နှက်နေသော ချင်းလင်စီရင်စုသို့ ရောက်ရှိလာခြင်းဖြစ်သည်။
စီရင်စုမှာ စီချွမ်၏လူသူမပေါက်ရောက်သော နေရာတွင် ရှိသော်လည်း သူ၏စီးပွားရေးအခြေအနေမှာ တောင်ပိုင်းရှိ စီရင်စုလေးများနှင့် ယှဉ်နိုင်၏။ အခြေချနေထိုင်သူအရေအတွက်မှာ မများပြားသော်လည်း ဤနေရာသည် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် နေရာလေးတစ်ခုဖြစ်ချေသည်။
စီရင်စုအတွင်းရှိ လမ်းမထက်တွင် တက္ကစီနှစ်စီးသည် ချီလင်မြို့ပြင်သို့ ဦးတည်မောင်းနှင်နေကြ၏။ ထန်ရှုသည် ဒုတိယတက္ကစီတွင် လိုက်ပါလာပြီး အပြင်ရှိ ရှုခင်းကို ကြည့်နေလေသည်။ အထူးသဖြင့် အဝေးရှိ တောင်တန်းကြီးကို ဖြစ်၏။ သူသည် ရောက်လျှင်ချင်း ဤနေရာလေးအား အင်မတန် နှစ်ခြိုက်သဘောကျသွားခဲ့သည်။
“ဟမ်”
ရုတ်တရက် ထန်ရှုမှာ ဆိုင်းဘုတ်များ၊ ဘတ်စ်ကားများနှင့် အဆောက်အဦးမြင့်ကြီးများထက်တွင် ချိတ်ဆွဲထားသော နာမည်ကြီးတစ်ယောက်၏ ပိုစတာများကို တွေ့လိုက်သဖြင့် အံ့အားသင့်သွားလေသည်။
“ကျန်းရှင်းယာက ဒီစီရင်စုမှာ အတော်လေး နာမည်ကြီးတဲ့ပုံပဲ ဦးလေး”
တက္ကစီမောင်းသူသည် သဘောကောင်းဟန်မပေါ်သော်လည်း ထန်ရှု၏အမေးက သူ့ကို စကားပြောချင်စိတ် ဖြစ်ပေါ်သွားသည့်အလားပင်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “အင်း အဲ့ကျန်းရှင်းယာရဲ့သတင်းတွေက နေရာတိုင်းမှာ တွေ့နေရတာပဲ။ ရွှေခွက်အင်ပါယာရဲ့ဗီလာဖွင့်ပွဲအတွက် တီဗွီမှာရော အင်တာနက်မှာပါ ပလူပျံနေတာ။ သတင်းမီဒီယာတွေလည်း အရင်လ၀က်က ကျန်းရှင်းယာ ရောက်လာတဲ့အကြောင်းကို သတင်းတွေ အကြီးအကျယ် ရေးတင်နေကြတာပဲ။ ဗီလာပိုင်ရှင်သူဌေးတောင် အတော်လေး နာမည်ကြီးသွားသေးတယ်”
“ဗီလာဖွင့်ပွဲလေးကို ဒီလို နာမည်ကြီးတစ်ယောက် ငှားစရာလိုလို့လား” ထန်ရှုမှာ အံ့အားသင့်သွား၏။ “ခင်ဗျားတို့စီရင်စုက သေးသေးလေးကို...”
“ညီလေး မင်းပြောတာ ငါတို့နေရာလေးက သေးလွန်းလို့ နာမည်ကြီးတစ်ယောက်နဲ့ ကြော်ငြာဖို့ မတန်ဘူးဆိုတဲ့ သဘောလား”
“ပုံကြီးချဲ့ရာ ရောက်သလားလို့ပါ” ထန်ရှုက ခေါင်းခါရမ်းလိုက်၏။
“အမှန်အတိုင်းပြောရရင် အဲ့လောက်ပုံကြီးချဲ့ရာ မရောက်ပါဘူး” တက္ကစီမောင်းသမားက ပြောသည်။ “ရွှေခွက်အင်ပါယာဗီလာတွေက ချင်းလင်စီရင်စုတစ်ခုလုံးမှာ အဆင့်အမြင့်ဆုံးပဲ။ တခြားနေရာက အာဏာရှိတဲ့သူဌေးတွေက အဲ့ဗီလာတွေကို ၀ယ်ကြတယ်။ မင်း ကြည့်တာ အဲ့အဆောက်အဦးက ဘယ်နေရာမှာရှိလဲ မသိတဲ့ပုံပဲ။ မဟုတ်ရင် မင်းမှာသာ ပိုက်ဆံရှိရင် အဲ့နေရာကို စိတ်၀င်စားမှာပဲ”
“ဒါဆို ကျွန်တော့်ကို ပြောပြပါလား” ထန်ရှုက တောင်းဆိုလိုက်၏။
“ရွှေခွက်အင်ပါယာဗီလာတွေက ချင်းချန်တောင်တန်းတွေရဲ့အောက်ခြေက အမြင်ဆုံးတောင်ထိပ်တွေမှာ ဆောက်ထားတာ။ ငါတို့ ချင်းလင်မြို့ထဲမှာတော့ မဟုတ်ဘူး။ မြောက်ဘက် ငါးကီလိုမီတာအကျော် တောင်အောက်ခြေမှာ ရှိတယ်။ အခုဆို အဲ့ဒီတောင်ထိပ်က ဇိမ်ခံစားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေးတွေ၊ ယဉ်ကျေးမှုနဲ့ တခြားလုပ်ငန်းတွေ ပြည့်နေတဲ့ အထက်တန်းလူတေရပ်ကွက်တစ်ခု ဖြစ်နေပြီ။ အဲ့နေရာက မြင့်မားတဲ့လူ့အဆင့်အတန်းအတွက် ပြရုပ်တစ်ခုလိုပဲ။ အဲ့ဒါတွေအားလုံးအပြင် ရွှေခွက်အင်ပါယာဗီလာတွေက ကမ္ဘာလှည့်ခရီးသည်တွေ ၀င်လို့မရတဲ့ ရှုခင်းနေရာမှာ ဆောက်ထားတာ”
“ကြည့်ရတာ ဒီဗီလာကို ဆောက်ခဲ့တဲ့လူက အတော်ချမ်းသာတဲ့လူဖြစ်ရမယ်” ထန်ရှုက အကျိုးအကြောင်း သိသွားသောအခါ ပြုံး၍ ပြော၏။
“အေးပေါ့ အဲ့ဒါ သဘာ၀ပဲလေ။ သူက ချင်းလင်မြို့ရဲ့အချမ်းသာဆုံး မိသားစုကပဲ။ ၀မ်ရွှယ့်ကန်းလေ။ ချင်းချန်တာအိုဘုန်ကြီးကျောင်းက လက်ထောက်ကျောင်းထိုင်ဆရာတော်ရဲ့ ညီပဲ” တက္ကစီမောင်းသမားက ပြုံး၍ ပြောသည်။
ချင်းချန် တာအိုဘုန်းကြီးကျောင်း...
ထန်ရှု၏မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူက ထပ်မံ မေးလိုကိ၏။ “အဲ့ဒီချင်းချန် တာအိုဘုန်းကြီးကျောင်းက ဘယ်မှာရှိတာလဲ။ ကမ္ဘာလှည့်ခရီးသွားတွေလည်ပတ်တဲ့ နေရာမှာပဲလား”
“ဟင့်အင်း အတော်ဝေးတယ်။ အတိအကျဆိုရင် ချင်းချန်တောင်ထိပ်မှာပဲ” တက္ကစီသမားက ခေါင်းခါရမ်း၍ ပြော၏။ “သာမန်ခရီးသွားတွေက အဲ့ဒီကို မသွားကြဘူး။ ယုံကြည်စိတ်ပြင်းပျတဲ့လူတချို့ပဲ အဲ့ကိုသွားပြီး အမွှေးတိုင်ထွန်းတာ၊ လှူတာတွေ လုပ်ကြတာပဲ”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး ချင်းချန်တာအိုဘုန်းကြီးကျောင်းအကြောင်းကို မမေးမြန်းတော့ချေ။ ထိုအစား သူတို့၏ ပြောလက်စ စကားကို ပြန်ဆက်လိုက်၏။ “ဒါဆို ကျန်းရှင်းယာက ချင်းလင်းစီရင်စုကို တကယ် လာခဲ့တယ်ပေါ့”
“သူ လာပြီလား ငါ မသိဘူး” တက္ကစီမောင်းသမားက ပြောသည်။ “ရွှေခွက်အင်ပါယာရဲ့ဗီလာရောင်းပွဲက ဇွန် ၂၈ မှ။ ကျင်းပမယ် ပြောတယ်။ သဘက်ခါပေါ့”
ထန်ရှုက ခေါင်းညိတ်၍ ပြတင်းပေါက်အပြင်သို့ ပြန်ကြည့်လိုက်သည်။ သူသည် ဤမြို့လေးသို့ ကျန်းရှင်းယာနှင့်တစ်ချိန်တည်း ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမနှင့်တွေ့ရန် ပြင်ဆင်ထားခြင်းမရှိသလို ဗီလာများကိုလည်း စိတ်မ၀င်စားချေ။ သူမကို အတတ်နိုင်ဆုံး ရှောင်တိမ်းရန်မှာ အကောင်းဆုံးဖြစ်မည်ဟု သူမှတ်ချက်ချလိုက်၏။
သူ သံယောဇဉ်တွယ်သွားမည်ကို ကြောက်ရွံ့မိသည်။ ကျန်းရှင်းယာ၌ သူ့အပေါ် ခံစားချက်များရှိကြောင်း သူသိ၏။ သူမသည် လွန်ခဲ့သည့်လများအတွင်း မရေမတွက်နိုင်အောင် ဖုန်းများခေါ်ခဲ့လေသည်။ သူကလည်း ၀တ်ကျေတမ်းကျေသာ ပြောဆိုဆက်ဆံခဲ့၏။
ချင်းလင်စီရင်စု၏ လူသူရှုပ်ထွေးသော ချီမောက်မြို့တွင်။
တက္ကစီပေါ်မှ ဆင်းပြီးနောက် ထန်ရှုသည် ချီမောက်မြို့ဝတွင် လက်ဖက်ရည်ဆိုင်တစ်ခုကို ရှာလိုက်သည်။ မိုအားဝူနှင့် ကျင်းရှီတို့က မြို့တွင်း ၀င်ရောက်သွားကြ၏။
သူတို့ အလိုရှိသည့် နေရာသို့ သွားရန် ကားများလိုအပ်ပေသည်။ ထို့ကြောင့် ထန်ရှုသည် သွားလာရေးအဆင်ပြေစေရန် ကားနှစ်စီး၀ယ်ရန် ဆုံးဖြတ်လိုက်၏။
နာရီ၀က်ကြာပြီးနောက် လုံ့ကျန့်လင်းမှာ ဟောဟဲလိုက်လျက် လက်ဖက်ရည်ဆိုင်အပြင်မှ ပြေးလာသည်။ သူသည် ပြတင်းပေါက်မှ ထန်ရှုကို တွေ့လိုက်ရသောအခါ ထန်ရှုအရှေ့၌ ၀င်ထိုင်လိုက်၏။ သူက ထန်ရှု ငှဲ့ထားသော လက်ဖက်ရည်ခွက်ကို မော့သောက်ကာ စိတ်ကျေနပ်စွာ ပြောလိုက်သည်။ “ရောက်လာပြီပဲ အစ်ကိုကြီး။ ဒီလိုပျင်းစရာနေရာမှာ တစ်လကျော်လောက် နေခဲ့ရပေမယ် အဲ့ဒီခွေးကောင် ၀မ်ထောင်ကို ဘယ်လိုမှ ရှာမတွေ့ဘူး”
“အခု ဝမ်ထောင်က ဘယ်မှာလဲ” ထန်ရှုက ပြုံး၍ မေး၏။
“ငါ လိုက်မေးနေတာပဲ။ အပြင်ကနေ ပြန်လာပြီးနောက် ချင်းလင်စီရင်စုက သူတို့မိသားစုစံအိမ်ထဲကနေ အပြင်ကို ထွက်မလာတော့ဘူး ကြားတာပဲ” လုံ့ကျန့်လင်းက ပြော၏။ “သူ့ပုံစံက အရင်ခေတ်တုန်းက အဘိုးကြီးတွေလိုပဲ။ အိမ်တွင်းအောင်းပြီး အပြင်ကို ခြေမချတာ တစ်လကျော်ပြီ။ အရိပ်တောင်မှ မမြင်ရဘူး။ သူ့အိမ်ကို ခဏခဏ သွားချောင်းပြီး သက်တော်စောင့်တွေ နှင်ထုတ်လို့ ပြန်လာခဲ့ရတယ်”
“သူ အိမ်မှာ ရှိတယ်ဆိုတာ သေချာလား” ထန်ရှုက မေး၏။
လုံ့ကျန့်လင်းက ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ မည်သူမှ သူတို့အား အာရုံမစိုက်ကြောင်း တွေ့လိုက်ရသည့်အခါ အသံနှိမ့်၍ ပြောလိုက်၏။ “၁၀၀ ရာခိုင်နှုန်းတော့ မသေချာဘူး။ ဒါပေမဲ့ သူ အိမ်မှာ ရှိတယ်ဆိုတဲ့ သတင်းက ယုံလို့ရတယ်။ သူတို့အိမ်နားမှာ စောင့်ကြည့်ကင်မရာတစ်လုံးကို လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက တပ်ထားပြီး စောင့်ကြည့်နေတာ။ ချင်းလင်ဆေးရုံက ဆရာ၀န်နှစ်ယောက်က ခုနစ်ကြိမ်တိတိ အ၀င်အထွက်လုပ်ခဲ့တယ်။ အဲ့ဆရာ၀န်နှစ်ယောက်ကို လာဘ်ထိုးဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ ၀မ်မိသားစုနဲ့ဘာတွေ လုပ်နေတာလဲဆိုတာ တစ်ခွန်းမှ မဟကြဘူး”
“ဒီ၀မ်ထောင်က ချင်လင်းစီရင်စုမှာ အင်အားကြီးတဲ့လူလား” ထန်ရှုက အံ့အားသင့်စွာမေးသည်။
“သူက အင်အားကြီးတာထက် ပိုတယ်။ ဒီနေရာရဲ့ အိမ်ရှေ့စံမင်းသားလိုပဲ” လုံ့ကျန့်လင်းက ပြော၏။ “သူ့အဖေ ၀မ်ရွှယ့်ကန်းက ချင်းလင်စီရင်စုမှာ အချမ်းသာဆုံးလူပဲ။ ငွေလိုသလား..အဆက်အသွယ်လိုသလား။ အကုန်ရှိတယ်။ ချင်းလင်မြို့က လူတွေက သူ့ကို ဧကရာဇ်လို့ခေါ်ကြတယ်”
၀မ်ရွှယ့်ကန်း...
ထန်ရှု၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ တောက်ပသွား၏။ သူ ချင်းလင်စီရင်စုသို့ လာခဲ့သည့်အကြောင်းအရင်းမှာ ပိုးနီပန်းအား ယွမ် ၁၂ သန်းနှင် ဝယ်သွားခဲ့သော ၀မ်ထောင်ထံမှ ပြန်လည်၀ယ်ယူရန်ဖြစ်သည်။ ထန်ရှုသည် မူလဈေးထက် ဆယ်ဆ၊ အဆ ၁၀၀ ပေး၍ ၀ယ်ယူရန် ဆုံးဖြတ်ထားခဲ့၏။ သို့သော် ၀မ်ထောင်သည် ချင်းလင်စီရင်စု၏အချမ်းသာဆုံး သူဌေးသား ဖြစ်နေလျှင် သူ့အတွက် ငွေမလိုတော့ချေ။ သူလိုအပ်သည်အရာကို ငွေဖြင့် ၀ယ်ယူရန် ခက်ခဲသွားလေပြီ။
“၀မ်ထောင်မှာ ဝါသနာတွေဘာတွေ မရှိဘူးလား”
“အင်း မိန်းမတွေတော့ တော်တော်ကြိုက်တယ်တဲ့” လုံ့ကျန့်လင်းက ပြုံး၍ ပြော၏။
မိန်းမများ...
ထန်ရှုမှာ ကြောင်အသွားပြီး ခေါင်းခါရမ်းလိုက်သည်။ သူ့မှာ ခေါင်းကိုက်သွား၏။ အင်မော်တယ်ကမ္ဘာ၌သာဆိုလျှင် ဆောင်ကြာမြိုင်များကား နေရာတိုင်းတွင် ရှိသဖြင့် မိန်းမ မရှားချေ။ သို့သော် ယခုကား ကမ္ဘာမြေတွင် ဖြစ်၏။ ကမ္ဘာပေါ်၌ ချောမောလှပသည့် ပြည့်တန်ဆာများစွာရှိသော်လည်း ဤမြို့ငယ်လေး၌ အလွယ်တကူ ရှာမရနိုင်ချေ။ မှန်ပါသည်။ ၀မ်ထောင်သည် သူ၏ချမ်းသာကြွယ်၀မှုကြောင့် သာမန်မိန်းကလေးများအား မျက်စိထဲပင်ထည့်မည်မဟုတ်ချေ။
“သူ့မှာ မိန်းမလိုက်စားတာကလွဲပြီး တခြား ဝါသနာမရှိတော့ဘူးလား”
“အဲ့ဒါတော့ မသိဘူး” လုံ့ကျန့်လင်းက ခေါင်းခါသည်။
ထန်ရှုက သက်ပြင်းတစ်ချက်ရှုသွင်း၍ ဖြည်းညင်းစွာ ပြော၏။ “ဒီနေ့တော့ အနားယူပြီးတော့ မနက်ဖြန်ကျရင် ဒီနေရာရဲ့ အခြေအနေကို အရင်လေ့လာကြတာပေါ့။ ငါ မနက်ကျရင် ၀မ်ထောင်ရဲ့အိမ်ကို သွားမယ်။ ပိုးနီပန်းကို ရှာတွေ့လိုတွေ့ငြားပေါ့”
“အနုနည်းနဲ့မရင် အကြမ်းနည်းသုံးလို့ရတာပဲ အစ်ကိုကြီး” လုံ့ကျန့်လင်းက ပြောသည်။ “၀မ်ထောင်က ကျွမ်းကျင်တဲ့သိုင်းပညာရှင်ဆိုပေမယ့် မင်းက သူ့ထက် အများကြီးသာတယ်လေ”
“ငါတို့က ဓားပြတိုက်ရအောင် သူပုန်တွေလား” ထန်ရှုက ခေါင်းခါရမ်းလိုက်သည်။ “၀မ်ထောင်က လူဆိုးမဟုတ်သရွေ့ သူနဲ့ ညှိနှိုင်းနိုင်မယ့် နည်းလမ်းကိုပဲ ရှာရမယ်။ ဒါပေမဲ့ သူက ဘယ်လိုမှ မရောင်းနိုင်ဘူးဆိုရင် လက်ဗလာနဲ့ပြန်ရမှာပေါ့”
အချိန်အတော်ကြာပြီးနောက် ထန်ရှုနှင့်လုံ့ကျန့်လင်းတို့သည် ချင်းလင်စီရင်စုရှိ အဆင့်အမြင့်ဆုံး ကြယ်ငါးပွင့်ဟိုတယ် ဆန်းပေါင်သို့ အတူတကွ ထွက်ခွားသွားကြ၏။ ခရီးသွားကာလမဟုတ်သဖြင့် လုံ့ကျန်းလင်သည် သမ္မတအခန်းအား ငှားရမ်းနိုင်ခဲ့သည်။
အသားရောင် ကော်ဇော်ခင်းထားသော ၁၂ ထပ် စင်္ကြံတွင် ကျန်းရှောင်ယုသည် ၀မ်းနည်းနေသော မျက်နှာလေးဖြင့် ရှော့ပင်အိတ်များကို ဆွဲလာ၏။ သူမ စက်လှေကားသို့ လျှောက်သွားချိန်တွင် ယင်းတံခါးက ရုတ်တရက် ပွင့်လာ၏။
“ဟမ်”
စက်လှေကားအတွင်းမှမှ လူအုပ်လိုက် ထွက်လာသည်ကို မြင်လိုက်ရသည်။ ရှေ့ဆုံးရှိ အသက်အငယ်ဆုံးယောက်ျားကို သူမ မြင်ဖူးသယောင်ပင်။ သို့သော် သူမသည် မရင်းနှီးသော နေရာတစ်ခုတွင် ပြဿနာမရှာလိုသဖြင့် ချက်ချင်းလှည့်ကာ လှေကားများထံ လျှောက်သွားလိုက်သည်။
မိနစ်၀က်ကြာသော် ကျန်းရှောင်ယုသည် နံရံထောင့်မှ ခေါင်းပြူကာ ချောင်းကြည့်လိုက်၏။ ထိုလူအုပ်မှာ စင်္ကြံခပ်ဝေးဝေးသို့ လျှောက်သွားကြသဖြင့် သူမမှာ စိတ်အေးသွားရသည်။ သို့ထိတိုင် သူမမျက်နှာပေါ်ရှိ ဇဝေဝေါဖြစ်နေမှုက ပျောက်ကွယ်မသွားဘဲ ပို၍ပင် ထင်ရှားလာ၏။ သူမသည် ထိုလူငယ်အား မြင်ဖူးသော်လည်း မည်သည့်နေရာ၌ တွေ့ခဲ့ဖူးကြောင်း စဉ်းစား၍မရချေ။
“ထားလိုက်တော့။ ရှင်းယာရဲ့အင်္ကျီတွေကို အခြောက်လျှော်တဲ့လူဆီ ပို့ပေးရဦးမယ်။ အဲ့သောက်အဘွားအိုလေးက ဘာတွေ စိတ်မကြည်နေလဲမသိဘူး။ သဘက်ခါ ချင်းလင်မြို့က ထွက်သွားခါနီး အင်္ကျီတွေ မလျှော်ရသေးရင် ငါ အပြောခံရဦးမယ်”
ကျန်းရှောင်ယုက ခေါင်းခါရမ်း၍ ဓါတ်လှေကားထံ လျှောက်သွား၏။ ဓါတ်လှေကားထဲ၀င်၍ သူမသည် ပထမထပ် ခလုတ်ကို နှိပ်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
“မှတ်မိပြီ”