← Chapters

လည်ပတ်ခြင်း

Vol. 60 Ch. 840

လည်ပတ်ခြင်း

Vol. 60 Ch. 840

ကျန်းရှောင်ယုပါရှိသည့် ဓါတ်လှေကားမှာ ပထမထပ်သို့ ရောက်ရှိသွားသည့်တိုင် သူမသည် ဓါတ်လှေကားအတွင်းမှ ထွက်မလာချေ။ မည်သူမှ ဓါတ်‌လှေကားအတွင်းသို့ ၀င်မလာကြောင်း တွေ့လိုက်ရသည့်အခါ သူမက ၁၂ ထပ်ခလုတ်ကို ပြန်နှိပ်လိုက်၏။ ထို့နောက် သူမက သမ္မတအခန်း ၁၂၀၆ သို့ စိတ်လှုပ်တရှားပြန်‌ပြေးသွားပြီး တံခါးခေါက်လိုက်သည်။

“ရှောင်ယု နင်ငါ့ရဲ့ အ၀တ်တွေကို အခြောက်လျှော်တဲ့လူဆီ မပို့ရသေးဘူးလား။ ဘာလို့ အခု ပြန်လာတာလဲ” ကျန်းရှင်းယာသည် နားကြပ်တပ်၍ ဖုန်းကို ကိုင်ထားပြီး တံခါးတွင် ရပ်နေ၏။

ကျန်းရှောင်ယုက အခန်းတွင်းသို့ တိုး၀င်လာပြီး စိတ်လှုပ်တရှား ပြောလိုက်သည်။ “ညီမလေး စင်္ကြံမှာ ဘယ်သူနဲ့တွေ့လာတယ်ထင်လဲ မမ”

ကျန်းရှင်းယာက ‌သူမ၏စကားကို တုံ့ပြန်သည့်အနေဖြင့် မျက်လုံးဝေ့လိုက်၏။ သူမက စိတ်၀င်စားခြင်းအလျင်းမရှိဘဲ တံခါးကိုပိတ်ကာ ဆိုဖာ‌ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် နားကြပ်တစ်ဖက်ကို တပ်၍ မျက်လွှာချထားလိုက်၏။ “နင် ဘယ်သူနဲ့ပဲတွေ့လာခဲ့ ငါ့တို့အ၀တ်တွေကို သွားအခြောက်လျှော်လို့ မရဘူးလား။ ငါတို့ သဘက်ခါ ထွက်သွားတဲ့အထိ မပို့ရသေးရင် သတိထားနေ။ ငါ ထမင်းစားနေတဲ့အချိန်မှာ ထိုင်ကြည့်နေခိုင်းမှာနော်”

ကျန်းရှောင်ယုက သူမလက်ထဲရှိ အိတ်များကို ဆိုဖာပေါ်သို့ ပစ်ချလိုက်ပြီး ကျန်းရှင်းယာဘေးတွင် ၀င်ထိုင်လိုက်၏။ ထို့နောက် သူမက ပြောသည်။ “ညီမလေး ပြောတာ နား‌မထောင်ရင် မမ နောင်တအကြီးအကျယ်ရလိမ့်မယ်လို့ ဒီနေ့ညစာနဲ့ ကျိန်ပြောရဲတယ်”

ထိုသို့ ပြောပြီးနောက် သူမမှာ ကျန်းရှင်းယာ၏နားကြပ်မှ ထွက်နေသည့်အသံများမှာ အင်မတန် ကျယ်လောင်နေကြောင်း သဘောပေါက်သွား၏။ သူမက ချက်ချင်း နားကြပ်တစ်ဖက်ကို ဆွဲဖြုတ်၍ နောက်တစ်ကြိမ် ထပ်ပြောသည်။

“ငါ စိတ်မကြည်ဘူးဆိုတာ နင် သိတယ်မလား။ ပြောစရာရှိတာ မြန်မြန် ပြောဟာ” ကျန်း‌ရှင်းယာက ကူကယ်ရာမဲ့စွာ ပြော၏။ “နင် ပြောပြီးမှ ငါ စိတ်ပြေအောင် သီချင်းနားထောင်နိုင်မှာ”

“မမသိလား ညီမလေး မမရဲ့ဖုန်း‌ထဲက လူကို တွေ့ခဲ့တယ်” ကျန်း‌ရှောင်ယုက လေးနက်စွာ ပြောသည်။

ငါ့ဖုန်းထဲက လူလား....

ကျန်းရှင်းယာက အနည်းငယ်သာ အာရုံစိုက်လိုက်ပြီး နားကြပ်တစ်ဖက်ကို ပြန်တပ်ရန် ပြင်လိုက်၏။ သို့သော် သူမ၏မျက်နှာလေးမှာ ရုတ်တရက် ကြက်သေသေသွားပြီး သူမ၏လက်မှာ လေလယ်တွင် ရပ်တန့်သွားသည်။

ထန်....ထန်ရှုလား

ကျန်းရှင်းယာက ထရပ်၍ ကျန်းရှောင်ယာကို စိုက်ကြည့်ကာ အလျင်အမြန် မေးလိုက်သည်။ “နင် ငါ စိတ်မကြည်ဖြစ်နေမှန်းသိလို့ ဟာသလုပ်နေတာလား....ဒါမှမဟုတ် တကယ်ပဲ...ထန်ရှုကို ‌တွေ့ခဲ့တာလား”

“ညီမလေး ကျိန်တောင်ကျိန်ပြီးသွားပြီလေ မမရဲ့။  မမကို စချင်တာနဲ့ ဟာသပြောစရာလား” ကျန်းရှောင်ယုက လေးနက်တည်ကြည်စွာ ပြောသည်။ “မမရဲ့ ဖုန်းစခရင်ပေါ်က လူကို တကယ်တွေ့ခဲ့တာ။ သူက အရမ်းချောတာပဲ။ ပြီးတော့ သူ့နောက်ကနေ လူ ၆ ယောက် လိုက်လာသေးတယ်”

“သူလည်း ချင်းလင်စီရင်စုကို ရောက်နေပြီးတော့ ဟိုတယ်တစ်ထပ်တည်းမှာ ရှိနေတာပေါ့” ကျန်းရှင်းယာက ၀မ်းသာစွာ ရေရွတ်လိုက်သည်။ “မြန်မြန် ပြောစမ်း ရှောင်ယု သူ ဘယ်အခန်းမှာ တည်း‌နေတာလဲ”

“ဘယ်အခန်းလဲဆိုတာတော့ မသိဘူး။ သူ့နောက်က လူကြီးတွေကို တွေ့လိုက်ရတော့ လူဆိုးတွေထင်လို့ ပုန်းနေခဲ့တာ” ကျန်းရှောင်ယုက ခေါင်းခါလျက် ပြော၏။ “အဲ့ဒါပြီးတော့ သူတို့ရဲ့နောက်ကျောကိုပဲ မြင်လိုက်ရတာ။ ဘယ်အခန်းထဲ ၀င်သွားလဲဆိုတာ မသိလိုက်ဘူး”

ကျန်းရှင်းယာက အခြားနားတစ်ဖက်ရှိ နားကြပ်ကို ချက်ချင်း ဆွဲဖြုတ်၍ ဖုန်းကို ကိုင်ကာ အပြေးအလွှား ထွက်သွား၏။ သူမသည် လူသူကင်းမဲ့သော စင်္ကြံတွင် ဟိုဟိုသည်သည် လျှောက်သွားနေသည်။ ထို့နောက် သူမထံ ပြေးလာသော ကျန်းရှောင်ယုကို တွေ့သည့်အခါ သူမထံ ပြေးသွားလိုက်၏။ “ရှောင်ယု...ပထမထပ်က ဧည့်ကြိုကောင်တာဆီ သွားပြီး ထန်ရှုနေတဲ့အခန်းကို မေးလိုက်......နေဦး ထားလိုက်တော့ ငါကိုယ်တိုင် သွားမယ်”

သူမက ထိုသို့ ပြောပြီးနောက် ဓါတ်လှေကားထံ ပြေးသွား၏။

သမ္မတအခန်း ၁၂၀၈ တွင်။

ထန်ရှုက ရေခဲသေတ္တာအတွင်းမှ ဘီယာ ၂ ဘူးကို ထုတ်လိုက်ပြီး တစ်ဘူးကို လုံ့ကျန့်လင်းအား ပစ်ပေးလိုက်ကာ ပြော၏။ “ငါ မင်းကို စုံစမ်းခိုင်းထားတဲ့ နောက်တစ်ယောက်ရှိသေးတယ်။ သူ့သတင်း‌ရော ရလား”

“၀မ်ရွီလား” လုံ့ကျန့်လင်းက စူးစမ်းစွာ မေးသည်။

“အေး အဲ့ဒီ၀မ်ရွီပဲ။ သူက ချင်းချန်တောင်က လာတာလို့ ကြားဖူးပေမယ့် သူ့ဇစ်မြစ်ကို မသိရဘူး” ထန်ရှုက ပြောသည်။ “ဒါပေမဲ့ ဒီလူက အတော်လေးစွမ်းအားကြီးပြီးတော့ ချမ်းသာမယ့်ပုံပဲ။ မင်းပြောတဲ့ ဝမ်ထောင်လိုမျိုး သူလည်း ကြွားလုံးထုတ်ပြီး ဘယ်နေရာသွားသွား ‌သက်တော်စောင့်တွေ ခေါ်သွားတတ်တယ်”

“ငါ လျှောက်မေးပေမယ့် ဒီလူအကြောင်း အစအနရှာမရခဲ့ဘူး” လုံ့ကျန့်လင်းက ခေါင်းခါရ၍ ပြောသည်။ “သူက ချင်းလင်မြို့ရဲ့ နာမည်ကြီးမဟုတ်ဘူးထင်တယ်”

ရုတ်တရက် အတွေးတစ်ခု ပေါ်လာသဖြင့် ထန်ရှု၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူက ချက်ချင်း ထရပ်၍ ဆို၏။ “ငါ အခု ၀မ်ထောင်ကို သွားတွေ့မှာမလို့ ဒီမှာစောင့်နေ။ သူ့ဆီကနေ ပိုးနီပန်းကို ၀ယ်နိုင်မယ့်နည်း ငါ့မှာ ရှိကောင်းရှိနိုင်တယ်”

မိနစ်အနည်းငယ်ကြာသော် ထန်ရှုသည် မိုအားဝူနှင့်အတူ ဟိုတယ်မှ ထွက်ခွာသွား၏။ သူသည် ဟိုတယ်ဧည့်ခန်းမရှိ ဧည့်ကြိုအား မေးမြန်းနေသည့် ကျန်းရှင်းယာကို မမြင်ခဲ့ချေ။ ကျန်းရှင်းယာမှာလည်း နောက်သို့ လှည့်မကြည့်ဘဲ ဧည့်ကြို၀န်ထမ်း၏အဖြေကို မျှော်လင့်တကြီး စောင့်စားနေသဖြင့် ထန်ရှုကို သတိမထားမိလိုက်ပေ။

ချင်းလင်စီရင်စု၏ တောင်ဘက်တွင်။

သီးသန့် ခြံ၀င်းနှင့် ဝင်ပေါက်တစ်ခု ရှိသော ဗီလာတစ်လုံး တည်ရှိသည်။ ဥရောပစတိုင်ဗီလာမှာ သုံးထပ်ပါရှိပြီး ဆေးရောင်ခြယ်မှန်များ တပ်ဆင်ထားသည့် ၎င်း၏ ၂ မီတာ ရှည်သော အုတ်တံတိုင်းကြီးများမှာ ဝင့်ကြွားနေချေသည်။ နေ၏အလင်းရောင်အောက်တွင် အလင်းများ ဖြာထွက်နေသည်က ခမ်းနားထည်ဝါလှသည်။

ခြံ၀န်းအပြင်ရှိ အစောင့်တွင် အနက်ရောင်ယူနီဖောင်းများ၀တ်ဆင်ထားသည့် အစောင့်နှစ်ယောက်က စီးကရက်သောက်ကာ စကားစမြည် ပြောနေကြသည်။

တီ...တီ

ကားဟွန်းသံက အစောင့်နှစ်ယောက်၏စကားဝိုင်းကို နှောင့်ယှက်လိုက်၏။ သူတို့က စီးကရက်မီးအား ဖိချေလိုက်ပြီး တစ်‌ယောက်က အပြင်တွင် ရပ်ထားသည့် အသစ်စက်စက် အနက်ရောင်ကားဆီသို့ ‌လျှောက်သွားသည်။ သူက မေး၏။ “မင်းတို့ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ ဒါက သီးသန့်အိမ်ရာပဲ။ ခွင့်ပြုချက်မရှိဘဲ သူစိမ်းတွေ ၀င်ခွင့်မရှိဘူး”

မိုအားဝူက ကားအတွင်းမှ ထွက်ကာ လုံခြုံရေးအစောင့်ကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူက ကားနောက်ခန်းသို့ သွား၍ တံခါးဖွင့်လိုက်၏။ ထန်ရှုက ကားအတွင်းမှ ထွက်လာသည်နှင့် ဟိုဟိုသည်သည် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်က အ‌စောင့်ထံသို့ ကျရောက်သွား၏။ “ငါ ၀မ်ရွီနဲ့ တွေ့ချင်တယ်”

လုံခြုံရေးအစောင့်မှာ ကြောင်အသွားပြီး မျက်မှောင်ကြုတ်ကာ ပြော၏။ “မင်းက ဘယ်သူလဲ။ ဒီစံအိမ်က သူဌေးလေး ၀မ်ထောင်ပိုင်တာ။ ၀မ်ရွီဆိုတဲ့လူ ဒီမှာမရှိဘူး”

‘ငါ ထင်တဲ့အတိုင်းပဲ’

ထန်ရှုက ကြိတ်၍ပြုံးလိုက်သည့်တိုင် သူ၏မျက်နှာအမူအရာက အေးဆေးတည်ငြိမ်နေ၏။ “ငါ ဝမ်ရွီ ဒီမှာ မနေတာသိတယ်။ ဒါကြောင့် ၀မ်ထောင်နဲ့ အရင်တွေ့သွားမယ်။ ငါ့နာမည် ထန်ရှုလို့ ပြောလိုက်”

လုံခြုံရေးအစောင့်က ထန်ရှုအား မသင်္ကာစွာ ကြည့်လိုက်သည်။ မိုအားဝူ၏အပြုအမူအရ သူ့အရှေ့ရှိ လူငယ်မှာ သာမန်လူမဟုတ်ကြောင်း ပြောနိုင်၏။ သူက ချိတုံချတုံ ဖြစ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကျေးဇူးပြုပြီး ဒီမှာစောင့်နေပါ။ ကျုပ် သွားမေးလိုက်ပါမယ်”

ဗီလာအတွင်းတွင် ၀မ်ထောင်သည် ဆိုဖာပေါ်၌ ထိုင်‌နေ၏။ သူ၏ပုံစံမှာ ပျင်းရိလေးတွဲနေချေသည်။ သူ၏မျက်လုံးများက တီဗွီကို ကြည့်နေသော်လည်း သူ၏သူငယ်အိမ်များက အာရုံစိုက်မှုမရှိဘဲ ငေးငိုင်နေ၏။ သူသည် တီဗွီစီးရီးအား စိတ်မဝင်စားသည်မှာ အတိုင်းသား ပေါ်လွင်နေချေသည်။

“သခင်လေး၀မ် သခင်လေးဆီလာလည်တဲ့လူ ရှိတယ်လို့ အစောင့်က လာပြောပါတယ်” မီးခိုးရောင်အနောက်တိုင်း၀တ်စုံကို ၀တ်ဆင်ထားပြီး အစွမ်းထက်ဟန်ရှိသည့် မိန်းမလှတစ်ဦးက အထဲသို့ လျှောက်လာ၍ အစီအရင်ခံလိုက်သည်။

ဝမ်ထောင်မှာ အသိစိတ် ပြန်၀င်လာသည့်အလား အူကြောင်ကြောင် ဖြစ်နေ၏။ “မင်း ဘာပြောလိုက်တာလဲ”

ထိုအမျိုးသမီးက စကားလုံးများကို ထပ်မံပြောလိုက်သည်။ “လူတစ်ယောက်က ၀မ်ရွီကို အရင်လာရှာပေမယ့် ၀မ်ရွီ ဒီမှာမနေဘူးလို့ ပြောလိုက်တော့ သခင်လေးနဲ့။ တွေ့ချင်ပါတယ်တဲ့”

၀မ်ထောင် မျက်မှောင်ကြုတ်သွား၏။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောသည်။ “ဝမ်ရွီကို ရှာနေတာဆိုတော့ ၀င်လာခိုင်းလိုက်”

“ကောင်းပါပြီ”

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုသည် ဗီလာအတွင်းသို့ ၀င်လာကာ ဆိုဖာပေါ်တွင် ထိုင်နေသည့် လူငယ်ကို ကြည့်လိုက်၏။ သူ၏မျက်လုံးများကား တောက်ပ၀င်းလက်သွားသည်။ ဤလူငယ်ကား ရောဂါတစ်ခုခု ဖြစ်နေဟန်တူသည့် ဝမ်ထောင်ဖြစ်ကြောင်း သူ အတည်ပြုနိုင်ပေသည်။

“ခင်ဗျားက ဘယ်သူလဲ” ၀မ်ထောင်က ထိုင်နေလျက်ပင် ထန်ရှုကို ကြည့်၍ မေး၏။

ထန်ရှုက ခပ်ဖွဖွ ပြုံးကာ ဖြေသည်။ “ခမ်းနားသောထန်လုပ်ငန်းစုက ထန်ရှုပါ”

ခမ်းနားသော ထန်လုပ်ငန်းစုတဲ့လား....

၀မ်ထောင်မှာ ကြောင်အသွားပြီး သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူက ဖိနပ်ပါးကို စီးလိုက်ပြီး ထရပ်ကာ ပြုံး၏။ “သိပြီ။ ခင်ဗျားက ခမ်းနားသောထန်လုပ်ငန်းစုရဲ့ သူဌေးကြီး ထန်ရှုပဲ။ ‌ဒါကြောင့် အစောင့်ပြောတဲ့ နာမည်က ရင်းနှီးနေပါတယ်လို့။ ကျွန်တော့်ရဲ့ သေးနုပ်လှ‌တဲ့ အိမ်လေးဆီ လာလည်ရတဲ့ အကြောင်းအရင်းကို သိခွင့်ရှိမလား”

ထန်ရှုက ၀မ်ထောင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံး ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ ထန်ရှုက ပြောသည်။ “ငါ ၀မ်ရွီကို လာရှာတာပါ။ သူက တောင်တရုတ်ပင်လယ်တိုက်ပွဲမှာ ငါ့လူတစ်ယောက်ကို ကယ်ခဲ့တယ်လေ။ သူလည်း သူ့နောပ်လိုက်အချို့ကို ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် သူ့ကိုကျေးဇူးစကားပြောပြီး အခြားအကြောင်းအရာတစ်ခုလည်း ဆွေးနွေးမလို့”

‘တောင်တရုတ်ပင်လယ်တိုက်ပွဲတဲ့လား’

၀မ်ထောင်မှာ တစ်စုံတစ်ခုကို သတိရသွားဟန် တူပြီး အလျင်အမြန် မေးလိုက်၏။ “ခင်ဗျားပြောတာ ကျွန်တော့်အစ်ကိုက ခင်ဗျားရဲ့လက်အောက်ငယ်သားကို ကယ်ခဲ့လို့ တောင်တရုတ်ပင်လယ်မှာ ဒုက္ခရောက်ခဲ့ရပြီး စွမ်းရည်အသုံးပြုတွေကို တိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ အဓိပ္ပာယ်လား”

“အမှန်ပဲ” ထန်ရှုက ခေါင်းညိတ်လိုက်သည်။

၀မ်ထောင်သည် ထန်ရှုကိုကြည့်လိုက်ပြီး သူ၏အမူအရာကား ပို၍လေးစားရိုသေသွား၏။ သူသည် ဖြစ်ပျက်ခဲ့သော အကြောင်းအရာအသေးစိတ်ကို မသိသော်လည်း ယင်းမတော်တဆမှုကြောင့် ချင်းချန်တောင်မှ အင်အားကြီးပုဂ္ဂိုလ်များ မရှုမလှ ရှုံးနိမ့်ခဲ့ရသည်ကို သိထားလေသည်။ သူ့အစ်ကိုကြီး ၀မ်ရွီပင်လျှင် အမှားများကို သိမြင်လာစေရန် ချန်ချန်းတောင်၌

နံရံကိုမျက်နှာမူလျက် အပြစ်ခံနေရ၏။

“ငါ ၀မ်ရွီကို ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တာ။ သူ့ဖုန်းက ‌တစေပိတ်ထားသော မင်းဆီ လာခဲ့တာပဲ” ထန်ရှုက ပြုံး၏။ “သူ မင်းအကြောင်းပြောတာ ကြားဖူးတယ်လေ။ ဒါကြောင့် ငါရောက်နေတယ်လို့ သူ့ကို ပြောပေးနိုင်မလားဆိုပြီး မင်းကို ချင်းလင်စီရင်စုမှာ လာရှာရတာပဲ။ ပြီးတော့ သူနဲ့လိုက်သွားတဲ့ အကြီးအကဲက ဒဏ်ရာရထားတယ်လေ။ ငါ့မှာ မြန်မြန် နေပြန်ကောင်းလာစေနိုင်တဲ့‌ ဆေးတစ်မျိုး ရထားတယ်”

ထိုအခိုက်အတန့်တွင် ၀မ်ထောင်၏ ထန်ရှုအပေါ် ထားရှိသာ မသင်္ကာစိတ်များမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတော့သည်။ သူ၏အစ်ကိုကြီး ၀မ်ရွီ ဘေးကင်းလုံခြုံစေရန် ချင်းချန်တောင်မှ အကြီးအကဲတစ်ဦးသည် အမှန်တကယ် လိုက်ပါသွားခဲ့၏။ ထိုအဘိုးကြီးမှာ သူတို့ပြန်ရောက်သည့်အခါ ဒဏ်ရာအပြင်းအထန် ရရှိလာခဲ့ပေသည်။

“သူဌေးထန် ခင်ဗျားလည်း.....ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းနေတဲ့လူလား”

“ဟုတ်တယ်” ထန်ရှုက ခေါင်းညိတ်၍ ဖြေသည် “မင်းအစ်ကိုက ငါ့အကြောင်း ပြောပြမထားဘူးလား”

“ကျွန်တော့်မှာ ကျင့်ကြံနိုင်တဲ့ ပါရမီ ပါမလာတော့ ကျွန်တော် ကျင့်ကြံခြင်းအကြောင်း သိပ်မသိဘူး” ဝမ်ထောင်က အားတင်းပြုံးကာ ရှင်းပြသည်။ “ကျွန်တော့်အစ်ကိုက ပြန်ရောက်တာနဲ့ သူ့အမှားတွေကြောင့် ချင်းချန်တောင်က အကျဉ်းခန်းထဲမှာ ပြစ်ဒဏ်ခံနေရတယ်။ ဒါကြောင့် ကျွန်တော့်ကို ဘာမှ ပြောမပြနိုင်ခဲ့ဘူး။ အစ်ကို..အစ်ကိုထန်။ ခင်ဗျားမှာ ရှိတဲ့‌‌ ဆေးလုံးအကြောင်း မေးလို့ရမလား။ အဲ့ဆေးလုံးက အတွင်းဒဏ်ရာတွေအတွက်ပဲ အစွမ်းထက်တာလား”

“ဘာဖြစ်လို့လဲ။ အခုကြည့်မိမှ မင်းအခြေအနေက အတော်လေး ဆိုးရွားနေတာပဲကွ” ထန်ရှုက ပြုံး၍ မေး၏။ “ကုသနိုင်မယ့်နည်းလမ်း ရှာမတွေ့သေးဘူးလား”

“ကျွန်တော့်မှာ ရောဂါရှိနေတာကို အာရုံခံနိုင်တယ်လား” ၀မ်ထောင်က အထင်ကြီးအံ့ဩလျက် မေးသည်။

“အဲ့ဒါကိုတောင် မမြင်နိုင်ရင် ငါက ကျင့်ကြံသူ ဘယ်ဟုတ်တော့မလဲ” ထန်ရှုက ပြော၏။ “မင်းမျက်နှာအသားအရောင်ကို ကြည့်တာနဲ့ မင်းရဲ့ကျောက်ကပ်မှာ ရောဂါဖြစ်နေမှန်း တန်းသိတယ်”

‘သူက ကျင့်ကြံသူလား’

၀မ်ထောင်မှာ အလွန်အမင်းအံ့အားသင့်ကာ စိတ်လှုပ်ရှားနေချေသည်။ သူက ဆိုဖာပေါ်တွင် ထခုန်လိုက်ပြီး အော်လိုက်၏။ “ခင်ဗျားက တာအိုကျင့်ကြံသူလား။ အင်မော်တယ်ဖြစ်လာမယ့် ကျင့်ကြံခြင်းခရီးလမ်းကို လျှောက်လှမ်းနေတဲ့‌လူပေါ့”

“ကျင့်ကြံခြင်းအဆင့်သာ မြင့်လာရင် အင်မော်တယ်အဆင့်အထိ တက်လှမ်းနိုင်ပါတယ်” ထန်ရှုက ရယ်လျက် ပြောသည်။

၀မ်ထောင် ဂလုခနဲ မြည်သည်အထိ တံထွေးမြိုချလိုက်၏။ သူက မျှော်လင့်ချက်များ ပြည့်၀နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ “အစ်ကိုကြီးထန် ကျွန်တော်လည်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်လားဟင်။ ပြီးတော့.....ကျွန်တော့်ရဲ့ ရောဂါကို.....ကုပေးလို့ရမလား...ကျွန်...ကျွန်တော် သေချာကျေးဇူးဆပ်ပါ့မယ်”

All Chapters